စိတ်ခံစားချက်များနှင့် ကျန်းမာရေးအကြား အံ့အားသင့်စရာ ဆက်စပ်မှုများ
စိတ်ချမ်းသာမှ ကိုယ်ကျန်းမာဆိုတဲ့ စကားလို စိတ်ပျော်ရွှင်နေရင် တော်ရုံတန်ရုံ အအေးမိနှာစေး ရောဂါပိုးတွေ မကူးစက်နိုင်ဘူးဆိုတာ ကြားဖူးကြမှာပါ။ စိတ်ဆင်းရဲလွန်းရင်လည်း အလိုလို ငိုမိတာမျိုးကိုလည်း ကြုံဖူးကြမှာပါ။ အဲဒီလိုမျိုးပဲ ကိုယ်ရဲ့ စိတ်ခံစားမှု၊ တုံ့ပြန်မှုတို့ဟာ ကိုယ်ရဲ့ ကျန်းမာရေးကို သွားပြီး အကျိုးသက်ရောက်မှု ရှိနေတတ်ပါတယ်။
အောက်ပါတို့ကတော့ စိတ်ခံစားမှုနဲ့ ကျန်းမာရေး ဆက်စပ်မှု အခြေအနေ ၁၂ ခုပဲ ဖြစ်ပါတယ်။
၁။ ချစ်ခြင်းမေတ္တာကို ဖော်ထုတ်ပြသခြင်းဟာ ကိုလက်စထရော ပမာဏ လျော့ကျစေနိုင်တယ်
လေ့လာချက်တစ်ခုအရ ကိုလက်စထရော ပမာဏ မြင့်တက်နေသူ လူတစ်စုကို သူတို့ချစ်တဲ့၊ ခင်တဲ့သူတွေအကြောင်း တစ်ပတ်ကို သုံးကြိမ်လောက် ရေးခိုင်းကြည့်ရာမှာ အဲဒီလို မရေးတဲ့ တခြားလူ တစ်စုထက် ကိုလက်စထရော ပမာဏ ပိုပြီး လျော့ကျလာတာ တွေ့ရပါတယ်။ အကြောင်းရင်းကို သေချာ မသိရသေးပေမယ့် ဖြစ်နိုင်ခြေ ရှိတာကတော့ ကိုလက်စထရော ပမာဏဟာ စိတ်ဖိစီးမှု ဟော်မုန်းတစ်မျိုးဖြစ်တဲ့ Glucocorticoid ကြောင့် မြင့်တက်တတ်တာကြောင့်ပါ။ ဒါကြောင့် ချစ်တဲ့သူအကြောင်း တွေးကာ၊ ရေးကာ စိတ်ဖိစီးမှု လျှော့ချခြင်းဖြင့် ကိုလက်စထရော ပမာဏကို လျော့ကျစေနိုင်ပါတယ်။
၂။ သဘောကောင်းခြင်းက သွေးလွှတ်ကြော နံရံမာကျောခြင်း (Arteriosclerosis) ကို ကာကွယ်ပေးတယ်
ဒေါသထွက်ခြင်းက သွေးလွှတ်ကြောတွေကို မာကျောစေပေမယ့် ကောင်းမှုကုသိုလ်တွေ လုပ်ပေးရင်တော့ သွေးကြောကျဉ်းရောဂါကို ကာကွယ်ပေးပါတယ်။ သဘောကောင်းခြင်း၊ ကြင်နာတတ်ခြင်းဟာ အောက်ဆီတိုစင် ဟော်မုန်း ထွက်ရှိစေကာ အဲဒီဟော်မုန်းက သွေးကြောမာကျောစေပြီး ရောင်ရမ်းမှု ဖြစ်ပေါ်စေတဲ့ ဓာတုပစ္စည်းတွေ ထွက်ရှိမှုကို လျှော့ချပေးပါတယ်။ အထူးသဖြင့် ကိုယ်ရဲ့ ကူညီမှုကို တစ်ဖက်လူက ကျေးဇူးတင်တဲ့ အကြည့်၊ အပြုံးနဲ့ ပြန်လည် တုံ့ပြန်ပါက အောက်ဆီတိုစင် ပိုပြီး ထွက်ရှိပါတယ်။ ဒါကြောင့် ဒီနေ့မှာ တစ်ယောက်ယောက်ကို ကူညီကြည့်ပါ။
