အနုပညာ ဆိုတာ
http://plmyae.net/index.php/otherscat/166-ot15 မှ .....
War and Peace စာအုပ်ဖြင့် ခက်နွယ်လေးတို့ သိထားဖူးသော ရုရှား စာရေးဆရာကြီး တောစတွိုင်း၏ What is Art..? ဟူသော အနုပညာ ဒဿနကျမ်း အဖွင့်စကားသာဖြစ်ပါသည်။
ကဲ.. အနုပညာဟူသည် အဘယ်နည်း… တဲ့ဗျ။
“လူသားတို့သည် မိမိတို့၏ အချိန်နှင့် လုပ်အားစွမ်းဆောင်မှုကို အများဆုံး အသုံပြုကြသည်မှာ စစ်ရေးကိစ္စ မှလွဲ၍ အနုပညာကိစ္စ၊ အနုပညာ ဖန်တီးမှုများအတွက် ဖြစ်ပေသည်။ ထို့ပြင် လူသားတို့သည် စစ်ပွဲများမှာ ကဲသို့ပင် မိမိတို့ဘ၀၊ မိမိတို့ အသက်ကို အနုပညာ အတွက် ပေးလှူပူဇော်ကြသည်။ လူ့အဖွဲ့အစည်းတိုင်းကလည်း အနုပညာကို အထူးတန်ဖိုး ထားကြသည်။ ဦးစားပေးကြသည်။ အနုပညာ ပြတိုက်ကြီးများ၊ စာကြည့်တိုက်ကြီးများ၊ အနုပညာတက္ကသိုလ်များ၊ ဇာတ်ရုံများ၊ စာအုပ်တိုက်ကြီးများ၊ အနုပညာပြခန်းများကို ခမ်းခမ်းနားနား တည်ဆောက်၍ ထိန်းသိမ်းကြသည်။ ဂုဏ်ယူကြသည်။
ဤသို့ဆိုလျှင်..၊ (လူသားတို့အတွက် အရေးပါလှသော… ) အနုပညာဟူသည် အဘယ်နည်း..”
မှန်သော်ရှိ၊ မမှန်သော်ရှိ၊ သဘောတူသော်ရှိ၊ မတူသော်ရှိ..၊ ဤစာပိုဒ်သည် ကျနော် မိုးခက်နွယ် မှ ထွင်ရေးထားခြင်းမဟုတ်။
ဤသို့ဆိုလျှင်..၊ (လူသားတို့အတွက် အရေးပါလှသော… ) အနုပညာဟူသည် အဘယ်နည်း..”
မှန်သော်ရှိ၊ မမှန်သော်ရှိ၊ သဘောတူသော်ရှိ၊ မတူသော်ရှိ..၊ ဤစာပိုဒ်သည် ကျနော် မိုးခက်နွယ် မှ ထွင်ရေးထားခြင်းမဟုတ်။
War and Peace စာအုပ်ဖြင့် ခက်နွယ်လေးတို့ သိထားဖူးသော ရုရှား စာရေးဆရာကြီး တောစတွိုင်း၏ What is Art..? ဟူသော အနုပညာ ဒဿနကျမ်း အဖွင့်စကားသာဖြစ်ပါသည်။
ကဲ.. အနုပညာဟူသည် အဘယ်နည်း… တဲ့ဗျ။
အနုပညာနဲ့ ပက်သက်ပြီး ရှုမြင်ချက် အနေနဲ့ တစ်နိုင်ငံစီက လူနှစ်ယောက်ရဲ့ အမြင်တွေက ကွဲပြားခြားနားနေရုံသာမက ဖြောင့်ဖြောင့်ကြီးနီပါး ဆန့်ကျင်နေ (သယောင်ယောင်..) ဖြစ်နေပါသည်။ ကြည့်ပါလေ..။ ခက်နွယ်တော့ ခေါင်းရှုပ်မိပါသည်။
