Wednesday, January 11, 2012

ကျောက်သယ်ရတာ နှစ်ကျပ်ခွဲ

by Wai Maw on Wednesday, January 11, 2012 at 12:29pm
  *
အနောက်ရိုးမအထက် ထန်းတစ်ဖျားလောက်အမြင့်မှာ နေလုံးကြီး ရွှေအိုရောင်တောက်ပလျက် ကမ္ဘာမြေပေါ် ပြိုးပြက်ပြက် အလင်းရောင်ဖြာကျနေဆဲ။
ညနေ ၅ နာရီထိုးခါနီးသည့်တိုင် တပေါင်းနွေ၏ အပူရှိန်က အားမပျော့ချင်သေး။ တစ်နေ့လုံး နေပြင်းပြင်းပူထားသော  သဲပြင်ကို နင်းလိုက်တိုင်း ဖိနပ်မလုံသော ခြေဖျားနှင့် ဖနောင့်မှာ ကျိန်းစပ်စပ်နှင့် သဲပူဟပ်တာခံနေရသည်။ တစ်လှမ်းချင်းမှန်မှန်လျှောက်လာသော ခြေလှမ်းတွေက မညီမညာကမ်းပဲ့ရာတွေ တင်းကျမ်းထပ်နေတဲ့ မြစ်ကမ်းနဖူးသို့ရောက်သည့်အခါ အလိုလိုရပ်တန့်သွားသည်။

မြစ်ဆိပ် အဆင်းအတက် လှေကားလမ်းကလေး အနီးရှိ သစ်ငုတ်တိုလေးတစ်ခုပေါ် သူထိုင်ချလိုက်ပြီး မမြင်ရတာကြာပြီဖြစ်သော မြစ်ပြင်ကို မျက်စိတစ်ဆုံးငေးမော ကြည့်နေသည်။ အလျဉ်မပြတ် စီးဆင်းနေမြဲ မြသားရေပြင်ကတော့ အရင်အတိုင်းပါပဲလေ။ မြစ်ကြောင်းကွေ့ကောက်နေပြီး နည်းနည်းကျဉ်းလာသည်။ ရေလယ်သောင်က အောက်ဖက်ကိုနည်းနည်းလျှောလာသလို အပြန့်လည်းကျယ်လာတာကို သူသတိပြုမိ၏။ သောင်ပြင်ပေါ်မှာ ကျောက်တဲလေးတွေ ဟိုနားစုစု ဒီနားစုစု။
မြစ်တဘက်ကမ်း မြေနုကျွန်းမှာ ကိုင်းသွားလုပ်သူတချို့ လှေကလေးတွေ ကိုယ်စီလှော်ခတ်ကာ ရေဆိပ်ဘက်သို့ ဦးတည်လာနေတာ တွေ့ရ၏။ မြစ်ပြင်လယ်မှာ ပိုက်တန်းနေသူ ကိုတံငါတို့ကတော့ သီချင်း တကျော်ကျော်ဟစ်အော်ရင်း ငါးဖော်လို့ကောင်းနေတုန်း။ တစ်ချက်တစ်ချက်တွင် ဝုန်းကနဲ ၀ုန်းကနဲ ကမ်းပါး ပြိုကျသံ ကြားရ၏။ ပဲ့ကျသွားသော ကမ်းနဖူးမှာ ဥချကာစ မြေပဲပင်များနှင့် အဖူးမရင့်တရင့် ပြောင်းပင်တွေ တိုလိုးတွဲလောင်း ကျန်နေသည်ကိုတွေ့ရသဖြင့် ပိုင်ရှင်ကိုယ်စား သူနှမြောနေမိသည်။ ရေလယ်သောင်ထိပ်မှ ခွဲဖြာ စီးဆင်းလာသည့် ရေစီးကြောင်းကြီးတစ်ခု အဲဒီနေရာ ကမ်းခြေတည့်တည့်ကို အရှိန်ပြင်းပြင်း တိုက်စားနေ၏။ အိကမ်းပြိုသော နေရာ၌မြေလုံးကြီးများ မြစ်ကြမ်းပြင်အောက်သို့ တခါတည်းမြုပ်မသွားဘဲ ကမ်းပါးမှာ အရစ်လိုက် အထပ်လိုက် မှေးတင်နေသည်။ ထိုနေရာမျိုးမှာ ပေါက်ပြားဖြင့် မြေညှိ၍ ယာယီ ရေချိုးဆိပ် လုပ်ထား၏။
ခဏအကြာ ရောင်နီဖျော့ဖျော့ အပူလျော့လာချိန်မှာ ရေချိုးဆိပ်လေး အသက်ဝင်နိုးကြားလာသည်။ တောပျိုဖြူလှယမင်းတစ်သိုက် ရေအိုးလေးတွေ ကိုယ်စီပိုက်၍ စကားတွတ်ထိုးရင်း ရေချိုးဆင်းလာကြပြီ။ ကိုင်းသမား ဦးလေးကြီးတစ်ဦး လှေပေါ်မှဟင်းရွက်ခြင်းတောင်းကို မ,ထမ်းကာ မြေလမ်းလေးအတိုင်း ကမ်းပါးပေါ် တက်လာသည်ကို တွေ့ရသည်။ အနားရောက်တော့ သူ့ဘက်ခေါင်းတစ်ချက်ငဲ့ကြည့်လိုက်ပြီး..
