My Opinion
တစ်ချိန်က Group ( သို့ ) Chat ထဲမှာ ပြောထားမိတဲ့စကားတွေ ဖြစ်ပါတယ်။
...........................

( A: အကိုတစ်ယောက်။ B: ကျနော် )
A: ခင်ဗျား ဘယ်ဘာသာဝင်မှ မဟုတ်ကြောင်း ကျနော် အခြားတစ်နေရာ က သိထားတယ်။ ဒါ့ကြောင့် မေးကြည့်ချင်ပါတယ်။ ဘယ်ဘာသာမှ မကိုးကွယ်သူတွေမှာ ဘယ်လို စိတ်နေ သဘောထားတွေများ ရှိနေသလဲ။ ဆိုလိုတာက " ကောင်းတာ လုပ်ရင် ကောင်းတာ ဖြစ်မယ်၊ မကောင်းတာ လုပ်ရင် မကောင်းတာဖြစ်မယ်" ဆိုတာမျိုး ကို ယုံကြည် လက်ခံပါသလား။
B: ကျနော် - ဘယ်ဘာသာဝင် မှ မဟုတ်ပါဘူး။ ဆိုလိုတာက ဘာသာ တံဆိပ် မခံယူထားဘူး။ Organized Religion နဲ့ တစ်ဦးတည်းကို ဦးတည် မရည်ရွယ်ထားတာကို ဆိုလို ပါတယ်။ ဘယ်ဘာသာ တရားကို မှ မကိုးကွယ်တဲ့သူတွေ ဟာ မြန်မာမှာရော၊ ( သိမိသလောက် ) ကမ္ဘာမှာရော အများအပြား ရှိပါတယ်။ အဲ့လိုပဲ သူတို့အားလုံးက အဖွဲ့အစည်း Organized တစ်ခု မဟုတ်တဲ့ အတွက် တစ်ဦးနဲ့ တစ်ဦး အမြင်၊ အသိ တူချင်မှ တူညီပါလိမ့်မယ်။ ဒါ့ကြောင့် အကို့ မေးခွန်းတွေကို အခြား ဘာသာမဲ့၊ ဘာသာလွတ်တွေ ကိုယ်စား မဟုတ်ဘဲ ကျနော့အနေနဲ့သာ ဖြေဆိုကြည့်ပါမယ်။
ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်၊ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်။
အဲ့စကားက တကယ် သိရမှာလား။ ယုံကြည်မှုလား၊ ဖြစ်စဉ်လား။ အဆိုတစ်ခုလား။
ဆိုလိုတာက - အဲ့စကားကို ကျနော် တကယ် သိပြီလား - အဲ့ဒါကိုပဲ ကျနော့သန္တာန် ပြန်ကြည့်ရပါလိမ့်မယ်။ ဘဝ ( ဝါ ) ကိုယ့်ရဲ့ ရှင်သန်မှုမှာ ယုံကြည်မှု ဆိုတဲ့ စကားလုံး ဘယ်နေရာမှာ ထားဖို့ လိုနေပါသလဲ ကိုယ့်ကိုယ်ကိုယ် မေးဖူးပါသလား။ သိအောင် ကြည့်ခြင်းသာ အရင်းခံ အကျဆုံး မဟုတ်လား။ အကြောင်းက - သိရင် "လက်ခံလား လက်မခံလား" မေးစရာ မလိုတော့လို့ ပါပဲ။
A: ဘယ်လိုမျိုး Guide Line တွေကိုသုံးပြီး ဘ၀ကို ဖြတ်သန်းသလဲ....???
B: ဘယ် Guide Line မှ မရှိပါဘူး။
အများစုက Guide Line ကို ဆုပ်ကိုင်ထားပါတယ်။ ဟိန္ဒူ၊ မွတ်စလင်၊ ဗုဒ္ဓဘာသာ၊ ဇင်၊ တာအို၊ ဂျူး စသဖြင့် ကမ္ဘာ့ဘာသာ တံဆိပ်လို့ ဆိုတာနဲ့ အဲ့ဒီ နာမည် တံဆိပ် အသီးသီးက ဂိုက်လိုင်း အသီးသီးအောက်မှာ ယုံကြည်မှု အမျိုးမျိုး နဲ့ ရှင်သန်နေတတ်ကြပါတယ်။
စင်စစ် အကို့ ရဲ့ အခုခဏကို အကို ကြည့်ကြည့်ပါ။
ဘဝ ရှင်သန်မှု ဟာ ရှင်သန်နေမှု သက်သက်သာ ဖြစ်ပါတယ် ။ အပြည့်အဝ သိမှတ် ရှင်သန်နေ ဖို့ သာ လိုအပ် ပါတယ်။ အဲ့ဒါ ထက် အပို မရှိဘူးရယ်။
ကျနော်တို့ ဘယ် လမ်းညွှန်တွေ၊ ဂိုက်လိုင်း နဲ့ မွေးလာ ခဲ့သလဲ။ ကျနော် တို့ ဘယ်ပုံစံနဲ့ ရှင်သန်နေမှ မှန်ကန်မှာ တဲ့လဲ။ ကျနော့ ရှင်သန်မှု ဟာ အခု တည့်တည့် ၊ အခု စကားပြောနေတဲ့ အပေါ်မှာ ရှိနေ ပါတယ်။ ပြီးရင် ပြီးမယ် - မပြီးရင် မပြီးဘူး - ရှေ့တစ်နာရီ စာကိုတောင် ကျနော်တို့ မသိနိုင်ဘူး ။ ကျိန်းသေတာက အခု ဒီစကားပြောနေတယ်- ဒါကို သိတယ်။ ဒါဟာ ဖြစ်တည်ချက် သက်သက် ၊ အဲ့ဒီ ခဏတိုင်း သိရှိ ကြည်လင်နေတာ သက်သက်၊ အခု ခဏ အပေါ် ရှုမြင်ထားတဲ့ သိမှု အဖြူထည်သား သက်သက်သာ ဖြစ်ပါတယ်။
ကျနော်တို့တွေ ငယ်စဉ်တောင်ကျေး ကာလကတည်းက သင်ကြားသွတ်သွင်း ခံထားရတဲ့ အတိုင်း ပြောကြည့်မယ် ။ ဆိုပါစို့။
“ကျနော် တို့ ရှေ့မှာ ဘာလုပ်မယ်။ ဘယ်လို အနာဂတ်မှာ ဘယ်ပုံ ရှိရမယ်။ ငါ ဘယ်လို ကောင်းအောင် နေမယ်။ ကောင်းမှု မကောင်းမှု ဆိုတာ ဘာဖြစ်တယ်” စသဖြင့် - အကိုတို့ ကျနော် တို့ တွေးနေနိုင်ပါတယ်။ ဒါပေတဲ့ ကျနော်တို့ ငယ်စဉ်တန်းကျောင်း ဘဝကနေ တွေးခဲ့ မျှော်လင့် ပုံဖော်ခဲ့ကြတာ ရှိတယ်။ ဥပမာ - ငါ တက္ကသိုလ်ရောက်ရင် ဘာဖြစ်ရမယ်။ ဘာ လုပ်မယ်။ အဲ့အရွယ်မှာ ငါဘာတွေ ရှိနေရမယ် -- စသဖြင့်။
တကယ့် အဲ့အချိန်ရောက်တော့ရော -