တော်စတွိုင်းရဲ့ what is art..? က ၁၈၉၇-၉၈ က ထုတ်တာပါ။ ကောလင်းဝုဒ်ရဲ့ principle of art..? က ၁၉၃၇ မှ ထွက်လာတာပါ။ ဒီတော့ Theory of Communication of Emotion.. နှင့် Theory of Expression of Emotion က နှစ်လေးဆယ်လောက် ကွာနေတယ်လို့ မြင်စရာ ရှိပါသည်။ တစ်ကယ်တော့ တော်စတွိုင်းနှင့် အပြိုင် ဗာရွန် အစပျိုးခဲ့တဲ့ Theory of Expression of Emotion ကို ကောလင်းဝုဒ်က ဆက်ခံပြီး ဖော်ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။
နှစ်ဦးစလုံးပင် အနုပညာ၏ အဓိပ္ပာယ်ကို မှန်ကန်စွာ သတ်မှတ်နိုင်ရန်နှင့် နားလည်နိုင်ရန် ကြိုးပမ်းခဲ့ကြခြင်း ဖြစ်သည်။ အနုပညာလက်ရာများကို Genuine Art အနုပညာ အစစ်အမှန် နှင့် Pseudo Art အနုပညာ အတုအယောင်ဟု ခွဲခြား စီစစ်ကြသည်။ သို့ရာတွင် အနုပညာ ဟူသော အရာသို့ ချဉ်းကပ်ရာ လမ်းကြောင်းများသည် တစ်ဦးနှင့် တစ်ဦး မတူ..၊ သမူဟ မဖြစ်။ ပြဒါးတစ်လမ်း၊ သံတစ်လမ်း ပင် ဖြစ်နေသေးသည်ဟု ခက်နွယ်လေး တွေး၏။ ထို့ကြောင့်ပင် တစ်ဦးချင်းစီ၏ Genuine Art ကို တိုင်းတာသည့် စံနှုန်းများကလည်း ကွဲပြားနေကြသည်။
တော်စတွိုင်း၏ စံနှုန်းတန်ဘိုးအရ..၊ Genuine Art သည် အနုပညာရှင်သည် သူ၏ကိုယ်ပိုင် ခံစားချက်ကို အခြားသူ တစ်ဦးထံသို့. (ပရိတ်သတ်အတွင်းသို့..) ကူးစက်ပျံ့နှံ့နိုင်လေလေ အနုပညာ မြောက်လေလေဖြစ်၍၊အနုပညာ အစစ်အမှန် ပိုမိုပီပြင်လာလေလေ ဖြစ်၏.. ဟုဆိုပါသည်။
ခက်နွယ်လေး အတွက် တော်စတွိုင်း အမြင်သည် အနည်းငယ် လက်ဝဲဆန်ပြီး၊ ရုပ်ဝါဒသို့ ယိမ်းသည် ဟု မှန်းဆပါသည်။ ပသို့ဆိုစေ..၊ တော်စတွိုင်း၏ Genuine Art သည် လူ့အသိုင်းအ၀န်း အတွင်း မျှဝေနှီးနှောမှုကို ပိုမိုပေါ်လွင်၍ Society တစ်ခု တိုးတက်ဖွံ့ဖြိုးမှု သို့ ရှေးရှုမှု လားရာအမြင်ဖြင့် တိမ်းညွှတ်သည်ဟု ယူဆပါသည်။