“ဟ..မောင်တိုး မဟုတ်လား.. မင်းဘယ်တုန်းက ပြန်ရောက်လဲ”
“ဒီနေ့ လော်ကယ်ရထားနဲ့လာတာ ဘကြီး...အရီးတို့ရော နေကောင်းကြလား”
“အေး..အေး... ကောင်းပါတယ်။ မင်းအရီးက ကိုင်းထဲမှာကျန်ခဲ့တယ်ကွ.. မနက်ကျရင် ဈေးမှာ ဟင်းရွက်လေးရောင်းမလားလို့ ဘကြီးပြန်လာတာ.. ဈေးဖိုးလေး ရအောင်ပေါ့.. မင်းမပြန်ခင် ကိုင်းထဲကိုလာခဲ့ အုံးလေ”
“ဟုတ်ကဲ့..ဘကြီး”
အဖိုးကြီး ဟင်းရွက်ခြင်းတောင်းထမ်းလျက် လက်တစ်ဖက်က လှော်တက်နှင့်ပက်ခွက်ကို ဆုပ်ကိုင်ကာ ရေခပ်လမ်းအတိုင်း ရွာဘက်ဆီ ဆက်လျှောက်သွားလေပြီ။ သူကတော့ တဖျတ်ဖျတ်လှုပ်ရှားနေသော ရေလှိုင်း ဂယက်လေးတွေကို ငေးစိုက်ကြည့်ရင်း အတွေးထဲ နစ်မျောလို့ကောင်းတုန်း..။ သူ့ရင်ထဲမှာ ဘယ်ရယ်လို့ အတိအကျဖော်မပြနိုင်တဲ့ အလွမ်းရိပ်တချို့ ရစ်တွယ်နှောင်ဖွဲ့နေ၏။
**
မြစ်ကမ်းနံဘေး တောရွာသဘာဝ နွေရောက်လာလျှင် ရွာထဲမှာရှိသော ရေတွင်း၊ရေကန်တွေ ခမ်းခြောက်လေ့ရှိသဖြင့် မြစ်ရေကို အမှီပြုကြရသည်။ ညနေခင်း နေ၀င်ရီတရော အချိန်ရောက်လာလျှင် မြစ်ရေချိုးဆိပ်မှာ လူစည်ကားလှသည်။ ရေချိုးဆင်းသူတွေ၊ ရေခပ်သူတွေ၊ အ၀တ်လျှော်သူတွေ၊ တချို့က ရေချိုးလာရင်း အိမ်မှာ ရှိတဲ့နွားတွေပါ ဆွဲလာပြီးရေချိုးပေးတတ်သည်။ ရေကူးဆော့ကစားသံ၊ အ၀တ်ရိုက်သံ၊ ရယ်မောသံ၊ စကားပြောဆိုသံတွေဖြင့် ရေချိုးဆိပ်တစ်ခုလုံး သဲသဲညံနေတော့၏။ လုပ်ငန်းခွင်က ပြန်ဝင် လာသော လှေတွေပေါ်မှာပါလာသည့် ဟင်းသီးဟင်းရွက်နှင့် ငါး၊ပုဇွန် တချို့တဝက် လှေဆိပ်မှာပင်  အရောင်းအ၀ယ် ဖြစ်ကြသည်။
ဒီအချိန်ရောက်လျှင် မောင်တိုးတို့အဖော်တစ်သင်း မြစ်ဆိပ်နားမှာ ယောင်လည်ယောင်လည်၊ ငယ်ငယ်တုန်းက လွယ်အိတ်ကိုယ်စီ၊ လေးဂွကိုယ်စီနှင့် တစ်နေကုန် လေတံခွန်တိုက်ရာမှ အိမ်ပြန်ဝင်ခါနီးမှာ ရေချိုးရောက်လာခြင်း။ အရွယ်လေးကြွလို့ လူပျိုဖြန်းဖြစ်လာတော့ ခြေလှမ်းတစ်မျိုးပြင်လာကြပြီ။ ရေခပ်လမ်း နံဘေးက သပြေပင်ကြီးအောက်၊ တခါတရံ လူတစ်ရပ်သာသာမြင့်သည့် သပြေကိုင်းခွဆုံပေါ် ထိုင်ရင်း ရသမျှ သီချင်းတွေအသံကုန်ဟစ်ကာ ဖိုသံပေး၊ ကောင်မလေးတွေ အနားကဖြတ်သွားချိန်မှာ မချိုမချဉ် မျက်နှာထားနှင့် မကြားတကြားစကားလက်ဆောင် ပါးတတ်လာသည်။  ရွှေစွန်ညို အချိန်မှန်ဝဲရင်း အဆင်ပြေသွားသူတွေ လည်းရှိ၊ အခြေအနေ အချိန်အခါမှန်ကို မချဉ်းကပ်တတ်သဖြင့် ပစ်မှတ် လွဲချော်ခဲ့သူတွေလည်း မနည်းမနော။ တောဓလေ့ကတော့ ပျော်မွေ့ဖွယ်ရာ အတိပင်။
မောင်တိုး ငယ်ငယ်က မြစ်ကမ်းထိပ်နားမှာ သူ့မိဘတွေပိုင်သော ကိုင်းတစ်ဧကခန့် ရှိသည်။ သူ့မိဘများနှင့်အတူ ကိုင်းထဲကိုလိုက်သွားတိုင်း လေတဖြူးဖြူး မြစ်ကမ်းနဖူးတလျှောက် ပြေးလွှားဆော့ကစား ရင်း မြစ်ပြင်ထဲကို ခဲလုံးဖြင့်ပစ်ပေါက်လိုက်၊ အစုန်အဆန်သွားလာနေသော သင်္ဘောတွေကို လက်ပြ နှုတ်ဆက်လိုက်နှင့် မိုးချုပ်နေ၀င် ပျော်လို့မဆုံးနိုင်။ ဆောင်းနံနက်ခင်း မြူနှင်းဝေေ၀ကြားမှာ သောင်ပြင်ပေါ် နားခိုကျက်စားနေသော စက္က၀က် ငှက်အုပ်ကြီးကို အဝေးကနေကြည့်ရင်း ရင်ထဲမှာ မရိုးမရွခံစားရသည်။ တခါတခါ ထိုကြည်နူးဖွယ် ရှုမျှော်ခင်းကို အကျည်းတန်အရုပ်ဆိုးစေသော သေနတ်ကိုင်ရဲသားများကိုတော့ သူစက်ဆုပ် မုန်းတီး၏။
တစ်နှစ်မှာ မြစ်ညာဘက်ဆီက ရေနံလှောင်ကန်ကျိုးပေါက်သည်ဆိုလားပဲ.. ရေနံအဆီတုံးတွေ မြစ်ရိုးတလျှောက် ပလုံစီအောင်မျောနေသဖြင့် မြစ်ကမ်းနံဘေးမှာနေသည့် ရွာသားတွေ ဆယ်ယူလိုက်ကြရတာ အမော။ သူလည်း မိဘတွေရှေ့မှောက်မှာ ရေကူးအစွမ်းပြခွင့် ရခဲ့ပါသည်။
***
          သူရှစ်တန်းရောက်တဲ့နှစ်၊ ရေလယ်သောင်ပေါ် တဲပုတ်လေးတချို့ ရောက်ရှိလာပြီး နှစ်တိုင်းရှိနေမြဲ စက္က၀က်ငှက်တွေ သောင်အောက်ဖျားပိုင်းကို နေရာရွှေ့လာတာတွေ့ရသည်။ နောက်ပိုင်းမှာ ငှက်တွေ အားလုံး စားကျက်ပြောင်းသွားသည်။ ရက်ပိုင်းအတွင်း တဲကလေးတွေအနီး စပါးပုံကြီးလို အရာတစ်ခု ထိုးထိုး ထောင်ထောင် ထွက်ပေါ်လာ၏။ သူ့မိဘတွေ ပြောပြလို့ ကျောက်စရစ်ခဲပုံကြီးဖြစ်ကြောင်း သိခဲ့ရသည်။ မြစ်ပြင်ထဲမှာ ကျောက်ခဲကျင်တဲ့သူတွေကို သူစတွေ့ဖူးခြင်း ဖြစ်ပါသည်။ ပထမဆုံးနှစ်မှာ လူ့လုပ်အားသက်သက် ဖြင့် ကျင်ယူကြသည်။ ရင်ခေါင်းလောက်ရှိသော ရေအနက်အောက်မှာ ကြိုးတပ်နှီးဇကာတစ်ခုကိုနှစ်ထားပြီး ခြေထောက်တစ်ဖက်က ဇကာနှုတ်ခမ်းကိုနင်း၊ ကျန်ခြေထောက်တစ်ဖက်နှင့် မြစ်ကြမ်းပြင်ကို ထိုးခတ်မွှေနှောက် လိုက်သည့်အခါ ရေစီးထဲမျောပါလာသော ကျောက်စရစ်ခဲတွေ ဇကာထဲလှိမ့်ဝင်လာသည်။
          နောက်နှစ်တွေကျတော့ စီးပွားရေးသမားတွေ အလှမ်းကျယ်လာကြပြီ။ မြို့နယ်ကျောက်သဲသ/မရုံးမှာ လုပ်ကွက်လိုင်စင်ရဖို့ ဈေးပြိုင်လေလံဆွဲကြသည်။ ကူဘိုတာရေစုပ်စက်ကို ဘလူးခေါင်းဖွင့်ကာ ကျောက်စုပ် ယူကြလေသည်။ ရလိုက်သည့်ကျောက်တွေ နေ့ချင်းညချင်း တောင်ပုံရာပုံ။ သောင်ပြင်တစ်ခုလုံး ကျောက်တဲ တွေ ပြည့်လုကမန်းတိုးပွားလာသည်။ ကျောက်ထုတ်လုပ်ရေး ဒိုင်တွေ အပြိုင်အဆိုင်ဖြစ်လာ၏။ သူတို့ဆီမှာ ကျောက်လုပ်သား မိသားစုတွေကို အကြွေးစနစ်ဖြင့် ရောင်းချပေးသော ကုန်ခြောက်ဆိုင်တွေလည်း ရှိလာပြီမို့ ရွာပေါ်တက်ပြီး ဈေးဝယ်သူနည်းလာသည်။ ဆန်တစ်မျိုးကိုတော့ ရွာကလူတွေဆီမှာ လာဝယ်နေကြတုန်း။
စက်တွေဖြင့်ကျောက်စုပ်ယူသည့်နေရာ မြစ်ကြမ်းပြင်မှာ ချိုင့်ခွက်ရာကြီးတွေကျန်ခဲ့တာမို့ ရေစီးရေလာ ကသောင်းကနင်းဖြစ်ကာ ရေကြောင်းပြောင်းလဲလာပုံရသည်။ သူတို့ရွာဘက်ကို ရေဦးတည့်တည့် ထိုးလာပြီး အရင်နှစ်တွေထက် ကမ်းပြိုကြမ်းလာ၏။
 “ဒီလောက်ကျောက်တွေ များများစုပ်ယူတာ မကောင်းဘူး။ ဒီရွာတွေအတွက်စိုးရိမ်ရတယ်” လို့ မောင်တိုးတို့ ကျောင်းအုပ်ဆရာကြီး သတိပေးတာကြားဖူးသည်။ သက်ဆိုင်ရာဌာနတွေက သူတို့နှင့်ဘာမျှ မသက်ဆိုင်သလို  ဥက္ခောပြုထားရက်ကြပါ၏။
****
          မောင်တိုး ဆယ်တန်းစာမေးပွဲ ဖြေသည့်နှစ်မှာ လယ်အထွက်ညံ့သဖြင့် မိသားစုစားဝတ်နေရေး ကသီ လင်တဖြစ်ခဲ့ရသည်။ စပါးငွေပေါ်ချိန်မှာ အပိုအလျှံမရှိသည့်ပြင် မနှစ်ကကြွေးဟောင်းကိုပင် ကျေအောင် မဆပ်နိုင်။ တပေါင်း၊တန်ခူး လယ်အလုပ်နားချိန် ရွာမှာအလုပ်ပါးလို့ သူ့အဖေက အသိမိတ်ဆွေများနှင့်အတူ တောင်ခြေရွာသို့ လွှဆွဲဖို့လိုက်သွားသည်။ အဲဒီအချိန် မွေးချင်းထဲမှာ အကြီးဆုံးဖြစ်တဲ့မောင်တိုးသာလျှင် အမေ့အတွက် အားကိုးတိုင်ပင်ရာ။ မောင်တိုး စဉ်းစားသည်။ အဖေမရှိတဲ့အချိန်မှာ အိမ်စရိတ်ကာမိအောင် အလုပ်တစ်ခုလုပ်ရလျှင် ကောင်းမလား။ အဲလိုဆို အဖေအပြန်ပါလာမည့်ငွေထဲမှ စားစရိတ်နှုတ်စရာမလိုတော့။ ဘာလုပ်ရရင် ကောင်းမလဲ။ အမေနှင့်တီးတိုး တိုင်ပင်ကြည့်သည်။ အမေ့ထံက အားတက်သရော စကားသံ ထွက်မလာ။
          နောက်တစ်နေ့ နေ့လည်ပိုင်းမှာ အရင်က သူတို့အိမ်ကိုဆန်ဝယ်လာနေကျ ကျောက်လုပ်သား ဒေါ်လေးညွန့် ပေါက်ချလာသည်။ အိမ်မှာ ရောင်းစရာဆန်မရှိတော့ပေမဲ့ ရောက်တုန်းရောက်ခိုက် အမေနဲ့စကား လက်ဆုံဖောင်ဖွဲ့နေ၏။ မိသားစုအကြောင်း၊ လုပ်ငန်းခွင်အကြောင်း၊ ကုန်ဈေးနှုန်းအကြောင်း၊ လူတွေ အကြောင်း.. အစုံအလင်..တစ်ပုံတစ်ပင်..။
          “ဒေါ်လေးညွန့်တို့ကျောက်သယ်တာ တစ်နေ့ဘယ်လောက်ရလဲ”
          “အမယ်..ကျားလားမိုးကြိုး..ရှင်ကစိတ်ဝင်စားလို့လား”
          “စိတ်ဝင်စားတာမဟုတ်ဘူး.. တွက်ခြေကိုက်ရင် ဝင်လုပ်မလို့မေးတာ ဒေါ်လေးရ”
          “အလိုလေး...မောင်မင်းကြီးသားရယ် စဉ်းစဉ်းစားစားလည်းပြောပါ.. ကျောက်သယ်တယ်ဆိုတာ လွယ်အိတ်လေးလွယ်ပြီး ကျောင်းတက်ရတာမျိုးမဟုတ်ဘူး တော့”
          မောင်တိုးနဲ့ပြောနေရင်း ဒေါ်လေးညွန့်က အမေ့ဘက်လှည့်၍ မျက်စပစ်ပြလိုက်သည်။ အမေ့မျက်နှာ တစ်ချက်ပြုံးယောင်သမ်းပြီး မျက်လွှာချသွားတာ တွေ့လိုက်ရ၏။
          “ဒေါ်လေးကလည်းဗျာ..အထင်သေးလိုက်တာ.. ကျနော်ယောက်ျားပါဗျ”
          ဒေါ်လေးညွန့် ပြန်ခါနီး အိမ်ရှေ့ကသရက်ပင်ကိုမော့ကြည့်ပြီး အမေ့ဆီမှာ သရက်သီးတောင်းဝယ် ပါသည်။
          “ဟယ်...သရက်ပင်က သီးလိုက်တာ..ပြွတ်ခိုင်နေတာပဲ၊ မသိန်းရေ...ကျမကို သရက်သီးစိမ်း နည်းနည်း ရောင်းပေးပါလားရှင်..အိမ်မှာ သုပ်စားချင်လို့”
          “မရောင်းပါဘူး မညွန့်ရယ်...လိုသလောက်သာယူသွား..နောက် စားချင်တဲ့အခါလည်း လာခူးလှည့်ပါ၊ သားရေ..မင်းအဒေါ်ကို သရက်သီးခူးပေးလိုက်ပါကွယ်”
          မောင်တိုး တံချူယူပြီး သရက်သီးခိုင်တွေကိုလိမ်ချနေတဲ့အချိန်၊ ဒေါ်လေးညွန့် သူ့အနားကပ်လာပြီး..
          “ဟဲ့..နင်က အလုပ်တကယ်လုပ်မှာလား..နင့်အမေကြည့်ရတာ လုပ်ခိုင်းချင်ပုံမပေါ်ဘူး”
          “လုပ်မှာပေါ့ ဒေါ်လေးရာ..အိမ်မှာအသုံးစရိတ်မှ အဆင်မပြေတာ..အမေသဘောတူအောင် ကျနော် ပြောပါ့မယ်”
          “အေး...ဒါဆိုလည်းပြီးရော..အလုပ်ကတော့ လူလိုတယ်ဟ..နောက်နှစ်ရက်လောက်ဆို စီဘီတွဲတွေ ကျောက်လာသယ်မယ်လို့ကြားတယ်..မနက်ဖန်ငါအကြောင်းပြန်လိုက်မယ်နော်”
          “ဟုတ်ကဲ့ ဒေါ်လေး..ကျေးဇူးပဲ”
          ကျောင်းပိတ်ရက်မှာ မိသားစုအတွက် တဖက်တလမ်းက ဝင်ငွေရအောင် အလုပ်လုပ်ရင်း စာမေးပွဲ အောင်စာရင်းထွက်မယ့်အချိန် စောင့်မျှော်နေဖို့ သူစိတ်ကူးလေး အရာထင်တော့မှာကို တွေးရင်း ပျော်နေမိ တော့သည်။
*****
          အလုပ်စဆင်းတဲ့နေ့မှာ မောင်တိုးစိတ်တွေ တက်ကြွလန်းဆန်းနေသည်။ ဘဝမှာ ကိုယ်တိုင်ကိုယ်ကျ ဝင်ငွေရှာရတဲ့ အတွေ့အကြုံကို သူပထမဆုံး ထိတွေ့ခွင့်ရတော့မည်လေ။ အမေထည့်ပေးလိုက်သော ထမင်းချိုင့် လေးဆွဲကာ မြစ်ဆိပ်သို့ဆင်းလာခဲ့သည်။ လမ်းဘေးဝဲယာတလျှောက် နေကြာပန်းလေးတွေ အစီအရီပွင့်နေပြီး နံနက်ခင်း လေညှင်းအဝေ့မှာ ဘယ်ညာယိမ်းနွဲ့လို့ လုပ်ငန်းခွင်ဝင်တော့မည့်သူ့ကို အားပေးနေသယောင်။ သူက လမ်းပေါ်သို့ ကိုင်းညွှတ်နေသော ပန်းပွင့်မျက်နှာလေးတွေကို ဖွဖွလေးမွှေးကာ နှုတ်ဆက်သွားသည်။
          မြစ်ဆိပ်တွင် အသင့်စောင်ကြိုနေသည့် လှေကလေးပေါ် သူရောက်ပြီးမကြာမီ လှေသမားကြီးလည်း သောင်ဘက်ကမ်းဆီ ဦးတည်လှော်ခတ်တော့သည်။
          သောင်ပြင်ပေါ်ခြေချမိတဲ့အခါ ဒေါ်လေးညွန့်တို့တဲရှိရာ အရင်သွားပြီးမှ ဒေါ်လေးကိုယ်တိုင် သူ့ကို ဒိုင်သူကြီးထံအပ်နှံပေးချိန်မှာ ခေါင်းခုပုဝါစည်းထားသော သနပ်ခါးဖွေးဖွေး၊ညိုပြာညက် အလုပ်သမတချို့ သူ့ကို မခို့တရို့ကြည့်ပြီး လှောင်ပြုံးပြုံးတာ ခံလိုက်ရသည်။ ဒီပုံဒီရုပ်နဲ့ တကယ်အလုပ်လုပ်တော့မှာလား ကျောင်း တော်သားရေ..။
