“ ငွေကျည်ဆန်ကို သတိထား ”
by Wai Maw on Monday, September 17, 2012 at 8:12pm
-ဦးဖိုးသာအောင်
၁၈။၉။၂၀၁၂
မြန်မာ့နိုင်ငံရေးအရှိန်အဟုန်သည် လှုပ်ခါလာပြီ ရိုက်ခတ်လာပြီဟုပြောလာကြသည်၊
အစိုးရအတွင်း ဝန်ကြီးများ အပြောင်းအလဲနှင့် အတူ အခြေခံဥပဒေ ခုံရုံးနှင့် ပြည်သူ့ လွှတ်တော်တို့အား ပြိုင်မှုမှာလည်း လွှတ်တော်ဖက်က အနိုင်ရလိုက်သည်၊ နာမည်ရ လက်ရွေးစင် ဘလက်လစ်ဖျက် ပြည်ပရောက် အချို့လည်း ပြည်တော်ပြန် ခွင့်ရကြပြီ၊
ဟိုလူနဲ့တွေ့ ဒီလူနဲ့တွေ့လည်း လုပ်နေကြပြီ၊ ပြည်တွင်းမှာလည်း မီဒီယာ လွတ်လပ်ခွင့်နဲ့အတူ အလုပ်သမား လယ်သမားတွေ၏ ဆန္ဒပြပွဲတွေ အဆက်မပြတ် ပေါ်ပေါက်နေပြီ၊
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန်တို့လည်း အမေရိကန်နိုင်ငံသို့ သွားကြလေဦးမည်၊ အခြေအနေ တွေပြောင်းလဲ နေတာကတော့အမှန်၊
ဒီမိုကရေစီရခါနီးလေလေ အနှောင့်အယှက်အဖျက်အဆီးက အားကောင်း များပြားလာလေလေမို့ သတိတရားကြီးစွာ ထားရမည့် အချိန်ကိုရောက်နေပါပြီ၊
တကယ်တော့ မြန်မာနိုင်ငံ၏ နိုင်ငံရေး ကံကြမ္မာသမိုင်းကိုက မကောင်းလှပါ၊
အားနည်းသည့် နိုင်ငံများ၏သဘာဝအတိုင်း ကိုလိုနီကျွန်အဖြစ်မှာ နွံနစ်ခဲ့ရသည်၊
သို့သော် ကျွန်ဘဝမှ လွတ်မြောက်လာခဲ့ကြတဲ့ နိုင်ငံချင်းအတူတူ ယနေ့မြန်မာပြည်သည် ကမ္ဘာ့ အဆင်းရဲဆုံးနှင့် အနိမ့်ဆုံး အခြေသို့ မရောက်သင့်ဘဲ ရောက်ခဲ့ရပါတော့သည်။
ယနေ့ မြန်မာ့နိုင်ငံရေးပြဿနာ၏ သော့ချက်ကား အဘယ်နည်းဟုဆိုသော် သန်းငါးဆယ်ကျော်လူထုက စားစရာမရှိအောင် ဆင်းရဲငတ်ပြတ်နေကြပြီး လက်တစ်ဆုပ်စာ လူတစ်စုက ထားစရာမရှိအောင် ချမ်းသာကြွယ်ဝ နေကြခြင်းဖြစ်သည်၊
အဲဒီလက်တစ်ဆုပ်စာ လူတစ်စုသည်ပင် မင်းမူစိုးမိုးအုပ်ချုပ် သူများဖြစ်ကြပြီး ပြည်သူလူထုအတွက် ခေါင်းမဖော်နိုင်ရန် မော်မကြည့်နိုင်ရန်၊ မလှန်နိုင်ရန် ဥပဒေ ဥပဒက်များကို ပြဌါန်းချမှတ် နေကြပါသည်၊
ဥပဒေ၏ အထက်မှာ သူတို့လူတစ်စုက လွဲပြီး ဘယ်သူမှ မရှိစေရန်ဆိုသည့် ၎င်းတို့ လူတစ်စုမှာကား ဗိုလ်နေဝင်းမှအစ အဆက်အဆက်သော စစ်အာဏာရှင်များ ဖြစ်ကြပြီး၊ သူတို့နှင့် ပုလင်းတူ ဘူးဆို့ ပူးပေါင်း ခိုးဝှက်ခဲ့ကြသည့် စီးပွားရေးသမားကြီးများပင် ဖြစ်ပါသည်၊