ကောလင်းဝုဒ်၏ စံနှုန်းတန်ဘိုးအရ..၊ Genuine Art သည် အနုပညာရှင်သည် သူ၏ကိုယ်ပိုင် ခံစားချက်ကို မည်သည့်ရည်ရွယ်ချက်မျှ မပါဘဲ ထုတ်ဖော်ထားခြင်း ဖြစ်၍ Genuine Art သည် မည်သည့် ပရိတ်သတ်၊ မည်သည့် လူတန်းစား၊ မည်သည့် အလွှာကိုမျှ ရည်ရွယ်ခြင်း မရှိဟု.. ဆိုပါသည်။ ခံစားမှုကို လှစ်ဟ ထုတ်ဖော်ရာတွင် ရည်ရွယ်ချက်ဖြင့် ဘောင်ခတ်မိပါက အနုပညာ လက်ရာ အားနဲသွားခြင်း၊ မပီမပြင် ဖြစ်သွားခြင်း စသည်ဖြင့် Pseudo Art သို့ နိမ့်လျောသွားမည်ကို စိုးထိတ်ဟန်ပါ ပါသည်။ ခက်နွယ်လေး အတွက်..၊ ၀ုဒ် အမြင်သည် အနည်းငယ်ထက်ကို ပိုသော လွတ်လပ်မှု ကို မဏ္ဍိုင်ပြု၍၊ စိတ်ကူးယဉ် ၀ါဒီ (Utopian) သို့ ယိမ်းသည် ဟု မှန်းဆပါသည်။ သို့သော် ၀ုဒ်၏ Genuine Art သည် လူသားတို့အား လွတ်လပ်မှုကို မျက်မှောက်ပြုစေသည်ဟု ယူဆပါသည်။
နောက် ပို့စ်များတွင် Theory of Communication of Emotion..Vs Theory of Expression of Emotion ဟူသော ခေါင်းစဉ်ဖြင့် အနှီပုဂ္ဂိုလ်ကြီးများ အနုပညာလက်ရာတစ်ခုကို မည်သို့ ဖော်ဆောင်/ ထုဆစ်ကြပုံကို သူတို့ရဲ့ ကိုယ်ရေးအကျဉ်းနဲ့ အနည်းငယ် ထပ်မံ တင်ပြပေးပါမည်။

Count Leo Nikolayevich Tolstoy (1828-1910)
ကောင့်လီယိုနီကိုလာယွတ်ဗီခ်ျ တ်ာစတွိုင်း သည် ရုရှမူးမတ်မျိုးနွယ်၊ ထင်ရှားသော စာရေးဆရာ၊ တွေးခေါ်ရှင် ဖြစ်၏။ တက္ကသိုလ်ဘွဲ့ရ မဟုတ်သော်လည်း ဥပဒေပညာနှင့် အရှေ့တိုင်းဘာသာစကားများကို လေ့လာသင်ယူခဲ့သည် ဟုဆိုပါသည်။ War and Peace နှင့် Anna Karenina ဟူသောဝတ္ထုကြီးများသည် နာမည်ကျော်ကြား ထင်ရှားသည်။ အထင်ကရ ဒဿနစာပေများမှာ What is art? *1897-98)၊ A Confession (1880-84)၊ Path of Life (1910) တို့ဖြစ်သည်ဟု မှတ်သားဖူးပါသည်။
လီယိုတော်စတွိုင်း၏ Theory of Communication of Emotion..
