Monday, September 10, 2012

ပွဲက အခုမှ ကြည့်လို့ ပိုကောင်းလာတယ်



by Lun Swe on Monday, September 10, 2012 at 7:04am 

စံကွန့်

ပွဲက အခုမှ ကြည့်လို့ ပိုကောင်းလာတယ်။ 
ဟိုတုန်းကလို ကြိုးဝိုင်းထောင့်ထဲ အသေပိတ်ထိုးနေတာမျိုး မဟုတ်တော့ဘူး။ မျက်နှာကို ဖွင့်ပေးလာတယ်။ ရင်ဘတ်ကို ဟပေးလိုက်တယ်။ ချောင်ပိတ်အထိုးခံနေရာကနေ တချက် တချက် ပြန်ထိုးဖော်ရလာတယ်။ ပရိသတ်က “ဟေး ကနဲ” အားပေးလာတယ်။
ပွဲလေး စိုပြည်လာအောင် နည်းနည်း ဖွင့်ပေးတာကို အခွင့်ကောင်းယူပြီး နှာခေါင်းသွေးထွက်အောင် ထိုးလာရင်တော့ စောစောကလိုပဲ ကြိုးဝိုင်းထောင့် ပို့ပြီး အသေပြန်ထိုးလိမ့်မယ်။ မယုံ … ကြည့်။

*******

ပွဲက အခုမှ ပိုကြည့်လို့ ကောင်းလာတယ်။

မတတ်သာလို့ သွားဖြဲပြတာကို ပြုံးတယ်လို့ တချို့က ထင်လာကြတယ်။ ကိုယ့်ရောဂါကြောင့် အသားရှောင်တာကို သက်သတ်လွတ်စားတဲ့ သူတော်စင်ကြီးလို့ မြင်တဲ့လူက မြင်တယ်။ ၀န်ကြီးချုပ်ကနေ သမ္မတရာထူး ‘ပြောင်း’ သွားတာ၊ စစ်ယူနီဖောင်းကနေ ပုဆိုးတိုက်ပုံ ‘လဲ’ လိုက်တာကို တချို့ ‘ပြောင်းလဲ’ ပြီဆိုပြီး လက်ခေါက်မှုတ်ကြတယ်။ အာဏာလက်ဆုပ်မဖြေချင်တဲ့ စစ်အုပ်စုဟာ ဒီအတိုင်း ရှေ့ဆက်သွားဖို့ ခက်ခဲလာတဲ့အခါမှာ သူတို့ ဆက်လက် ရှင်သန် ရပ်တည်ဖို့ (Survival ဖြစ်ဖို့) နည်းလမ်းတခုကို ရှာနေတဲ့အချိန်၊ အမေရိကန်ဟာ စစ်ပွဲနှစ်ခုနဲ့ စစ်ပန်းနေချိန်၊ အရှေ့အလယ်ပိုင်းမှာ သြဇာကျနေချိန်မှာ အာရှ-ပစိဖိတ်မှာ တရုတ်ကြီး ‘ထောင်’ နေတယ်။ မြန်မာဟာ တရုတ်ကြီးရဲ့ ရင်ခွင်ထဲမှာ သူပြုသမျှ နုရတဲ့ ဘ၀၊ အာရှ-ပစိဖိတ်မှာ အင်အားချိန်ခွင်လျှာ ညှိချင်နေတဲ့ အမေရိကန်က မြန်မာကို မျက်စတချက် လှမ်းပစ်လိုက်တယ်။ ပေါက်ဖော်ကြီးနဲ့ ဖွတ်ဖွတ်ကြေနေတဲ့ မြန်မာ ငေါက်ကနဲ ထလာတယ်။

တနည်းပြောရရင် မသာအိမ်ရှာနေတဲ့ ဖဲသမားနဲ့ ဖဲသမား မျှော်နေတဲ့ မသာအိမ် တွေ့ကြတာပဲ။ ဒါကို အူကြောင်ကြောင် နိုင်ငံရေးသမားအချို့နဲ့ အရိုးမျှော်အုပ်စုတချို့က သမ္မတကြီးကို ယုံပါတယ်၊ သမ္မတကြီး ကျန်းမာပါစေဆိုပြီး ထအော်ကြတယ်။ တကယ်တမ်း စစ်အာဏာရှင်တို့ရဲ့ အကျင့်စရိုက်နဲ့ အဇ္ဈတ္တကို သိသူတွေက ရင်ထုမနာဖြစ်ကြရတယ်။ တချို့က ပြုံးကြတယ်။

