“ဆင်ဝန်ကတော်”
by Soe Min on Tuesday, September 4, 2012 at 4:12am
“မ ဆို ယင်မကိုတောင် မသန်းစေချင်ဘူး မောင့်အပေါ်။ ထားလိုက်ပါရှင် ဆင်ဝန်ကတော် ကြောင့်ကြပေ့လို့ ခေါ်ချင်ခေါ်..။” တဲ့။
မြန်မာတွေဆိုရိုးစကားထဲမှာ ဆင်ဝန်ကတော်ကြောင့်ကြကြီးသလို လို့ ပြောလေ့ရှိပါတယ်။ တခြားတခြားသော ၀န်ကတော်တွေနဲ့ ယှဉ်လိုက်ရင် ဆင်ဝန်ကတော်ဆိုတာမျိုးက အိမ်က၀န်မင်း ဆင်နင်းလေမလား။ ဆင်ခြေ ဆင်လက် ဆင့်နားရွက်တွေနဲ့ ဆင်ကျီစားရာ ဆိတ်မခံသာများဖြစ်နေရှာမလား။ အမြင်မတော် ဆင်တော်နဲ့ခလောက်ဖြစ်နေလို့ ဆင်ဖြူ့ရှင်ကြီးက ဆင်ကန်းတောတိုး ကမူးရှူးထိုး မျက်မာန်ရှရင် ဆင်ဝှေ့ရန်ရှောင်မှ လွတ်အောင်ရှောင်တတ်ပါ့မလား။ နေရာတကာ လိုက်လိုက် ပူတဲ့ဘ၀မတော့ “ဆင့်အ၀ှာကြီးကလည်း ကြီးလှပါပေတယ်။ မတော် တို့အိမ်ကဆင်ဝန်မင်းအပေါ် ပိများပိနေမှဖြင့် ခက်ရချည်ရဲ့လေ။” လို့တောင် ပူပင်ကြောင့်ကြရပါသတဲ့။
အပေါ်ကသီချင်းထဲမှာတော့ ချစ်တဲ့သူကို ယင်မကလေးများတောင် သန်းမှာစိုးလွန်းလို့ တကြောင့်ကြကြနေရရှာတဲ့ မမြရင်ကို ဆင်ဝန်ကတော်လို့ပဲ ခေါ်ချင်လည်း ခေါ်လိုက်ပါတော့လေ တဲ့။
ခေတ်ကာလကြီးကလည်း ဆင်ဝန်ကတော်ကြောင့်ကြကြီးတာ အပြစ်မြင်လို့ မရပေဘူးဗျ။ အိမ်က၀န်မင်းအကြောင်းက အဲသည်ဝန်ကတော်ကြီးပဲ အသိဆုံးလေ။ ငယ်ကပေါင်းတဲ့ လက်ဟောင်းကြီး မဟုတ်လား။ ပူတူတူးလေးတွေတောင် ဘယ်သိနိုင်မှာတုန်း။ သူတို့ကြားကဆက်ဆံရေးက နှစ်ဦးနှစ်ဘက် လိုလားချက် အခြေပြုထားတာ။ အ၀တ်သာကျွတ်ချင်ကျွတ်မယ် မျက်နှာဖုံးကျွတ်ရိုး ထုံးစံမရှိဘူး။ ပူပန်စရာ စိုးနှောင့်ဗျာဗွေလည်း ရှိလိမ့်မယ် မထင်နဲ့။ ဘယ်ဘက်ကဖြစ်ဖြစ် ငကန်းသေရင် ငစွေထပ်ရှာမှာပဲ။ ဆင်ဝန်ကတော်ကြီးမှာသာ သဘောထားလည်း ကြီးကြီးထားရသေး။ သောကလည်း အကြီးကြီးပွေရသေး။ အချိန်တန် အိမ်ပြန်မရောက်တဲ့ဝန်မင်းက ဇယားရှုပ်နေတာဆို အကြောင်းမဟုတ်ဘူး။ ပျားတုပ်တာဆို ကိုယ်လည်း စက်ကွင်းမလွတ်တာမို့ တိုင်ပတ်ကုန်မှာ။ သူ့လည်း သွားသွားညှော်ရဲတာမဟုတ်။ ကိုယ်လည်း သူ့ကိုမှီပြီး ကျော်ထားလှော်ထားရတာ။ လျော်ဖို့ မစဉ်းစားနိုင်ဘူး။ အဲဒီတော့ သည်ကောင်မကြီးမှ မကြောင့်ကြရင် ကြောင့်ကြမယ့်သူ ရှိပါဦးမလား။ ဘာမှလျှောက်တွေးမနေနဲ့ ပိတ်သတ်ကြီးရေ။ ရှင်ဘုရင်ခေတ်က ဆင်ဝန်ကတော်အကြောင်း ပြောနေတာပါ။ ဘုရားစူးရစေရဲ့။ ခေတ်ကာလ လူကြီးမိဘများ အကြောင်းတော့ သိမှသိပဲနဲ့။ ပြောရဲပေါင်။