၃။ စိတ်ဖိစီးမှုက ဓမ္မတာမတိုင်မီ ဖြစ်ပေါ်တဲ့ လက္ခဏာတွေကို ပိုဆိုးစေတယ်
စိတ်ဖိစီးမှုများခြင်းက ဓမ္မတာမတိုင်မီ ဖြစ်ပေါ်တဲ့ လက္ခဏာတွေကို ဖြစ်စေတဲ့ Prostaglandin ဟော်မုန်းထွက်ရှိမှုကို များစေပါတယ်။ လေ့လာချက် တစ်ခုအရ များများ စိတ်ဖိစီးတတ်တဲ့ အမျိုးသမီးတွေဟာ စိတ်ဖိစီးမှု သိပ်မဖြစ်တဲ့ အမျိုးသမီးတွေထက် စာရင် ဓမ္မတာလာစဉ်မှာ ကိုက်ခဲနာကျင်မှုတွေ ပိုဖြစ်တတ်တာကို တွေ့ရပါတယ်။
၎။ ဒေါသထွက်ခြင်းက စိတ်ဖိစီးမှုကို ပြေပျောက်စေတယ်
နောက်တစ်ခါ စိတ်ဖိစီးမှုတွေ များပြီး တင်းကျပ်လာရင် ပေါက်ကွဲလိုက်ပါ။ ဒေါသထွက်ခြင်းက ဦးနှောက်ရဲ့ ဘယ်ဘက်အခြမ်းဆီ သွေးများများ ရောက်ရှိစေပါတယ်။ အဲဒီအခါ ဒီအခြမ်းကနေ ပျော်ရွှင်စေတဲ့ ခံစားမှု ဖြစ်ပေါ်စေတာကြောင့် စိတ်သက်သာရာ ရရှိသွားနိုင်ပါတယ်။ ဒေါသတွေကို မျိုချပြီး ဘာမှ မဖြစ်သလို နေနေသူတွေဟာ ဒေါသထွက်စရာရှိ ထွက်တဲ့သူတွေထက် သွေးဖိအား ပိုတက်နေသလို စိတ်ဖိစီးမှု ဟော်မုန်းတွေလည်း ပိုပြီး များများ ထွက်ရှိပါတယ်။ ဒါပေမဲ့ သတိထားရမှာက အကယ်၍ အလုပ်မှာ ဒေါသထွက်စရာ ကြုံပါက အလုပ်ရှင်သူဌေးကို ဒေါသပေါက်ကွဲကာ အော်ဟစ်မယ့်အစား လူကွယ်ရာ တစ်နေရာမှာ တစ်ယောက်တည်း ပေါက်ကွဲတာက သင့်ကို ထိခိုက်မှု ပိုနည်းစေမယ်ဆိုတာကိုပါပဲ။
၅။ ဒေါသ ထွက်လွန်းရင်လည်း သွားဖုံးကို ထိခိုက်စေနိုင်ပါတယ်
တစ်ခါတလေမှာ ဒေါသပေါက်ကွဲတာ ကောင်းပေမယ့် တစ်ချိန်လုံး စိတ်တို ဒေါသ ထွက်နေရင်တော့ ကျန်းမာရေးအတွက် မကောင်းပါဘူး။ အထူးသဖြင့် သွားဖုံးရောဂါတွေ ဖြစ်တတ်ပါတယ်။ လေ့လာချက် တစ်ခုအရ ဦးစိတ်တိုတွေဟာ ကိုအေးဆေးတွေထက် စာရင် သွားဖုံးရောဂါ ဖြစ်နိုင်ခြေ ၇၂ ရာခိုင်နှုန်း ပိုများတာကို