ကျေးဇူးတင်ဖူး ... တင်တတ်နိုင်ပါစေ ( နုနုရည်အင်းဝ)
by Moemakha Hlaing on Tuesday, September 4, 2012 at 9:18pm
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၉၀)
အနုပညာသမား တစ်ယောက်ရဲ့ နှလုံးအိမ်မှာ 'အကြည်ဓာတ်' မရှိရင် အနုပညာ ဖန်တီးလို့မရဘူး။ အဲဒီစိတ်နှလုံး အကြည်ဓာတ်ကလေး က လည်း ဘယ် လိုပဲ မွေးမြူထားထား အမြဲရှိနေနိုင်ဖို့ က ခက်သားလား။
စိတ်ဖိစီးမှုတွေ၊ စိတ်ထိခိုက်မှုတွေ၊ စိတ်အနှောင့်အယှက်တွေကြောင့် အဲဒီ 'အကြည်ဓာတ်ကလေး' က ခဏလေး ပဲဖြစ်ဖြစ် ပျောက်ဆုံးသွား တတ်သလို အကြာကြီးလည်း ပျောက်ဆုံးသွားတတ် တယ်။
ခုတလော ကျွန်မနှလုံးအိမ်ထဲမှာ'အကြည်ဓာတ်'က လျော့ပါးသွားလိုက်၊ ပျောက်ဆုံးသွားလိုက် တကယ့်ကိုရှိတဲ့ အကြည်ဓာတ်က မဆိုစလောက် နည်းနည်းလေးရယ်။
အိမ်ရှေ့ဝရန်တာလေးက သစ်ပင်သစ်ရွက်စိမ်းစိမ်းလေးတွေကြားထဲမှာ
ကျွန်မထိုင်နေတာ ဘယ်လောက်တောင်ကြာနေပြီလဲ။
ဘေးနားက စာအုပ်တစ်အုပ်ကို အသိစိတ်မဲ့ကျွန်မ ဆွဲယူ တဖျပ်ဖျပ် လှန်ကြည့်မိတယ်။ အသုံးချစိတ်ပညာ ဆိုင်ရာစာအုပ်တစ်အုပ်။ 'Communi-cation(ဆက်သွယ်ခြင်း)' ဆိုတာတဲ့။
လူတစ်ဦးနဲ့တစ်ဦးကြားပြောချင်တဲ့ အကြောင်းအရာတွေကို နားလည်စေနိုင်ခြင်း၊ မျှဝေခံစားနိုင်စေခြင်းဖြစ်စဉ် ကိုခေါ်သတဲ့။တစ်ဦးနဲ့ တစ်ဦးကြား ပြောချင်တဲ့ အကြောင်းအရာတွေကို 'နားမလည်နိုင်ဘူး' ဆိုရင် ဆက်သွယ်မှု မအောင်မြင်ဘူး၊ 'မျှဝေခံစားနိုင်ခြင်း'မရှိရင် လည်း ဆက်သွယ်မှု မအောင်မြင်ပြန်ဘူးတဲ့။
'မျှဝေခံစားခြင်း' (Sharing) ဆိုတာ ကို ကျယ်ကျယ်ပြန့်ပြန့် တွေးရင် ဟင်း ကောင်းလေးတစ်ခွက် ကိုယ်စားရလို့ သူများလည်း စားပါ စေဆိုပြီး ဟင်းခွက် ကလေး လက်ဆင့်ကမ်းလိုက်တာလည်း မျှဝေခံစားခြင်းပဲတဲ့။
ပျော်စရာပဲဖြစ်ဖြစ်၊ ကြည်နူးစရာပဲဖြစ်ဖြစ်၊လွမ်းစရာပဲဖြစ်ဖြစ် အဖြစ် အပျက်လေးတစ်ခုကို ပြန်ပြောပြတာ လည်း မျှဝေခံစားခြင်း ပါပဲ တဲ့။