သားသားတို့ငယ်ငယ်က ဆင်ဝန်ကတော်ကြောင့်ကြကြီးသလိုပဲ အိမ်ကလူပြန်မလာမချင်း တကြောင့်ကြကြ သောကပွေနေရတဲ့ အိမ်သူသက်ထား ဇနီးမယားတစ်ယောက်အကြောင်းကိုလည်း ဖတ်ဖူးပါတယ်။ မျက်လှည့်ဆရာရဲ့မိန်းမ တဲ့။ ရန်ကုန်တက္ကသိုလ်ပင်မထဲမှာ တရားပွဲလုပ်တော့ အပန်းဖြေခန်းမအပြင်ဘက်မှာ နံရံကပ်စာစောင်လို စာတွေကပ်ထားတဲ့အထဲက ကြိုက်လွန်းလို့ ပလာစာအုပ်ကလေးနဲ့ ကူးယူဖူးတဲ့ ကဗျာပါခင်ဗျ။ ကောလာဟလကတော့ ဒေါ်နီနီမြင့် ရေးတဲ့ကဗျာလိုလို ပြောကြတယ်။ ရေးတဲ့သူအမည်
ဖော်ပြမထားဘူး။ ကောင်းချက်ကတော့ ကိုးလောက်ရှိတယ်။ ဖွန်ကြောင်ကြောင်နဲ့ ကူးတာမို့လို့ အခုခေါင်းထဲမှာ တစ်လုံးမှ မမှတ်မိတော့ဘူး။ နို့မို့ ပျင်းတောင်ပျင်းသေးတယ်။ အကြောင်းအရာတော့ မှတ်မိတာပေါ့။
မျက်လှည့်ဆရာကြီး မျက်လှည့်ပြထွက်သွားတော့ အိမ်ကမိန်းမက တကြောင့်ကြကြနေပါသတဲ့။ လင်တော်မောင်မှာ စကားပြောလိမ်မာတဲ့ ကြက်တူရွေးလေးရယ်၊ အလမ္ပါယ်ပြစားရင် လူတွေ ကြောက်သွားစေမယ့် မြွေပွေးလေးရယ်၊ ခိုင်းသလိုကပြနိုင်တဲ့ မျောက်ကလေးရယ်လည်း ပါသွားသတဲ့။ ကြက်တူရွေးကလေးက သင်ထားသလို စကားအလင်္ကာ ၀ါစာကမ္မာတွေပြောပြလိုက်လို့ လက်ခုပ်သြဘာ ထောပနာကြတာလည်း မနည်းဘူးတဲ့။ မြွေပွေးကလေးနဲ့ ခြောက်လိုက်လို့ ငါ့များလာကိုက်ရင် ခက်ရချည်ရဲ့ဆို တော်ရုံတန်ရုံလူလောက်ကတော့ ဘာမှ ကဏ္ဍကောစ မလုပ်ရဲဘူးတဲ့။ မျောက်ကလေး ကျွမ်းပစ်ပြန်တော့ ရွှေမန်းတင်မောင်လောက်ကို သြဘာကျကြပြန်ရောတဲ့။ သည်လိုနဲ့ အပွဲပွဲ နွှဲလာလေတော့ အိမ်ပြန်လာရင် ရွှင်လန်းအားရ ကြိုခဲ့ရစမြဲပေမယ့် မတော်လို့များ တနေ့နေ့ တကွေ့ကွေ့မှာ ကြက်တူရွေးကလေး ပြောမှားဆိုမှားရှိလာရင်၊ မြွေပွေးကလေးက အလမ္ပါယ်ဆရာကို ပြန်ပြီးရန်ပြုလာခဲ့ရင်၊ မျောက်ကလေးက ခိုင်းတဲ့အတိုင်းမကပဲ ပွဲလယ်ခေါင် အရှက်ကွဲရရင်၊ ခက်ပဲခက်ရချည်ရဲ့လို့ အိမ်ကမိန်းမက စိတ်ပူမိတဲ့အကြောင်း ရေးထားတဲ့ ကဗျာရိုးရိုးကလေးပါ။ ဆန်းဆန်းပြားပြားတွေးပြီး ထူးထူးထွေထွေ အရေးယူပိတ်ပင်ထားလို့ တိုးတိုးတိတ်တိတ် လက်ဆင့်ကမ်းဖတ်ခဲ့ရတဲ့ မျက်သင့်လင်္ကာကလေးပေါ့။ စာဖတ်သူထဲက လက်လှမ်းမီသူရှိရင်တော့ ပြန်ရှဲလိုက်ပါဦးဗျာ။ အားလုံးဖတ်ရတာပေါ့နော့။
သည်ကနေ့သည်အချိန်မှာ သည်ကဗျာကို တတမ်းတတ ဖော်ထုတ်နေတာကတော့ မကောင်းသူထိပ်ကောင်းသူထိပ် ဘယ်သူ့ထိပ်နဲ့မှ ကျုပ်ခြေမနီးပါရစေနဲ့။ မျက်လှည့်ဆရာကြီးတွေ အပြင်မှာ တကယ်ရှိ မရှိ။ ကိုယ့်ဘာသာပဲ ရှာကြည့်လိုက်ပါတော့။ ကြက်တူရွေးကတော်တော် မယ်ဘော်ကလည်း မကဲချင်ပါဘူး။ သားတို့ငယ်ငယ်တုန်းကလို “ဟင်… ခွီးမတား နှထာတောင် ရေးထားတာကိုး။” လို့ အာမေဋိတ်သံကြီးတော့ မကြားရတော့ဘူး။ (တော်တော်ဇာတ်တိုက်နာပုံရတယ်)။ တချို့များ “ဘယ်နှနာရီ ရှိပလဲ။” မေးတာတောင် တကောင်းအဘိရာဇာ ရာဇ၀င်လှန်ပြီး လေးဆယ့်ငါးမိနစ်စာ ဇာတ်ထုပ်ခင်း ဖြေပြတတ်တယ်။ အံ့ရော။ အလမ္ပါယ်ဆရာ မြွေကိုက်တော့ “အို ဟိုး တရံတခါဆီက ပုဂံရာဇ၀င်အချစ်ဇာတ်လမ်းမှာ…” ဆိုပြီး ကျန်စစ်သားမင်းကြီးဘ၀ ရောက်သွားတာ တီဗီထဲမှာတောင် ပြခဲ့ပါရောလား။ မြွေပွေးတွေ ပိုးထိကုန်ပြန်တော့ အဆိပ်ဖြေဆေးလည်း မတိုးတော့ဘူး။ မျောက်ဘိုးစိန်ကတော့ ဇာတ်ကမစားတော့ဘူး။ လုမ္ဗနီဥယျာဉ်ကြီးတစ်ခုလုံး အပိုင်စားရနေပြီ။ ရေလောင်းခိုင်းလိုက်ရင် အမြစ်အရင်နှုတ်ကြည့်တာ။ အမြစ်ရှည်တော့ ရေများများလောင်းမယ်။ အမြစ်တိုတော့ ရေနည်းနည်းပဲလောင်းမှာပေါ့။ ဘာကိုမှ မစဉ်းမစား ရမ်းမလုပ်ရဘူးလို့ အထက်ကညွှန်ကြားထားတယ် မဟုတ်လား။ ဆရာကြီးဦးဘဂျမ်းရဲ့ကာတွန်းတွေဟာ “ခေတ်ကိုထင်ဟပ်နိုင်လွန်းလို့ ကောင်းလှချည်ရဲ့လေ” လို့ဆိုတော့ ရသေ့ကြီးဦးဖျောက်ဆိပ်က ထိပ်ခေါက်ပြီး “ငါ ရေးခဲ့တာဖြင့် ကြာလှရှိပြီ။ နင်တို့က ခုထက်ထိ ခေတ်ကိုထင်ဟပ်လို့ မပြီးနိုင်သေးဘူး။ ပြင်မှ မပြင်ပဲနဲ့။” လို့ ဆိုတာကလေး သတိရသွားပါတယ်။ ကဗျာကလေး ကနေ့ခေတ်အထိ ကောင်းနေသေးတယ်ဆိုတာကတော့ နည်းနည်းများလွန်လွန်းသလား မသိပါဘူး။ ရှေ့လူတွေ မကောင်းဘူးဆိုလည်း နောက်တက်တဲ့လူတွေက ဘာလို့ ရှေ့လူတွေလုပ်တဲ့အတိုင်း လိုက်လိုက်လုပ်နေကြသတုန်း။ ကရွတ်ကင်းလျှောက်သလို သည်လမ်းကို အခါခါလျှောက်နေပြီးတဲ့နောက် ဘယ်ဘူတာကိုဆိုက်မလဲဆိုတာ ခေါင်းတွဲကြီးရော နောက်တွဲတွေပါ သိသင့်ပြီလို့ထင်တာပါပဲ။
မြန်မာတွေစိတ်ထဲမှာ အရိုးစွဲနေတာက အလောင်းမင်းတရားကြီးနတ်ရွာစံတဲ့အခါ သားတော်တွေ ကြီးစဉ်ငယ်လိုက် နန်းစံရမယ်ဆိုတာမျိုးကြီး သူပြီးရင်တော့ ငါကောင်းစားမယ့် အလှည့်ပဲ လို့ မျှော်လင့်နေကြတယ်။ ဘယ်လိုအစိုးရအမည်တံဆိပ် ခပ်နှိပ်ထားသည်ပဲဖြစ်စေ အကြွင်းမဲ့အာဏာကို ချုပ်ကိုင်ထားတယ်ဆိုရင် ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အာဏာရှင်စံနစ်လို့ပဲ အမည်တပ်ခံရတော့မှာပေါ့။ အဲလိုတော့လည်း နံမယ်ပျက်မခံချင်တဲ့အခါ မျက်လှည့်ဆရာကြီးလို မျောက်မွေး၊ ကြက်တူရွေးစကားသင်၊ မြွေပွေးခါးပိုက်ပိုက်လုပ်ရတော့တာပါပဲ။ ကမ္ဘာပေါ်မှာ နံမည်အကျော်ဆုံး စစ်ဘုရင်တစ်ပါးဖြစ်ခဲ့တဲ့ နပိုလီယန်ဘိုနာပတ်ကြီးတောင် ပြင်သစ်တော်လှန်ရေးကြီးအပြီးမှာ ပထမဦးဆုံး သမ္မတအဖြစ်ရွေးကောက်ခံလာခဲ့ပြီးမှ သူကိုယ်တိုင်ဆန့်ကျင်ခဲ့တဲ့ ဘုရင်စံနစ်ကို ဧကရာဇ်မင်းမြတ် တတိယမြောက် နပိုလီယန်အဖြစ်နဲ့ နောက်ကြောင်းပြန်လှည့်သွားခဲ့ဖူးပါတယ်။ အဲဒီအခါကျတော့လည်း ရွှေလင်ပန်းနဲ့အချင်းဆေးတဲ့ မင်းသွေးများထက်ကိုပဲ ထီးမူနန်းဟန် ခတ္တိယမာန်ပိုလှပါသတဲ့။ ဓနရှင်စံနစ်ကို အမြစ်ကမြေလှန်တဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေါင်းဆောင်ကြီးလည်း မိဖုရားခုနှစ်ဖော် စုံဖက်တော်မူခဲ့တဲ့အထဲမှာ ပဒေသရာဇ်မင်းသမီးတစ်ပါးတောင်ပါလေရဲ့လို့ လူမသိသိအောင် ဘိုနံမယ်တွေ စာရင်းဖျောက်ပြီး ရတနာနတ်မယ်ဘွဲ့ခံလို့ ဘိသိက်မမြှောက်ရုံတမယ် နန်းစံခဲ့တာလည်း လူတိုင်းအသိ မဟုတ်လား။ သမိုင်းဆိုတာ အတိတ်ကဖြစ်ရပ်တွေကို သင်ခန်းစာယူနိုင်ဖို့ လေ့လာအပ်သော ပညာရပ်ဖြစ်ပေမယ့် သမိုင်းဖြစ်ရပ်တွေကတော့ အဲသလို အတိတ်သမိုင်းကြောင်းကို သင်ခန်းစာမယူနိုင်တဲ့သူတွေနဲ့ပဲ ဖြစ်ပေါ်လာကြရပါသတဲ့။ ကမ္ဘာကျော်ဘီလျံနာကြီးတစ်ယောက်ကတော့ ဟောသလို ဆိုထားတယ်။ “What we learn from history is that people don’t learn from history.” (Warren Buffet)