( ကျနော်တို့ မျှော်လင့်တဲ့ အတိုင်း ရသည်ဖြစ်စေ၊ မရ သည်ဖြစ်စေ ) ကျေနပ်ပြီးဆုံးမသွား ပြန်ဘူး။ ဆက်တွေး၊ ဆက်မျော်လင့်နေ ပါသေးတယ်။ - “ငါ စီးပွားရေးတွေ လုပ်ရဦးမယ်။ ငါ့နိုင်ငံအတွက် ငါ့မှာ တာဝန် ရှိတယ်။ ငါ အသက် သုံးဆယ် မှာ ဘာဖြစ်ရမယ်။” စသည်ဖြင့် ။
ဟုတ်ပြီ၊ အဲ့အချိန်ရောက်လာပြန်ပြီ။ ရတာလဲ ရှိမယ်၊ မရတာလဲ ရှိမယ်။ အဲ့အခိုက်ကို အခုရောက်ပြီ- ဆိုပါစို့။ ကျနော်တို့ အတွေး၊ မျှော်လင့်ချက်တွေ တကယ်တမ်း ရပ်သွားပါသလား။ ဆက်တွေး၊ ဆက်မျှော်လင့်နေဆဲပဲ မဟုတ်လား ။ အဲ့လိုနဲ့ ကျနော်တို့တွေရဲ့ မျှော်လင့်ချက် ဘယ်တော့ ပြီးမှာလဲလို့ ကျနော် မေးချင်ပါတယ်။ ကျနော်တို့ ဘဝ ဘယ်တော့ အပြီးတိုင် ငြိမ်ဝပ် သွားမှာတဲ့လဲ။
စင်စစ် မငြိမ်ဝပ်နေ တာက ဘဝ မဟုတ်ဘူး အကို။ “မျော်လင့်ချက်၊ ဆန္ဒ” စသည် ဝေါဟာရ၊ ပုံရိပ်တွေနဲ့ ဖွဲ့နွဲ့ထားတဲ့ အတွေး၊ စိတ်ကူး တွေ သာ ဖြစ်ပါတယ်။ အဲ့ဒီ အတွေး၊ စိတ်ကူး တွေဟာ ဘယ်တော့ မှ ရပ်တန့် မသွားဘူးရယ်။ နောက်ထပ် နောက်ထပ် အတွေး၊ နောက်ထပ် စိတ်ကူးတွေ ကိုပဲ ထပ်ဆင့် ပုံဖော်ယူ တယ်။
အကို့ ဘဝမှာ အတွေ့အကြုံတွေ တစ်ခုပြီး တစ်ခု ဖြတ်သန်း ခဲ့မှာပဲ မဟုတ်လား။ - အဲ့ အတွေ့အကြုံတွေကို စိတ်ကူး၊ ပုံရိပ်၊ စကားလုံးတွေနဲ့ ဖလှယ်ယူတတ် ခဲ့ပြီလား။ ဒါဆို အကိုတို့ ကျနော်တို့ ဘယ်မှာ အဖြေရှာနေပါသလဲ။ --- စင်စစ် "အတွေး၊ စိတ်ကူး" တွေထဲမှာသာ အဖြေရှာနေပါတယ်။ အဲ့ဒီ အတွေးတွေဟာ - အတွေးတစ်ခုပြီး တစ်ခု ပေါင်းစပ် ရင်း ( တနည်း ) စကား တစ်လုံးပြီး တစ်လုံး နွယ်ယှက်ရင်း “အဖြေ” ကို မျှော်လင့် တယ်။ အဲ့ အခါ - ကျနော်တို့ ရလာတာတွေက - နောက်ထပ် အတွေး၊ နောက် စကား တစ်လုံးသာ ဖြစ်နေရပြန်ပါတယ်။ အဲ့ဒီ အတွေး၊ စကားလုံး၊ စိတ်ကူးတွေ ကျနော်တို့ ဘယ်တော့ ပြီးမှာလဲ။