အဲဒီ စစ်အာဏာရှင် ဓါးပြတစ်စုနှင့် ပြည်သူလူထုကြီးတစ်ရပ်လုံး၏ ပဋ္ဋိပက္ခကိုပင် ယနေ့မြန်မာ့တော်လှန်ရေးသမိုင်းဟု ခေါ်နိုင်ပါသည်၊
ဤသမိုင်းဖြစ်စဉ်ထဲတွင် လူထု၏ဘက်မှ ပါဝင်ပြီး အနစ်နာခံကြကာ ခေါင်းဆောင်ဦးရွက် ပြုလုပ်ကြပြီး တိုက်ပွဲဝင်ခဲ့ကြသည့် လူကြီး လူလတ် လူငယ် စသည့် ပုဂ္ဂိုလ်များသည်ကား သူရဲကောင်းများပင်ဖြစ်ကြပါသည်၊
မြန်မာနိုင်ငံကဲ့သို့ တရားမျှတသည့် ဥပဒေမရှိသော အမိန့်အာဏာကို အညှာအတာမရှိ အလွန်အကျွံကျင့် သုံးသော စစ်အစိုးရမျိုးကို တွန်းလှန်အံတုသည့် အရေးသည်ကား လွန်စွာကြီးမား လွန်စွာ အန္တာရယ်ကြီးလှပါတော့သည်၊
ဒီမိုကရေစီစနစ်ကျင့်သုံးရန် ခေါင်းဆောင်ပြီးဟောပြောခဲ့ကြသူတွေကို နှစ်ပေါင်းနှစ်ဆယ်၊ သုံးဆယ်၊ လေးဆယ်၊ ငါးဆယ်၊ ခြောက်ဆယ်၊ ရှစ်ဆယ် စသည်ဖြင့် ထောင်ဒဏ်များချမှတ်ပြီး ထောင်ချခဲ့ကြသည့် အစိုးရဆိုးမျိုးမှာလည်း ကမ္ဘာပေါ်တွင်ရှားပါးလှပါ၏၊
သို့သော်လည်း လူထုလွတ်မြောက်ရေးအတွက် တိုက်ပွဲခေါင်းဆောင်များနှင့် နောက်လိုက်ရဲဘော်များသည်ကား ထောင်သမိုင်းတွင် လှစ်ဟာသွားသည်ဟူ၍ မရှိခဲ့ပါ၊
မြန်မာနိုင်ငံ၏ အကျဉ်းထောင်များထဲတွင် လူထုရှေ့မှ ရပ်တည်တိုက်ပွဲဝင် သူရဲကောင်းများသည် ယနေ့တိုင် ရှိနေကြဆဲ ဖြစ်သလို၊ လူထုကြီးဘဝ မလွတ်မြောက်သေးသ၍ နောင်မှာလည်း ရှိနေကြဦးမည် အမှန်ပါ။
သို့သော် ကမ္ဘာ့ခေတ်ပြောင်းချိန်နှင့်အတူ မြန်မာ့အပြောင်းအလဲကိုလည်း မြင်တွေ့စ ဖြစ်နေပါပြီ၊
ယခင်က နှစ်ရှည်အိမ်ချုပ်အကျဉ်းသား ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့လွှတ်တော် အမတ်အပြင် ဥပဒေပြင်ဆင်ပြုစုရေး ကော်မတီ ဥက္ကဌဖြစ်လာသလို ယခင်က နှစ်ရှည်အကျဉ်းသမားကိုမင်းကိုနိုင်သည်လည်း ယနေ့ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်ဖြစ်လာခဲ့ပါသည်၊
နှစ်ရှည်အကျဉ်းသား ဦးခွန်ထွန်းဦးသည်လည်း ယနေ့ သူ့ပါတီ၏ ခေါင်းဆောင်အဖြစ် ပြန်လည်လှုပ်ရှား နေပါသည်၊ စသည်ဖြင့် အပြောင်းအလဲတော့ ဖြစ်လာနေသည်မှာ ငြင်းလို့မရတော့ပါ၊