ကိုယ့်ဆီက ဖော်မြူလာကတော့ “အားလုံးကောင်းပါသည်ခင်ဗျား။ အရင်လူတွေ မကောင်းခဲ့တာကလေးပဲ ပြောစရာရှိပါတယ်။ အခုကောင်းသွားပြီ။ ရှေ့လျှောက် ကောင်းတော့မှာ။ မယုံမေးကြည့်။ ဟုတ်ဘူးလား ကြီးတော်ရယ်။ ဟုတ်တာပေါ့ ငါ့တူရယ်။” အဲသည်လို တစ်ဘီးချင်းလှိမ့်တယ်။ ဘာဖြစ်လို့ဆိုတော့ လူတော်တော်များများက ရှေ့တင်တော့ အားနာသလိုလို၊ ကြောက်သလိုလိုနဲ့ မဟုတ်မှန်းမှားမှန်း သိသိကြီးနဲ့ အမုန်းမခံချင်လို့ ရေငုံနှုတ်ပိတ်နေကြပြီး နောက်လူတက်လာတော့မှ ရှေ့လူအပုတ်တွေ အကုန်ဖော်ချင်တဲ့စိတ်က သိပ်ကိုသိသာထင်ရှားလွန်းနေတာကိုး။ သည်အခါမှာလဲ ဘယ်သူဘယ်ဝါ မကောင်းဘူးဆိုပြီး ပုဂ္ဂိုလ်ရေးအပုတ်ချဖို့ ဦးစားပေးတော့ လုပ်ရပ်တွေက မထင်ရှားတော့ပဲ နောက်လူကလည်း တသွေမတိမ်း လိုက်မှားကြပြန်ရော။ အရင်တုန်းက အမှားတွေဟာ အခုလက်ရှိတင် မှားနေတာ မဟုတ်သေးဘူး။ နောင်ကိုလည်း ဆက်မှားဦးမှာ မြင်နေရသေးတယ်။ မျက်လှည့်ဆရာကြီးတွေရဲ့ ကစားပွဲကို ရှုံ့ချပါတယ်ဆိုပြီး သူ့ဆီသွားတုန်းက ဖိနပ်နဲ့ပေါက်သလေးဘာလေး နဲ့ သတင်းထဲပါအောင် လုပ်ခဲ့တဲ့သူက လာရင်မဖမ်းတော့ဘူးဆိုတော့မှ ပြည်တော်ဝင်စနေမောင်မောင် လုပ်တဲ့အခါ သူ့အလှည့်ကျတော့ ပန်းစည်းကလေး အာပွားကလေးနဲ့ လက်ခုပ်တီးအားပေးခံချင်သေးတယ်တဲ့။ ဟိုလေ ဘယ်လိုပြောရမလဲ။ အဲ့အတိုင်းပဲဗျာ။ ထမင်းနပ်မမှန်တဲ့ ပြည်သူတွေကိုမှအားမနာ “ဗိုလ်ချုပ်ဈေး လဟာပြင်ဈေးရှေ့ဝင်ကာ ချစ်တဲ့သူရယ် အမှတ်တရ၀ယ်မယ် ဂစ်တာတစ်လက် မောင့်အတွက်ချစ်လက်ဆောင်..။” ဆိုပြီး သိန်းလေးငါးခြောက်ရာ လေလံမျက်လှည့်ပွဲပြလာတော့ အနားမှာရှိရင် အားပေးလိုက်ချင်စမ်းပါဘိ။ (တော်ပါသေးရဲ့ အမ်းမှာမို့။ နို့မို့ဖိနပ်အသစ် ထပ်ဝယ်နေရဦးမယ်)။ သည်ကစားကွက်နဲ့ သူ့ကိုယ်သူ အတိုက်အခံဘက်ကပါ လို့ပြောလာရင် ဘယ်လိုယုံရမလဲ။ ပုဆိုးခေါင်းပေါင်းကလေး ဆင်ပြီးအောင်မှ မစောင့်နိုင်ရန်ကော။
