နိုင်ငံရေးသမား ဖြစ်ချင်တယ်ဆိုရင် (၆)
“နိုင်ငံရေးသမား
ဖြစ်ချင်တယ်ဆိုရင်” ဆိုတဲ့ မိမိရဲ့စာစု ၄ မှာ၊ ခေတ်ပြိုင်
လူ့အဖွဲ့အစည်းများအတွင်းမှာရှိတဲ့ နိုင်ငံရေး ပါ တီများ အကြောင်း
တစေ့တစောင်း မိတ်ဆက်ပေးခဲ့ပါတယ်။ တကယ့်ကို တစေ့တစောင်းပါ။ ဘာကြောင့်လဲဆို
“နိုင်ငံရေး ပါတီ” များ ဆိုတာဟာ ခေတ်ပြိုင်ကမ္ဘာကြီးရဲ့ “သာမှုနာမှုအလုံးစုံ”
ကို စီမံခန့်ခွဲနေကြတဲ့ အဖွဲ့အစည်းများ ဖြစ်တာကြောင့် ပါပဲ။ အထူးသဖြင့်
အင်အားကြီးနိုင်ငံ စာရင်းပေါက်တဲ့ အမေရိကန်၊ အီးယူ၊ ဂျပန်နိုင်ငံတို့ဟာ
သူတို့ရဲ့ မဟာဗျူဟာအစု strategic package ထဲမှာ ပါကြတဲ့ နိုင်ငံကြီးများ
ဖြစ်ပါတယ်။
သူတို့က “ပါတီစုံစနစ်” ကျင့်သုံးတဲ့ နိုင်ငံအစုကြီးလို့ ဆို နိုင်ပေမယ့်၊ (အမှန်တကယ်က) “နှစ်ပါတီ”၊ (အလွန်ဆုံး) သုံးပါတီစနစ်ပဲ ကျင့်သုံးနေကြတာပါ။ ဒီပါတီကြီးများဆိုတာက လည်း၊ TNC သူဌေးကြီးတွေက ခြေဆုံး ခေါင်းဆုံး ကိုယ်စားပြုထားကြတာပါ။ နိုင်ငံတော်အာဏာဆိုတာဟာ သူတို့ပါပဲ။ “ကမ္ဘာ့နိုင်ငံရေး” ဆိုတာကို၊ သူတို့ပဲ စီမံခန့်ခွဲနေကြတာပါ၊ ကုလသမဂ္ဂ လုံခြုံရေး ကော်စီရဲ့ဆုံးဖြတ်ချက်မပါဘဲ အီရတ် ကိုတိုက်ဖို့ ဂျော့ခ်ျဘုရှ်ဟာ အင်္ဂလန်က တိုနီဘလဲရဲ့ထောက်ခံမှုကို ရပြီးမှ တိုက်တာပါ။ ဘာကြောင့်လဲဆိုတော့ အင်္ဂလန် ဆိုတာဟာ ကမ္ဘာပေါ်က (အစောဆုံး) အရင်းရှင်လူတန်းစားများရဲ့ ဇာတိချက်မြှုပ်နဲ့နေမ၀င် အင်ပါယာကြီးကို ထူထောင် ခဲ့တဲ့ နိုင်ငံပါ။ ၀ါရင့် အရင်းရှင်နိုင်ငံနဲ့ ၀ါရင့်အရင်းရှင်ကြီးများ ကိုယ်စားပြုတဲ့ နိုင်ငံပါ။ ကမ္ဘာ့နိုင်ငံရေးရဲ့ အရေးကြီး ကိစ္စ များကို (အင်္ဂလန်က တနည်းနည်းနဲ့ မပါဘဲ) မဖြစ်ပါဘူး။
ဒုတိယတန်း နိုင်ငံရေးအစုကတော့ စပိန်၊ အိန္ဒိယ၊ အီတလီ၊ ပေါ်တူဂီ၊ သြစတြေးလျလို နိုင်ငံများက အစိုးရများနဲ့ပါတီများ ပါပဲ။ တတိယကတော့ ယေဘုယျအားဖြင့် အာဆီယံလို (တတိယကမ္ဘာ) လို လူသိများတဲ့ နိုင်ငံအစိုးရနဲ့ပါတီများပါပဲ။ စတုတ္ထကတော့ တရုတ်၊ အင်ဒိုချိုင်းနား နိုင်ငံများ၊ မြောက်ကိုရီးယား၊ ကျူးဘား စတဲ့ တပါတီစနစ်ကျင့်သုံးတဲ့ နိုင်ငံများနဲ့ ကွန်မြူနစ် ပါတီများ အာဏာရထားတဲ့ နိုင်ငံများပါပဲ။ ဒီနိုင်ငံနဲ့ ပါတီများက လူတန်းစားဆိုတာကို သူတို့နိုင်ငံရေးစနစ်ရဲ့ အရင်းမူလအဖြစ် သဘောထားကြပါတယ်။ ကျန်တဲ့ နိုင်ငံများနဲ့ အစိုးရများ၊ ပါတီများက (မျက်စိအောက်၊ လူမှု အစုများ ကွဲပြားခြားနားနေတာကို” မသိကျိုးကျွန်ပြုပြီး) လူဆိုတာကိုပဲ ကိုင်စွဲထားကြတာပါ။ မျက်စိအောက်မှာ၊ ဆင်းရဲသား၊ အ လတ်တန်းစား၊ သူဌေးသူကြွယ် လူသုံးမျိုးရှိနေတာကို မြင်နေကြရတာပါ။ ဘတ်စ်ကား တိုးစီးနေရတဲ့ လူထု၊ တက္ကစီ စီး လူမှုအစု၊ ကိုယ်ပိုင်ကားစီးနေတဲ့ လူမှုအစု၊ ဒီလူမှုအစု (သုံးမျိုး) ကို မြင်နေရတာပါပဲ။ ပုဂ္ဂလိကပိုင် (စီးပွားရေး စနစ်) စနစ် နဲ့ လူတကိုယ်တမဲ စနစ်ဆိုတာဟာ လစ်ဘရယ် နိုင်ငံရေးစနစ် ပါပဲ။
မြန်မာနိုင်ငံ လွတ်လပ်ရေး ရခဲ့တဲ့ ၆၃ နှစ်အတွင်းမှာ အာဏာရပါတီ အဖြစ် “ဖဆပလ” အဖွဲ့ချုပ် ရှိခဲ့ပါတယ်။ အတိုက်အ ခံ အဖွဲ့အစည်းက (ပမညတ) ပါ။ ၁၉၄၇ ခု ဖွဲ့စည်းပုံ အုပ်ချုပ်ပုံ အခြေခံဥပဒေဟာ ၁၉၆၂ ခုနှစ်မှာ ရပ်ဆိုင်းသွားခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်။ ဇူလှိုင်လ ၄ ရက်မှာ “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ” ပေါ်လာပါတယ်။ ၁၉၆၃ ခု၊ မတ်လ ၂၈ ရက်နေ့မှာ “အမျိုးသား စည်းလုံးညီညွတ်ရေး ဥပဒေ” နဲ့ ပါတီစုံ ဒီမိုကရေစီစနစ် ပယ်ဖျက်ခြင်း ခံခဲ့ရပါတယ်။ ၁၉၇၄ ခုနှစ်၊ ဇန်န၀ါရီ လ ၃ ရက်နေ့မှာ၊ တပါတီစနစ်ကို ခွင့်ပြုထားတဲ့ ဖွဲ့စည်း အခြေခံစည်းမျဉ်းဥပဒေ ပေါ်ထွက်လာခဲ့ပါတယ်၊ ၁၉၈၈ ခုနှစ် ဇူလှိုင်ထဲမှာ၊ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံနဲ့အတူ “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလည်း ချုပ်ငြိမ်းသွားခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် စက်တင်ဘာကစပြီး ပါတီစုံစနစ် ဖြစ်ပေါ်လာခဲ့ပါတယ်၊ ၁၉၉၀ မေ ၂၇၊ အထွေထွေရွေးကောက်ပွဲမှာ NLD အဖွဲ့ချုပ် အနိုင် ရခဲ့ပါတယ်။ ၁၉၉၃ ခု “အမျိုးသားညီလာခံက ရေးဆွဲပေးခဲ့တဲ့” အခြေခံဥပဒေကို ၂၀၀၈ ခုနှစ်မှာ၊ လူထုဆန္ဒခံယူပွဲဆိုတာ နဲ့ အတည်ပြုခဲ့ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအစိုးရ တက်လာပါတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေက ခွင့်ပြုတဲ့ ဥပဒေဘောင်ထဲမှာ အရေးပါတဲ့ အတိုက်ခံပါတီအဖြစ် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီနဲ့ အမျိုးသားဒီမိုကရေစီပါတီနဲ့ တိုင်းရင်းသား မျိုးနွယ်စုပါတီများနဲ့ အခြားပါတီငယ်များလည်း ပေါ်ထွက်လာပါတယ်။ ဒါဟာ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေခေတ်၊ မြန်မာ့ပါတီစုံ ဒီမိုကရေစီစနစ် တည်ရှိပုံ ပုံကြမ်းပါ။