သို့သော် မြန်မာနိုင်ငံ၏ အမှန်တကယ်လိုအပ်နေသည့် တရားသော ဥပဒေစိုးမိုးမှုကို အခြေခံသည့် လူထုဘဝ လွတ်မြောက်ရေးနှင့် လူထုဘဝ တိုးတက်ရေး အပြောင်းအလဲ ကိုတော့ ကံသေကံမ မမျှော်လင့် နိုင်သေးပါ၊
ဤကဲ့သို့ အစိုးရဘက်မှ အခက်အခဲရှိနေသလို အတိုက်အခံတို့ဘက်မှာလည်း အခက်အခဲများနှင့် ပြည့်နက် နေပြန်ပါသည်၊
အတိုက်အခံမှာ ပြည်တွင်းနှင့် ပြည်ပဟူ၍ နှစ်မျိုးရှိပါသည်၊
ပြည်ပအတိုက်အခံဆိုသူများကတော့ NCGUB (နဂုတ်) အဖွဲ့နှင့် NCUB (နဂတ်) အဖွဲ့၊ ABSDF (အက်ဆက်)၊ ကင်ပိန်းယူအက်စ်၊ ကင်ပိန်းယူကေမှစပြီး များလှစွာသော အဖွဲ့အစည်းများ ဖြစ်ကြပါသည်၊
မြန်မာနိုင်ငံဒီမိုကရေစီ ရရှိရေးအလံကိုတော့ အများမြင်အောင် တညီတညွတ်တည်း လွှင့်ထူထားကြပါသည်၊
သို့သော် သူတို့မှာလည်း အခက်အခဲပေါင်း များစွာ ရှိနေပါသည်၊
ရှစ်လေးလုံးအပြီး ပြည်ပကို ထွက်ကြရာတွင် အခက်အခဲမရှိကြပါ၊
ယခင်က ကုန်သည်များပင် ဆက်ကြေးအမျိုးမျိုးပေးပြီးမှ ဖြတ်သန်းရသည့် ဂိတ်ပေါင်းများစွာကို တောခိုမည့် နိုင်ငံရေးလှုပ်ရှားသူ မြောက်များစွာက အလွယ်တကူပင် ဝင်လိုက်ထွက်လိုက် လုပ်လို့ရခဲ့ကြပါသည်၊
အချို့ဆိုလျှင် လက်ပစ်ဗုံး၊ လောင်ချာများပါ ယူ၍အထဲသို့ ပြန်ဝင်လာကြပြီး အဖမ်းခံရသူများပင် ရှိခဲ့ပါသည်၊
ဆိုချင်သည်မှာ တောခိုနှင့် ပြည်ပထွက်ရန် အလွန်လွယ်ကူသည့် အခြေအနေမျိုးပင်ဖြစ်ခဲ့ပါသည်၊
နယ်စပ်နှင့်ပြည်ပသို့ထွက်ရန် ဘာကြောင့် လွယ်ကူခဲ့ ပါသနည်းဆိုသည့် အချက်သည် အလွန်သတိမူစရာ ကောင်းလှပါသည်။
ထိုင်းမြန်မာနယ်စပ်၊ ထိုင်းဘက် ခြမ်းမှ မဲဆောက်မြို့ဆိုလျှင် မြန်မာအတိုက်အခံ အဖွဲ့အစည်းများ အတွက် လွတ်လပ်သည့် မဟာအောင်မြေပမာ အတိုက်အခံနိုင်ငံရေးသမားတို့ဖြင့် စည်ကားနေခဲ့ပါသည်၊ ဤအချက်သည်လည်း စဉ်းစားစရာ မဟုတ်ပါလား၊
ဤအချက်များသည် ထူးဆန်းနေသည်၊ သဘာဝလွန်ဖြစ်နေသည်မို့ ဖန်ဆင်းရှင် ရှိနေမည်ဟု ယူဆလျှင် မမှားနိုင်တော့ပါ။
ပြည်ပပဲ ရောက်ရောက် နယ်စပ်မှာပဲ နေနေ အဖွဲ့အစည်းဖွဲ့ပြီဆိုလျှင် ငွေမရှိ၍ မဖြစ်ပါ၊
