ဆရာမနှင့် သူ၏တပည့်များ (၁)
by Mya Than Tint on Friday, August 17, 2012 at 10:54pm ·
ဆရာမနှင့် သူ၏တပည့်များ
မူဆယ်ဈေးသည် နှင်းမြူနှင့် တောင်ခိုးတွေကြားမှာ သက်ဝင်လှုပ်ရှားနေသည်။ အဝေးမှကြည့်လျှင် ဘာကိုမျှ သဲသဲကွဲကွဲ မမြင်ရ။ အုတ်အုတ်ကျက်ကျက် အသံများကိုသာ ကြားနေရသည်။ ထိုအသံများသည် နှင်းမြူတွေကြားတွင် အိပ်ပျော်နေသော သတ္တဝါကြီးတစ်ကောင်၏ အသက်ရှုသံနှင့်တူသည်ဟု ထင်ရ၏။ အနီးသို့ ရောက်သည့်အခါတွင်မူ လူမျိုးစုအဝတ်အစားအမျိုးမျိုးကိ
ု ဝတ်ထားသည့် ဈေးရောင်း ဈေးဝယ်များကို မြင်ရသည်။ အချို့က ဆိုင်တွေ၊ကနားတွေပေါ်မှာဖြစ်ပြီး အချို့က ရောင်းချနေကြခြင်းဖြစ်သည်။
ကျွန်တော်သည် မူဆယ်ဈေးထဲက စားသောက်ဆိုင်တစ်ဆိုင်တွင် သူနှင့် တွေ့ခဲ့ခြင်း ဖြစ်၏။ သူ့အမည်က ဒေါ်အေးမြင့်။ အသားဖြူဖြူ ၊ အရပ်ပျပ်ပျပ်၊ အသက်ကတော့ လေးဆယ်လောက်တော့ ရှိမည်ထင်သည်။ သူသည် တောင်ပေါ်ဒေသမှ မဟုတ်။ မြန်မာပြည်အောက်ပိုင်း မြို့တစ်မြို့မှ ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရခဲ့ပြီး တောင်ပေါ်ဒေသတွင် ကျောင်းဆရာမ လုပ်နေသည်။ တောင်ပေါ်ဒေသသို့ ရောက်သည်မှာ ကြာလှလေပြီ။ သူ့ကို ကြည့်ရသည်မှာ မြန်မာနှင့်ပင် မတူတော့။ တောင်ပေါ်သူ အမျိုးသမီးတစ်ယောက်နှင့် တူနေသည်။
အသားက ဖြူရုံမက ပါးတွင် နှင်းဆီရောင် ပြေးနေသည်။ အဝတ်အစားက တရုတ်ပြည်ဖြစ် ဆွယ်တာအင်္ကျီလက်ရှည်၊ ရှမ်းထဘီနှင့် ခေါင်းတွင်ခမောက်ကို ဆောင်းထားကာ လည်တွင် မာဖလာတစ်ထည်ကိုပတ်ပြီး ပခုံးနှင့် ကျောပေါ်သို့ ချထားသည်။ ရုပ်ရော ပုံပန်းသဏ္ဌာန်ပါ ရှမ်းအမျိုးသမီးတစ်ယောက်နှင့် တူနေပြီး စကားပြောလျှင် အနည်းငယ် ဝဲနေသည်ဟုပင် ကျွန်တော် ထင်လိုက်မိသေးသည်။ တစ်ခါတစ်ရံတွင် ရှမ်းအမျိုးသမီးဈေးသည်နှင့် ရှမ်းဘာသာစကားကို ပြောနေသေးသည်။ ထိုအခါမျိုးတွင်မူ ဒေါ်အေးမြင့်သည် တကယ့်ရှမ်းအမျိုးသမီးကြီးတစ်ယောက်နှင့် ခွဲမရတော့။
သူ့အတွေ့အကြုံကို ပြောပြသည်။
"ကျွန်မ ရှမ်းပြည်နယ်ရောက်တာ အနှစ်နှစ်ဆယ်လောက်ရှိပြီ ဆရာ။ ပထမတော့ တောင်ပေါ်မှာသွားပြီး စာသင်ရတယ်။ တောင်ပေါ်ဆိုတာ ဒီကနေ တောင်လေးငါးလုံးလောက်ကျော်ပြီး သွားရတဲ့ ပလောင်ရွာကလေး။ တောင်တွေက မြင့်တာပေါ့ဆရာရယ်။ ကျွန်မတို့နေတဲ့ရွာက ပေလေးထောင်ကျော်လောက်ရှိတဲ့ တောင်ပေါ်ကရွာကလေး။ ရွာကလေးဆိုပေမယ့် အဲဒီဒေသမှာဆိုရင်တော့ ရွာကြီးလို့ ခေါ်နိုင်တာပေါ့လေ။
အိမ်ခြေနှစ်ရာလောက်ရှိတာကိုး။ အဲဒီတောင်ပေါ်ရွာမှာ ခြောက်နှစ်လောက် နေခဲ့ရတယ်။
ရောက်စတုန်းကတော့ သိပ်ပြီး စိတ်ဓာတ်ကျတာပေါ့ ဆရာရယ်။ ကျွန်မက ချောင်းထဲ မြောင်းထဲမှာ မွေးလာတာ။ မြစ်ဝကျွန်းပေါ်သူ၊ တောင်ကိုမြင်ချင်လို့ မမြင်ရတဲ့နေရာ။ ဒီရောက်တော့ တောင်တွေပေါ်မှာချည်း နေရတာ။ ရေမြေရော၊ ရာသီဥတုရော၊ အစားအသောက်ရော အစစအရာရာ မတူဘူးမဟုတ်လား။ ဥပမာ ကျွန်မတို့ဆီက ဆောင်းက မချမ်းဘူး။ ဒီကဆောင်းကတော့ အမယ်လေး အရိုးကွဲမတတ်ပဲ။ ဆောင်းတွင်းမှာ ရေချိုးဖို့ဆိုတာ တော်တော်စွန့်စားရတယ်။ အစားအသောက်ဆိုရင်လည်း ကျွန်မတို့ဆီမှာ ငါးပုစွန် ပေါတယ်။ ဒီမှာ ငါးကို အရုပ်ရေးကြည့်ရတယ်။ ဒီမှာစားရတာက ပဲပုပ်၊ မုန်ညင်းချဉ်၊ မုန်ညင်းစော။ ဒါတွေလောက်ပဲ စားရတယ်။ အဲ ... ဝက်သားတို့၊ ကြက်သားတို့ကတော့ နည်းနည်းပါးပါး စားရပါတယ်။ ဒီမှာက ဝက်မွေးကြ၊ ကြက်မွေးကြတော့ အဲဒီအသားတွေကတော့ သိပ်မရှားလှပါဘူး။ ဒါပေမဲ့ ဈေးကြီးတယ်။
ဟုတ်ကဲ့၊ ကျွန်မ မိဘတွေက ဟင်္သာတနဲ့ ပုသိမ်သွား ရထားလမ်းပေါ်က မြို့ကလေးတစ်မြို့မှာ ကုန်စုံဆိုင်ကလေးတစ်ဆိုင် ထောင်ပါတယ်။ တောကုန်စုံဆိုင်ကလေးပေါ့လေ။ တိုလီမိုလီ ပစ္စည်းကလေးတွေ၊ အိမ်သုံးဆေးကလေးတွေ၊ ဖဲကြိုး၊ ဖဲပြားတွေကအစ လယ်သမားသုံးပစ္စည်းတွေအထိပေါ့။ ကိုင်းခုတ်ဓားတို့၊ နဖားကြိုးတို့ ၊ ပေါက်ပြားတို့၊ ကြိမ်တို့စတဲ့ ပစ္စည်းတွေပေါ့။ အဖေက တို့ဆွေမျိုးထဲမှာ ပညာတတ်တဲ့သူ မရှိဘူး။ လယ်သမား၊ကိုင်းသမားနဲ့ ဈေးသည်ချည်းပဲ။ ဒါကြောင့် ပညာတတ်အောင်သင် ဆိုပြီး ကျွန်မကို ဆယ်တန်းအောင်အောင် မြို့မှာသင်ပေးပြီး ဆယ်တန်းအောင်တော့ ရန်ကုန်တက္ကသိုလ်ကို ပို့ပေးပါတယ်။
ကျောင်းကထွက်တော့ အဖေက ကုန်စုံဆိုင်မှာ မလုပ်နဲ့တဲ့။ ကုန်စုံဆိုင်မှာ ကျွန်မအထက်က ကျွန်မအောက်က ညီမလေးတွေ ရှိတယ်။ သူတို့နဲ့ပဲ အလုပ်လုပ်လို့ရတယ်။ လူမလိုဘူး။ အစိုးရအမှုထမ်းအလုပ် လုပ်လို့ ခိုင်းတာနဲ့ ကျွန်မ ပညာရေးဌာနမှာ အမှုထမ်းပါတယ်။ ဝင်ဝင်ချင်း ကျွန်မကို ရှမ်းပြည်နယ်ကို ပို့လိုက်တာပါပဲ။ ခုထိ မပြောင်းရသေးပါဘူး။ အဲ ... တစ်ခါမှ မပြောင်းရသေးတာတော့ မဟုတ်ဘူးပေါ့လေ။ တောင်ပေါ်ကနေ ခု ကျွန်မ မူဆယ်ကို ပြောင်းလာရတာတော့ ရှိတယ်ပေါ့။