တွေ့ရပါတယ်။ ဒေါသထွက်စဉ်မှာ ထွက်ရှိတဲ့ အင်ဆူလင်တွေကြောင့် ဖြစ်ဖို့များပါတယ်။ အင်ဆူလင်ပမာဏ များခြင်းက သွားဖုံးရောဂါနဲ့ အလွန်ဆက်စပ်မှု ရှိနေလို့ပါ။ ဒေါသကို ထိန်းချုပ်ချင်ပါက ဒေါသထွက်ခါနီးမှာ ကိုယ့်ကိုယ်ကိုယ် ဒေါသထွက်တော့မယ်ဆိုတာ သတိထားမိအောင် လုပ်ကာ အာရုံလွှဲတဲ့ အနေနဲ့ စားပွဲကို လက်နဲ့ ခေါက်နေလိုက်ပါ။ အဲဒီအခါ အာရုံလွဲသွားပြီး စိတ်ပြန်လည် တည်ငြိမ်လာပါလိမ့်မယ်။
၆။ အဆိုးမြင်ခြင်းက ဆေးဝါးအစွမ်း လျော့စေတယ်
အောက်စဖို့ဒ် တက္ကသိုလ်ရဲ့ လေ့လာချက် တစ်ခုအရ လူတစ်စုကို နာကျင်မှုသက်သာဆေး မပေးဘဲ၊ လျှို့ဝှက်စွာ ပေးအပြီး၊ ပေးထားတယ်လို့ ပြောအပြီးနဲ့ ဆေးပေးထားပေမယ့် မပေးဘူးလို့ ပြောထားတဲ့ အခြေအနေ လေးမျိုးမှာ နာကျင်အောင် ပြုလုပ် စမ်းသပ်ခဲ့ပါတယ်။ အဲဒီအခါ ဆေးပေးထားပေမယ့် မပေးဘူးလို့ ပြောထားတဲ့ အခြေအနေနဲ့ ဆေး တကယ်မပေးထားတဲ့ အခြေအနေ နှစ်မျိုးစလုံးမှာ နာကျင်မှု ဝေဒနာ ခံစားရတဲ့ ပမာဏ တူညီတာ တွေ့ရပါတယ်။ ဆေးပေးထားပြီး ဆေးပေးထားတယ်လို့ ပြောတဲ့ အခြေအနေမှာတော့ နာကျင်မှုဝေဒနာ တစ်ဝက်လောက် လျော့နည်းတာကို တွေ့ရပါတယ်။ ဒီလေ့လာတွေ့ရှိချက်အရ ဆေးပေးထားပေမယ့် ဆေးပေးထားမှန်း မသိဘဲ နာကျင်တော့မယ်လို့ မျှော်မှန်းထားပါက ဆေးအာနိသင် မပြတော့ကာ တကယ် စိတ်ထင်တဲ့အတိုင်း နာကျင်သွားတာကို တွေ့ရပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ဆေးတွေကို ရောဂါ ပျောက်ကင်းမယ်ဆိုတဲ့ ယုံကြည်စိတ်နဲ့ သောက်သုံးပါမှ ဆေးတွေဟာ တကယ်ပဲ အစွမ်းပြပြီး အာနိသင် ထက်လာမှာပါ။
၇။ စိုးရိမ်ပူပင်ခြင်းက ကားမောင်းစွမ်းရည်ကို ထိခိုက်စေတယ်
