Tuesday, January 10, 2012

ဘရောက်ဒါဝါဒ ပြန်လည်ဆန်းစစ်ချက်

by ခင် ရတနာ on Tuesday, January 10, 2012 at 5:47pm

  • ညီစောလွင်

 ဘရောက်ဒါဝါဒဖခင် အမေရိကန်ကွန်မြူနစ်ပါတီခေါင်းဆောင် အားလ်ဘရောက်ဒါ (နောက်ပိုင်း ပါတီမှ အထုတ်ခံရ)
သမိုင်းဆိုတာ သင်ခန်းစာယူဖို့ပဲ ကောင်းတယ်လို့ ခံယူပါတယ်။ သမိုင်းမှာ ဒါတွေ ဒီလိုဖြစ်ခဲ့လို့ အခုလည်း  ဒီလိုဖြစ်လာမယ်၊ သမိုင်းမှာ ဒီလိုလုပ်လို့ အခုလည်း ဒီလိုလုပ်ရမယ်ဆိုတဲ့ တရားသေစဉ်းစား ချက်တွေဟာ ရိုးလွန်းအားကြီးတယ်လို့ အခိုင်အမာ ယုံကြည်ပါတယ်။

ဘရောက်ဒါဝါဒအကြောင်းကို မြန်မာပြည်သမိုင်း လေ့လာသူတိုင်း သိကြပါတယ်။ ဒုတိယကမ္ဘာစစ် အပြီးမှာ အမေရိကန်ကွန်မြူနစ်ပါတီခေါင်းဆောင် ဘရောက်ဒါ (Earl Browder) ရဲ့ အယူအဆဖြစ်ပြီး၊ အိန္ဒိယကွန်မြူနစ်ပါတီက တဆင့် မြန်မာပြည်ကို ရောက်ခဲ့ပါတယ်။

အနှစ်သာရအားဖြင့် စစ်ကြီးပြီးသွားတဲ့ နောက်မှာ အရင်းရှင်နှင့် အလုပ်သမားလူတန်းစားတို့ရဲ့ နောက်ထပ် တိုက်ပွဲတွေ မလိုတော့၊ ဆိုရှယ်လစ်စနစ်ကြီး ကမ္ဘာကို လွှမ်းမယ်၊ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းသွားမယ်ဆိုတဲ့ သဘောဖြစ်ပါတယ်၊
(၁၉၉၀ အလွန် ဆိုဗီယက်ပြည်ထောင်စု ပြုသွားတဲ့အခါမှာ ဖူကူးယားမားဆိုတဲ့ ပညာရှင်တဦးကလည်း ဘရောက်ဒါဝါဒနဲ့ ပြောင်းပြန် ကမ္ဘာမှာ ဆိုရှယ်လစ်စနစ်ကို လစ်ဘရယ်ဒီမိုကရေစီက အနိုင်ရသွားလို့ သမိုင်းနိဂုံးချုပ်ပြီလို့ ဆိုခဲ့ပါတယ် - စကားချပ်)

မြန်မာပြည်လွတ်လပ်ရေးမတိုင်ခင် အနှစ် ၅၀ တ၀ိုက်မှာ နိုင်ငံရေးစနစ်တွေ အဆင့်ဆင့်ပြောင်းလဲခဲ့သည်ကို တွေ့နိုင်ပါတယ်။ ဒိုင်အာခီခေတ်၊ ၉၁ ဌာနခေတ်၊ ဖဆပလ ကြားဖြတ်ယာယီအစိုးရခေတ်၊ လွတ်လပ်ရေး စသဖြင့် မျဉ်းဖြောင့်ဆွဲလျှင် အဆင့်ဆင့် တိုးတက်လာတယ်လို့ ယူဆနိုင်ပါတယ်။

တိုးတက်မှုတိုင်းမှာ လူထုတိုက်ပွဲ၊ လက်နက်ကိုင်တိုက်ပွဲ၊ သို့မဟုတ် နှစ်မျိုးစလုံး ရှိခဲ့ပါတယ်။ လူထုတိုက်ပွဲနှင့် လက်နက်ကိုင်တိုက်ပွဲကလည်း တလှည့်စီဖြစ်ခဲ့တာဖြစ်ပါတယ်။ ၀ိုင်အမ်ဘီအေ၊ ဂျီစီဘီအေ၊ ဆရာစံ တောင်သူလယ်သမားသူပုန်၊ ဒို့ဗမာ အစည်းအရုံးခေတ်၊ ဖက်ဆစ်တော်လှန်ရေးတို့ တလှည့်စီဖြစ်ခဲ့ပြီး နောက်ဆုံး ဖဆပလ တပ်ပေါင်းစုကြီးဦးဆောင်တဲ့ လူထုတိုက်ပွဲ၊ ဥပဒေတွင်းတိုက်ပွဲ နည်းလမ်းတွေနဲ့ လွတ်လပ်ရေးရခဲ့တယ်လို့ ဆိုနိုင်ပါတယ်၊

အောင်ဆန်းအက်တလီ၊ နုအက်တလီစာချုပ်တို့နှင့် လွတ်လပ်ရေးရခဲ့တယ်ဆိုပေမယ့် ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းတဲ့နည်းနဲ့ (တနည်းအားဖြင့် ဘရောက်ဒါဝါဒအရ) လွတ်လပ်ရေးရခဲ့တယ်လို့ ကောက်ချက်ဆွဲရင် တဖက်သတ်အမြင်ပဲ ဖြစ်ပါလိမ့်မယ်။

စစ်ကြီးအပြီး ဘုရင်ခံရဲ့ အမှုဆောင်ကောင်စီကို ကြားဖြတ်ယာယီအစိုးရပုံစံဖြစ်အောင်လုပ်ဖို့ ဒေါ်မန်စမစ်နဲ့ ဆွေးနွေးပွဲတွေ ပျက်သွားတဲ့ သာဓက ရှိပါတယ်၊ ဒါကို မကျေနပ်လို့ လူထုလူတန်းစားအားလုံးပါဝင်တဲ့ စက်တင်ဘာ အထွေထွေ သပိတ်ကြီး ပေါ်ပေါက်ခဲ့တာကြောင့် အင်္ဂလိပ်ဘက်က အလျှော့ပေးပြီး ဘုရင်ခံရဲ့ ကောင်စီမှာ ဗိုလ်ချုပ်အောင်ဆန်းတို့ နေရာရခဲ့တာဖြစ်ပါတယ်။

ဒါတောင် ဗိုလ်ချုပ်အောင်ဆန်းတို့ကို လုပ်ကြံပြီး လွတ်လပ်ရေးကို နှောင့်နှေးဖို့ ကြိုးစားခဲ့တာ၊ လူထုရဲ့ နိုင်ငံရေးနိုးကြားမှုကို မဟန်တဲ့အဆုံးမှာ နုအက်တလီစာချုပ်နဲ့
လွတ်လပ်ရေး ပေးခဲ့တာဖြစ်ပါတယ်။ ပြန်ချုပ်လိုက်ရင် မြန်မာပြည်လွတ်လပ်ရေးခရီးမှာ ငြိမ်းချမ်းစွာအသွင်းကူးပြောင်းခဲ့တဲ့ အချိန်မရှိခဲ့ပါဘူး၊ စာလေးမှာ စိုးတဲ့အတွက် အသေးစိတ်တွေကို မပြောတော့ပါ။

မြန်မာပြည်မှာ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲတွေဟာ (၉၁) ဌာနခေတ် အုပ်ချုပ်ရေး၊ ရွေးကောက်ပွဲတို့အဆင့်ပဲရှိပါတယ်။ ဒါပေမယ့် ဒီမိုကရေစီကို နောက်တဆင့် တက်လှမ်းနိုင်ဖို့ကိစ္စမှာ တိုင်းပြည်မှာ သွေးထွက်သံယိုမှုတွေမရှိဘဲ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းဖို့အတွက် ပြည်သူတွေအများစုက လိုလားပါတယ်။ ကမ္ဘာအသိုင်းအ၀ိုင်းကလည်း  ဒီအတိုင်းဖြစ်လာဖို့ မျှော်လင့်နေတာ ထင်ရှားပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် ကမ္ဘာမှာ အာရတ်နွေဦးလို အာဏာရှင်တွေတယောက်ပြီး တယောက်ပြုတ်ကျ နေတာကိုလည်း မြင်နေရပါတယ်။ ဒီလိုအရပ်ရပ်အခြေအနေကို အကြောင်းပြုလို့ မြန်မာပြည်မှာ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းမှု ဖြစ်နိုင်မလား၊ စစ်ပြီးခါစ ဘရောက်ဒါဝါဒနှင့် စိတ်ကူးယဉ်သလို စိတ်ကူးနေကြတဲ့ အခြေအနေဖြစ်ပါတယ်။

ဒါပေမယ့် လာမယ့်ကြားဖြတ်ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၀င်တာဟာ သမ္မတအကြံပေးရဲ့ စကားအရ အခြေအနေပေးရင် အစိုးရအဖွဲ့ထဲမှာ ပါဝင်လာခဲ့ရင်တောင် စစ်ပြီးခေတ် ဖဆပလထဲ ဗိုလ်ချုပ်အောင်ဆန်းတို့ ဘုရင်ခံအမှုဆောင်ကောင်စီထဲပါတဲ့ အခြေအနေမျိုးနဲ့ အပုံကြီး ကွာခြားပါတယ်၊ ဒါလည်း လူတိုင်းသိနေတဲ့ ကိစ္စပါပဲ။