အနုပညာရှင်နှင့် ခံယူသူ ပရိသတ်တို့အကြား ခံစားချက်များကို ဆက်သွယ်ပေးပြီး စိတ်ပိုင်းဆိုင်ရာပေါင်းစည်းမှု တစ်ရပ်ကို ပေးနိုင်သော လက်ရာမှသာလျှင် အနုပညာ အစစ်မှန်၏။ ဤသို့သော ဂုဏ်ရည်လက္ခဏာ မရှိပါလျှင် မည်သို့သော လက်ရာမှ အနုပညာ ဖြစ်လာမည် မဟုတ်ပေ။ အနုပညာ အမည်ခံ အနုပညာအတုအယောင်သာ ဖြစ်ပေမည်။
ထိုကဲ့သို့ ခံစားချက် ကူးစက်ပျံ့နှံ့စေရန် အနုပညာလက်ရာတစ်ရပ်တွင် ရှိရမည့် ဂုဏ်အင်များမှာ ဤသို့ဖြစ်၏။
အနုပညာရှင်၏ ရိုးသားမှုသည် ခံစားချက်ကူးစက်ပျံ့နှံ့မှုကို အဆုံးအဖြတ်ပေးနိုင်သော အရေးအကြီးဆုံး ဂုဏ်အင်တစ်ရပ်ဖြစ်သည်။ အနုပညာလက်ရာတွင် ဖော်ဆောင်မျှဝေသော ခံစားချက်သည် အနုပညာရှင်၏ ကိုယ်ပိုင်ခံစားချက်၊ ကိုယ်ပိုင်ကြုံတွေ့ရသော အရင်းခံကျသည့် ခံစားချက်ဖြစ်ရမည့်အပြင် ထိုခံစားချက်ကို မူရင်းအတိုင်း မကွယ်မ၀ှက်၊ မချွင်းမချန် တင်ပြခြင်းသည် အနုပညာရှင်၏ ရိုးသားမှုဖြစ်၏။ ထိုရိုးသားမှုဂုဏ်ကို ထင်ဟပ်ထားသော အနုပညာ လက်ရာတစ်ရပ်သည် ပရိတ်သတ်ထံသို့ ကူးစက်ပျံ့နှံ့နိုင်မည်။ ရိုးသားမှုဂုဏ်ကင်းမဲ့သော အနုပညာလက်ရာသည် အနုပညာ အတုအယောင် သာဖြစ်မည်။
အနုပညာ ဟူသည် အနုပညာရှင် တစ်ဦး၏ အလေးအမြတ်ထား ပူဇော်ရာဖြစ်ရုံမျှမက လူ့အဖွဲ့အစည်းတစ်ရပ်လုံး၏ တန်ဖိုးထားအပ်သော အရာလည်းဖြစ်သည်။ စစ်မှန်သော အနုပညာလက်ရာ ဖြစ်ရန် ကိုယ်ကျင့်တရားအရ ကောင်းမြတ်ခြင်းတရားသည် အနုပညာလက်ရာတွင် ပါဝင်ရမည်။ အနုပညာရှင်က ဖော်ထုတ်ကူးလူးပေးသော ခံစားချက်သည် တစ်ကိုယ်ကောင်းဆန်သော၊ လမ်းမှားသို့ ဦးဆောင်ပေးသော၊ ဆိုးယုတ်သော ခံစားချက်မျိုးဖြစ်နေပါက..၊ ထိုသို့သော အနုပညာလက်ရာကို မလိုအားအပ်သော အနုပညာအတုအယောင် ဟု သတ်မှတ်၏။
အနုပညာရှင်တွင် ခံစားချက်နှင့် ကောင်းမြတ်သော ဆန္ဒရည်ရွယ်ချက် ရှိရုံဖြင့် မလုံလောက်ပါ။ အနုပညာလက်ရာတစ်ရပ်တွင် ပြည့်စုံကောင်းမွန်သော ပုံသဏ္ဍာန်ထုတ်ဖော်ချက် ရှိရမည်။ ထို့ကြောင့် အနုပညာရှင်၏ တီးထွင်ဖန်တီးနိုင်မှု အတတ်ပညာ အရည်အချင်းသည်လည်း အဓိက အချက်တစ်ချက် ဖြစ်၏။ ပြည့်စုံသော ပုံသဏ္ဍာန်ဖြစ်ပေါ်စေရန် ပုဂ္ဂလတီထွင်နိုင်မှု အရည်အသွေးနှင့် ခံစားချက် တင်ပြမှု ရှင်းလင်းပြတ်သားခြင်း တို့ ပါဝင်ရမည်။ နားလည်ရခက်ခဲသောသော၊ ပုံသဏ္ဍာန်ရှုပ်ထွေးသော လက်ရာတစ်ခုသည် တစ်ပါးသူထံသို့ ခံစားမှု ကူးစက်ပျံ့နှံ့ရန် အတားအဆီးများ ဖြစ်နေမည်။