ပြည်တွင်းလွတ်မြောက်နယ်မြေမှရသည့် ကျွန်းရောင်း သစ်ရောင်း သတ္တုရောင်း ဘိန်းရောင်းမှ ရသည့် ငွေများကို အားကိုး၍ မရပါ၊
သူ့လူနှင့် သူတောင် အဝေမသင့်ကြပါ၊ ဒါကြောင့် ပြည်ပမှ ပရီပိုဇယ်ခေါ် အမည်အမျိုးမျိုး၊ ရည်ရွယ်ချက်အဖုံဖုံနှင့် ပေးမည့်ငွေလမ်းကြောင်းကိုသာ လိုက်ကြရပါတော့သည်၊
ဤသို့ဖြင့် ပြည်ပရောက် နိုင်ငံရေးအဖွဲ့များသည် ပရီပိုဇယ်စား နှစ်ဆယ့်တစ်ရာစု နိုင်ငံရေးသမားများဘဝသို့ သက်ဆင်းနစ်မြုတ် ကုန်ကြပါတော့သည်၊
ဒါကိုပင် ပြည်ပရောက် မြန်မာ့နိုင်ငံရေးသမိုင်းဟု ခေါ်နိုင်ပါသည်။
လွတ်လပ်ရေးရဖို့အတွက် သခင်အောင်ဆန်းတို့ ပြည်ပသို့ ထွက်ခဲ့ကြသည်၊
ပြည်ပအကူအညီကို အပေးအယူ ကတိကဝတ်ဖြင့်ရအောင် ယူပြီး လွတ်လပ်ရေးရအောင်ဆောင်ရွက်ခဲ့ကြသည်၊
ယခုပြည်ပထွက်တို့ကတော့ ပရီပိုဇယ်ယူပြီး ခိုးဝှက်ကုန်ကြသည်၊ လေတိုက်ပွဲများ တိုက်ခဲ့ကြသည်၊
ဒါကြောင့် မြန်မာ့နိုင်ငံရေးအပြောင်းအလဲအတွက် အချက်အချာကျသည့် အရွေ့တစ်ခုတစ်လေမျှ ပေါ်ပေါက်အောင် မလုပ်နိုင်ကြတော့ပါ၊
အံ့သြစရာတော့လွန်စွာကောင်းလှပါသည်။
တွေးစရာကတော့ အများကြီးရယ်ပါ ပြည်ပကိုထွက်ကြ ဟိုရောက်ရင် နိုင်ငံရေးလမ်းပျောက်ပြီး ပရိုပိုဇယ် သူခိုးအဖြစ်နဲ့ နေကြပေရော့ဆိုပြီး စစ်အာဏာ ရှင်ကြီးတွေက တွန်းပို့လိုက်လေသလား၊
ထို့နောက် အလုပ်မဖြစ်အောင် သူတို့လူယုံတွေကပဲ ပြည်ပတို့ကို ဂိုက်လုပ်သွားကြလေသလား၊
နောက်တချက်က ဒီမိုကရေစီရေး အပြောင်းအလဲအတွက် အနောက်အုပ်စုနှင့်ပေါင်းပြီး အထူးသဖြင့် အမေရိကန်နှင့်ပူးပေါင်းပြီး လုပ်ဆောင်မည်ကို သဘောမကျ မနှစ်သက် မလိုလားသဖြင့် ယနေ့မြင်တွေ့နေရသည့် အရွေ့မျိုး ဖြစ်မလာအောင် ကြိုးပမ်းနေကြခြင်းလော၊
ဤသို့ဖြစ်နေလျှင်လည်း ဘယ်ကောင်က ဆရာကြီးလဲဟု မေးရပါဦးမည်။
ပြည်ပဝန်ကြီးချုပ်ကြီး ဘာမှမယ်မယ်ရရဖြေစရာမရှိပါ၊ အလွန့်အလွန်ရှက်စရာ ကောင်းပါတော့သည်။
သမိုင်းကို နားလည်လျှင် လွန်စွာရှက်စရာကောင်းနေပါသည်။ မိမိရယူထားသည့် ရာထူးနေရာနှင့် မိမိပြုလုပ်ခဲ့သည့်အလုပ်ကို ဘာမျှ မယ်မယ်ရရမပြောနိုင်တော့ပါ။