ပြီးတော့ 'မျှဝေခံစားခြင်း'ဆိုတာ သူတစ်ပါးကို မျှဝေရုံ တင်မဟုတ်ပါဘူး။ "Sharing Ourselves" ကိုယ့်ဘာသာ ကိုယ်လည်း မျှဝေခံ စားလို့ ရပါသတဲ့။ ဥပမာ- "Sunset" နေ၀င်ချိန်လေးကို ခံစားတာမျိုးပေါ့တဲ့။ အင်း.. ဟုတ်တာပေါ့။ နေ၀င်ချိန်၊နေထွက်ချိန်၊ လထွက်
ချိန်တွေကို ကျွန်မ ခံစားဖူးတာပေါ့။
မန္တလေးတောင်ပေါ်ကနေကြည့်ဖူးတဲ့နေ၀င်ချိန်၊ ပုဂံရဲ့နေထွက်ချိန်၊ ပြီးတော့ တောင်သမန်ရဲ့လထွက်ချိန်။ဝါဆိုဝါခေါင်တောင်သမန် ရဲ့ ရေ ပြည့်လျှံစ အင်းရေပြင်ကြီးက စိမ်းကြည် အေးမြလို့။ လထွက်ခါနီး အင်းရေပြင် က မလင်း တလင်းကလေး။ လေစိမ်း တွေက တ၀ုန်းဝုန်း၊အင်းလှိုင်းလုံးတွေက တ၀ုန်းဝုန်း၊အရိုင်းဂီတသံနဲ့အတူ အရှေ့ဘက်ကောင်းကင်နီဝါရောင် မလင်းတလင်းကနေ တဖြည်း ဖြည်း၊ ၀ါ ..၀ါပြီး လင်းလာတာ။
ကြည့်ရင်း ..ကြည့်ရင်း.. ခံစား ရင်းနဲ့ လ၀န်းရဲ့အစွန်းလေး ရိပ်ခနဲ အင်းရေပြင် အစပ်မှာ ပေါ်လာတာ။ ကဗျာဆန်လှတဲ့ လထွက်ချိန်၊ တစိမ့် စိမ့်ကြည့်ရင်း ကျွန်မ ရင်ထဲမှာ တသိမ့် သိမ့်ခံစားရတယ်။ ကြည်နူး ကျေနပ် နှစ်သိမ့်ခြင်း(Pleasure) ဆိုတဲ့ အရသာ ထဲမှာ တငြိမ့်ငြိမ့်နစ်မျောပျော်ဝင်ခံစား နေမိတယ်။
အဲဒီတုန်းက ကျွန်မတို့ ခံစားသူ ငါးဖော်ထဲမှာပါတဲ့ တစ်ယောက်သော သူက(ခုချိန်မှာ ကျွန်မတို့နဲ့ဘယ်တော့မှ ပြန်မတွေ့နိုင်တော့တဲ့ ခရီးအဝေးကြီး ကို ထွက်သွားရရှာတဲ့) နိုင်ငံကျော် ကဗျာဆရာကြီးတစ်ယောက်။
"ကလေး မရေ .. ဟောဒီလို ရေပြင် ကြီးပေါ်မှာ၊ လှေကလေး တစ်စင်းနဲ့ ငါကျင်လည်ခဲ့ ဖူးတယ်ရယ် ..။ ဟိုး အထက်မြစ်ညာ ဝေးလံ သီခေါင်လှတဲ့ တံငါရွာလေးတစ်ရွာမှာပေါ့။ ကလေးမ ရေ ..အဲဒီတုန်းက ကဗျာဆရာဟာ လရောင်ကို မုန်းတယ်အေ့ သိလား၊ လသာ ညဟာ ငါးမရတဲ့ညလေ။ လ ရောင်ဖြာရင် ငါးတွေက မလာဘူးရယ်၊ ဟောဒီလို ရေပြင်ပေါ်မှာ လရောင်ဖြာ နေရင် တံငါကဗျာဆရာ သိပ်ကိုမုန်း၊ ကလေးမရေ .. လှေကလေးပေါ်မှာ ငါကဗျာစပ်ခဲ့တယ် ..။