အသက်မွေးဝမ်းကျောင်းနယ်ပယ်မှာ အကြမ်းအားဖြင့် နှစ်မျိုးနှစ်စား သတိထားမိပါတယ်။ တစ်မျိုးက နံမယ်တစ်လုံးကို ပိုးမွေးသလို ရှင်သန်အောင်မွေးပြီး တဖြေးဖြေး နံမယ်ရ လူသိများလာလေလေ၊ အဲသည်နံမယ်ကလေး ပျက်စီးမသွားအောင် တယုတယ ထိန်းသိမ်းထားရလေဆိုတာမျိုးပေါ့။ ဆရာဝန်အလုပ်တို့၊ အနုပညာသည်အလုပ်တို့လိုပေါ့။ နံမည်တစ်လုံးနဲ့လုပ်စားရတာ။ နောက်တစ်မျိုးကတော့ နံမည်တစ်ခုခု ခေါ်လို့ရရုံပေးထား။ သည်တနေရာမှာ ရိုးလာအီလာတဲ့အခါ နောက်တစ်နေရာပြောင်းပြီး နံမယ်အသစ်နဲ့ လူအသစ်ပြန်လုပ်ယူ။ မဟောင်းမချင်းနေ၊ ဟောင်းတာနဲ့ပြောင်း။ ပခြုပ်ဆိုင်က ကောင်မလေးတွေ၊ စားသောက်ဆိုင်က အဆိုတော်မလေးတွေလိုပေါ့။ နိုင်ငံရေးလောကဆိုတာကတော့ ဘယ်အမျိုးအစားထဲမှာ ပါသလဲ မိကျောင်းမင်း ရေကင်းပြစရာ လိုမထင်ပါဘူး။ ကိုယ့်ထက်လည်လို့ နိုင်ငံရေးလုပ်စားပါတယ်ဆိုမှ။ နံမယ်အသေကြီးနဲ့ နန်းသက်ရှည်တော့ရော ကိုယ့်အရိပ်ကိုယ်ပြန် ကြောက်နေရတာ မဟုတ်ဘူးလား။ ရှေ့မှာတက်သွားတဲ့ မျက်လှည့်ဆရာကြီးတွေ အများကြီးရှိခဲ့တယ်။ ဆင်းသွားတာတွေလည်း မနည်းဘူး။ ဘယ်သူတွေ ဘာဖြစ်သွားသလဲ မသိတာလည်း မဟုတ်ပဲနဲ့။ “ရွှေအိမ်နန်းနှင့် ကျငှန်းလည်းခံ မတ်ပေါင်းရံလျှက် ပျော်စံရိပ်ငြိမ် စည်းစိမ်မကွာ မင်းချမ်းသာကား သမုဒ္ဒရာ ရေမျက်နှာထက် ခဏတက်သည့် ရေပွက်ပမာ တစ်သက်လျာတည့်။” ဆိုတာ မကြားဖူးသေးရင် ဖတ်ထားလိုက်ပါဗျာ။ အောင်မယ်လေးလေး။ ဆင်ဝန်ကတော်ကမှ သူ့လင်သူကြောင့်ကြရတာ။ ကိုယ့်မှာတော့ မတ်ပေါင်းဝန်ပေါင်း သောင်းသောင်းညံအောင် လိုက်ကြောင့်ကြရှာရာ ရောက်နေတော့မယ်။ လူနေခြုံခြား စိတ်နေဘုံဖျားတဲ့။ သူ့ဖြင့် အမ်းမှာ အရိုးထုတ်ရတော့မှာ။ တန်ရာတန်ရာမတွေး၊ မူးစော်မတ်စော် နံဖို့ဝေးလို့ ဇာတ်ထဲကဗောင်းတော်တောင် မြင်ဖူးမယ့်အကောင်လည်း မဟုတ်ရပါကွယ်။ ပွဲစဖို့ရုံခါတာ နေရာတော်ခင်း ကဖို့ကြံရင် ဗြဲတိုက်ထဲစံရကိန်းမြင်သပ။ ခပ်စိမ်းစိမ်းနေတော်မူဦးစို့ ချာဝန်ကတော်လေးရယ်။ (ဘာရမလဲ။ တို့လည်းဝန်တော့ဝန်ပဲဟာ။ ဟုတ်ဘူးလား)။
0 comments:
Post a Comment