အနုပညာရှင်သည် မိမိခံစားချက်ကို အများနားလည်အောင် ရှင်းလင်းပြတ်သားစွာ ထုတ်ဖော်နိုင်မှသာလျှင် ပရိတ်သတ်ထံ ကူးစက်ပျံ့ပွားနိုင်မည်။ လူသားအားလုံး ယေဘူယျအားဖြင့် ခံစားနားလည်နိုင်ရမည်။ (လူ့အဖွဲ့အစည်းအတွင်း အဓိကအားဖြင့် ဆက်သွယ်မှု နှစ်မျိုးရှိ၏။ လူသားတို့သည် အတွေးအခေါ်များကို ဆက်သွယ်ဖလှယ်ကြရာတွင် စကားလုံး၊ ဝေါဟာရများကို အသုံးပြု၍၊ ခံစားချက်များကို ဆက်သွယ်ကြသော အခါတွင်မူ အနုပညာအားဖြင့် ဆက်သွယ်မှုပြုကြသည်။) ထိုသို့ လူမှုဆက်သွယ်ရေး နှစ်မျိုးမှ တစ်မျိုးမျိုး မှားယွင်းချွတ်ချော်သွားပါက လူ့အဖွဲ့အစည်းအတွင်း၌ အနိဌာရုံ ဆိုးကျိုးများ တွေ့ကြုံရင်ဆိုင်လာရမည်။ သို့ဖြစ်၍ အနုပညာ သည် လူ့အဖွဲ့အစည်းအတွက် အတွင်းကျကျ ဆက်နွယ်လျက် အရေးပါသော အခန်းကဏ္ဍတွင် ရှိနေပါသည်။ တိမ်းမှား ချွတ်ချော်၍ မရကောင်း။
ဤသို့လျှင် Genuine Art - စစ်မှန်သော အနုပညာသို့ ရှေးရှုသော အနုပညာလက်ရာ တစ်နည်းအားဖြင့်….၊

- ၁) အနုပညာသည် လူသားအားလုံး အတွက်ဖြစ်သည်။ (လီယိုတော်စတွိုင်း)

- အနုပညာ ဟူသည် လူတစ်စု၊ လူတစ်ဖွဲ့ အတွက်မဟုတ်။ အသိုင်းအ၀ိုင်း တစ်ရပ် ခံစားကြည်နူးစေရန်သာ မဟုတ်။
- အနုပညာ ဟူသည် လူသား အားလုံးအတွက် ဖြစ်သည်… [ဟု တော်စတွိုင်းက အခိုင်အမာ ဆိုပါသည်။]
Robin George Collingwood (1889-1943)
ရိုဘင်ဂျော်ရှ် ကောလင်းဝုဒ် သည် အင်္ဂလိပ် တွေးခေါ်ရှင်၊ သမိုင်းပညာရှင်၊ ရှေးဟောင်းသုတေသီ ဖြစ်၏။ အီတန်နှင့် အော့စဖို့စ်တက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့ပြီး ၁၉၃၄ ခုနှစ်တွင် အော့စဖိုစ်တက္ကသိုလ်မှာပင် ဒဿနပါမောက္ခဖြစ်လာသည်။ ကောလင်းဝုဒ်၏ အရေးကြီးသော ဒဿနစာပေများမှာ An Essay on Philosophical Method (1933) Principles of Art (1937) The New Leviathen (1942) The Idea of History (194..?) များဟု အတိုအစ သိထားဖူးပါသည်။
ကောလင်းဝုဒ်၏ Theory of Expression of Emotion ..