"ကဗျာဆရာ တံငါရွာတွင်ကာလညဥ့်နက် ၀မ်းစာခက်တော့ပိုက်ကွက်တစ်ဖြောင် လှေဦးထောင်နဲ့လရောင်မုန်းသူ ဖြစ်နေပေါ့" တဲ့။
လထွက်ချိန်ကို ကျွန်မဘယ်လိုလုပ် မေ့နိုင်ပါတော့မလဲ။ လရောင်မုန်းသူတစ်ယောက်ကြောင့် လထွက်ချိန်ကို ကျွန်မ ပိုပြီး ခံစားနိုင်ခဲ့ ပြီ။
လထွက်ချိန်တင်မက ကျွန်မကို “Pleasure” ရစေခဲ့တဲ့ အရာတွေ များစွာရှိခဲ့ဖူးတာပဲ။ သစ်ရွက်ကလေး တစ်ရွက်၊ ငှက်ကလေးတစ် ကောင်၊ ပန်းပွင့်ကလေး တစ်ပွင့်ရဲ့အရောင်၊ အနံ့၊ အရသာ၊အပြုံးလေးတစ်ပွင့်၊အကြည့်ကလေးတစ်ချက်၊မျက်ရည်လေးတစ်စက်က လည်း “Pleasure” ရခဲ့ဖူးတယ်။
“Pleasure” ရဖို့အတွက်လည်း ခရီးတွေ ထွက်ခဲ့ဖူးတယ်။ လမ်းခရီးမှာ တောရိပ် တောင်ရိပ်၊ သစ်ပင်ရိပ် ကောင်းကောင်းတွေ့တိုင်း၊ သစ်ရိပ်ဝါး ရိပ်အောက်က စားသောက်ဆိုင်လေး တွေ တွေ့တိုင်း ကားကလေးထိုးရပ်ပြီး ဟိုငေးဒီငေး၊ ဟိုဟာလေးစား၊ ဒီဟာလေး စား၊ ဟိုစကားလေးပြော၊ ဒီစကား လေးပြော။
သစ်စိမ်းနံ့မွှေးမြတဲ့ သစ်ပင်လေးကြောင့်လည်း “Pleasure” ရဖူးတယ်။ရေနွေးကြမ်းလေးတစ်ကျိုက်၊ ငါးခြောက်ဖုတ်လေး တစ်ကိုက် ကြောင့် လည်း ရဖူးတယ်။
ပုပ္ပားကို မြင်းခြံလမ်းဘက်က ကြည့် ရင်ပိုလှတယ်ဆိုလို့ အဲဒီ “Pleasure” ကိုရဖို့အတွက် မြင်းခြံလမ်း ကနေသွားဖူးတယ်။ ဟုတ်တာ ပေါ့။ လှပါဘိပုပ္ပား၊ လွမ်းမောစရာကောင်းပါဘိ ပုပ္ပား။ ကျွန်မ ပုပ္ပားကို စရောက်ဖူးတဲ့ အချိန် ကစပြီး ရောက်တဲ့ အခါတိုင်း၊ အခါတိုင်း လည်း စိတ်ထဲမှာ ခံစားထိခိုက်ကြေကွဲ နေတတ် တယ်။ ပုပ္ပားတောင်ကြီးက စိမ်းညို့ပြာမှိုင်းလို့။ စံကားစိမ်း၊ စံကား ၀ါ ပန်းရနံ့တွေက လည်း တစ်တောလုံး၊ တစ်တောင်လုံး ကြိုင်လို့ လှိုင်လို့။
ပုဂံပြည့်ရှင်နော်ရထာအတွက် ပုပ္ပား က ကွမ်းကိုဆက်ဖို့ ပန်းကိုဆက်ဖို့ လာခဲ့ရတဲ့ ကိုဗျတ္တနဲ့ ပုပ္ပားသူလေးမယ်ဝဏ္ဏတို့ရဲ့ မေတ္တာပန်း ရနံ့ဟာ လည်း ဒီတစ်တောလုံး တစ်တောင်လုံး မှာ သင်းပျံ့လို့နေပေလိမ့်မယ်လို့။