နိုင်ငံရေးအပြောင်းအလဲမှာ အစိုးရအဖွဲ့ထဲက သဘောထားပျော့ပျောင်းသူတွေကို ဆွဲဆောင်ဖို့ ပြောသံတွေ ကျယ်ကျယ်လောင်လောင် ကြားရပါတယ်။ ဒီလိုပဲ အတိုက်အခံလှုပ်ရှားမှုမှာ၊ ပြည်သူလူထုထဲမှာရော အစိုးရကို မယုံကြည်တဲ့ လူတွေကို ယုံကြည်အောင် လုပ်ဖို့ အစိုးရမှာ တာဝန်ရှိနေပါတယ်။

အခုအချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးအယူအဆ၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်တဲ့အတွက် လောလောဆယ် အတိုက်အခံအင်အားစုတွေထဲမှာ သဘောထားပျော့ပျောင်းသူတွေ အားကောင်းနေတာ မှန်ပါတယ်။  ဒါပေမယ့် လက်ရှိ အစိုးရ လုပ်ပုံကိုင်ပုံတွေအရ ပြည်သူတွေ ဘယ်လောက်သည်းခံနိုင်မလဲ မသေချာပါဘူး၊
သမိုင်းကြောင်း ပြန်ကောက်ရရင် စစ်ကြီးအပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဖဆပလရဲ့ လုပ်ပုံကိုင်ပုံတချို့ကို အားမရလို့ သခင်ကိုယ်တော်မှိုင်းကြီး ကိုယ်တိုင် အားမရခဲ့တဲ့အချိန်တွေရှိပြီး၊ စစ်ကြိုခေတ် ဒို့ဗမာ အစည်းအရုံးကို ပြန်လည်အသက်သွင်းဖို့ စဉ်းစားခဲ့တဲ့ သမိုင်းရှိပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ဖဆပလက ကာကွယ်ရေး၊ ပြည်ထဲရေးကို တောင်းလို့ရမှ ဘုရင်ခံရဲ့ ကောင်စီထဲပါဝင်ခဲ့တာဖြစ်ပါတယ်။ အဲဒီတုန်းက ၉-၁၀ ရက်အတွင်း ပြည်သူ့လွတ်လပ်မှုချုပ်ချယ်တဲ့ ဥပဒေဖျက်သိမ်းရေး၊ နိုင်ငံရေး အကျဉ်းသားတွေချက်ချင်းလွတ်ပေးရေး၊ ၃ လအတွင်း တင်းပြည့်ကျပ်ပြည့် အမျိုးသားအစိုးရ အခြေအနေဖြစ်ရေး၊ တနှစ်အတွင်းလွတ်လပ်ရေးစတဲ့ ကတိတွေကို ဗိုလ်ချုပ်အောင်ဆန်းတို့ ပေးနိုင်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င် ပြည်သူတွေက နိုင်ငံရေး ကာကွယ်ရေးနှင့် ပြည်ထဲရေးဌာနကို အစိုးရက အပိုင်စီးထားတာကို ဖျက်သိမ်းဖို့ မတောင်းဘဲနဲ့ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံရေးအကျဉ်းသားတွေကို အစိုးရက လွတ်မပေးပါဘူး၊

လက်ရှိအစိုးရလုပ်ပုံကိုင်ပုံတွေအရ ပြည်သူတွေ ဘယ်လောက်သည်းခံနိုင်မလဲ မသေချာပါ။ ဘုရင်ခံရဲ့ အမှုဆောင်ကောင်စီထဲကို ၀င်တဲ့အချိန်မှာ ဖဆပလအဖွဲ့အတွင်း သဘောတူခဲ့တာရှိပါတယ်။

အကယ်၍ ဘုရင်ခံရဲ့ အမှုဆောင်ကောင်စီထဲမှာ လွတ်လပ်ရေးအတွက် အလုပ်လုပ်လို့ မရဘူးဆိုရင် ဖဆပလ ဦးစီးအဖွဲ့က ထွက်ခဲ့လို့ ခေါ်တဲ့နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းရော တဖွဲ့လုံး ထွက်ရမယ်ဆိုတဲ့ ကတိပါ။  ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အလားတူ ကတိက၀တ်မျိုး လုပ်သင့်မလုပ်သင့် စဉ်းစားသင့်တယ်လို့ ယူဆပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရွေးတဲ့လမ်းက တိုင်းပြည်အတွက်ရော၊ အစိုးရအတွက်ပါ ကောင်းပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးဖြစ်ဖို့ အစိုးရဆီက အကူအညီလိုပါတယ်။ အစိုးရက အကူအညီမပေးတဲ့ အဆုံးမှာ ပြည်သူက သူ့လမ်းသူရွေးရပါလိ့မ်မယ်။