          အလုပ်စစချင်း ကျောက်ပုံးထမ်းတဲ့နေရာကို သူဝင်လိုက်သည်။ အပိုယူလာသော တပတ်နွမ်းလုံချည်ကို သုံးထောင့်ခေါက်ချိုးလုပ်၍ ပုခုံးတဘက်မှာသိုင်းစည်းလိုက်ကာ လေးထောင့်ကျောက်ပုံးကိုမ,ထမ်းလိုက်ပြီး စီဘီတွဲသို့သွားရာ ကုန်းဘောင်ပေါ်သို့လှမ်းတက်လိုက်၏။ ကုန်းဘောင်က အိပဲ့ပဲ၊့ သူ့ခန္ဓာကိုယ်က ယိမ်းနွဲ့နွဲ့။ ဟန်ချက်ညီလျှောက်ဖို့ခက်နေပြီး ရေထဲပြုတ်မကျအောင် ကိုယ်ကိုမနည်းထိန်းနေရ၏။ နာရီဝက် ခန့်အကြာမှာ ကျောက်ထည့်ပေးတဲ့နေရာကို ရောက်သွားပြန်သည်။ တစ်နေ့လုံး ဟိုပြောင်းဒီရွှေ့ဖြင့် အလုပ်ချိန်ကုန်ဆုံး သွားသည်။
          ကျောက်တစ်ကျင်းမှာ ကျောက်ပုံးတစ်ရာ့ငါးဆယ်ရှိသည်။ စီဘီသင်္ဘောဝမ်းထဲသို့ ကျောက်တစ်ကျင်း သယ်ပို့ခ ဆယ့်ငါးကျပ်ရ၏။ (၁၉၈၇ ကာလခန့်က) စီဘီတွဲတင်ရသည့်နေ့တွေမှာ တစ်နေ့ကုန်အလုပ်ရှိသဖြင့် နှစ်ဆယ်-နှစ်ဆယ့်ငါးကျပ်ခန့် နေ့တွက်ကိုက်သည်။ ကြားရက်တွေမှာတော့ ပုံမှန်မရှိ။ တစ်ဆယ်ရလိုက်၊ ငါးကျပ် ဖြစ်လိုက်၊ သုံးကျပ်ရသည့်နေ့လည်းရှိသည်။ ကျောက်ထိုးလှေသမားတွေ ကျောက်ကြောတွေ့လျှင်တွေ့သလို ကျောက်သယ်သမားလည်း နေ့တွက်မှန်သည်။
          ပျံကျအလုပ်သမားလောကဖြစ်သည့်အတိုင်း ဘဝကြမ်းတမ်းသလို နေထိုင်စားသောက်ပုံ သော့သွမ်း တာတွေ၊ အပြောအဆိုဟော့ရမ်းတာတွေ ကြုံရပါသည်။ သူ့နှမ ကိုယ့်နှမ၊ သူ့မယား ကိုယ့်မယား၊ သူ့လင် ကိုယ့်လင် မကြားဝံ့သော စကားတွေပြောတတ်ကြသည်။ ကျောက်ပုံးပင့်ပေးတဲ့အခိုက်၊ ကုန်းဘောင်လမ်း ပေါ် အဆင်းအတက် ရှောင်တိမ်းခိုက်မှာ မထိတထိ တို့ကလိတာလောက်များတော့ ရိုးအီနေပါပြီ။ တချို့က စိတ်ထဲဘာရယ်မဟုတ်၊ ပျော်ပျော်နေတတ်တာဖြစ်သည်။ တချို့ကျတော့ နည်းနည်းလေး ဆန်းပြားချင်တဲ့ ရည်ရွယ်ချက်နှင့်။
          အလုပ်ပါးတဲ့တစ်နေ့ ၀ါးကွပ်ပြစ်လေးထက်မှာ မောင်တိုးစာဖတ်နေတုန်း ဒေါ်လေးညွန့်က သူ့ကို သတိပေး စကားဆိုသည်။
          “ဘယ်လိုလဲ ကိုယ်တော်လေး အလုပ်လုပ်ရတာ အဆင်ပြေရဲ့လား၊ ဒီလောကမှာ စကားပုံရှိတယ်နော ..ကျောက်သယ်ရတာ နှစ်ကျပ်ခွဲ၊ တို့တာဆိတ်တာ အမြတ်ပဲ ..တဲ့။ မင်းအမေက ဒေါ်လေးကို အသေအချာ မှာထားတယ်..မင်းကို ဂရုစိုက်ပါတဲ့။ အဲဒါ ကိုယ့်ကိုယ်ကို ဆင်ခြင်ပြီးနေပေါ့ကွယ်..”