၂၀၀၈ခုနှစ် အခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပုံဖော်ထုဆစ်မယ့် မြန်မာ့ပါတီစုံ ဒီမိုကရေစီစနစ်ဟာ၊ မြန်မာ့သမိုင်း အတွက် ခေတ်တခေတ်ကို ပုံဖော်ဖို့ ၂၁ ရာစုသမိုင်းခေတ်အတွင်း ပထမခြေလှမ်းများကို စတင် လှမ်းထွက်ခဲ့ပါပြီ။
မျက်မှောက် သမိုင်းခေတ်ကတော့ ဈေးကွက်စီးပွားရေးစနစ်နဲ့ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးများ အတွက် ရုန်းကန်ကြ တဲ့ ခေတ်လို့ပဲ အများကမှတ်ယူနေကြတာပါ။ မျက်မှောက်သမိုင်းခေတ်ကို (ခင်ဗျားကလည်း) ဒီအတိုင်း မှတ်ယူတယ် ဆိုရင် (ခင်ဗျားရဲ့ ပုဂ္ဂိုလ်ဘ၀ Social Status ကလည်း) ဒီတိုက်ပွဲထဲမှာပါဖို့ တောင်းဆိုမယ်ဆိုရင်၊ (ခင်ဗျားလေးလေး နက်နက် ကိုင်စွဲမယ့် ဒဿနတခုခုလည်း ရှိပြီဆိုရင်တော့) (ခင်ဗျားရဲ့ယုံကြည်ချက်နဲ့ ရည်မှန်းချက်တွေကို အမှန်တကယ် အကောင်အထည် ဖော်ပေးနိုင်တယ် (လို့) (ခင်ဗျားယုံကြည်တဲ့) နိုင်ငံရေးပါတီ အဖွဲ့အစည်းတခုခုအတွင်းမှာ မုချပါဝင် ဆောင်ရွက်ရပါမယ်။ ဒီနေရာမှာ တခုတော့ ပြောချင်ပါတယ်။ “နိုင်ငံရေးပါတီ” ဆိုတာ၊ ကွန်ရက်တို့၊ NGO တို့လို အဖွဲ့အ စည်းမျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။ နိုင်ငံရေးပါတီဆိုတာ စည်းရုံး စုစည်းပုံ အဆင့်ဆင့်ရှိတဲ့ အဖွဲ့အစည်းမျိုး ဖြစ်ရပါမယ်။ နိုင်ငံရေး၊ စည်းရုံးရေး ပေါ်လစီရှိတဲ့ အဖွဲ့အစည်းမျိုး ဖြစ်ရပါမယ်။ (ကဲဒီအိမ်က ပါတီဝင်ကြဲဦးမလားဆိုတဲ့ ပါတီမျိုး မဖြစ်ရပါဘူး) လူပုဂ္ဂိုလ်တစုံတယောက်ရဲ့ အခန်းကဏ္ဍကို ပုံအောထားရတဲ့ ပါတီမျိုး မဖြစ်ရပါဘူး။ “စုပေါင်းအသိဉာဏ်၊ စုပေါင်း အားထုတ်မှုရှိတဲ့ အဖွဲ့အစည်းမျိုး ဖြစ်ရပါမယ်၊ ထက်အောက် ဆက်ဆံရေးမှာ၊ လွတ်လပ်မှုလည်းရှိ၊ ချုပ်ကိုင်မှု လည်းရှိတဲ့ အဖွဲ့အစည်းမျိုး ဖြစ်ရပါမယ်။ ခိုင်မာတဲ့ မဟာဗျူဟာနဲ့ ပျော့ပျောင်းမှုရှိတဲ့ နည်းပရိယာယ်များ ရှိရပါမယ်။ ပါတီ ၀င်များ ပါတီအမာခံ အင်အားများ hardcore ကို စုစည်းရာမှာ၊ မျှတတဲ့ “မူ” နဲ့ ပျော့ပျောင်းတဲ့ “လူ” ရွေးချယ်မှု စနစ်မျိုး ရှိရပါမယ်။ “မှု” ရှိတဲ့ အဆင့်ဆင့်၊ အစည်းအဝေးများ၊ ကွန်ဖရင့်များ၊ ကွန်ဂရက်များ မုချရှိရပါမယ်။ ပါတီဝင်နဲ့ အဆင့်ဆင့်၊ ပါတီ အဆောက်အအုံများ စုစည်းရာ၊ ဖွဲ့စည်းရာမှာ “လူထု လမ်းစဉ်များ ကျင့်သုံးရပါမယ်” “ချီးကျုးမှုနဲ့ အပြစ်ပေးမှုများ ဟာ၊ လက်စားချေတာမျိုး၊ ဂိုဏ်းခွဲတာမျိုး (လုံးဝ) လုံးဝ မဖြစ်စေရပါဘူး။ ပုဂ္ဂိုလ်ရေးနဲ့ အစုလိုက် လက်စားချေတာမျိုး (လုံးဝ) လုံးဝ မဖြစ်စေရပါဘူး။ ပါတီတရပ်ရဲ့ အကျိုးစီးပွားနဲ့ လူထုအကျိုးစီးပွား၊ လူအဖွဲ့အစည်းအကျိုးစီးပွားများ သဟ ဇာတ ဖြစ်နေသမျှ အဲဒီပါတီ တည်ရှိနေရမှာ မုချဖြစ်ပါတယ်။ တော်လျှင် အမြန်တင်၊ ညံ့လျှင်အမြန်ချ၊ သွားလေသူ မစ်ရှီ ဗစ် ကျန်နေသူ ဗော်လရှီဗစ် ဆိုတဲ့ ကေဒါပေါ်လစီကျင့်သုံးတဲ့ လက်ဝဲပါတီကြီး တခုရဲ့ သမိုင်းဝင် ပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဆရာကြီး () ဟာ၊ ၁၉၇၁ ခုနှစ်မှာ၊ လက်နက်ချသွားခဲ့ပါတယ်။ တခု ထူးထူးခြားခြား သတိပြုမိတာက၊ ဒီ ဆရာကြီးဟာ သူ့ပါတီ တည်ဆောက်ရေး ပေါ်လစီကို သူကိုယ်တိုင် အကောင်အထည်ဖော်ခဲ့တယ် ဆိုတာပါပဲ။
ပါတီဝင်တယောက်ရဲ့ အယူဝါဒရေး၊ နိုင်ငံရေး၊ စည်းရုံးရေး ဆိုတာကို (သူ့ပါတီ)က၊ တာဝန်ခံတာပါ “လူ”ဆိုတဲ့ ဖက်တာ ကို စီမံခန့်ခွဲရတာ၊ ပြုစုပျိုးထောင်ရတာဟာ အကြီးဆုံးအခက်အခဲပါပဲလို့ စီမံခန့်ခွဲမှု အုပ်ချုပ်မှုပညာ ဂုရုကြီးများက၊ ညည်း တွားမှတ်ချက် ပေးခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ လူဟာ သူ့အကျိုး (ယုံကြည်မှုနဲ့ ရုပ်ဝတ္တု) တစုံတရာမပါရင် ဘာမှ မလုပ်ချင်ကြဘူး။ လူဟာ စက်ပစ္စည်းတမျိုး မဟုတ်ပါဘူး။ ပိုပြီးအရေးကြီးတာက လူဟာ အသိဉာဏ် ဆင်ခြင်တုံ တရားရှိတဲ့ သက်ရှိ သတ္တဝါတမျိုးဖြစ်တယ် ဆိုတာပါပဲ။ အသိဉာဏ်ဆိုတာ အကြိမ်ကြိမ် တွေ့ကြုံရတဲ့ အတွေ့အကြုံပေါင်း ချုပ်ပါ။ ဆင်ခြင်တုံတရား ဆိုတာ Pure Reasoning သက်သက်တော့ မဟုတ်ပါဘူး။ အသိဉာဏ်ဆိုတာ လူ့ လူမှုလက် တွေ့နဲ့ Social Practice နဲ့ ဆင်ခြင်တုံတရားကို ပေါင်းစပ်ထားတာပဲ ဖြစ်ပါတယ်။ လူက သူ့ကို ပြုစုပျိုးထောင် ပေးတာ ဟာ သူကိုယ်တိုင်ရဲ့အကျိုးစီးပွားနဲ့ လူ့အဖွဲ့အစည်းရဲ့ အကျိုးစီးပွား တစုံတရာရှိတယ်လို့ သူ ခံယူ ယုံကြည်ရင်၊ ဒီအလုပ် ကို သူ လက်ခံယုံကြည် ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒါဟာ ဘယ်လုပ်ငန်း ဘယ်နယ်ပယ်မှာ ဖြစ်ဖြစ် တွေ့ကြရမယ့် လူ ကို ပြုစုပျိုးထောင်တဲ့ တရားရဲ့ အနှစ်ချုပ် ပါပဲ။
ဒါဟာ နိုင်ငံရေးပါတီ တရပ် တည်ရှိရေးမှာ၊ အရေးပါတဲ့ စည်းရုံးရေး အုပ်မြစ် ဖြစ်ပါတယ်။ အာဏာရ ဖဆပလ အဖွဲ့ချုပ် အာဏာရ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (တို့) ဘာကြောင့်များ ပြိုကွဲသွားကြရသလဲဆိုတာကို လက်တွေ့ကျကျ သုံး သပ် သင်ခန်းစာ ထုတ်နိုင်ရင်၊ ပါတီ တည်ဆောက်ရေးနှင့် ပတ်သက်တဲ့ ဆောင်စရာ ရှောင်စရာများ ရရှိနိုင်ကြမှာ သေချာ ပါတယ်။
အောင်သာ (ပီသုံးသုံး)
ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၂၊ အမှတ် ၇၅ မှ …

0 comments:
Post a Comment