*******

ပွဲက အခုမှ ပိုကြည့်လို့ ကောင်းလာတယ်။

နိုင်ငံရေးသပွတ်အူကြီးက မျောလာချိန်၊ ကမ်းစပ်သွားပြီး လဲမှို့အိတ် ဖွင့်တဲ့သူက ဖွင့်တယ်။ လူစည်စည်မှာ ဆူးလှည်းကြီး မောင်းတဲ့သူက မောင်းလာတယ်။ ၀ါးလုံးနင်း ၀ါးခြမ်းနင်း အစိုးရက ရှေ့နှစ်လုပ်မယ့် အရှေ့တောင်အာရှအားကစားပွဲလေး အောင်အောင်မြင်မြင် ဖြစ်ချင်တယ် (၆၉ ကျွန်းဆွယ်တုန်းကလို အရှက်ကွဲမှာစိုးတယ်)။ ၂၀၁၄ မှာ အာဆီယံဥက္ကဌဖြစ်မှ တိုင်းပြည်က ဆူဆူပူပူ ထပ်ဖြစ်ဦးမယ်ဆိုလည်း မဖြစ်သေးဘူး။ ၂၀၁၅ ရွေးကောက်ပွဲကို ဘယ်လိုကျော်ဖြတ်မလဲ (စစ်တပ် ကျောထောက်နောက်ခံထားတဲ့ ပါတီ မြန်မာပြည်မှာ ဘယ်တော့မှ ရွေးကောက်ပွဲ မနိုင်တော့ဘူးဆိုတာ သူတို့သိတယ်)။

စစ်အစိုးရဘက်မှာ သူ့အပူနဲ့သူ ရှိသလို ပြည်သူဘက်မှာလည်း ကိုယ့်အပူနဲ့ကိုယ်။ ဘယ်မလဲ အားထားထောက်တဲ့ အတိုက်အခံနိုင်ငံရေးပါတီ။ ရှိသားပဲ NLD လို့ တချို့က ဆိုလိမ့်မယ်။ အလွန်အားကိုးခဲ့ဖူးတဲ့ နိုင်ငံရေးပါတီကြီးတခုပါ။ ပြည်သူတွေရဲ့ သွေး၊ ချွေး၊ အသက်တွေနဲ့ ရင်းပြီး ရလာခဲ့တဲ့ ပါတီကြီး။ ကမ္ဘာဦးလူသားတွေ နေကို လကို မျှော်သလို မျှော်လင့်ချက်ကြီးကြီး ထားခဲ့ရတဲ့ ပါတီကြီး။ ခုတော့ အတိုက်အခံလား၊ ကြံ့ဖွံ့ညီနောင်ပါတီလား မသိတော့လောက်အောင် ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ ဗိုလ်သန်းရွှေရဲ့ ပြဇာတ်အဖွဲ့ကြီးမှာ ဇာတ်ကောင်တကောင်အဖြစ် ပါဝင်ကပြနေပါပြီ။ ငါးစင်ရိုင်းသေးသေးလေးတကောင်တောင် ရုန်းထွက်ရန်မဖြစ်နိုင်တဲ့ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံဥပဒေကို အတွင်းက ၀င်ပြင်မယ်ဆိုတဲ့ ပုဂ္ဂိုလ်ကြီးလည်း ခုတော့ လွှတ်တော်ထဲက ကော်မတီတခုရဲ့ ဥက္ကဌ ဖြစ်လို့နေပါပြီ။ ကော်မတီနာမည်က တရားဥပဒေစိုးမိုးရေးကော်မတီတဲ့။ ရယ်လိုက်ရတာ ဖတ်ဖတ်မော … ရင်ဘတ်နောက်က ကြော။ ကော်မတီဥက္ကဌကြီးကိုယ်တိုင် အကြိမ်ကြိမ် နေအိမ်အကျယ်ချုပ်ခံခဲ့ရတာတွေ၊ ဒီပဲယင်းလုပ်ကြံမှုကြီးကို အခုထိ တရားခံမဖော်ထုတ်နိုင်တာတွေ၊ စိမ်းလဲ့ကန်သာ ၅ လောင်းပြိုင်လူသတ်မှု ခုထိ တရားခံ မမိသေးတာတွေ၊ ပူပူနွေးနွေး မနေ့တနေ့က ဖြစ်ခဲ့တဲ့ ရခိုင်အရေးအခင်းမှာ လူ ၁၀ ယောက် အသတ်ခံရတဲ့ကိစ္စ၊ ဒီအရေးအခင်းဟာ မတော်တဆလား၊ အစီအစဉ်ရှိရှိလား၊ ဘယ်သူ့မှာ တာဝန်ရှိသလဲ၊ ရပ်ကွက် - ကျေးရွာ - မြို့နယ် - ခရိုင် - တိုင်း အုပ်ချုပ်ရေးအဖွဲ့အစည်း အဆင့်ဆင့်ရှိတဲ့ တိုင်းပြည်။ ကိုလိုနီအမွေဖြစ်တဲ့ သန်းခေါင်စာရင်းကို သုံးပြီး တဦးချင်း လှုပ်ရှားမှုကို စောင့်ကြည့်တတ်တဲ့ တိုင်းပြည်မှာ ပဲခူးတိုင်း တရားသူကြီးဇနီးက အိမ်ဖော်မလေးကို လူမဆန်စွာ ညှင်းပန်းနှိပ်စက်တဲ့အမှု ခုထိ တရားခံကို ဖမ်းမမိသေးတာတွေ …။