စိုးရိမ်ပူပင်စိတ်က သင့်ကို လေးလံသွားစေကာ တုံ့ပြန်မှုကို နှေးကွေးစေသလို ဖုန်းပြောရင်း ကားမောင်းတာကဲ့သို့ သင်ရဲ့ ကားမောင်းမှုကို အနှောင့်အယှက် ပေးပါတယ်။ စိုးရိမ်ပူပင်မှုဟာ တွေဝေစေတာကြောင့် အာရုံစူးစိုက်မှုကို လျော့နည်းစေပါတယ်။ ဒါကြောင့် ကားမောင်းရင်း အာရုံမများအောင် ဂရုစိုက်ပါ။ အလုပ်ကြောင့် စိတ်ရှုပ်နေရ၊ ပူပင်စိတ်တွေ ဖြစ်ပေါ်နေရပါက ကားမမောင်းခင် ၁၀ မိနစ်လောက် အပြင်မှာ စိတ်တည်ငြိမ်အောင် အရင်ကြိုးစားပါ။ စိတ်တည်ငြိမ် အေးဆေးမှ ကားမောင်းသင့်ပါတယ်။
၈။ ချစ်ခြင်းက ဦးနှောက်ကို ကျန်းမာစေတယ်
လူတစ်ယောက်ကို ချစ်မိသွားတဲ့အခါ ဦးနှောက်ရဲ့ အပိုင်း ၁၂ ပိုင်းက အလုပ် လုပ်ရပါတယ်။ အဲဒီ အပိုင်းတွေကနေ ပျော်ရွှင်မှုကို ဖြစ်ပေါ်စေတဲ့ ဓာတု ပစ္စည်းတွေအပြင် အာရုံကြော ကလာပ်စည်းတွေ ဆက်သွယ်မှုကို ခိုင်မြဲရာမှာ ပါဝင်ကူညီပေးတဲ့ အာရုံကြော ကြီးထွားမှုပစ္စည်းလို့ ခေါ်တဲ့ ဓာတ်တွေကိုပါ လွှင့်ထုတ်ပေးပါတယ်။ ဒါကြောင့်လည်း ဦးခေါင်းကနေ နာကျင်မှု ဝေဒနာ ခံစားရမှု လျော့နည်းသွားတာပဲ ဖြစ်ပါတယ်။
၉။ ပျင်းရိခြင်းက သေစေနိုင်တယ်
ပျင်းလွန်းလို့ သေတောင် သေသွားနိုင်တယ်ဆိုတာ အမှန်ပါပဲ။ သုတေသနပြုချက်တွေအရ အပျင်းထူသူတွေဟာ တက်ကြွသူတွေထက်စာရင် နောင် နှစ် ၂၀ အတွင်း သေနိုင်နှုန်း နှစ်ကြိမ်နဲ့ တစ်ဝက် ပိုရှိနေတာကို တွေ့ရပါတယ်။ ပျင်းရိခြင်းနဲ့ သေဆုံးမှုက တိုက်ရိုက် ဆက်စပ်မနေပေမယ့် သေဆုံးမှု ဖြစ်ပေါ်စေတဲ့ တခြားအချက်တွေရဲ့ အစလို့ ပြောလို့ ရပါတယ်။ ပြောရမယ်ဆိုရင် လူတွေဟာ ပျင်းရင် ဆေးလိပ်၊ အရက်သောက်ကာ၊ ကွမ်းစားကာ၊ အိပ်ရာထဲ တစ်ချိန်လုံး လှဲကာ၊ တီဗီရှေ့ တစ်နေကုန် ထိုင်ကြည့်ကာ အချိန် ဖြုန်းတတ်ကြပါတယ်။ အဲဒီအခါ ကျန်းမာရေးကို ထိခိုက် လာစေတာကြောင့် အသက်ရှည်ရှည် မနေနိုင်တော့တာပဲ ဖြစ်ပါတယ်။
၁၀။ ခွင့်လွှတ်ခြင်းက နာကျင်မှုကို သက်သာစေနိုင်တယ်