နှစ်ပေါင်းနှစ်ဆယ်ကျော်မျှ ပြည်သူကို မျှော်လင့်ချက်အမှားများ ပေးခဲ့မှုဖြင့် ကြီးမားသည့် အပြစ်နှင့်ထိုက်တန်နေပါတော့သည်၊
ဒီမိုကရေစီရေးကို နှောင့်နှေးကျန့်ကြာအောင် ပြည်ပထွက်ပြီး လုပ်ခဲ့ကြတာလားဟု မေးလျှင်လည်း မေးထိုက် နေပါတော့သည်။
ဦးစိန်ဝင်းပြောသလို မိမိကိုယ်ကို လိပ်ပြန်သန့်နေရုံနှင့်မပြီးပါ၊
အဖွဲ့အစည်းကို ကိုယ်စားပြုခေါင်းဆောင်ပီပီ အဖွဲ့အစည်းကို တာဝန်ခံနိုင်ရပါမည်။ အကယ်၍ ပြည်သူ့မျက်နှာကို ကြည့်ပြီး ရိုးသားသူဖြစ်လျှင် သတ္တိရှိရှိဖြင့် အန်စီဂျီယူဘီ သမိုင်းကို အမှန်အတိုင်း ပြည်သူလူထုကို ချပြသင့်ပါသည်။
သို့မှသာ မြန်မာ့ဒီမိုကရေစီရေးမှာ ရှေ့ဆက်ပြီး ပြည်သူတွေနဲ့အတူ လက်တွဲလုပ်ဆောင် နိုင်ကြမှာ ဖြစ်ပါတယ်။
ယခုလို ဝေ့လည်ကြောင်ပတ် ဖုံးဖုံးဖိဖိနဲ့ ချင်းချင်း မျက်နှာထောက် နေကြမယ်ဆိုရင်တော့ ပြည်သူတွေ ယုံကြည်မှု ကင်းမဲ့ခြင်းနှင့်အတူ အော့ကြောလန် သမိုင်းဝင်များအဖြစ် နိဂုံးချုပ်ကြမည်သာဖြစ်ပါလိမ့်မည်။
ဒီလိုပွင့်လင်းမှုရှိလာရန်အတွက်လည်း ပြည်ပတို့အတွက် ခက်ခဲနေကြပါလိမ့်ဦးမည်။
မည်သို့ဖြစ်စေ ပြည်ပရောက်နာမည်ရ ခေါင်းဆောင်ဆိုသူအချို့သည် ပြည်တွင်းကို ပြန်ဝင်ကြပြန်ပါသည်။
အဖွဲ့အစည်းကိုယ်စားပြု မဟုတ်တော့ပါဟု ပြောလိုပြော လွတ်လပ်စွာလှုပ်ရှားခွင့်ပြုလျှင် ပြည်တွင်းမှာပင် နိုင်ငံရေးဆက်လုပ်မည်ဟု ဆိုလို့ဆိုနှင့် ကလေးကလား ကလေးစကားများပြောကြသည်ကိုလည်း ကြားရပြန်ပါပြီ။ အပြောင်းအလဲတွေ အမြန်ဖြစ်ရန် သမ္မတကြီးကို တိုက်တွန်းမည်၊ ပြည်တွင်းစစ်ပွဲများ အမြန်ရပ်ရေးနှင့် စစ်မှန်သည့် ဖယ်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာရေးအတွက် စွမ်းအားရှိသလောက် လုပ်လိုက်မည်ဟုလည်း ပြောကြပြန်ပါသည်။ မည်သို့ပင် တောင်တောင်အီအီတွေ ပြောကြသော်လည်း အနှီပြည်တော်ပြန်တို့ကို လျှော့တွက်၍ တော့မရပါ။
နဂိုကတည်းက ဘာကောင်တွေမှန်းမသိနိုင်သူများလည်း ပါဝင်နိုင်ပါသည် မည်သို့ဖြစ်စေ ကြားရသည့် သတင်းများအရ သူတို့မှာ ဒီမိုကရေစီရေးအတွက်လား (သို့မဟုတ်) ဒီမိုကရေစီဖျက်စီး ရေးအတွက်လား တခုခုအတွက်တော့ ပရိုပိုဇယ်ငွေလက်နက်တွေ ရှိနေသည်ကတော့ အမှန်ပင်ဖြစ်နေသည်။
သို့သော် ရှစ်လေးလုံးတို့သည် ပွင့်လင်းလူ့အဖွဲ့အစည်းကို တည်ထောင်သူများပီပီ ဒီငွေကိစ္စများကို ပွင့်လင်းစွာ ရှင်းပြနိုင်မည်ဟု ယုံကြည်နေပါသည်။ ယနေ့နိုင်ငံရေးမှာ ငွေမရှိလျှင် အလုပ်မဖြစ်သည်ကို လူတိုင်း နားလည်ကြပါသည် ။
သို့သော် ဒီမိုကရေစီရေးအတွက် စေတနာသန့်သန့်ဖြင့် ပေးအပ်လှူဒါန်းသည့် နှောင်ကြိုးမဲ့ငွေလား၊ နှောင်ကြိုးရှိသည့်တိုင်အောင် လူထုနှင့် နိုင်ငံတော်အတွက် အဆိုးမရှိ အကျိုးသာရှိမည့်ငွေလား၊ ဒါမှမဟုတ် ဒီမိုကရေစီရေးကို ဖျက်ဆီးပြီး လူတစ်စုနှင့် အရင်းရှင်ကြီးတစ်စုအတွက်သာ အကျိုးဖြစ်စေမည့် ငွေမျိုးလားဆိုတာ သေချာကျနစွာ ခွဲခြားစီစစ်ရန်အလွန်လိုအပ်လှပါသည်။
အာဏာနှင့်ငွေသည် ဘက်ပေါင်းစုံမှ လူအမျိုးမျိုးကို ဖျက်ဆီးနိုင်သည်မို့ အတိုက်အခံအတွက်လည်း စိုးရိမ်စရာပင်ဖြစ်နေပါသည်၊
ဒါကြောင့် အပုတ်နံ့ထွက်နေသည့် ပွဲဦးထွက် ပြန်တော်ပြန်များနှင့် ပြည်တွင်းမှ အတိုက်အခံများ၏ ဆက်ဆံရေးသည် များစွာ သတိထားဖို့ လိုအပ်ပါသည်၊
ရှစ်လေးလုံးများသာမက လွတ်တော်ဝင်ပါတီများသည် ပရီပိုဇယ်ကို ခွဲခြားစိတ်ဖြာနားလည်ကြရန် အရေးကြီးလှပါတော့သည်၊ ယနေ့မြန်မာ့နိုင်ငံရေးသည် လွတ်တော်ဝင်အတိုက်အခံပါတီများနှင့် လွှတ်တော်ပ ရှစ်ဆယ့်ရှစ် ပွင့်လင်းလူ့အဖွဲ့အစည်းတို့၏ အချိုးညီညီ ဒီမိုကရေစီရရှိရေး လမ်းစဉ်ဆောင်ရွက်ချက်များသည် အင်မတန်လှပသည့်အကွက်ဖြစ်သလို ပြည်သူနှင့် နိုင်ငံတကာ ကပါ ထောက်ခံမှုအားများကောင်းနေပါသည်၊
လူထုအတွက် မှန်ကန်သည့် ဒီမိုကရေစီကို မျှော်လင့်နိုင်မည့် အခြေအနေမျိုးလည်း ဖြစ်ပါသည်၊
ဤအခြေအနေမျိုးကို အပျက်အစီးမခံနိုင်ပါ၊
သို့သော် ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့သည့်အတိုင်း ဒီမိုကရေစီလမ်းမပေါ်သို့ရောက်လာခြင်းမျိုး မဟုတ်သေးပါ၊
လမ်းစကို တွေ့မြင်ရတာပဲ ရှိပါသေးသည်၊ အချိန်မရွေးလည်း လမ်းစသည် မှုန်ဝါးသွားနိုင်ပါသည်၊
အလွန်အရေးတကြီး ဂရုပြုရမည့် ကာလပင်ဖြစ်နေပါသည်။