ဒီနေရာလေးမှာများ ပုဂံက ချစ်သူ အလာကို မယ်ဝဏ္ဏခမျာ မျှော်ရှာလေ သလား၊ ဟောဟိုစံကားဝါပင်ကြီး အောက်မှာများ ချစ်သူနှစ် ဦး စကား လက်ဆုံ ပြောမကုန်ဖြစ်ခဲ့လေသလား လို့လည်း ကျွန်မ လျှောက်တွေးတတ် တယ်။
အဲဒီလိုအချိန်မှာများ ပုပ္ပားနဲ့ပတ်သက်တဲ့သီချင်းတွေထဲမှာ ကျွန်မအကြိုက်ဆုံး၊ လွမ်းစရာအကောင်းဆုံးသီချင်း၊ ကန်မြဲ ကိုအေးကျော် ရေးပြီး ရေဒီယို အဆိုတော် ကိုမြသောင်း ဆိုတဲ့ 'တောင်တော် ပုပ္ပား' သီချင်းကိုများ သတိရမိ လိုက်ရင်၊ ဒါမှမဟုတ် ပုပ္ပား တောင်ထိပ် ကနေ လော်စပီကာနဲ့ ဖွင့်လိုက်ရင် ကြက်သီးမွေးညင်းထပြီး မျက်ရည်ဝဲ အောင် လွမ်းရတယ်။
ကိုအေးကျော်ရဲ့သီချင်းကလေ ဘယ်လောက်တောင်များ စကားလုံးတွေ လှလိုက်သလဲဆိုရင် ...။
'နဂါးလိမ်ကျော်ဆစ်က .. စံကားဝါ တောင်တော်ပန်း .. လှမ်းဆွတ်ပါ့ မေရယ် .. ပန်းခက်က ဝေတယ် .. ဘယ်သူပြိုင်လို့ လှပါတော့ နိုင်' တဲ့။
ခဲတံအတိုလေး တစ်တို၊ ဗလာစာ အုပ်အစုတ် လေးတစ်အုပ်၊ ဖယောင်း တိုင်တို၊ မီးခြစ်ဘူးလေး တစ်ဘူး ထည့် ထားတဲ့ လွယ်အိတ် နွမ်းလေး လွယ်ပြီး ကန်မြဲရွာကနေ မြင်းခြံကို ဆေးရွက်ကြီး အထမ်းကြီးထမ်းရောင်းရရှာတဲ့ သူတစ်ဦးရဲ့ ရုပ်ပုံလွှာဟာ 'ဘယ်သူပြိုင် လို့ လှပါတော့နိုင်' လို စကားလုံးမျိုးရဲ့ ဖန်တီးရှင် တေးရေးဆရာရဲ့ ရုပ်ပုံလွှာ တဲ့လား။
ကန်မြဲရွာသား နိုင်ငံကျော် ကဗျာ ဆရာကြီးက ပြောပြခဲ့ဖူးလို့ 'တောင် တော်ပုပ္ပား'လို၊ 'ပန်းရည်ဘဏ်တိုက်' လို သီချင်းမျိုးရဲ့ ဖန်တီး ရှင် တေးရေး ဆရာရဲ့ရုပ်ပုံလွှာကို ကျွန်မ သိခဲ့ရဖူး တယ်။ ပုပ္ပားရောက်တိုင်း အဲဒီသီချင်းကို ဆိုမိမြဲ၊ ဒီသီချင်းကြောင့်လည်း ပုပ္ပားကို ပိုခံစားတတ်စေခဲ့တာပေါ့။