စင်စစ်အကြောင်းရင်းက- ကျနော် တို့ရဲ့ ရှင်သန်မှုဟာ “အခု” တည့်တည့်ပေါ်မှာ ရှိမနေတာ တစ်ခုတည်းပါ။ အတိတ်ကို ကြည့်၊ အနာဂတ်ကို မျှော် ခဲ့တဲ့ အနတဂ္ဂမ အချိန်ကာလ ကြာညောင်းခဲ့ပြီပဲ။ - မရှိတော့တဲ့ အတိတ်နဲ့ မလာသေးတဲ့ အနာဂတ် အပေါ် မှာသာ မျှော်လင့်တွေးဆချက်တွေ အရိုးရင့်ရင့် စွဲမြဲ တည်ရှိနေတော့တယ်။ ဆိုလိုတာက - ကျနော်တို့ နေထိုင်နေတဲ့ စစ်စစ် ဟာ ပစ္စုပ္ပန် မှာသာ ရှိနေပေမယ့် အများအားဖြင့် မိမိတို့ကိုယ်တိုင် တကယ် ရှိမနေလို့။ အခု -ကိုယ့် ရှင်သန်နေမှုကို အသိ မရှိလို့ ဖြစ်ပါတယ် ။
ဒါကို ဖယ်ရှားနိုင်တဲ့ တစ်ခုတည်းသော လမ်းဟာ ဘာဝနာ ပါ။ ဘာဝနာရဲ့ တရားကိုယ်ဟာ - မိမိကိုယ် မိမိ ရှုမြင်မှု၊ အခုလက်ရှိ အရင်းအတိုင်း သိမှု သက်သက် ကိုသာ ဆိုလိုတယ်။ ရှေ့ ပို့စ်အများမှာ ပြောနေကျ လိုလို ဖြစ်နေတဲ့ အတွက် ကျနော် ဒီမှာ ဖယ်ထားခဲ့ပါမယ်။
နောက်တစ်ခု ။ မေးခွန်းမှာ "ဘဝ ဖြတ်သန်း" လို့ ပါပါတယ်။-- ဘဝဟာ ဖြတ်သန်းတာ မဟုတ်ပါဘူး။ ဘဝ ဆိုတာ နေထိုင်တာပါ။ အဲ့ဒီ သိမှု ( Conscious ) နဲ့ အပြည့်အဝ နေထိုင်နေမှုသာ ဖြစ်ပါတယ်။
အခု တည့်တည့် အပေါ် သိမှု သက်သက်နဲ့ ရှင်သန်သူ အတွက် - ကောင်းမှု မကောင်းမှု ဘယ်ခွဲခြားမှုမှ လိုအပ်မနေဘူး ကြောင်း တွေ့ ပါလိမ့်မယ်။ - ( တကယ်နေကြည့်တဲ့ အခါ ) သိပါတယ်။ ဘယ် ဘာသာဝင် တံဆိပ်တွေရော လိုအပ်နေ သေးသလဲ။ သူ့ အတွင်း ၊ သူ့သန္တာန်မှာ ကြည်လင်နေမှု သက်သက်သာ ရှိနေတယ်။ ကိုယ်ကျင့်တရား နှုန်းစံ ဆိုတာ ဟာ အဲ့ဒီ ကြည်လင်တဲ့ သိမှု သက်သက် ကလေး ပျောက်ဆုံးတဲ့ အချိန်မှာ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။- ( တနည်း ) အကိုပြောတဲ့ ဘဝဖြတ်သန်းမှု အတွေးအခေါ် အယူအဆတွေ ယှဉ်ထိုး လာတဲ့ အခါမှသာ ဝင်ရောက်လာတဲ့ စံနှုန်းတွေပဲ လို့ ဆိုလိုတယ်။
အဓိကက - ပစ္စုပ္ပန်တည့်တည့်အပေါ် ရှုမြင် ရှင်သန်မှုပါ။
အဲ့အတွင်းမှာ သေခြင်း၊ ရှင်ခြင်း၊ ကောင်းခြင်း၊ မကောင်းခြင်း အားလုံး သိမြင်လက်ခံပြီးသား ဖြစ်ပါတယ်။
အကို့ နောက်မေးခွန်းတွေ အတွက် ဒီလောက်ဆို ပြည့်စုံပြီ ထင်ပါတယ်။
.........................................