ယခင်က ဗိုလ်နေဝင်းတို့ ဗ.က.ပ ခေါင်းဆောင်ကြီးများမြင်ခဲ့သလို change ချိန်းတော့ ချိန်းကြရတော့မည် သို့သော် ဒို့အတွက် ချိန်းသာ ဖြစ်ရမည်၊ လူထုအတွက် ထည့်တွက်သည့် change ချိန်းမျိုးတော့ မဖြစ်စေရပါ၊
ဤကဲ့သို့သော လူတစ်စုအတွက် change ချိန်းမျိုး ဖြစ်အောင် နည်းမျိုးစုံနှင့် အကွက်ကျကျ ဆင်ထားသည့် ထောင်ချောက်ထဲသို့ အတိုက်အခံပါတီများနှင့် ရှစ်ဆယ့်ရှစ်တို့ကို ကျဆင်းမသွားစေလိုပါ၊ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ယုံကြည်ပါသည်၊ ၂၀၀၈ ဖွဲ့စည်းပုံကို လူထုအတွက် အာမခံချက်ဖြစ်စေမည့် ဥပဒေ အဖြစ် ပြုပြင်ပြောင်းလဲရန် အာမခံရဲရဲဖြင့် အစိုးရနှင့် ပေါင်းပြီး လွှတ်တော်သို့ ဝင်ခဲ့ခြင်းဖြစ်သည့်အတွက် သူ့တာဝန်ကို သူကျေပြွန်အောင် ဆောင်ရွက်ပါလိမ့်မည်၊
ရှစ်ဆယ့်ရှစ်တို့ကို သတိပေးလိုသည်မှာ ဒီမိုကရေစီရေးအတွက် ထောင်တွေ တန်းတွေ မကြောက်ဘဲ စွမ်းစွမ်းတမံ ဆောင်ရွက်နေကြသူများ ပီပီ ဂုဏ်ငွေဓနတို့နှင့် ချော့လျှင် မပျော့ကြရန်သာ ဖြစ်ပါသည်၊
နိုင်ငံရေးကိုလည်း မိမိတို့နေရာနှင့်မိမိတာဝန်ကျေပြွန်စွာ ထိုက်တန်စွာ ဆောင်ရွက်ဖို့လည်း လိုပါသည်။
လူထုအတွက်ဖြစ်မည့် Change ချိန်းကို လိုလားသည့် အတိုက်အခံအချင်းချင်း၊ အစိုးရနှင့် စစ်တပ်ထဲမှ လူထုဖက်ကရပ်တည်မည်ဆိုသူများနှင့်သာ အတူပူးပေါင်းဆောင်ရွက်ကြရန်သာဖြစ်ပါသည်၊
အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချဲကိုယ်တိုင် ရုံးထိုင်နေချိန်တွင် ပြည်တွင်းတို့အဖို့ ပြည်ပနှင့်ဆက်သွယ်ရန်လည်း လွယ်ကူနေပြီဖြစ်သည်၊
နိဂုံးချုပ်ဆိုချင်သည်မှာ အတိုက်အခံများနှင့် အလွှာအသီးသီးမှ ပြည်သူပေါင်းစုံတို့၏ အားဖြင့် မြစ်ဆုံကိုအောင်မြင်ခဲ့သလို ဒီထက်ညီညွတ်သော အင်အားဖြင့် လက်ပံတောင်းတောင် ကြေးနီထုတ် တောင်ဖြိုသည့် ကိစ္စအား အနိုင်တိုက်ရန်ဖြစ်ပါသည်၊
ဒီတိုက်ပွဲအောင်မြင်လျှင် မြန်မာပြည်ကို မြန်မာပြည်သူများ ပိုင်ဆိုင်သည်ဆိုသည့် ဒီမိုကရေစီခေတ်ကို ရောက်ရန်အလွန်နီးကပ်သွားပြီဟု ပြောချင်ပါကြောင်း။
မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။
0 comments:
Post a Comment