လွန်ခဲ့တဲ့နှစ်နှစ် ၂၀၀၈ ခုနှစ်၊ ကျွန်မဝေးမြေရပ်ခြား ကိုရီးယားဆိုတဲ့ အရပ် မှာတုန်းကတော့ ကျွန်မကို ဏူနျေကမန ရစေတဲ့အချိန်က မြနေုျေအ စားတဲ့ အချိန်ပေါ့။
နှင်းကလေးတွေ လွှမ်းနေတဲ့ ခူနွာ(KNUA) တောအုပ်ကလေးကိုလှမ်းမြင်ရတဲ့နေရာမှာ ကျွန်မရဲ့ မနက်စာ စားပွဲလေးကို ထိုင်လိုက်တဲ့ အချိန်ဆို ဘာလို့မှန်းမသိဘူး။ ကျွန်မ အမြဲ Pleasure ရတယ်။ အဲဒီအချိန်မှာ ကျွန်မရဲ့ ကြည်နူးကျေနပ်နှစ်သိမ့်နေတဲ့ စိတ်ကလေးကို ပိုပြီး ကြည်နူးကျေနပ် နှစ်သိမ့်စေတဲ့အရာကတော့ ကျွန်မ အကြိုက်ဆုံး၊ အနှစ်သက်ဆုံးနဲ့ အစွဲ လမ်းဆုံး သီချင်းနှစ်ပုဒ်။ ကိုအံ့ကြီးရဲ့
'မြိုင်ဟေမ၀န်' မြိုင်ထနဲ့ 'စိမ့်ကြီးမြိုင်ကြီး' ပြည်တော်ပြန်နှစ်ပါးသွားပေါ့။
"လွမ်းစရာ့ မြိုင်ကုန်းဗွေ .. တစ်ခိုင် လုံးရွှေ...သင်း၍ပျော်ကျူးဝေ ..ညင်းလေ့ဆော်ဦးဗွေ .. နွေဦး .. ဆန်းသမို့ .."
လွမ်းဖွယ်ဦးအံ့ကြီးရဲ့ မြန်မာဆန်လှ တဲ့အသံ၊ အလွန်ဆွဲဆောင်မှုရှိတဲ့အသံ၊ ထပ်တလဲလဲ နားထောင်လို့ မ၀တဲ့ အသံ။
ရွာစားစိန်မောင်ကိုကြီးရဲ့ လက်သံကလည်းကောင်းလိုက်တာ။ တစ်ဝိုင်း လုံးက မြိုင်နေတာပဲ။ 'ချွင်'ဆိုတဲ့ စည်းသံလေးကလည်း လွင် နေတာပဲ။ ၀ါးလက်ခုပ်သံလေးကလည်း ချိုနေတာပဲ။
"ဖိုးရွှေခေါင်ငှက်ငယ်ကရယ် .. မလေးကိုမြည်ကာချော့တယ် ..ရယ်ကာချော့တယ် ..ရယ်ပါတော့ကွယ် .. မြည်ကာချော့တယ်လေး .."
ကြည့်စမ်းပါဦး။ ဆရာကြီးဦးဘသိန်း (မန္တလေး)ရဲ့ စကားလုံး၊ အနုအနွဲ့၊ အလှည့်လေးတွေ။
အဲဒီတုန်းကတသိမ့်သိမ့်ခံစားကြည် နူးကျေနပ်နေတဲ့ ကျွန်မရဲ့နှလုံးအိမ်မှာအကြည်ဓာတ်တွေနဲ့ ပြည်လျှံနေတယ် ဆိုတာ ကျွန်မ မှတ် မိနေသေးတော့ တယ်။
"တောင်ထိပ်ရှိ ပတ္တမြားစေတီသို့ ရောက်ကြသောအခါ တော်သလင်း လဆန်း ၁၄ ရက်၊လကလည်း ထိန်ထိန်ဝင်းလျက်၊ ဧရာဝတီမြစ် ကြီးကို ထင်းထင်းကြီးမြင်ရပြန်၊ စေတီတော်၌လည်း ဖယောင်းတိုင်မီးများဖြင့် ၀င်းဝင်း လက်လက် ရှိနေပြန်၊ တီးလိုက်ရသည့် နရည်း သံကလည်း