ခေါင်းမာသူတိုင်း လူရိုင်းမဟုတ်ဘူး
by အား မာန် on Tuesday, January 3, 2012 at 10:10pm
နတ်ရှင်နောင်ရဲ့ စာအုပ်တွေ ဘေးမှာပုံထားပြီး
တအုပ်ကို ဖတ်နေဆဲမှာ လူငယ်တစု ရောက်လာကြ ပါတယ်။ မကြာခဏ
လာရောက်မေးမြန်းဆွေးနွေးနေကျ ဂျာနယ်သမားတွေပါ။ သူတို့ထဲက တယောက်က
နတ်ရှင်နောင်စာအုပ်တအုပ် ယူကြည့်ပြီး၊ နတ်ရှင်နောင် ကြိုက်သလားလို့ မေးပါတယ်။
"ရတုဘုရင်ပဲ မကြိုက်ဘဲ နေပါ့မလား" လို့ ဖြေလိုက်တော့ သူက
အံ့သြဟန်ပြပါတယ်။
ခေါင်းမာတာ လူရိုင်းမဟုတ်
ဒီလူငယ်အပါအ၀င် လူတော်တော်များများက
"အစွဲကြီးကြီးနဲ့ တော်တော်ခေါင်းမာတဲ့သူ" အဖြစ်သိထား ကြလေတော့
နတ်ရှင်နောင်ကို မဖတ်လောက်ဖူးလို့ ယူဆပုံ ရပါတယ်။ နောက်ပြီးတော့
လူတော်တော်များများက ခေါင်းမာတာနဲ့ ရိုင်းစိုင်း ကြမ်းတမ်းတာကို အတူတူပဲလို့
ယူဆထားလေ့ရှိပါတယ်။ ခေါင်းမာတယ်ဆိုတာ ရိုင်းစိုင်း ကြမ်းတမ်းတာ မဟုတ်ပါဘူး။
ယုံကြည်ရာ တခုခုကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ပြီး ရေလိုက်ငါးလိုက် မလုပ်တတ်၊
မနေတတ်တာပါ။ ကိုယ်တိုင်မှားတယ်လို့ မယူဆဘဲနဲ့လည်း ကိုင်စွဲထားတဲ့ အယူအဆကို
အလွယ်တကူ မစွန့်လွှတ်တတ်ပါဘူး။ ရာသီပြောင်းတိုင်း ပုတ်သင်ညိုလို
အရောင်လိုက်ပြောင်းတတ်သူများက သူတို့ အားနည်းပျော့ညံ့မှုကို ခုခံကာကွယ်ဖို့အတွက်
သူတို့ကအရင် သူများကို လက်ညှိုးထိုးလေ့ရှိတာကြောင့် ခေါင်းမာသူတိုင်းကို
ရိုင်းစိုင်း ကြမ်းတမ်းသူတွေအဖြစ် မြင်နေကြတာ ဖြစ်တယ်။
အစွဲကြီးသူ သိမ်မွေ့တတ်
အစွဲအလမ်းကြီးတတ်သူတွေဟာ အများအားဖြင့်
အင်မတန်သိမ်မွေ့ပြီး စိတ်ကူးယဉ်တတ် (romantic) သူတွေ ဖြစ်လေ့ရှိပါတယ်။ ကားလ်မတ်နဲ့
အိန်ဂျယ် နှစ်ယောက်စလုံးဟာ ပင်ပမ်းနွမ်းနယ်မှုကို တယောထိုးဖြေ ဖျောက်တတ်ပြီး၊
ဟိုချီမင်းနဲ့ မော်စီတုန်းတို့ ဆိုရင်လည်း ကဗျာဆရာတွေ ဖြစ်ပါတယ်။
မြန်မာ့နိုင်ငံရေး ခေါင်းဆောင်တွေ ဆိုရင်လည်း ဆရာကြီးသခင်ကိုယ်တော်မှိုင်းအစ
သခင်နု၊ သခင်အောင်ဆန်း၊ သခင်ဗဟိန်းတို့ အလယ် သခင်သိန်းဖေ၊ သခင်သန်းထွန်း၊
သခင်သန်းမြိုင်တို့ အဆုံး ကဗျာဆရာ၊ စာရေးဆရာတွေချည်းပါပဲ။ အစွဲလမ်းကြီး
ခေါင်းမာသူတိုင်းကို လူကြမ်းတွေ၊ လူရိုင်းတွေလို့ ယူဆလို့ မရပါဘူး။
ကိုယ်တိုင်ကလည်း ခေါင်းမာ တယ်သာ အပြောခံရတာ အီရတ်လို အာဖဂန်နစ္စတန်လို
စစ်မြေပြင်တွေမှာ မူလတန်းကျောင်းလေးပေါ် ဒုံးကျည် ကျရောက် ပေါက်ကွဲလို့
ကလေးသူငယ်တွေ ခြေပြတ်လက်ပြတ် သေဆုံးကြတဲ့ မြင်ကွင်းမျိုးတွေကို မြင်တိုင်း၊
မျက်နှာလွှဲပစ်မိတာ ချည်းပဲ။ အိပ်ရာဘေးမှာ ကဗျာစာအုပ်ထားပြီး ရှယ်လီ၊ ကိ၊
ဘိုင်ရွန်၊ ၀ါ့ဒ်စ်ဝါ့သ်တို့ရဲ့ 'