Wednesday, January 11, 2012

VOA တိုက်ရိုက်လေလှိုင်းအစီအစဉ် (7-1-2012) စနေနေ့ ညပိုင်း

by Democratic Party for a New Society (DPNS) on Wednesday, January 11, 2012 at 8:39pm
 
            ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းကစပြီးတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ အသွင် ကူးပြောင်းရေးတစုံတရာ ခြေလှမ်းစလာပြီလို့ သုံးသပ်ကြပါတယ်။ ယူဆကြပါတယ်။ ဒါပေမယ့်လည်း လက်ရှိ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေမှာ အသွင်ကူးပြောင်းရေး ပုံသဏ္ဌာန် မကျသေးဘူးဆိုပြီးတော့ အားမလို အားမရတဲ့ အသံတွေလည်း ကျနော်တို့ ကြားနေရပါတယ်။ လက်ရှိ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့ အသွင်ကူးပြောင်းရေးကာလအတွင်းမှာ အစိုးရဘက်ကဖြစ်စေ အတိုက်အခံဘက်ကဖြစ်စေ ရင်ဆိုင်ရနိုင်တဲ့ ရင်ဆိုင်နေရတဲ့ အကဲစမ်းချက်တွေ အခက်အခဲတွေ ဒီအကြောင်းတွေကို ဆွေးနွေးမှာ ဖြစ်ပါတယ်။

            ပါဝင်ဆွေးနွေးပေးမယ့်သူတွေကတော့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် ရှိပါတယ်။ နောက်တစ်ဦးက အမျိုးသားလွှတ်တော် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ရဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုး ရှိပါတယ်။ NLD က တာဝန်ရှိသူတစ်ဦးကိုလည်း ဖိတ်ခေါ်မှာ ဖြစ်ပါတယ်။ အားဖြည့်ပြီး ဆွေးနွေးပေးဖို့အတွက်လည်း VOA မြန်မာပိုင်းရဲ့ အဖွဲ့သားလည်းဖြစ်တယ်၊ နောက် ဗဟုဖွံ့ဖြိုးရေးအဖွဲ့ရဲ့ အကြီးတန်း သုတေသီဖြစ်တဲ့ ဦးတင်မောင်သန်းလည်း ရှိပါတယ်။

VOA။     ။ ဦးအောင်မိုးဇော်ကို အရင်မေးချင်ပါတယ်။ ဦးအောင်မိုးဇော်ခင်ဗျ အခု လက်ရှိအသွင်ကူးပြောင်းရေးမှာ ပြောကြမယ်ဆိုရင် အားမလို အားမရသံတွေလည်း ကြားရပါတယ်။ အားရကျေနပ်မှု တစုံတရာ လက်ခံနိုင်စရာ အတိုင်းအတာတွေ ပြောကြတာလည်း ရှိပါတယ်။ ဦးအောင်မိုးဇော်ရဲ့ အမြင်ကို အရင်ဆုံး သိချင်ပါတယ် ခင်ဗျ။

ဦးအောင်မိုးဇော်။  ။ ကျနော့်အနေနဲ့ ကနေ့ကာလက ကျနော်တို့ တိုင်းပြည်မှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလ အဆင့်ကိုရောက်နေပြီလို့ ကျနော် မယူဆသေးပါဘူး။ ယူဆလို့ မရသေးဘူးလို့ ကျနော့်အနေနဲ့ ယူဆပါတယ်။ နဂို အစိုးရ၊ နအဖ အစိုးရလက်ထက်က တင်းတင်းကြပ်ကြပ် ချုပ်ကိုင်ထားတာတွေကို စပြီးတော့ လျှော့ပေးတဲ့အဆင့်၊ liberalization စလုပ်တဲ့အဆင့်မှာပဲ ရှိသေးတယ်လို့ ကျနော့်အနေနဲ့ ယူဆပါတယ်။ ဒီလို liberalization စလုပ်တဲ့ အဆင့်မှာတောင်မှ ဒီကနေ့အချိန်ထိ လက်ရှိ တည်ဆဲအစိုးရက လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ လက်ခံလာတာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ လျော့ပါးအောင် လုပ်ရမယ်ဆိုတဲ့ ကိစ္စတွေကို အသိအမှတ်ပြုလာတဲ့ အနေအထားမျိုး။ နောက် ကျနော်တို့ တိုင်းပြည်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ မရှိသင့်တော့ဘူးဆိုတဲ့ အနေအထားမျိုးကိုတောင် လက်ခံတဲ့ အခြေအနေ မရှိသေးပါဘူး။
            ကျနော်တို့ နိုင်ငံရေးအကျဉ်းသားတွေ အများကြီးဖမ်းထားတယ်။ ကျနော်တို့ တိုင်းပြည်ထဲမှာ နိုင်ငံရေး အကျဉ်းသား ရှိတယ်ဆိုတာတောင်မှ လက်ခံတဲ့အနေအထားမျိုး မရှိသေးဘူး။ မနေ့ တနေ့က ထုတ်ပြန်သွားတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို ကြည့်ရင်လည်း သိမှာပေါ့။ ဆိုတော့ ကျနော် ချုပ်ပြီးပြောမယ်ဆိုရင်တော့ ကနေ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလို့ ပြောနေကြတာတွေ ရှိတယ်။ လက်တွေ့ မှာ ကျနော်တို့တိုင်းပြည်က ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလအဆင့်ကို မတက်လှမ်းနိုင်သေးဘူး ဖြစ်တယ်။ နောက် ခုန သူချုပ်ကိုင်ထားတာတွေကိုတောင်မှ တိတိကျကျ ခိုင်ခိုင်မာမာ လျှော့ချပေးရမယ့်အဆင့်တွေကိုတောင်မှ အခုချိန်ထိ သူ လျှော့ချပေးတာကို မတွေ့ရသေးဘူးလို့ ကျနော့်အနေနဲ့ အဲဒီလိုပဲ ပြောချင်ပါတယ်။

VOA။   ။ ဟုတ်ကဲ့။ ဒေါက်တာဦးမြတ်ဉာဏစိုး ကြားမယ်ထင်ပါတယ်ခင်ဗျ ဦးအောင်မိုးဇော် ဆွေးနွေးတာ။ သူကတော့ အသွင်ကူးပြောင်းရေးကာလတစ်ခု ရောက်နေပြီ ဆိုတဲ့ဟာ သုံးသပ်ချက် သူကတော့ မမြင်သေးဘူး ယူဆပါတယ်။ ဒေါက်တာမြတ်ဉာဏစိုးရဲ့ အမြင် သိချင်ပါတယ်ခင်ဗျ။

ဒေါက်တာမြတ်ဉာဏစိုး။    ။ ကျနော်ကတော့ ဒီ Democratization ပေါ့၊ ဒီမိုကရေစီ လမ်းကြောင်းပေါ်သွားတဲ့ ဖြစ်စဉ် ပေါ်ကိုတော့ ကျနော်တို့ ရောက်နေပါပြီ ဆိုတာကိုတော့ ကျနော် အခိုင်အမာပြောချင်ပါတယ်။ ဒါပေမယ့် ကျနော်တို့က အခုဟာက နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့၊ ဝေးကွာခဲ့ရတဲ့ ခရီးတစ်ခုကို သွားတဲ့အခါကျတော့ နှစ်ပေါင်း ၅၀ နီးနီးလောက် ဝေးကွာနေတဲ့ အနေအထားတွေကို စမ်းတ၀ါးဝါးနဲ့ လုပ်ဆောင်နေရတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ ထူးခြားချက်ကတော့ လွှတ်တော်တွေ ပေါ်ထွန်းလာတယ်။ ပေါ်ထွန်းလာတဲ့အတွက်ကြောင့်မို့လို့ လွှတ်တော်တွေကနေပြီးတော့ ပြောရေးဆိုခွင့် တစုံတရာ ရလာတယ်။ အပြောင်းအလဲတွေ ဖော်ဆောင်နိုင်လာတယ်။ နောက်တစ်ခါ ပြည်သူ့အသံ ပြည်သူ့ဆန္ဒကို ထွက်ပြလို့ရတယ်။ နောက်တစ်ခါ အစိုးရအဖွဲ့အနေနဲ့ လည်း ဆုံးဖြတ်ချက်တွေ၊ ဥပမာ မြစ်ဆုံ စီမံကိန်းလိုဟာမျိုးမှာတော့ ဒါ အမှတ်ပြည့် ပေးရမှာပေါ့နော်။ ဒါပေမယ့် ခုန ဆရာ ပြောသလိုပါပဲ၊ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတဲ့ကိစ္စ မျိုးမှာကျတော့ ဒါက အမှတ်လျှော့စရာ ပေါ့လေ။ အဲဒီတော့ အခုဟာကတော့ တကယ့်ကို ကြမ်းကြမ်းတမ်းတမ်းပေါ့နော် ခက်ခဲ့တဲ့ ခရီးကြမ်းတစ်ခုကို ၁ နှစ်အတွင်းမှာ ဖြတ်သန်းနေရတဲ့ အတွက်ကြောင့်မို့လို့ အတိုက်အခံဘက်မှာရော အစိုးရ ဘက်မှာရော အနှစ် ၅၀ လောက် ပစ်ထားတဲ့ လုပ်ငန်းစဉ်တွေကို ပြန်စနေရတဲ့အတွက်ကြောင့်မို့လို့ တော်တော်လေး အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ကျနော်ကတော့ သုံးသပ်မိပါတယ်။

VOA။   ။ ဟုတ်ကဲ့။ ကျနော် ဆရာ ဦးတင်မောင်သန်းကို ဒီမှာ မေးချင်ပါတယ်။ ဆရာ ဦးတင်မောင်သန်း ရှေ့ကလူတွေ ပြောသွားတာကြားမယ်ထင်ပါတယ်။ ကျနော် စကားလုံးအရတော့ မပြောချင်တော့ပါဘူး။ ဒါပေမယ့် လက်ရှိ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုဆိုတဲ့ဟာကို မြင်ချင်ပါတယ်။ အဲဒီတော့ ၁ နှစ်တာတော့ ရှိလာပါပြီ။ ၁ နှစ်တာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုမှာ အားမလို အားမရ ဖြစ်တဲ့ လေသံတွေ ဦးတင်မောင်သန်းလည်း လေလှိုင်းတွေမှာ ကြားနေရမှာပါ။ အဲဒီတော့ လက်ရှိ ဒီအပေါ်မှာ ထောက်ခံတဲ့လူတွေလည်း ရှိပါတယ်။ ဦးတင်မောင်သန်းရဲ့ သုံးသပ်ချက်ကို သိချင်ပါတယ်။

ဦးတင်မောင်သန်း။                   ။ ယေဘူယျအားဖြင့်တော့ အာဏာရှင်စနစ်ကနေ ခွါတယ်ပေါ့နော်။ ကျနော်ကတော့ အခွါရယ်၊ အကူးရယ်၊ အခိုင်ရယ်ပေါ့နော်။ ခုနက ကိုမြတ်ဉာဏစိုးပြောသွားသလို အခိုင်ပေါ့နော်။ ခိုင်အောင် လုပ်တဲ့ အဆင့်တော့ မရောက်သေးဘူးလို့ ထင်ပါတယ်။ ကျနော် ယေဘူယျအားဖြင့်တော့ ကိုအောင်မိုးဇော်နဲ့ သဘောတူပါတယ်။ တခြားနိုင်ငံတွေ ကို ကြည့်တဲ့အခါမှာလည်း ကျနော်တို့က အာဏာရှင်စနစ်ကနေ ခွါတယ်ပေါ့လေ။ ပိုပြီး လွတ်လပ်ပွင့်လင်းတဲ့ အာဏာရှင် ဒါမှမဟုတ်ရင် တစ်ပါတီစိုးမိုးရေး ပုံစံကို သွားကောင်းလည်း သွားပါလိမ့်မယ်။ ဆိုတော့ ယေဘူယျ အားဖြင့်တော့ အရင်နဲ့ နှိုင်းယှဉ်ကြည့်လို့ရှိရင် လွတ်လပ်ပွင့်လင်းလာတဲ့ အနေအထားတွေ အများကြီးတိုးတက်မှုရှိလာတယ်။ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက် မရောက်၊ အကူးအပြောင်းပေါ် ရောက်မရောက် ဆိုတာကတော့ ယေဘူယျအားဖြင့် ပညာရှင်တွေ ကြည့်ကြတာကတော့ တွေ့ဆုံဆွေးနွေးရေး ရှိရမယ်။ ပြီးရင် ကျနော်တို့ ဖွဲ့စည်းပုံနဲ့ ပတ်သက်တဲ့ သဘောတူညီချက်တွေ ရရမယ်။ ပြီးရင် ရွေးကောက်ပွဲက တရားမျှတ ရမယ်၊ လက်ခံနိုင်ရမယ်၊ မူဝါဒကွဲပြားတာတွေကိုလည်း ထင်သာမြင်သာ ရှိလာ ရမယ်ဆိုတဲ့ အချက်တွေနဲ့ ကြည့်တဲ့အခါကျတော့ အဲဒီအချက်တွေကို ရောက်ဖို့ကတော့ မြန်မာနိုင်ငံက လိုသေးတယ်ထင်ပါတယ်။

VOA။   ။ ဟုတ်ကဲ့။ ကျနော်တို့ အခု ဒီဆွေးနွေးပွဲနဲ့ ပတ်သက်ပြီးတော့ လက်တလော ဒီ ပေးစာလေးတွေ ဖတ်ကြားချင်ပါတယ်။ မောင်ဘ ဆိုပြီးတော့ သောတရှင်တဦးက ပေးပို့ထားပါတယ်။

မောင်ဘ။         ။ ၂၀၁၂ ခုနှစ်မှာ မြန်မာ့နိုင်ငံရေး စီးပွားရေး၊ နိုင်ငံတကာ ဆက်ဆံရေး အစရှိတဲ့နေရာတွေမှာ တဖြည်းဖြည်း ပြောင်းလဲလာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါပေမယ့်လည်း အမြန် ပြောင်းလဲဖို့တော့ သိပ်ပြီးတော့ မမျှော်လင့်နိုင်ပါဘူးတဲ့။ ဘာကြောင့်လဲဆိုတော့ လက်ရှိ စစ်ဗိုလ်ချုပ်တွေနဲ့ ဦးသိန်းစိန် အစရှိတဲ့ ဗိုလ်ချုပ်ဟောင်းတွေဟာ ပြောင်းလဲဖို့အရေးမှာ စိုးရိမ်ကြောင့်ကျမှုတွေ ကြောက်ရွံ့မှုတွေကြောင့် နှေးကွေးနေကြပါတယ်။ သူတို့ရဲ့ စိုးရိမ်မှုတွေထဲမှာဆိုလို့ရှိရင် သူတို့လုပ်ခဲ့တဲ့ အမှားတွေကို ပြန်ပြီးတော့ အရေးယူခံရမှာကို အထူး ကြောက်ရွံ့နေကြတယ်။ ဥပမာအားဖြင့် ၁၉၉၀ ရွေးကောက်ပွဲမှာ NLD အနိုင်ရခဲ့ ပေမယ့်လည်း အာဏာလွှဲမပေးခြင်းနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာ စစ်ခုံရုံးကို တင်မည်ဆိုတဲ့အချက်ကြောင့် ဖြစ်တယ် ဆိုပြီးတော့ ဗိုလ်ချုပ်ဟောင်း တစ်ဦးက ပြောခဲ့ဖူးပါတယ်တဲ့။ ၂၀၁၀ ရွေးကောက်ပွဲမှာလည်း NLD ပြန်ပါလာမယ်ဆိုလို့ရှိရင် သူတို့ရဲ့အာဏာ လက်လွှတ်ရမှာကိုလည်း စိုးရိမ်တဲ့အတွက်ကြောင့် NLD မပါဝင် နိုင်အောင် ကန့်သတ်ခဲ့တာ ဖြစ်ပါတယ်။ အခုအခါမှာတော့ သူတို့တွေဟာ လွှတ်တော်တွေမှာ အများစု ရရှိနေပြီ ဖြစ်တဲ့အတွက်ကြောင့် မို့လို့ ပင်မ အဓိက ၀န်ကြီးဌာနတွေကိုလည်း ချုပ်ကိုင်ထားနိုင်ခဲ့ပြီ ဖြစ်တဲ့အတွက်ကြောင့် မို့လို့ NLD ကို ပြန်ပြီးတော့ ပါဝင်နိုင်ဖို့ လမ်းဖွင့်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း NLD လွှတ်တော်ထဲကို ရောက်လာပြီးတဲ့နောက်ပိုင်း ၎င်းတို့ရဲ့ ဘက်တော်သားတွေ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင် အမတ်တွေ၊ တပ်မတော်သားတွေကိုစည်းရုံး ဘက်ပြောင်းသွားမှာကိုလည်း စိုးရိမ်ကြောင့်ကျမှုတွေ ရှိနေပါတယ်။

VOA။   ။ ဒါကတော့ သောတရှင် မောင်ဘ ဆိုသူရဲ့ ပေးစာဖြစ်ပါတယ်။
            ဒါနဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ထဲ ၀င်ရောက်တာနဲ့ပတ်သက်လို့ ကျနော်တို့ သတင်းဌာနတွေ အမျိုးမျိုးကြေညာခဲ့ပြီး ဖြစ်ပါတယ်။ တချို့ကလည်း NLD လွှတ်တော်ထဲဝင်တာနဲ့ ပတ်သက်လို့ လက်မခံတဲ့လူ ရှိသလိုပဲ၊ ဒါကို ကြိုဆိုမှုတရပ်အနေနဲ့ မြင်တာလည်း ရှိပါတယ်။ ဒီ ခုနက မောင်ဘ ပြောသွားတဲ့ အမြင်နဲ့ ပတ်သက်လို့ ကျနော် ဒေါက်တာမြတ်ဉာဏစိုးကို ဒီမှာမေးချင်ပါတယ်။ ခုနက NLD လွှတ်တော်ထဲကို ၀င်လာမယ်ဆိုရင် ဒီ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တွေ တပ်မတော်သားတွေ စည်းရုံးရေးဘက်ပြောင်းမှာကို စိုးရိမ်ကြောင့်ကျမှု ရှိတယ်ဆိုတဲ့ ဒါ သူ့ရဲ့ သုံးသပ်ချက်ပေါ့နော် ဒေါက်တာမြတ်ဉာဏစိုးကရော ဘယ်လိုမြင်လဲ။ အဲဒီလို ကြောင့်ကျစိတ် အာဏာပိုင်တွေဘက်မှာ ရှိရဲ့လား၊ ရှိသလား၊ ရှိတယ်လို့ မြင်ပါသလား ခင်ဗျာ့။

ဒေါက်တာမြတ်ဉာဏစိုး။    ။ မှန်ပါတယ်ခင်ဗျ။ ရှိပါတယ်။ ရှိကို ရှိနေပါတယ်။ ဘာဖြစ်လို့လဲ ဆိုတဲ့အခါကျတော့ ကျနော်တို့ အခု အန်တီစုပေါ့နော်၊ အန်တီစုဟာ လွှတ်တော်အတွင်းကို မ၀င်ရောက်ရသေးပါဘူး။ ရွေးကောက်ပွဲ ကိုလည်း မဖြတ်သန်းရသေးပါဘူး။ ဒါပေမယ့်လည်း အန်တီစုရဲ့သြဇာ ကြီးမားကျယ်ပြန့်မှု၊ အန်တီစုရဲ့ ဉာဏ် အမျှော်အမြင် မြင့်မားမှုဟာ၊ အန်တီစုရဲ့ အနေအထားက မြန်မာနိုင်ငံရဲ့ National Figure ပေါ့နော် အမျိုးသားခေါင်းဆောင်ဆိုတာထက်ကို ကျနော်တို့ မြန်မာနိုင်ငံတည်ရှိနေတဲ့ ပထ၀ီနိုင်ငံရေးအနေအထားအရ ဒေသတွင်းမှာပါ သြဇာလည်းကြီးမားတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေပါတယ်။ အဲဒီအခါကျတော့ ကျနော်တို့ လွှတ်တော် ဥက္ကဋ္ဌတွေ ၀မ်းသာအယ်လဲ ကြိုဆိုနေတာတွေ ဒါတွေကို ကြည့်ခြင်းအားဖြင့်ကို ဒါ အန်တီစုနဲ့တကွ အယောက် ၄၀ ကျော် ၀င်ရောက်လာမယ့် NLD က ကိုယ်စားလှယ်တွေဟာ အတိုင်းအတာ တစ်ခုအထိတော့ ဒီဘက်က ပုဂ္ဂိုလ်တွေကို စည်းရုံးနိုင်လိမ့်မယ်လို့ ဒါမှမဟုတ်လည်း လှုပ်ခတ်သွားအောင်ပေါ့နော် ဆောင်ရွက်နိုင်လိမ့်မယ်လို့ ကျနော်ကတော့ မြင်ပါတယ်ခင်ဗျာ့။

VOA။   ။ ကျနော် ဦးအောင်မိုးဇော်ကို ဒီမှာ မေးချင်ပါတယ်။ တလောကပဲ မနေ့ကပဲ ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က အင်တာဗျူးတစ်ခုမှာ ပြောသွားတာ ကျနော်တို့ ကြားမိပါတယ်။ အဓိကကတော့ လက်ရှိ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုမှာ စစ်တပ်က အနှောက်အယှက်ပုံစံမျိုး ပေါ့နော် ဖြစ်ကောင်းဖြစ်လာနိုင်တယ် ဆိုပြီးတော့ သုံးသပ်တာ ကျနော်တို့ တွေ့ရပါတယ်။ အဲဒီတော့ ဦးအောင်မိုးဇော် ခုနက ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ အနေအထားပေါ်မှာ မူတည်ပြီးတော့ လက်ရှိ သွားနေတဲ့ ဒီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေမှာ စစ်တပ်က အနှောင့်အတား ဖြစ်နိုင်သလား၊ ဒါက အနှောက်အယှက်တစ်ခုအနေနဲ့ အကဲစမ်းချက် တခုအနေနဲ့ ဖြစ်နိုင်သလား ဦးအောင်မိုးဇော် ဘယ်လိုယူဆပါသလဲ။

ဦးအောင်မိုးဇော်။  ။ စစ်တပ်ကပဲ အနှောက်အယှက်ပေါ့ စစ်ခေါင်းဆောင်တွေကပဲ အနှောက်အယှက်ဖြစ်မလား သို့တည်း မဟုတ် ဒီကနေ့ အစိုးရအဖွဲ့ထဲက ခေါင်းဆောင်တွေကိုယ်တိုင် ကပဲ ခုနလို ပြုပြင်ပြောင်းလဲလိုစိတ် နည်းနေသလား စသည်ဖြင့် ဒီမေးခွန်းတွေကို ဖြေဖို့ခက်ပါလိမ့်မယ်။ သို့သော်လည်းပဲ လက်တွေ့ပေါ့နော် မနေ့တစ်နေ့ ထုတ်ပြန်လိုက်တဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေါ့ဗျာ။ ဒီ လွတ်ငြိမ်းချမ်းသာခွင့်အရဆိုလို့ရှိရင် ကျိန်းသေတာက လက်ရှိ အုပ်ချုပ်နေတဲ့ ပုဂ္ဂိုလ်တွေ ကိုယ်နှိုက်က သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ပါ့မယ်၊ လွှတ်တော်ထဲကို ၀င်ပါ့မယ်၊ ဒီကနေ့ဖြစ်နေတဲ့ နိုင်ငံရေးဖြစ်စဉ်ထဲမှာ လက်ရှိအုပ်ချုပ်တဲ့သူတွေနဲ့ ပူးပေါင်းဆောင်ရွက်ပါ့မယ်လို့ ကနေ့ပြောနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်၊ ဒီမိုကရေစီလှုပ်ရှားမှုရဲ့ ခေါင်းဆောင်၊ ဒီပုဂ္ဂိုလ်တွေ ဒီအဖွဲ့အစည်းတွေ ရွေးချယ်လိုက်တဲ့ ကနေ့ နိုင်ငံရေးလမ်းကြောင်းနဲ့ ပတ်သက်လို့ စိန်ခေါ်ခံရတဲ့ စိန်ခေါ်ခံချက် တစ်ခု ဖြစ်တယ်လို့ ကျနော့်အနေနဲ့ မြင်တယ်။ ဒီဥစ္စာ က အခုလို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်လို့ ထုတ်ပြန်လိုက်တဲ့ ထုတ်ပြန်ချက်က ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ ချမှတ်ခဲ့တဲ့လမ်းကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နည်းလမ်းပေါ့၊ နည်းပရိယာယ် ဒါတွေကို ထိခိုက်စေတယ်လို့ ကျနော့်အနေနဲ့တော့ မြင်တယ်။ တပြိုင်နက်တည်းမှာလည်း ကနေ့ အုပ်ချုပ်နေတဲ့ ပုဂ္ဂိုလ်တွေ ကိုယ်နှိုက်က သူတို့ အပြောင်းအလဲကို လုပ်ပါ့မယ်၊ အပြောင်းအလဲကို သွားပါ့မယ်လို့ ပြောနေတဲ့ သူတို့ပြောပြီးသားစကား တွေကို သူတို့ ပြန်ပြီးတော့ ရုပ်သိမ်းတဲ့သဘောဖြစ်သလို ကိုယ်နဲ့ ဆွေးနွေးဖော် ဆွေးနွေးဖက်၊ ကိုယ်နဲ့ လက်တွဲဖော် လက်တွဲဖက်တွေကို တဖက်က ပြန်ပြီးတော့ သိက္ခာချရာ ရောက်တယ်လို့ ကျနော့်အနေနဲ့ အဲဒီလို မြင်တယ်။ ဒီနေရာမှာတော့ တပ်ကပဲ ၀င်ရောက်စွက်ဖက်တာလား၊ ဒါမှမဟုတ်လို့ရှိရင် လက်ရှိအုပ်ချုပ်နေတဲ့ သမ္မတ ကိုယ်နှိုက် သမ္မတ ဦးဆောင်တဲ့ အစိုးရအဖွဲ့ ကိုယ်နှိုက်က ရှေ့ကို ဆက်တွန်းဖို့ ကိစ္စမှာ တွန့်ဆုတ် တွန့်ဆုတ် ဖြစ်နေတာလား ဆိုတာတော့ နည်းနည်း ဝေခွဲရခက်တယ်လို့ ကျနော် အဲဒီလိုပဲ ပြောချင်ပါတယ်။

VOA။   ။ ဟုတ်ကဲ့။ ဦးတင်မောင်သန်း အမြင်ကို သိချင်ပါတယ်။ ဒီ အပြောင်းအလဲအတွက် အာဏာပိုင်တွေ ဘက်မှာ တစုံတရာ သူတို့မှာ တွန့်ဆုတ်နေရတဲ့ တခြား အကဲစမ်းချက် ဘာရှိနိုင်လဲခင်ဗျာ့။

ဦးတင်မောင်သန်း။                   ။ ပထမဆုံးကတော့ ဒီအပြောင်းအလဲတွေကို ကြည့်တဲ့အခါကျတော့ အကူးအပြောင်းက သဘောသဘာဝနှစ်မျိုး ရှိတယ်ခင်ဗျ။ တခုက အာဏာပိုင် အဖွဲ့အစည်းတွေကနေ ထိန်းချုပ်ပြီး ပြောင်းလဲတဲ့ အပြောင်းအလဲပေါ့လေ။ နောက်တစ်ခုကတော့ လက်ရှိအာဏာရှိနေတဲ့သူတွေ ပြုတ်ကျသွားပြီး ပြောင်းတဲ့ အပြောင်းအလဲပေါ့နော်။ ဆိုတော့ စီးပွားရေးအကြပ်အတည်း ရှိမယ်၊ လူထုအုံကြွမှုကြီး ဖြစ်မယ်၊ ပြုတ်ကျသွားမယ်။ ပြောင်းတယ်ဆိုလို့ရှိရင် ကိုယ့်သဘော ကိုယ့်လိုလားချက်၊ နိုင်ငံရေးလိုလားချက်တွေက အထက်စီးရပြီး ပြောင်းရတာမျိုး ဖြစ်ပါတယ်။ တကယ်လို့ အဲဒီလိုအပြောင်းအလဲ မဟုတ်ရင် တခြားနိုင်ငံတွေမှာ ဖြစ်တာကတော့ Control Transition  လို့ ပြောတဲ့ အာဏာပိုင်တွေကနေ ထိန်းချုပ်တတ်တဲ့ အပြောင်းအလဲပါ။ ဒါကြောင့်မို့လို့ ကျနော်တို့က ဒီအပြောင်းအလဲကို ကြည့်တဲ့အခါမှာ ဒီအပြောင်းအလဲရဲ့ လူ့အဖွဲ့အစည်းထဲမှာ ကြုံနေရတဲ့ သဘောသဘာဝအရ ပိုပြီးတော့ ကျနော်တို့သိပ်ပြီး မျှော်လင့်လို့မရတဲ့ အဓိပ္ပါယ် ဆောင်ပါတယ်။ ဆိုလိုတာက ကျနော်တို့ စိတ်ဆန္ဒ ဘယ်လောက်ပဲရှိရှိ အကန့်အသတ်တွေရှိလိမ့်မယ်။ ဒီအချက်ကိုလည်း ဒေါ်အောင်ဆန်းစုကြည် မြင်တယ်လို့ ကျနော်ထင်ပါတယ်။ ဒါကြောင့်မို့လို့ ဒီအပြောင်းအလဲမှာ ခုနက ကျနော်တို့ရဲ့ သဘောသဘာဝ အရကိုက ကြာမယ်။ လေးမယ်။ အဲဒီတော့ ဆိုလိုတာကတော့ လက်ရှိ ဖွဲ့စည်းပုံ အလုပ်ဖြစ်တဲ့ အနေအထားတခုကိုတော့ ရနိုင်တယ်။ အဲဒီအတွင်းထဲမှာ ကျနော်တို့ တခြားလုပ်စရာတွေ ဒီမိုကရေစီအကူးအပြောင်းမှာ အထောက်အကူပြုတဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့ အုပ်ချုပ်ရေးကောင်းအောင် လုပ်တာတို့ နောက် တရားစီရင်ရေးစနစ်၊ rule of law တရားဥပဒေစိုးမိုးမှု ဖြစ်လာတာတို့၊ နောက်ပြီးတော့ ငြိမ်းချမ်းရေး ရှိလာတာတို့ အစရှိတဲ့ လုပ်ငန်းတွေကို ဖြည့်ဆည်းပေးခြင်းအားဖြင့် ဒီမိုကရေစီဖြစ်စဉ်က ပိုပြီးတော့လည်း မြန်နိုင်ပါတယ်။ တခြားနိုင်ငံတွေ အတွေ့အကြုံအရဆိုရင် အဲဒီဟာတွေ မရှိလို့ရှိရင် ဒီမိုကရေစီဖြစ်စဉ်က ပိုပြီးကြာတတ်ပါတယ်။ ဒါကြောင့်မို့ ကျနော်တို့မျှော်လင့်သလောက်တော့ သိပ်ပြီးမျှော်လင့်လို့ မရဘူးလို့ ကျနော်ကတော့ ဒီလိုပဲ နားလည်ပါတယ်။

VOA။   ။ ကျနော်တို့ လေလှိုင်းပေါ်မှာ နောက်တစ်ဦးရှိပါတယ်။ ကိုဖြိုးမင်းသိန်း ၈၈ မျိုးဆက်ကျောင်းသားတစ်ဦး ဖြစ်ပါတယ်။ ကိုဖြိုးမင်းသိန်းရေ ခုန ဆွေးနွေးခဲ့ကြတာမှာ လက်ရှိ အသွင်ကူးပြောင်းရေးအခြေအနေနဲ့ ပတ်သက်လို့ လက်ရှိ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းတွေနဲ့ ပတ်သက်လို့ အားမလို အားမရမှုတွေလည်း ရှိပါတယ်။ နှေးကွေးနေတယ်လို့ ယူဆတာတွေလည်း ရှိပါတယ်။ အဲဒီတော့ ဒီလိုအခြေအနေတွေက အားလုံး မျှော်မှန်းနေတဲ့ အခြေအနေအထိ မရောက်သေးတာ ဘယ်လိုအခက်အခဲ အကြန့်အကြာ ဘယ်လိုကြောင့် ယူဆပါလဲ ခင်ဗျ။

ကိုဖြိုးမင်းသိန်း။   ။ လက်ရှိ ကျနော်မြင်တဲ့ အခြေအနေကတော့ဗျာ ကျနော်တို့တိုင်းပြည်ရဲ့ စိန်ခေါ်မှုတွေဟာ အခုလက်ရှိအခြေအနေမှာ အခြေအနေ လေးခုလောက် ရှိပါတယ်။ အဲဒီဟာကတော့ တစ်က နိုင်ငံရေး အကျဉ်းသားတွေအားလုံး ပြန်မလွတ်သေးတဲ့ကိစ္စက စိန်ခေါ်မှုတရပ် ဖြစ်နေပါတယ်။ နောက်တစ်ခုကတော့ ပြည်တွင်းစစ်ကြီး ဖြစ်နေတဲ့ကိစ္စပါ။ ပြည်တွင်းစစ် ပြဿနာကလည်း ကျနော်တို့တိုင်းပြည်မှာ စိန်ခေါ်မှုတရပ်လို ဖြစ်နေပါတယ်။ နောက်တစ်ခုတော့ ဆင်းရဲမွဲတေမှု ပြဿနာပါပဲ။ ကျနော်တို့တိုင်းပြည်မှာ ပြည်သူလူထုဟာ ဆင်းရဲမွဲတေမှု အကြပ်အတည်းကို ရင်ဆိုင်နေရတယ်။ ဒီအခက်အခဲကလည်း ကျနော်တို့အတွက် စိန်ခေါ်မှုတရပ် ဖြစ်တယ်။ ဒီ့အပြင် ပိုအရေးကြီးတာကတော့ ကျနော်တို့တိုင်းပြည်မှာ ဒီမိုကရေစီ စံချိန်စံညွှန်းတွေနဲ့ မကိုက်ညီဘူး၊ ပြည်သူလူထုအတွက် အကျိုးမဖြစ်ဘူး၊ တိုင်းပြည်အတွက် အခြေအနေကောင်းတွေ မဖြစ်နိုင်ဘူးဆိုတဲ့ ၂၀၀၈ ဖွဲ့စည်းပုံမှာပါတဲ့ အချက်အလက်တွေကို ပြုပြင်ရေးဆိုတာကတော့ အကြီးမားဆုံး စိန်ခေါ်မှုပါပဲ။ ဒီစိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ဖို့အတွက်ဆိုရင် ကျနော်တို့မှာ စစ်တပ်ခေါင်းဆောင်တွေက အခြေအနေတစ်ခုကို မှန်မှန်ကန်ကန် လက်ခံနိုင်ဖို့ လိုပါတယ်။ ဒီလိုလက်ခံနိုင်ဖို့ ဆိုတဲ့အခြေအနေမှာ ဥပမာ ဆင်းရဲမွဲတေမှုလို ပြဿနာမျိုး တကယ် ဆင်းရဲမွဲတေတယ်လို့ သူတို့လက်ခံရင် ဒါ အခြေအနေကောင်းပါ။ ဒီအခြေအနေကို ပြုပြင်ဖို့ ကျနော်တို့ လွယ်ကူနိုင်မှာပါ။  ဒီလိုပဲ နိုင်ငံရေးပြဿနာတွေအပေါ်မှာလည်း ဒီ နိုင်ငံရေးအကျဉ်းသား ရှိတယ်ဆိုတာကို သူတို့ သိရင် လက်ခံရင် ဒီပြဿနာကို ဖြေရှင်းလို့ရပါတယ်။ ဒါကို လက်မခံဘူးဆိုရင်တော့ ဒီပြဿနာကို ဖြေရှင်းဖို့ နည်းနည်းခက်ခဲပါတယ်။ အခု ကျနော်တို့ တိုင်းပြည်မှာ ဖြစ်နေတဲ့ နိုင်ငံရေးအကျဉ်းသား ကိစ္စဆိုရင် စစ်ခေါင်းဆောင်တွေက လက်မခံချင်တဲ့သဘော ရှိပါတယ်။ ဒါပေမယ့် ဒီအခြေအနေကို လက်ခံလာနိုင်ဖို့ လိုအပ်ပါတယ်။ ဒါကို ကျနော်တို့ဘက်ကလည်း ကြိုးစားဖို့ လိုပါတယ်။ ဒီလိုပဲ ကျနော်တို့ တိုင်းပြည်ရဲ့ ပြည်တွင်းစစ်မီး တောက်လောင်နေမှုကိစ္စကို ထာဝရငြိမ်းချမ်းရေးရအောင် လုပ်မယ်ဆိုတဲ့ စိတ်ကူးကတော့ မဆိုးပါဘူး။ ဒါကတော့ ကျနော်တို့ ဒီစိန်ခေါ်မှုကို ပြေလည်အောင် ဖြေရှင်းနိုင်လိမ့်မယ်လို့ ကျနော် ထင်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အပေါ်မှာတော့ တပ်မတော်ဘက်ကသော်လည်းကောင်း၊ လက်ရှိ ကြံ့ခိုင်ဖွံ့ဖြိုးရေး အစိုးရကသော်လည်းကောင်း NLD ကို အခန်းကဏ္ဍတစ်ခု၊ အစိတ်အပိုင်းတစ်ခုမှာ အသုံးချဖို့ ကြိုးစားမယ်ဆိုတဲ့ စိတ်ကူးမျိုးဆိုရင်တော့ မအောင်မြင်နိုင်ပါဘူး။ ဒီနေရာမှာ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်မယ်ဆိုတဲ့ အပိုင်းမှာလည်း တပ်မတော် ခေါင်းဆောင်တွေကိုယ်တိုင်က ဒီမိုကရေစီကို တည်ဆောက်မယ်၊ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြည်သူလူထုနဲ့အတူ ဒီမိုကရေစီပါတီတွေနဲ့အတူ တည်ဆောက်သွားမယ်ဆိုရင် ကျနော်တို့ စိန်ခေါ်မှုပြဿနာတွေအားလုံးက ပြေလည်နိုင်ပါတယ်။ ဒီနေရာမှာ အဓိက သော့ချက်ကတော့ တပ်မတော်ခေါင်းဆောင်တွေရယ် လက်ရှိ စစ်ခေါင်းဆောင်ကနေ အသွင်ပြောင်းထားတဲ့ ကြံ့ခိုင်ရေးပါတီရဲ့ ခေါင်းဆောင်တွေပေါ့ဗျာ၊ စစ်ခေါင်းဆောင်တွေဟာ ဒီအခြေအနေတွေအပေါ်မှာ မှန်မှန်ကန်ကန် သုံးသပ်ပြီးတော့ တိုင်းပြည်ရဲ့ စိန်ခေါ်မှု တွေကို အားလုံးပူးပေါင်းဖြေရှင်းမယ်၊ အမျိုးသားရေးပြဿနာတရပ်အနေနဲ့ ဖြေရှင်းမယ်ဆိုတဲ့ စိတ်ကူးမျိုးရှိအောင် ကျနော်တို့ဘက်က ကြိုးစားဖို့လိုသလို စစ်ခေါင်းဆောင်တွေဘက်ကလည်း မှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်ဖို့ လိုလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။

VOA။   ။ ဟုတ်ကဲ့။ ဒီဆွေးနွေးပွဲမှာ ၀င်ရောက်ဆွေးနွေး မေးမြန်းဖို့ဆိုပြီးတော့ သောတရှင်တယောက်ရှိပါတယ်။ ဦးကံအေး နော်ဝေးနိုင်ငံက။ ဦးကံအေး ဆွေးနွေးလို့ရပါတယ်။ မေးမြန်းချင်တယ်ဆိုရင်လည်း တာဝန်ရှိသူတွေ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေရှိပါတယ် မေးမြန်းလို့ရပါတယ်ခင်ဗျ။

ဦးကံအေး။        ။ ကျနော်အခု နည်းနည်းပြောချင်တာပေါ့လေ၊ ဒီမိုကရေစီ လမ်းကြောင်းပေါ် တက်နေတာကို ကျနော် ရင်လေးပါတယ်။ မြင်ရတာ။ ဒါပေမယ့် အကောင်းဆုံးစနစ်တစ်ခုက ကျနော်မြင်တာတော့ ကျနော် တင်ပြပေးပါမယ်။ ကျနော့်ထက် ပညာတတ်တဲ့သူတွေ အများကြီးရှိပါတယ်၊ ကျွမ်းကျင်တဲ့သူတွေလည်း အများကြီးရှိပါတယ်။ ဒါကြောင့်မို့ ကျနော်ပြောချင်တာက အခု ဗမာပြည်မှာ ပြဋ္ဌာန်းထားတာက အခု ဖြစ်နေတဲ့ကိစ္စတွေက တိုင်း ရင်းသားကိစ္စတွေပဲ။ တိုင်းပြည်တစ်ခုလုံးမှာ ဖြစ်နေတဲ့ကိစ္စတွေက ကျနော် မြင်ရတာပေါ့လေ။ အကုန်လုံး တိုင်းရင်းသားကိစ္စတွေ ဖြစ်နေတယ်။ ကျနော်တို့လိုချင်တာ စာအုပ်မှာလည်း ပြဋ္ဌာန်းထားတယ်၊ တိုင်းရင်းသားတွေ ချင်း၊ ကချင်၊ ကရင်၊ ကယား၊ ရှမ်း၊ မွန်၊ ရခိုင် ရှိတယ်ပေါ့ဗျာ။ အဲဒါဆို ကျနော်က တစ်ရုံးဖွင့်ခိုင်းချင်တာဗျ။ အဲလို ရုံးမျိုး ရှိမှသာလျှင် သူက ဒိုင်လူကြီးလိုမျိုး လိုက်လုပ်ပြီးတော့ ကျနော်တို့ နိုင်ငံကို ခေါင်းရှစ်လုံးနဲ့ စဉ်းစားပြီးတော့ ရှေ့ရေးကို စဉ်းစားပေးဖို့၊ ကျနော် စဉ်းစားတာပေါ့ဗျာ။ အဲဒီရုံးကဆိုရင် မြို့နယ်တိုင်းမှာရှိဖို့ လိုတယ်ပေါ့။ အရင်က ပါတီယူနစ်ရုံးလိုမျိုး။ အဲဒီမှာပါ အကုန်လုံး စနစ်တကျနဲ့ အကုန်လုံး အပေါ်နဲ့ အောက်နဲ့ မှားတဲ့ဥစ္စာ အကုန် ညှိနှိုင်းလို့ ရမယ်ထင်တယ်။ အခု အပေါ်ကနေ လုပ်တဲ့ဥစ္စာ အောက်က ဘာမှမသိရဘူး။ ဘာမှလုပ်လို့မရ ဖြစ်နေတယ်။ အဲဒါကြောင့် ကျနော်ပြောချင်တာက ရှစ်ရုံးဆိုရင် ဗမာပြည်မှာ မြို့နယ်ရှိမယ်ဆိုရင် တထောင်လောက်ရှိရင် မွန်ကလည်း တစ်ထောင်လောက် ရှိမယ်၊ ကရင်ကလည်း တစ်ထောင်၊ တစ်ထောင်စီ အားလုံး ရှစ်ထောင်ရှိမှာပေါ့ဗျာ။ ဗမာကလည်း ဗမာရွေးတင်၊ ကရင်ကလည်း ကရင် ရွေးတင်၊ ရှမ်းကလည်း ရှမ်းရွေးတင်။ ဥက္ကဌ ရှစ်ယောက်လောက် ထားပြီးမှ အဲဒီမှာ ပါလီမန်မှာ ၀င်ဆွေးနွေးဖို့အဆင့်ကို ထားရင်တော့ ပိုပြီးတော့ သင့်တော်မယ်လို့ ကျနော်ထင်တယ်လေ။ သူတို့က တကယ်ဆိုရင် သူတို့ ပင်လုံနဲ့ တက်လာတဲ့လူတွေချည်းပဲ။ ပင်လုံနဲ့ ဘ၀ကိုရင်းပြီးတော့ လူမျိုးတွေ အသက်ပေးပြီးတော့ သွားတဲ့လူတွေ အကုန်လုံး အသိုင်းအ၀ိုင်းပဲလေ။ အဲဒီလိုမျိုး တစ်ရုံးကို ထားပြီးမှပဲ အဲဒီလူတွေ ၀င်ဖြေရှင်းမှပဲ ကျနော်တို့နိုင်ငံကြီးက အေးဆေးတော့မယ်လို့ ကျနော် မြင်တာလေ။ မဟုတ်ရင် ဒီလိုမျိုးပဲ သွားမယ်ဆိုရင် တောင်နဲ့မြောက်နဲ့ မြောက်နဲ့တောင်နဲ့ပဲ ဖြစ်သွားမယ်လို့ ကျနော်မြင်တယ်ပေါ့လေ။

VOA။   ။ ဟုတ်ကဲ့၊ ဦးကံအေး ကျေးဇူးတင်ပါတယ်။ ဒါက နော်ဝေးနိုင်ငံက ဦးကံအေး သူ့ရဲ့အမြင်ကို ဆွေးနွေးသွားတာ ဖြစ်ပါတယ်။
            ကျနော် ဒီဆွေးနွေးပွဲ ပြန်ကောက်ချင်တာက ခုနက ကိုဖြိုးမင်းသိန်း ပြောသွားတဲ့အချက် တစ်ချက် တွေ့ပါတယ်။ အဓိကကတော့ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကိစ္စပါ။ ၂၀၀၈ ဖွဲ့စည်းပုံက လက်ရှိသွားမယ့် နိုင်ငံရေးပြုပင်ပြောင်းလဲမှုလုပ်ငန်းစဉ်ထဲမှာ အကဲစမ်းချက်လို သူမြင်တယ်လို့ ယူဆပါတယ်။ ဒီနေရာမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း သူ လွှတ်တော်ထဲဝင်တဲ့ ရည်ရွယ်ချက် တစ်ခုထဲမှာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ရေးကိစ္စဆိုတာလည်း ပါတာ တွေ့ရပါတယ်။ ဒေါက်တာ မြတ်ဉာဏစိုး ဖြေနိုင်မယ် ထင်ပါတယ်ခင်ဗျ။ အဲဒါက လွှတ်တော်ထဲမှာ ဘယ်လောက်ထိ လက်တွေ့ကျမလဲခင်ဗျ။

ဒေါက်တာ မြတ်ဉာဏစိုး ။  ။ ၂၀၀၈ ဖွဲ့စည်းပုံက ဘယ်လောက် လွဲချော်နေသလဲဆိုတာ ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ်တွေအများစု အသိဆုံးဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကိုယ်စားလှယ်တွေ အများစုက အမျိုးသားညီလာခံကို ဖြတ်သန်းပြီးတော့ ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆွဲခဲ့တာပါ။ ဆွဲခဲ့တဲ့အခါမှာ ကျနော်တို့ ဒီ တပ်မတော်သား ၂၅ ရာခိုင်နှုန်းလို ဘာတို့လို အင်မတန်မှ အဓိကကျတဲ့ ပြင်ဆင်ဖို့အချက်တွေ မပြောပါနဲ့ ဥပမာ ပေးရရင်တော့ ကျနော်တို့ ကွန်ပြူတာပရိုဂရမ်တစ်ခုကို ဆွဲတယ်၊ ဆွဲပြီးတဲ့အခါကျတော့ မသုံးကြည့်ရသေးဘူး ပေါ့နော်။ အခု တကယ်သုံးကြည့်တဲ့အခါကျတော့ error တွေ တက်လာသလိုပါပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ရှေ့နောက် မညညွတ်တာတွေရော အများကြီး ရှိနေပါတယ်။ ဒါကတော့ ပြင်ကို ပြင်မှ ဖြစ်မယ်ဆိုတဲ့ အနေအထားမျိုးကတော့ အားလုံး လက်ခံနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ သို့သော်လည်း ပြင်ဖို့ကို ၀န်လေးနေကြတယ်။ နောက်ပြီးတဲ့အခါကျတော့ လက်နဲ့ရေးခဲ့တာကို ခြေနဲ့ဖျက်သလိုများ ဖြစ်မလားဆိုတဲ့ မ၀ံ့မရဲ စိတ်တွေနဲ့ ဖြစ်နေကြတာတွေကို ကျနော်တို့က ပြည်သူ့မျက်နှာကိုပဲ ရှေ့ရှုပြီးတော့ ဒို့ကတော့ တကယ် ပြည်သူ့အတွက် တကယ်အလုပ်လုပ်မယ်ဆိုရင် ပြည်သူ့ကိုယ်စားလှယ်အစစ်တွေ ဖြစ်တယ်ဆိုရင် ကဲ ရဲရဲဝံ့ဝံ့ ပြင်ကြစို့ဟေ့ ဆိုပြီးတော့ လုပ်ဆောင်ဖို့ လိုအပ်ပြီလို့ ကျနော်ကတော့ ပြောချင်ပါတယ်။

VOA။   ။ ဟုတ်ကဲ့။ ဒါကတော့ လွှတ်တော်တွင်း ကိစ္စပေါ့၊ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့။ လွှတ်တော် မဟုတ်တဲ့ ပြင်ပကရော ဘာတွေများ လုပ်နိုင်မလဲ။ ဦးအောင်မိုးဇော် အမြင်ကို သိချင်ပါတယ်ခင်ဗျ။

ဦးအောင်မိုးဇော်။  ။ အခြေခံအားဖြင့်တော့ လွှတ်တော်ပြင်ပပေါ့ အထူးသဖြင့်တော့ ကျနော်တို့ civil society တွေရှိမယ်၊ အသင်းအပင်းသမဂ္ဂတွေရှိမယ် စသဖြင့် ဒီအင်အားစုတွေ တရားဝင် ခိုင်ခိုင်မာမာ တည်ရှိလာနိုင်တဲ့ အခြေအနေတော့ ရှိဖို့ လိုဦးမယ်လို့ ကျနော်ထင်ပါတယ်။ အဲဒီအခြေအနေ အောက်မှာမှ ဒီ တည်ဆဲဥပဒေနဲ့ ပတ်သက်လို့ ထောက်ပြတာတွေ၊ တည်ဆဲဥပဒေတွေကို ပြင်ဆင်ဖို့ တောင်းဆိုတာတွေ၊ တပြိုင်နက်တည်းမှာပဲ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ကိုယ်နှိုက်က တန်းတူညီမျှမှု ကင်းမဲ့တာတွေ ဖိနှိပ်ခံနေရမှုတွေ ဒါတွေကို ထောက်ပြပြီးတော့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ရေး လှုပ်ရှားမှုပေါ့ဗျာ။ ဒီလို လှုပ်ရှားမှုကို လွှတ်တော်ပြင်ပမှာ လုပ်လို့ရနိုင်တဲ့ အခြေအနေ ရှိတယ်လို့ ကျနော့်အနေနဲ့ ယူဆပါတယ်။ သို့သော်လည်းပဲ အသင်းအပင်းဖွဲ့စည်းခွင့်တွေကိုယ်နှိုက်က ကနေ့အခြေအနေမှာ အကန့်အသတ်တွေ ရှိနေသေးတာဖြစ်တယ်။ ဒါ့ကြောင့်လည်းပဲ ကနေ့ကာလ ခုန အပြောင်းအလဲလို့ ပြောဆိုနေတဲ့ ကိစ္စတွေ အပေါ်မှာ တစုံတရာ ဒီ အပြောင်းအလဲလို့ လက်ခံဖို့ ခက်ခဲတဲ့အနေအထား ဖြစ်တာ ဖြစ်တယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလအဆင့်ကို မတက်လှမ်းနိုင်သေးဘူးလို့ ကျနော်တို့မြင်နေတာဖြစ်တယ်လို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်။ အခုက လွှတ်တော်ပြင်ပ အင်အားစုတွေဖြစ်တဲ့ လူထုလူတန်းစားအသင်းအဖွဲ့တွေ နောက် လှုပ်ရှားမှုတွေက တဆင့် ခုန ကိုမြတ်ဉာဏစိုး ပြောသွားသလိုပဲ ဧရာဝတီလှုပ်ရှားမှုလိုမျိုး၊ ပြည်တွင်းစစ်ရပ်စဲရေးလှုပ်ရှားမှုတွေ၊ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး လှုပ်ရှားမှုတွေ ဒီလှုပ်ရှားမှုတွေကို လက်ရှိအစိုးရက တစုံတရာသည်းခံ လာတယ်ဆိုလို့ရှိရင်တော့ ကျနော်တို့ ဒီအပြောင်းအလဲ ဖြစ်နိုင်ချေရှိတဲ့အခြေအနေက ပိုပီပြင်လာတယ်လို့ ပြောလို့ရမှာပေါ့။

VOA။   ။ သောတရှင်နောက်တဦးက ဒီဆွေးနွေးပွဲအတွက်ဆိုပြီးတော့ သူ့ အသံဖိုင် ပေးပို့ထားတာ ရှိပါတယ်။

ဦးဖိုးသောင်။      ။ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အစပျိုးနေပြီလို့တော့ ပြောနိုင်ပေမယ့် အစိုးရနဲ့ အတိုက်အခံဘက်မှာပါ စိန်ခေါ်မှုတွေ ရှိနေပါတယ်။ မြန်မာပြည်ရဲ့ ဒီမိုကရေစီ ရရှိရေးပုံစံက အစိုးရကလည်း စစ်အာဏာရှင်စနစ်နဲ့ ဆက်ပြီးသွားလို့မရနိုင်တော့တဲ့ အခြေအနေမျိုးဖြစ်သလို အတိုက်အခံကလည်း စစ်အာဏာရှင်အစိုးရကိုရော ယနေ့ စစ်ဦးစီး အရပ်သားအစိုးရကိုပါ နိုင်အောင် မတိုက်နိုင်ခဲ့ကြပါဘူး။ ဒီတော့ နှစ်ဖက်စလုံးက ပြည်ပကို အားကိုးလာကြရတဲ့ အခြေအနေမျိုးပါ။ ကြွယ်ဝချမ်းသာပြီး အာဏာလက်ရှိ စစ်ဗိုလ်ချုပ်တွေက သူတို့မှာ ရှိမြဲစည်းစိမ်တွေနဲ့အတူ သူတို့ ဆက်လက်ပြီး ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ကြမည့် စီးပွားရေး လက်ဝါးကြီးအုပ်လုပ်ငန်းတွေကို အာမခံပေးနိုင်မယ့် အင်အားကြီး နိုင်ငံကြီးများနှင့် အပေးအယူလုပ်လို့ရရင် သူတို့ရဲ့ နိုင်ငံရေးပါဝါကို တဖြည်းဖြည်းလျှော့ချပြီး ဒီမိုကရေစီကို နည်းနည်းချင်း ပေးမယ့်သဘောပါပဲ။ အဲဒါကို အင်အားကြီးနိုင်ငံတွေက လက်ခံနိုင်မှု ရှိ မရှိ ဆိုတဲ့ စိန်ခေါ်ချက်နဲ့ ယနေ့ လက်ရှိအစိုးရက ရင်ဆိုင်နေရတာပါ။ အင်အားအကြီးဆုံး အတိုက်အခံဖြစ်တဲ့ NLD ကတော့ အစိုးရသစ်ရဲ့ တဖြည်းဖြည်းချင်း ဒီမိုကရေစီပေးမယ်နဲ့ သူတို့ မတရားပိုင်ဆိုင် ရယူထားသည်များအပေါ် အသိအမှတ်ပြု လိုက်လျောနိုင်ပါမည်လား။ ဒါမှမဟုတ် ပြည်သူလူထုရဲ့အားနဲ့ ပြည်ပနိုင်ငံကြီးတွေ၏ အကူအညီကို ရယူပေါင်းစပ်ပြီး ဒီမိုကရေစီကို မနှောင့်နှေးစေဘဲ အချိန်ကိုက် ရယူပေးနိုင်ပါမည်လားဆိုတဲ့ စိ�

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...