          အမှန်ပြောရလျှင် စိတ်တင်းကျပ်မှုမရှိလှသော ကျောက်သယ်သမားအလုပ်မှာ မောင်တိုး ပျော်ပါ၏။ တက်ကြွအားမာန်အပြည့်ရှိသော အရွယ်မို့လည်း ပျော်ပျော်ရွှင်ရွှင်အလုပ်လုပ်ရင်း ပင်ပန်းတာကို မေ့လျော့ နေသည်။ အလုပ်ရှိလျှင် အားကြိုးမာန်တက် လုပ်ပစ်မည်။ အားလပ်ချိန်မှာ လွတ်လပ်ပေါ့ပါးစွာ အနားယူ လိုက်မည်။  ထို့အတူ မိသားစုအခြေအနေအရ စာသင်ကျောင်းနှင့်ဝေးနေသော သူနှင့်မတိမ်းမယိမ်းအရွယ်တွေ အများ အပြား အလုပ်ခွင်ထဲမှာရှိနေသည်။ ဟန်ဆောင်မှုကင်းသော လူငယ်ဆက်ဆံရေးမှာ ပညာရေး ကွာဟမှုကြောင့် စည်းခြားမနေပါ။ သူတို့အားလုံး ရင်းနှီးပွင့်လင်းပြီး ခင်မင်စရာကောင်းသည်။ အချင်းချင်း ရင်ခုံသံတွေ ဖလှယ်ဖြစ်ကြ၏။ ကျောက်လုပ်သားအများစုမှာ ရာသီစက်ဝန်းအလိုက် အလုပ်ခွင်ပြောင်းကြရ သော ဇာတ်သမားဘဝနှယ်။
          ဘဝကံကြမ္မာဆိုသည်က ကြိုတင်သိနိုင်ခဲဘိခြင်း။ ဆယ်တန်းစာမေးပွဲအောင်တဲ့ အဲဒီနှစ်မှာပဲ သူချစ် သော မိသားသားစုနှင့် မွေးရပ်မြေကို မောင်တိုး ခွဲခွာခဲ့ရသည်။
******
          နေလုံးနီကြီး ရိုးမတောင်တန်းကို မေးတင်လျက် ကမ္ဘာမြေကိုတစ်ညတာ ခွဲခွာဖို့ နှုတ်ဆက်ခွင့်ပန် နေပေပြီ။ ရေချိုးဆိပ်မှာ လူအတော်ရှင်းသွားသည်။ အိမ်ပြန်ခါနီး ပတ်ဝန်းကျင်ရှုမျှော်ခင်းကို သူတစ်ချက် ဝေ့ကြည့်လိုက်၏။ ပဲခင်းတွေ၊ငရုတ်ခင်းတွေ တခွင်တပြင်စိုက်ထားတာ တွေ့ရသည်။ သူ့အာရုံထဲမှာ အရင်က ရွာလမ်းလေးကိုမှန်းဆကြည့်သည်။ ဟိုတစ်ပင် ဒီတစ်ပင်ကျန်ရစ်နေသော သစ်ပင်ကြီးတွေနှင့် အိမ်နေရာ ဟောင်းတွေကို ဆက်စပ်ရုပ်လုံးဖော်သည်။ သူရွာမှာမရှိတဲ့ ဆယ်နှစ်လောက်အတွင်း ပြောင်းလဲသွားတဲ့ မြင်ကွင်းတွေ။
ဟိုကုက္ကိုပင်ကြီးက ဦးလေးအောင်တို့ အိမ်ခြံထောင့်၊ မန်ကျည်းပင်က အဖွားမျှင်တို့ အိမ်ခေါင်းရင်း၊ အုန်းပင်က မိသင်းတို့အိမ်ရှေ့၊ ဒီဘက်နား အုတ်ရေကန်ပျက်က..သူတို့အိမ်ဘေး ဒေါ်ကြီးမြတို့ခြံထဲမှာ။ ဒါဆို...သူထိုင်နေတဲ့သစ်ငုတ်တိုဟာ သူတို့ အိမ်ရှေ့က သရက်ပင်ဖြစ်နေမလား....။ ဟူးးး......
သရက်သီးစိမ်း တောင်းလေ့ရှိသော ဒေါ်လေးညွန့်ရဲ့မျက်နှာကို ဖျတ်ကနဲမြင်ယောင်မိသည်။ ပြီးတော့ ဒေါ်လေးပြောခဲ့ဖူးတဲ့ သတိပေးစကားသံလေး...
ကျောက်သယ်ရတာ နှစ်ကျပ်ခွဲ၊ တို့တာဆိတ်တာ အမြတ်ပဲ....
သူမြင်နေရတဲ့ ရေလယ်သောင်ပေါ်က ကျောက်တဲလေးတွေထဲမှာ ဒေါ်လေးညွန့်တို့မိသားစု ပါနေလေ ဦးမလား မပြောတတ်။
ခုချိန်မှာသာ ဒေါ်လေးညွန့်နဲ့တွေ့ခဲ့လျှင် စကားတစ်ခွန်း သူပြောမိမှာ သေချပါသည်။ အဲဒါက...
 “အခုတော့...ကျောက်သယ်ရတာ နှစ်ကျပ်ခွဲ၊ ကျနော်တို့ရွာလေး ပျက်သွားတာအမှန်ပဲ...ဒေါ်လေးရေ” ....ရယ်လို့။  

ဝေမော်
၈ ဇန်နဝါရီ ၂၀၁၂

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...