( A: မိတ်ဆွေတစ်ယောက်။ B: ကျနော် )
A: ဘာသာတံဆိပ် ရှိနေတာဟာ အတော်အတန် အေးချမ်းနေပါသေးတယ်၊ ဟုတ်တယ် - မဟုတ်လား။ ဘာသာတံဆိပ်တွေ ရှိဖို့ လိုအပ်နေသေး တယ် မဟုတ်လား။
B: အဲ့ဒါ ဟုတ်ရဲ့လား ။ ကျနော် အမြင်နဲ့ ဆန့်ကျင်ဘက် နီးနီး လွဲနေလို့ မေးတာပါ။ ဘာသာတရား ရယ်လို့ ဝေါဟာရတစ်ခုနဲ့ - မိမိ ယုံကြည်ရာ အယူအဆကို ဖက်တွယ် ထားတဲ့သူတွေ၊ စာအုပ်အမည်းကြီးပိုက်ပြီး အော်ဟစ်နေတဲ့သူနဲ့၊ စာအုပ်အဝါရောင် ပုံစံအမျိုးမျိုးပိုက်ပြီး လက်ညှိုး ထိုးနေသူတွေ ကိုသာ တော်တော် များများ တွေ့နေ ရပါတယ်။
တကယ်လို့ ဘာသာတရား က ထိန်းကျောင်းမယ် ဆိုရင် မတူညီတဲ့ ခေတ်ကာလ ရဲ့ ပုံစံကို ရှုမြင်ထားနိုင်ဖို့ လိုတယ် မဟုတ်လား။ အထူးသဖြင့် - "တကယ့်လက်တွေ့ အသိတွေလား၊ တစ်ဖက်သတ် တယူသန် အစွဲအလမ်းတွေလား၊ မျက်စိမှိတ် ယုံကြည်ထားတာလား" ခွဲခြားနိုင်ဖို့ လိုအပ်နေပါမယ်။
A: ဘာသာတရားတွေက လူသားတွေကို ကျင့်ဝတ်တရားတွေနဲ့ အခုအချိန် အထိ ထိမ်းနိုင်သေးတာပဲ ။ ဟုတ်တယ်ဟုတ်။
B: အဲ့ဒါဟုတ်ပါတယ် အကို။ ထိမ်းနိုင်နေသေးတာက ဆက်ထိန်းထားမယ် လို့ ပြောတာ မဟုတ်ဘူး လို့ ကျနော် မြင်ပါတယ်။
ကျိန်းသေတာက အခု ခင်ဗျား တစ်ခုမဟုတ် တစ်ခု လုပ်နေမယ်။ ကိုယ်စားရမယ့် အစာအတွက် နိစ္စဓူဝ ကြည့်နေမိနိုင်တယ်။ ကိုယ်နဲ့ အသက်ရှူပုံချင်း၊ စိတ်နေ စိတ်ထားချင်း ဘယ်လိုမှ တစ်ထပ်တည်း မကျ တဲ့ သူတွေနဲ့ နေထိုင်ပြောဆို ဆက်ဆံနေရမယ်။ ခင်ဗျား အမြဲတမ်း တစိမ်းတွေ ကြားမှာ ချည်းသာ ရောက်နေ တယ်။
ဆိုလိုတာက ခင်ဗျားဟာ Alien ( သီးခြား ကွဲပြားနေတဲ့ သတ္တဝါ ) ပဲရယ် ။ ဒါကို အပြည့်အဝ ခံစား သိရှိတာဟာ ကိုယ့်သဘာဝကို ကိုယ်ပြန်တွေ့ရှိတာ သက်သက်ပါ။ အဲ့ဒီအခါ တစ်ကြိမ်တစ်ခါမှမပျော်ခဲ့ရဖူးတဲ့ ပျော်ရွှင်ချမ်းမြေ့မှုကို တွေ့လာ ရမယ် လို့ ဆိုချင်ပါတယ်။
ဒါ့ကြောင့် ကျနော့်ကို လာမေးတဲ့ အခါ -
ခင်ဗျား နကို ရှာဖွေနေတဲ့ သူပြောငါပြော အုတ်ရောရော ကျောက်ရောရော ယဉ်ကျေးမှုတွေကို စစ်ထုတ်ကြည့်ပါ။ ရောယောင်နေ ရင် ဖယ်ရှားပစ်ပါ။ အဲ့လိုပဲ ကျနော် ပြော မိလိမ့်မယ်။
ကမ္ဘာမှာ ခင်ဗျား ရဲ့ လောကဟာ ခင်ဗျား ဆီမှာပဲ သီးသန့် ရှိပါတယ်။ ခင်ဗျားရဲ့ အစစ်အမှန်ဟာ ခင်ဗျား ဆီမှာပဲ ရှိတယ်။ ဒါကို ရောယောင် နေချင်တဲ့ စိတ်ဆန္ဒတွေက ကွဲပြားနေရတဲ့ သဘာဝ ထိပ်ဆိုင်တွေ့ဖို့၊ ထိန်းညှိဖို့ ကြိုးစားရင် ရူးလွန်းတယ်။ ပဋိပက္ခ၊ ဒုက္ခတွေ ဆိုတာ အဲ့ဒီ ထိန်းညှိဖို့ ကြိုးစား မိနေရာကနေ ပေါ်ပေါက်လာ ရတာပဲ ဖြစ်ပါတယ်။
...........................
Thanks to Anonymous.

0 comments:
Post a Comment