သူကြီးကိုယ်တိုင် လူသတ်တဲ့ရွာမှာ ဆယ်အိမ်ခေါင်း လုပ်မိတဲ့ အဖြစ်မျိုးပါကလား။

*******

အခုမှ ပွဲက ပိုကြည့်လို့ ကောင်းလာတယ်။

အစိုးရ ပင်ပင်ပန်းပန်း ပြုစုထားတဲ့ Black List ဆိုတဲ့ လူ ၆ ထောင်ကျော်ထဲက ၂ ထောင်ကျော်ကို ဖျက်လိုက်ပြီတဲ့။ တသက်လုံး စစ်အစိုးရ ဆန့်ကျင်ခဲ့ရက်သားနဲ့တောင် Black List ထဲမပါလို့ တက်တခေါက်ခေါက် ဖြစ်တဲ့သူကဖြစ်၊ ကိုယ့်ကိုယ်ကိုယ် ဘယ်အချိန်က Black List ထဲ ပါသွားမှန်း မသိတဲ့ လူက တအံ့တသြဖြစ်။ ၈၈ နောက်ပိုင်း ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်ဆိုပြီး ပြည်ပထွက်လာတဲ့ ကျောင်းသားခေါင်းဆောင်အချို့လည်း ပြည်တော်ပြန်ကုန်ပြီ။ ပြည်တော်ပြန်ဖို့ အဖိတ်မခံရတဲ့ လူတွေကလည်း စစ်အစိုးရ လူတန်းစားခွဲခြားတယ်ဆိုပြီး ပူညံပူညံ။ အမေရိကား ရောက်လာတဲ့ စစ်အစိုးရ ထိပ်သီးခေါင်းဆောင်တယောက်ကို ဖိနပ်နဲ့ ချွတ်ပေါက်ခဲ့တဲ့ ရဲရဲတောက် ကျောင်းသားခေါင်းဆောင်ကြီးလည်း အသိတရား ရသွားပြီထင်ရဲ့။ လက်ခံရင် ပြည်တွင်းမှာနေပြီး အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မယ်တဲ့။

“သေနတ်တစ်သန်း၊ ကျည်တစ်သန်းပေါ့
တစ်သန်းအမေရိကန်၊ ဗီယက်နမ်မှာ
တစ်ဆန်တစ်ယောက်၊ ဦးနှောက်ဖောက်ပြီး
တစ်ယောက်မကျန် သတ်လိုလှ” ဆိုပြီး အမေရိကန်ကို ပြစ်တင်မုန်းတီးခဲ့တဲ့ အညာသား ကဗျာဆရာကြီး ပြည်တော်မပြန်သေးဘဲ အမေရိကန်မှာ နှပ်နေတာ တစ်သန်းအမေရိကန် မပြည့်သေးလို့ ထင်ပါရဲ့။

တမိုးလုံးဖျောက်ဆိပ်လုပ်နေတဲ့ “၈၈ မျိုးဆက်ကျောင်းသားဟောင်း” များဆိုတဲ့ လူတန်းစားတရပ်ကလည်း ကမ္ဘာမှာ မြန်မာပြည်ပဲရှိပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေ ပြန်လာတာ လေဆိပ်ကြိုဖို့ မဲခွဲတာ ရှုံးလို့ မကြိုလိုက်ရဘူးဆိုပဲ။

