ကျနော်တို့ မြန်မာတွေ စည်းရုံးရေး ဆင်းတတ်ပုံလေးတွေ ပြင်သင့်ပြီ ထင်လို့
by Lwin Aung Soe on Saturday, September 1, 2012 at 11:54pm
ဒီနေ့ တနင်္ဂနွေနေ့ ဆိုတော့ နားရက်ရသူတွေလည်း အိမ်ကပ်ပြီး စာဖတ် စာရေးတတ်ကြတာပေါ့။ အခြားသူတွေတော့ မပြောတတ်ဘူး။ ကျနော့်မိတ်ဆွေတဦးကတော့ တခါတလေ အဲဒီလို လုပ်တာ အမှန်ပဲ။ သူက အပြောအဆို ပြေပြစ်သလို စာအရေးလည်း ကောင်းတယ်။ ထိုးထွင်းဥာဏ်လည်း ကောင်းတယ်။
ဒီနေ့ သူရေးတဲ့ စာတပုဒ်ကို Facebook မှာ ဖတ်ရပါတယ်။
သူ့စာကို ဖတ်ပြီး ကျနော်လည်း ကွန်မန့်ရေးလိုက်တာ ရေးကောင်းကောင်းနဲ့ အတော့်ကို ရှည်သွားပါလေရော။ ပြောစရာတွေက များတယ်လေ။ ပြောစရာ ဆိုတာထက် ဗဟုသုတလေးတွေ ဝေမျှပေချင်တာ၊ မြန်မာတွေ ကြီးပွားတိုးတက်စေချင်တာလေးတွေ ရှိတော့ စိတ်ပါလက်ပါနဲ့ ရေးနေမိလို့ပါပဲ။
ကဲ..ကဲ.. ကျနော့်မိတ်ဆွေရဲ့ စာကို အရင်ဖတ်ကြည့်ပြီးမှ ကျနော့်ရဲ့ သုံးသပ်ချက်ကို ဖတ်ကြည့်ကြပါဦး။ ဒီနေ့ တနင်္ဂနွေနေ့ဆိုတော့ စာဖတ်ဖို့ အချိန်အား ရကြရင်ပေါ့။
https://www.facebook.com/notes/kyawthu-soe/%E1%80%99%E1%80%AE%E1%80%B8%E1%80%99%E1%80%AD%E1%80%BD%E1%80%90%E1%80%B9%E1%81%BF%E1%80%95%E1%80%AE%E1%80%B8%E1%80%99%E1%80%BD-%E1%80%A1%E1%80%AD%E1%80%95%E1%80%B9%E1%80%90%E1%80%90%E1%80%B9%E1%80%9E%E1%80%8A%E1%80%B9/398424136877738?notif_t=note_tag
................................
ဂျပန်က အကြောင်းလေးနဲ့ပဲ ပြန်ပြောပါရစေ.. ဂျပန်မှာ နေဖူးသူ တချို့တော့ ကြုံဖူးမှာပါ။ နေ့လည်ဘက်၊ ညနေစောစောဘက်လောက်ဆို တံခါးဘဲလ်သံကြားလို့ ဖွင့်ကြည့်လိုက်ရင် အမျိုးသမီး ၂ ဦးကို တွေ့ရတတ်ပါတယ်။ အင်မတန် ယဉ်ကျေးပြူငှာတဲ့ စကားအသုံးအနှုန်း၊ အပြုအမူနဲ့ ခင်မင်ရင်နှီးမှု ရှိပါတယ်။ နည်းနည်းလည်း အောက်ကျို့တတ်ပါတယ်။
သူတို့ကတော့ ခရစ်ယန်ဘာသာဝင်ဖြစ်ဖို့ လာစည်းရုံးကြသူတွေပါ။ အရင်ဆုံး သူတို့ ဘယ်သူဖြစ်တယ် ဆိုတာကို ပြောဆိုပါတယ်။ နိုင်ငံခြားသားမှန်း ခွဲခြားနိုင်ရင် တရုတ်၊ အင်ဒို၊ ထိုင်း၊ နိပေါ၊ အာဖရိက စသဖြင့် သူတို့မှာ အသင့်ပါတဲ့ ခရစ်ယန် ဘာသာရေး စာအုပ်လေးတွေ၊ စာရွက်တွေ ပေးပြီး ဘုရားရှိခိုးကျောင်းတက်ဖို့၊ ခရစ်ဘာသာဝင်ဖို့ စည်းရုံးတတ်ပါတယ်။ အတင်းအကြပ် မဟုတ်ပါ။ ဘာပေးမယ် ညာပေးမယ်လို့လည်း မပြော၊ အာမလည်း မခံပါ။ စည်းရုံးလို့ မရရင်လည်း အနှောင့်အယှက်ပေးမိလို့ ခွင့်လွှတ်ပါလို့ ပြောပြီး ပြန်သွားတတ်ကြပါတယ်။
တခါတလေ အိမ်ကို တံခါးလာမခေါက်ဘဲ လမ်းမှာ ရပ်ပြီး စည်းရုံးတတ်ပါတယ်။ လမ်းသွားလမ်းလာတွေကို အနှောင့်အယှက်တော့ မပေးတတ်ပါဘူး။ စိတ်မဝင်စားလို့ မသိကျိုးကျွံ ပြုရင်လည်း သူတို့လို စည်းရုံးသူတွေက စိတ်မဆိုးတတ်ကြပါ။
............................