ဆိတ်ငြိမ်သော တောင်ထိပ်၌ ညအချိန်တွင် အသည်း နှလုံးတို့ကို ယစ်သွားစေမတတ် သာယာ ပြန်၊ ကျွန်ုပ်၏ စိတ်အခံက လည်း မျှော်လင့်ချက်အမျိုးမျိုးတို့ဖြင့် ပြည့်တင်း ဖောင်းကားလျက် ရှိပြန်လေရကားကြည်နူးရွှင်မြူးလိုက်ပုံမှာ တစ်သက်တာတွင်မမေ့ နိုင်ဆုံးသော ညတစ်ည အနေဖြင့် နှလုံးသားတွင် တံဆိပ်ခတ် နှိပ်လျက် ရှိပေတော့၏"
အညာသူ၊ အင်းဝသူ ကျွန်မ ဟိုလွန် ခဲ့တဲ့ နှစ်ပေါင်းလေးဆယ်က စစ်ကိုင်းတောင်၊ ပတ္တမြားစေတီဘုရားပွဲညကို လွမ်းတိုင်း ဖတ်မိတဲ့၊ ကျွန်မကို ပိုလို့ လွမ်းစေတဲ့၊ ဆရာကြီးရွှေဥဒေါင်းရဲ့ 'တစ်သက်တာမှတ်တမ်းနှင့် အတွေး အခေါ်များ'စာအုပ်ထဲက တစ်ခုသော စာပိုဒ် ပေါ့။
သူတစ်ပါးကမျှဝေခံစားတာပဲဖြစ်ဖြစ်၊ ကိုယ့်ဘာသာကိုယ် မျှဝေခံစားပြီး တော့ပဲဖြစ်ဖြစ်၊ ကျွန်မကို Pleasure ရစေတဲ့၊ တစိမ့်စိမ့်ကြည် နူး ကျေနပ်နှစ် သိမ့်ခြင်းကိုဖြစ်စေတဲ့၊အကြည်ဓာတ်ကိုရစေတဲ့အရာအားလုံးကို သစ်ရွက်ကလေး တစ်ရွက်၊ မျက်ရည်လေးတစ် စက် ကစပြီးသိပ်ကိုကျေးဇူးတင်ပါတယ်။
ပြီးတော့ .. ကျွန်မရဲ့ ကြည်နူးကျေ နပ်နှစ်သိမ့်မှုကို ပိုပြီး ခံစားနိုင်အောင် ဖေးကူခဲ့တဲ့၊ ပိုပြီးခံစား နိုင်စေခဲ့တဲ့၊ ကဗျာတွေ၊ သီချင်းတွေ၊ ဂီတတွေ၊ စာ အုပ်တွေ၊ ဒဏ္ဍာရီတွေ။ အဲဒီကဗျာတွေ၊ သီချင်းတွေ၊ ဂီတတွေ၊ စာအုပ်တွေ၊ ဒဏ္ဍာရီတွေကို ဖန်တီးခဲ့တဲ့သူတွေ။
အဲဒီဖန်တီးသူအနုပညာရှင်တွေ အကြောင်းကို ပြောပြခဲ့တဲ့သူတွေ၊ အို ..အားလုံးကို ကျွန်မကျေးဇူးတင်လိုက်တာ။ ငယ်သူကြီးသူမဟူ တလေးတစား ဦးညွှတ်ကျေးဇူးတင်ပါရစေ။
ကျေးဇူးတင်ရမှာကို၊ကျေးဇူးတရားကို အောက်မေ့ရမှာကိုများဝန်မလေးစေချင်ပါဘူး။ကျွန်မတို့အားလုံးကျေးဇူးတင်ဖူးတဲ့သူတွေချည်း ပါပဲ။ ကျေးဇူးကို တင်တတ်ပါစေ။ ကျေးဇူးလည်း တင်နိုင်ကြပါစေ။
http://www.myanmar.mmtimes.com/2010/timeout/490/time02.html
0 comments:
Post a Comment