အနုပညာနှင့် အနုပညာ မဟုတ်သော အရာ (Art and Not-Art) ကို သေချာ ကွဲပြားစွာ ပိုင်းဆစ်နိုင်ရန်လိုပါသည်။ ထိုသို့ ခွဲခြားရာ၍ အနုပညာ (Art) နှင့် အတတ်ပညာ (Craft) ကို လည်း ရှင်းလင်းစွာ နားလည်ရပါမည်။ အနုပညာသည် အတတ်ပညာထက် နူးညံ့သိမ်မွေ့ နက်ရှိုင်း၏။
အတတ်ပညာတစ်ရပ်တွင် “နည်းလမ်းနှင့် ရည်မှန်းချက် (Means and Ends)” ၊ “ကြိုတင်စီစဉ်မှုနှင့် လက်တွေ့ အကောင်အထည်ဖော်မှု (Planning and Execution )” ၊ “ကုန်ကြမ်းနှင့် ကုန်ချော (Raw Material and Finishes Product )”၊ “ရုပ်နှင့် ပုံစံ (Matter and Form)” စသည့် တိကျသော သဘောလက္ခဏာများ၊ ဂုဏ်ရည်လက္ခဏာများရှိသည်။ သို့သော် အနုပညာ တွင် ထိုသို့ မဟုတ်။
ကဗျာတစ်ပုဒ်၊ ပန်းချီကားတစ်ချပ်၊ တေးဂီတ သံစဉ်တစ်ပုဒ်.. တစ်နည်းအားဖြင့် အနုပညာ အစစ်မှန်တွင်မူ ဤသို့သော သဘောဂုဏ်ရည်လက္ခာများ အတိအကျ ပိုင်းခြားကန့်သတ်၍ မရနိုင်။
အနုပညာမြောက် လက်ရာတစ်ခုသည် ကြိုတင်စီစဉ်မှု ထားရှိကာ လက်တွေ့အကောင်အထည် ဖော်လိုက်သော ပစ္စည်းမျိုး မဟုတ်။ တိကျသော ရည်ရွယ်ချက်ဖြင့် တစ်စုံတစ်ခုသော နည်းလမ်းကို အသုံးပြုကာ တည်ဆောက်ခြင်းလည်း မဟုတ်။ စစ်မှန်သော အနုပညာတွင် ဤသည် ကုန်ကြမ်း၊ ဤသည် ကုန်ချောဟု ပိုင်းခြားလို့ မရနိုင်ကောင်း။ ထို့ပြင် ပုံသဏ္ဍာန်နှင့် ရုပ်ပိုင်းဟူ၍လည်း ခွဲခြားရှုမြင်၍ မရနိုင်။
အနုပညာသည် အတတ်ပညာမှာကဲ့သို့ အတိအကျ စိတ်ဖြာပိုင်းခြား၍ မရနိုင်သော ခံစားမှုဆိုင်ရာထုတ်ဖော်ချက်ဖြစ်သည်။ အနုပညာ အစစ်အမှန် Genuine Art ကို အတတ်ပညာ ၀ိသေသများ စိမ့်ဝင်နေသည့် အနုပညာ အတုအယောင် Pseudo Art နှင့် အခါများစွာ ရောထွေး နားလည်ထားကြသည်။
Pseudo Art ဟူသည် မိမိခံစားချက် မဟုတ်သည့် တစ်ပါးသူများ၏ ခံစားမှုများ၊ သိမြင်မှုများကို လှုံ့ဆော် နှိုးဆွရန် ရည်ရွယ် ပုံဖော်ခြင်း ဖြစ်သည်။ Arousing Emotion “ခံစားချက် လှုံ့ဆော်ခြင်း” မျိုးသာ ဖြစ်သည်။ လူတို့အား စည်းရုံးရန်၊ ညွှန်ကြားပြသရန်၊ ၀ါဒဖြန့်ရန် စသည့် တိကျသော ရည်ရွယ်ချက်များဖြင့် ထုတ်ဖော်ထားသော ဖြေဖျော်မှု အနုပညာ၊ ဘာသာရေး အနုပညာ၊ ပညာပေး အနုပညာ စသည်တို့မှာ အနုပညာဟု လွဲမှားစွာ မှတ်ယူ လက်ခံထားသော Pseudo Art များသာ ဖြစ်ကြသည်။