နောက်တပိုင်းကတော့ မြန်မာတွေရဲ့ နိုင်ငံရေးပါတီဝင်ဖို့၊ အဖွဲ့အစည်းထဲ ဝင်ဖို့ စည်းရုံးရေး အကြောင်းပါပဲ။
လူတဦးချင်းကို အိမ်တိုင်ယာရောက် စည်းရုံးတာဟာ တချို့နိုင်ငံတွေရဲ့ ရွေးကောက်ပွဲ မဲဆွယ်သလို ပုံစံမျိုး ဖြစ်နေပါတယ်။ ဒါဟာ လူတဦးချင်းရဲ့ လွတ်လပ်ခွင့်ကို ထိပါးနေသလို မလိုအပ်ဘဲ သြဇာလွှမ်းမိုးစေတဲ့ ကိစ္စလို့လည်း ပွင့်ပွင့်လင်းလင်းပဲ ပြောချင်ပါတယ်။
နိုင်ငံရေးပါတီတခုဟာ တရားဝင် ရပ်တည်နေပြီဆိုရင် (သို့) လူသိထင်ရှား ဖြစ်နေပြီ ဆိုရင် ဆိုင်းဘုတ်ထောင်ခွင့်၊ လက်ကမ်းစာရွက် ဖြန့်ခွင့် အစရှိတာတွေကို အထိုက်အလျောက် ပွင့်ပွင့်လင်းလင်း တာဝန်ခံ လုပ်နိုင်ပြီ ဖြစ်ပါတယ်။
ဒီနေရာမှာ “ပွင့်ပွင့်လင်းလင်း တာဝန်ခံ လုပ်တာနဲ့ “လွတ်လွတ်လပ်လပ်” ဆိုတာ အဓိပ္ပာယ်ချင်း မတူတာကို အထူး သိစေချင်ပါတယ်။
ပါတီဝင်ဖို့ သဘောကျ နှစ်သက်သူတွေက ဆက်သွယ်ရမယ့် နေရာကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီး ကိုယ်ပိုင်ဆန္ဒနဲ့ အဖွဲ့ဝင်တာက မှန်ကန်တဲ့ နည်းလမ်းလို့ ဆိုရပါမယ်။
မြန်မာနိုင်ငံထဲမှာ အဖွဲ့ဝင်အင်အား အများဆုံးလို့ ပြောတဲ့ ပြည်ခိုင်ဖြိုး နိုင်ငံရေးပါတီတောင်မှ နည်းလမ်းမမှန်တဲ့ (သို့) အများပြည်သူတွေ မနှစ်သက်တဲ့ နည်းလမ်းတွေနဲ့ နိုင်ငံရေးပါတီဝင် ဖြစ်စေတာတွေကို ကြားသိနေရပါတယ်။
ဒါကြောင့်လည်း “နိုင်ငံရေးပါတီဝင်အဖြစ် စည်းရုံးခြင်း” ဆိုတဲ့ ဥပဒေ (သို့) နည်းဥပဒေကို ဥပဒေပြု လွှတ်တော်က ဘာမှ မလုပ်နိုင်ဘဲ ဖြစ်နေရတာကို သဘောပေါက်နိုင်ပါလိမ့်မယ်။ နည်းမှန် လမ်းမှန်ကို မသိတဲ့ ဗဟုသုတ အားနည်းချက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သိရက်နဲ့ ပြုပြင်ပြောင်းလဲနိုင်စွမ်း မရှိသေးလို့လည်း ဖြစ်နိုင်ပါတယ်။
ဒါမျိုးတွေဟာ မြန်မာနိုင်ငံထဲက နိုင်ငံရေးပါတီ (သို့) အဖွဲ့အစည်းတွေမှာသာမက ပြည်ပက မြန်မာအဖွဲ့အစည်းတွေမှာရော ဘယ်လောက်ဖြစ်နေပြီလဲ ဆိုတာ တွေးကြည့်နိုင်ပါတယ်။
မိမိဆန္ဒမပါရင် ဘာမှ လုပ်စရာ မလိုတဲ့ လွတ်လပ်ခွင့်ကို တဖြည်းဖြည်းနဲ့ ကျင့်သုံးလာပြီ ဆိုပေမယ့် နိုင်ငံရေးပါတီတွေ၊ အဖွဲ့အစည်းတွေ ဝင်ဖို့ စည်းရုံးတဲ့ အခါမှာတော့ ဒီမိုကရေစီ နည်းလမ်းတကျ တိုးတက်ကောင်းမွန်အောင် မလုပ်ကြသေးတာ၊ လုပ်ဖို့ စိတ်ကူး မရှိကြသေးတာကို အားမလိုအားမရ ဖြစ်နေရတုန်းပါပဲ။
လွင်အောင်စိုး
၂-၉-၂ဝ၁၂
0 comments:
Post a Comment