အင်း … ရှေ့လျှောက် ပွဲက ပိုကြည့်လို့ ကောင်းဦးမှာပါ။

နှစ်ပေါင်းများစွာ ကိုယ့်တိုင်းပြည်နဲ့ ကင်းကွာခဲ့တဲ့ ပြည်တော်ပြန် ကျောင်းသားခေါင်းဆောင်တွေလည်း ဖင်ပူအောင်မှ မထိုင်ရသေးဘူး၊ ပါဂျောင် မြောက်ပိုင်းလူသတ်မှုနဲ့ တရားစွဲဖို့ ခြိမ်းခြောက်ခံရနေပါပကော။ တိုင်းပြည်ရဲ့ အဖြစ်ဆိုးအမျိုးမျိုးမှာ အဓိကအခန်းက ပါဝင်ခဲ့တဲ့ ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ခင်ညွန့်ကိုတော့ ဘယ်သူမှ ဘာမှ မပြောရဲကြပါ့လား။

ကိုယ့်ကိုယ်ကိုယ်လည်း မထိခိုက်ဘူး၊ အန္တရာယ်လည်း မရှိဘူးဆိုတဲ့ ကိစ္စမျိုးမှာ စံကွန့်လည်း သတ္တိရှိပါတယ်။ အတိုက်အခံခေါင်းဆောင်ဆိုရင် အတိုက်အခံခေါင်းဆောင်နဲ့ ထိုက်တန်တဲ့ စကားမျိုးကို ပြောရမှာဖြစ်သလို အစိုးရဘက်က တာဝန်ရှိသူတယောက်ဆိုရင်လည်း အစိုးရဘက်က ကာကွယ်ပြောဆိုမှာ ဓမ္မတာပါ။

ပုသိမ် သွားပြီး ရေဘေးဒုက္ခသည်တွေ ငွေလှူဒါန်းဖို့ သွားတဲ့ ပုသိမ်မှာ နှစ်စဉ် ရေကြီးနေတာဆိုရင် ဘာ့ကြောင့်လဲဆိုတာ အဖြေရှာရမယ်တဲ့။ ဒေါ်စုရဲ့ စေတနာ လေးစားဖို့ကောင်းပါတယ်။ ဒေါ်စုရယ် … ပုသိမ်မှ မဟုတ်ပါဘူး။ မိုးလေး နည်းနည်းသဲရင် ဖရေဇာလည်း ရေနစ်ပါတယ်။ ကန်တော်ကလေးမှာလည်း ဒူးဆစ်ပေါင်လယ် ရောက်ပါတယ်။ စေတနာရှေ့ထား ပြောရရင် သဘာဝဘေးဒဏ်အတွက် ဒေါ်စု သိပ်သောကမရောက်ပါနဲ့။ မြန်မာပြည်ထက် အများကြီး ချမ်းသာတဲ့ အမေရိကန်တို့၊ ဂျပန်တို့တောင် သဘာဝဘေးဒဏ်ကို ကြိုတင်မကာကွယ်နိုင်ပါဘူး။ သက်သာအောင်နဲ့ ကယ်ဆယ်ရေးလုပ်ငန်းပဲ လုပ်နိုင်ပါတယ်။ ပြည်သူတွေကို တကယ်စေတနာရှိတယ်ဆိုရင် ရန်သူမျိုးငါးပါးထဲက မင်း (မင်းဆိုးမင်းညစ်) ကို ဆုံးမပေးပါ။ လူဦးရေ ၅၇ သန်းမှာ ၁၄ သန်းပဲ လျှပ်စစ်မီးသုံးနိုင်တဲ့ ကိုယ့်တိုင်းပြည်ကို ‘ဘာ့ကြောင့်’ ဆိုတာ စဉ်းစားရတာက ပုသိမ်မှာ ရေကြီးတာထက် ပိုအရေးကြီးပါတယ်။ ဂစ်တာတလက် ၅၈၈ သိန်း ပေးဝယ်နိုင်တဲ့ မြန်မာသူဌေးကြီးအတွက် မုဒိတာပွားမိသလို ပညာမသင်နိုင်ဘဲ မြို့ပေါ်တက် အိမ်ဖော်လုပ်စားနေရတဲ့ ကျေးလက်က လူဆင်းရဲမိသားစုက သမီးပျိုလေးတွေကို ပိုဂရုဏာသက်ရပါတယ်။

ပြည်သူ့ဘဏ္ဍာ ငါ့ဟာ မှတ်ပါလို့ ဆိုပြီး ခိုးထား ၀ှက်ထားတဲ့၊ နိုင်ငံခြားဘဏ်တွေမှာ အမည်အမျိုးမျိုးနဲ့ ရှိနေတဲ့၊ အာဏာရှိသူနဲ့ ပေါင်းစားနေတဲ့ ခရိုနီစီးပွားရေးသမားတွေရဲ့ စည်းစိမ်တွေကို လွှတ်တော်မှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ရင် စံကွန့် လက်အုပ်ချီပြီး သာဓုခေါ်နေမှာပါ။

စံကွန့်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...