ဒါပေမဲ့ ရှမ်းပြည်နယ်ထဲမှာပဲ ရှိနေသေးတယ်။ ရှမ်းပြည်နယ်မှာတောင် တခြားဒေသမဟုတ်ဘူး။ ကိုယ့်မြို့နယ်ထဲမှာပဲ ပြောင်းရသေးတယ်။ အရင်တောင်ပေါ်မှာတုန်းကလည်း ကျွန်မတို့က မူဆယ်မြို့နယ်ထဲမှာပဲ။ ခုလည်း မူဆယ်မြို့နယ်ထဲမှာပဲ။ တောင်ပေါ်ကနေ တောင်အောက်ရောက်လာတာတော့ ရှိတာပေါ့။ တောကနေမြို့ပေါ် ရောက်လာတာတော့ ရှိတာပေါ့။
ကျောင်းဆရာမဘဝကို ကျွန်မ ပျော်ပါတယ်။ တချို့ ကျွန်မမိတ်ဆွေတွေကတော့ ကျောင်းဆရာမဘဝမှာ မပျော်ဘူးဆိုပြီး ထွက်သွားကြပါတယ်။ သူတို့က ကျောင်းဆရာဆိုတာ လစာကလည်း မဖြစ်စလောက်၊ လုပ်ရတဲ့ အလုပ်ကလည်း သိပ်တာဝန်ကြီးတော့ မလုပ်ချင်ကြဘူး။ ဒါကတော့ သူတို့ အမြင်ပေါ့လေ။ သူတို့က ဒီပြင်ဝန်ထမ်းတွေက ရုံးကနေလစ်လို့ရတယ်။ ကျောင်းဆရာကတော့ ကျောင်းကနေပြီး လစ်လို့လည်းမရ။ သူက အတန်းထဲမှာ စာသင်နေရပြီး အတန်းကိုထိန်းနေရတော့ အလုပ်ခွင်မှာ သူမရှိရင် ဖြစ်ကို မဖြစ်တဲ့နေရာ မဟုတ်လား။
ပြီးတော့ မြို့မှာမဟုတ်ဘဲ တောမှာနေရတော့ ပိုဆိုးတာပေါ့။ ဒါကြောင့် သူတို့ကတော့ ကျောင်းဆရာအလုပ်က ထွက်သွားကြတယ်။ ကျွန်မ သူငယ်ချင်း တချို့ဆိုရင် ဒီမှာတင်ပဲ အိမ်ထောင်ကျပြီး ဟိုဘက်နဲ့ ဒီဘက်နယ်စပ် ကုန်ကူးလို့ တော်တော်ဟန်ကျပြီး ကြီးပွားသွားကြတယ်။ လူဆိုတာ ကိုယ့်အမြင်နဲ့ကိုယ်ပေါ့ ဆရာရယ်။
ကျွန်မကတော့ ကျောင်းဆရာအလုပ်ကို ဝါသနာကိုပါတယ်။ ငယ်ငယ်တုန်းကတည်းက ကစားရင် ကိုယ်က ကျောင်းဆရာမလုပ်တမ်း ကစားတယ်။ အဖေကလည်း ဒါကြောင့်မို့ ကျွန်မကို ကျောင်းဆရာမလုပ်ခိုင်းတာ။ ကျောင်းဆရာလုပ်ရတာကို ပျော်တယ်။
ခုဆိုရင် ဒီနယ်တစ်ဝိုက်မှာ ကျွန်မသင်ပေးလို့ စာတတ်သွားတဲ့ ကလေးတွေ အများကြီးရှိသွားပြီ။ တချို့လည်း ကောလိပ်တွေ ဘာတွေကိုရောက်လို့ အလုပ်အကိုင်နဲ့ ဖြစ်ကုန်ပြီ။ ကျွန်မမှာ တပည့်တွေများလွန်းလို့ တချို့ကို မှတ်တောင်မမှတ်မိတော့ဘူး။ သူတို့က ပြောပြတော့မှ မှတ်မိတော့တယ်။ ဒါတောင် နာမည်တွေကို အကုန်မမှတ်မိဘူး။ သီတင်းကျွတ်တို့ ဘာတို့ဆိုရင် ကျွန်မကို လာကန်တော့ကြတယ်။
တချို့ကျောင်းတွေမှာ ပြဿနာကောင်လေးတွေ ရှိတတ်တယ် ဆရာ။ သူတို့နဲ့တွေ့ရင် သူတို့ကို ကျွန်မ ဆုံးမ သွန်သင်နိုင်တယ်။ ကျွန်မ ဆုံးမသွန်သင်လိုက်လို့ လူကောင်းလေးတွေ ဖြစ်သွားတယ်ဆိုရင် ကျွန်မသိပ်ဝမ်းသာတယ်။ ကျွန်မအလုပ်ဟာ အင်မတန် ကုသိုလ်ရတဲ့အလုပ်ပါလားလို့ တွေးမိရင် ကျွန်မ ကြည်နူးတယ်။ ဒါဟာ ကျောင်းဆရာဘဝရဲ့ အရသာ၊ ကျောင်းဆရာဘဝရဲ့ စည်းစိမ်လို့ပဲ ကျွန်မမြင်တယ်လေ။
(ကလျာမဂ္ဂဇင်း၊ မေ၊ ၁၉၉၃)
မြသန်းတင့်
0 comments:
Post a Comment