ခွင့်လွှတ်နိုင်သမျှ ခွင့်လွှတ်လိုက်ပါ။ ခွင့်လွှတ်ခြင်းက ခါးနာခြင်းကဲ့သို့ နာတာရှည် ရောဂါတွေကို လျော့နည်း သက်သာစေပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေဟာ သူတို့ရဲ့ နာကျင်မှုကို တခြားသူတွေကြောင့်လို့ စွပ်စွဲတတ်ပါတယ်။ ဥပမာအားဖြင့် ဆရာဝန်တွေ ကုတာမတော်လို့၊ ဒါမှမဟုတ် မတော်တဆ ထိခိုက်စေခဲ့သူကြောင့်လို့ စသဖြင့် စွပ်စွဲကာ ဒေါသ ထွက်တတ်ကြပါတယ်။ ဒေါသနဲ့ မကျေမချမ်းမှုတို့က နာကျင်မှုကို ကုသရာမှာ ခက်ခဲစေပါတယ်။ အဲဒီအစား ခွင့်လွှတ်သည်းခံစိတ် မွေးလိုက်ပါက ခန္ဓာကိုယ်ရဲ့ သဘာဝ နာကျင်မှု သက်သာစေတဲ့ ဓာတ်ဖြစ်တဲ့ အန်ဒိုဖင်းဟော်မုန်းတွေ ထွက်ရှိလာစေပါတယ်။
၁၁။ အကောင်းမြင်ခြင်းက ပဋိပစ္စည်းတွေ များစေနိုင်တယ်
တုပ်ကွေးကာကွယ်ဆေး ထိုးထားတဲ့ လူတွေရဲ့ တုံ့ပြန်မှုကို လေ့လာကြည့်တဲ့အခါ အကောင်းမြင်စိတ် အရှိဆုံးသူတွေဟာ ပဋိပစ္စည်းတွေ အများဆုံး ထွက်ရှိတာကို တွေ့ရပါတယ်။ ဒါကြောင့် အကောင်းမြင်ခြင်းက ကိုယ်ခံစွမ်းအား တိုးစေနိုင်တယ်လို့ ကောက်ချက် ချနိုင်ပါတယ်။ အကောင်းမြင်တတ်သူ ဖြစ်အောင် သင့်ဘဝမှာ ရှိတဲ့ ကောင်းတဲ့အရာတွေကို နေ့စဉ် တွေးကြည့်ပါ။ နောက်ပိုင်းမှာ အကျင့်ပါပြီး အကောင်းဘက်က မြင်တတ်တဲ့သူ ဖြစ်လာမှာပါ။
၁၂။ ငြင်းခုံမှုတွေကို ရှောင်ခြင်းက အာဟာရ တိုးစေနိုင်တယ်
ဂျာမန်နိုင်ငံသား သုတေသန ပညာရှင်တွေဟာ အစမ်းသပ်ခံသူတွေကို ငြင်းခုံမှု မတိုင်မီနဲ့ ငြင်းခုံအပြီးမှာ သူတို့ရဲ့ ခန္ဓာကိုယ်ရှိ ဗီတာမင်စီ ပမာဏကို တိုင်းကြည့်တဲ့အခါ မိနစ် ၂၀ ကြာ ငြင်းခုံမှုက ဗီတာမင်စီ ၃၀၀ မီလီဂရမ် လျော့ကျစေကြောင်း တွေ့ရှိရပါတယ်။ အက်ဒရီနယ်ဂလင်းက စိတ်ဖိစီးမှု ဟော်မုန်းတွေ ထုတ်ရာမှာ ဗီတာမင်စီရဲ့ အကူအညီကို ယူကြရပါတယ်။ ဒါကြောင့် ငြင်းခုံတဲ့အခါ စိတ်ဖိစီးတာကြောင့် ဗီတာမင်စီများစွာ အသုံးပြုရခြင်း ဖြစ်ပါတယ်။ ဗီတာမင်ဘီ အထူးသဖြင့် ဗီတာမင်ဘီ ၅ ကလည်း စိတ်ဖိစီးမှု ဟော်မုန်း ထွက်ရှိရာမှာ ပါဝင်တာကြောင့် စိတ်ဖိစီးပါက ဗီတာမင်ဘီနဲ့ ဗီတာမင်စီ ပါရှိတဲ့ အားဆေးတွေ သောက်သုံးသင့်ပါတယ်။
Ref: Good Health
0 comments:
Post a Comment