ဒီလိုဖြစ်လာရင် လူထုတိုက်ပွဲနှင့် လက်နက်ကိုင်တိုက်ပွဲတွေ ရှေ့တန်းပြန်မထွက်လာလို့ မဆိုနိုင်ပါ၊ မြန်မာပြည်သမိုင်းမှာ ဒီအတိုင်းဖြစ်ခဲ့ပါတယ်။

စက်တင်ဘာသပိတ်ဖြစ်တော့ ဆာဒေါ်မန်စမစ်တယောက် ၀မ်းကိုက်တယ်ဆိုပြီး အင်္ဂလန်ပြန်သွားပါတယ်။ မြန်မာပြည်မှာ လူထုတိုက်ပွဲတွေဖြစ်လာရင် အစိုးရခေါင်းဆောင်တွေအတွက် ပြေးစရာမြေမရှိ၊ စစ်တပ်အားကိုးတဲ့ အာဏာရှင်တွေ တယောက်ပြီး တယောက် ဇာတ်သိမ်းမကောင်းလှပါ။ 

တိုင်းပြည်ကို မနာစေချင်တဲ့ ပြည်သူတယောက်အနေနဲ့ လက်ရှိအပြောင်းအလဲမှာ ဘရောက်ဒါဝါဒ အောင်မြင်ဖို့ ဆုတောင်းပေးချင်ပါတယ်။


(ဇန်န၀ါရီ ၉၊ ၂၀၁၁)

အွန်လိုင်း မောက္ခမဂ္ဂဇင်းမှ

---------------------------------------------------

( ဖက်ဆစ်ဝါဒနဲ့ နယ်ချဲ့ဝါဒတွေ အားပျော့လာတဲ့အလျောက် တကယ့် အမျိုးသားလွတ်မြောက်ရေး ရဘို့အတွက် လက်နက်ကိုင်တိုက်ပွဲဆင်နွဲစရာမလိုဆိုတဲ့ အယူအဆကို တချိန်က အမေရိကန် ကွန်မြူနစ်ပါတီခေါင်းဆောင် အားလ် ဘရောက်ဒါဆိုသူက ပြောခဲ့ပါတယ်။ အထူးသဖြင့် ကွန်မြူနစ်ဝါဒနဲ့ အရင်းရှင်စနစ် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေနိုင်တယ်ဆိုတဲ့ အယူအဆကြောင့် ဘရောက်ဒါပိုပီး ထင်ရှားခဲ့ပါတယ်။

တချိန်က မြန်မာပြည်ကွန်မြူနစ်ပါတီထဲကို ဘရောက်ဒါဝါသွတ်သွင်းခဲ့သူတွေဟာ သခင်သန်းထွန်းနဲ့ သိန်းဖေမြင့် ဖြစ်တယ်၊ ဒီဝါဒဟာ ပြန်လည်ပြင်ဆင်ရေးဝါဒသာ ဖြစ်တယ်ဆိုပီး ၁၉၄၆ ခုနှစ်မှာ သခင်စိုးက မြန်မာပြည်ကွန်မြူနစ်ပါတီခေါင်းဆောင်ပိုင်းကို ဝေဖန်ရှုတ်ချခဲ့ပါတယ်။

စစ်အတွင်းက ဘရောက်ဒါဝါ၀င်ခဲ့တယ်။ ဒီဝါဒ၀င်လာတဲ့အတွက်ကြောင့် လွတ်လပ်ရေးကို ဗြိတိသျှနဲ့ စေ့စပ်ဆွေးနွေးပီးတော့ လွယ်လွယ် ငြိမ်းချမ်းစွာ လွတ်လပ်ရေးရမယ်ဆိုတာ မှားတယ်။ ဒါကြောင့် ဒီအမှားကို ဆက်မကျူးလွန်ဘဲ အင်္ဂလိပ်ကို လက်နက်ကိုင်တော်လှန်ရမယ်ဆိုတဲ့သခင်စိုးလမ်းစဉ်ကို ကျန်တော်တို့အားလုံး လက်ခံကြတယ်လို့ သိန်းဖေမြင့်ရေးခဲ့ပါတယ်။--ခင်ရတနာ)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...