Genuine Art သည် မိမိ ကိုယ်ပိုင်ခံစားချက်ကို ထုဆစ် ဖော်ဆောင်သည်။ မည်သည့် ရည်ရွယ်ချက်မျိုးမျှ မပါဝင်ရ။ ရည်ရွယ်ချက်တစ်ခု ၀င်ရောက်ပူးကပ်၍ တစ်စုံတစ်ရာ သို့ရှေးရှုရသည့် အခါ ခံစားချက် ထုတ်ဖော်မှု အားနည်းသွားမည်။ မပီမပြင် ဖြစ်သွားမည်။ မူလ ခံစားမှုသည်ပင် ချုပ်နှောင်ခြင်း ခံရနိုင်သည်။ Genuine Art သည် ခံစားချက်ကို လွတ်လပ်စွာ ထုတ်ဖော်မှုသာ ဖြစ်သည်။
ခံစားချက်ထုတ်ဖော်မှု Expressing Emotion နှင့် ခံစားချက် ခွဲခြမ်းစိတ်ဖြာ ဖော်ပြရှင်းလင်းမှု Describing Emotion မှာ ကွဲပြားသည်။ Describing Emotion သည် အမျိုးအစား ခွဲခြားကာ ဂုဏ်တူ စုပြုံ ဖော်ပြလိုက်ခြင်း ဖြစ်၍ ယေဘူယျ သဘောဆန်၍ လွတ်လပ်မှု အဆင့်တွင်သာ တန့်နေသည်။ အဆုံးစွန် လွတ်မြောက်မှု အခြေအနေ တစ်ရပ်သို့ မဆိုက်ရောက်။
Expressing Emotion တွင်မူ အနုပညာရှင်သည် မိမိနှလုံးသားအတွင်း ခံစားချက် တစ်ရပ်ရပ်ကို ခံစားနေရကြောင်းသိမြင်၏။ သို့သော် တိကျစွာ သတ်မှတ်ခွဲခြားနိုင်စွမ်း မရှိသေးသော “ခံစားချက် တစ်ရပ်၏ ဖိစီးလွှမ်းမိုးမှုကို ခံယူထားရသော အခြေအနေ..” ၌သာ တည်သည်။ (“ခံစားရတယ်..၊ ဒါပေမယ့် ဘာကို ခံစားနေရတယ်ဆိုတာကိုတော့ မသိဘူး…” ဟူသော အခြေအနေမျိုးကို ညွှန်းပါသည်။)
ထိုအခြေအနေမှ လွတ်မြောက်ရန် ခံစားချက်ကို အနုပညာဖြင့် ထုတ်ဖော်သည်။ ခံစားချက်ကို ဖော်ပြရာတွင် စကားလုံးဝေါဟာရများ၊ အရောင်များ၊ သံစဉ်အနိမ့်အမြင့်များ..၊ ကောက်ကြောင်းများ.. စသည့် ခံစားမှု ထုတ်ဖော်ပြ ဘာသာစကားများကို အတုံးလိုက် အတစ်လိုက် သုံးကြသည်။ ပုဂ္ဂလ ခံစားချက်လေးသည် တဖြည်းဖြည်း သက်ဝင်လှုပ်ရှား ရုန်းကြွလာပြီး၊ လွှမ်းမိုးမှုများ၊ စည်းဘောင် ကနားများကို ရိုက်ချိုး၍ လွတ်လပ်မှု ကို ဈာန်ဝင်စားကာ လွတ်မြောက်မှု တစ်ခုသို့ ဦးတည်လာသည်။ မူလ ခံစားမှုလေးသည် အနုစိပ် ကွဲပြားလာပြီး၊ အနုပညာ လက်ရာတစ်ခု အဖြစ် ပြီးပြည့်စုံသွားသည့် အချိန်အခါ၊ အခိုက်အတန့်တွင် အနုပညာရှင်သည် ခံစားချက် ဖိစီးလွှမ်းမိုးခံ အခြေအနေမှ လွတ်မြောက်မှု ရရှိသွားပြီး၊ ပွင်းလင့် ပေါ့ပါးသွားတော့သည်။ ထိုသို့သော အခြေအနေသို့ ဆိုက်ရောက်ရန် မည်သည့် ရည်ရွယ်ချက်သဘောမျိုးများမှ ပူးဝင်ကပ်ညိ ၍ မရ။ Genuine Art သည် မည်သည့် ရည်ရွယ်ချက်ကိုမှ ထုတ်ဖော်ခြင်းမဟုတ်။ ခံစားချက်ကို သာ ထုတ်ဖော်ခြင်းဖြစ်သည်။ မည်သည့် ပရိတ်သတ်၊ မည်သည့် လူတန်းစား၊ မည်သည့် အလွှာကိုမျှ ရည်ရွယ်ခြင်းမရှိ။ ပိုမိုတိကျစွာ ဆိုရပါလျှင်.. အနုပညာကို ချဉ်းကပ်ရာတွင် “..အတွက် ” ဟူသော ရည်ရွယ်ချက်ပြ စကားလုံးကိုပင် ရှောင်ကြဉ်ရပါမည်။
Pseudo Art တွင်မူ ရည်ရွယ်ချက်၏ တုတ်နှောင်မှုကို အခါအားလျော်စွာ ခံထားရသည်။ အသုံးချမှုတန်ဖိုးများ Instrumental Values ဖြင့် ပရိတ်သတ်ဆီရှေ့သို့ ရောက်လာရသည်။ Genuine Art တွင် Instrumental Values မရှိ။ အနုပညာသည် အသုံးချရန်မဟုတ်။ ခံစားမှုသာ ဖြစ်သည်။ အနုပညာ၏ တန်ဘိုးသည် အတိုင်းအတာ တစ်ခုအထိ (ထာဝရ) တည်တံ့နေမည့် ပကတိ တန်ဘိုး Intensive Value ဖြစ်၏။
သို့ဖြစ်၍ လူ့အဖွဲ့အစည်းအတွင်း အရေးပါသော လိုအပ်မှုတစ်ခုအနေနှင့် ရှိသော အရာသည် (အနုပညာဟု လွဲမှားစွာ မှတ်ယူထားသော) အသုံးချတန်ဖိုးများ ရှိနေသည့် Pseudo Art သာ ဖြစ်မည်။
ဤသို့လျှင် Genuine Art - စစ်မှန်သော အနုပညာသို့ ရှေးရှုသော အနုပညာလက်ရာ တစ်နည်းအားဖြင့်….၊ အနုပညာသည် အနုပညာ အတွက်လည်းမဟုတ်။ အနုပညာသည် လွတ်လပ်စွာ ထုတ်ဖော်ထားသော၊ အရာအားလုံးမှ လွတ်မြောက်နေသော လက်ရာတစ်ခုသာ ဖြစ်ပါသဖြင့် လူသားအားလုံး လွတ်လပ်သော ခံစားသိ ဖြင့်သာ ချဉ်းကပ်ရမည်။ လူသားအားလုံး အတွက်ဖြစ်သည် ဟူသော တိကျသော ရည်ရွယ်ချက်မရှိ။ အနုပညာသည် အနုပညာသာ ဖြစ်သည်။

- ၂) အနုပညာသည် မည်သူ့အတွက်၊ မည်သည့် အတွက်မှ မဟုတ်။ (ကောလင်းဝုဒ်)

- အနုပညာသည် မည်သူ့အတွက်၊ မည်သည့် အတွက်မှ မဟုတ်… [ဟု ကောလင်းဝုဒ်က အခိုင်အမာ ဆိုပါသည်။]
မိုးခက်နွယ်
0 comments:
Post a Comment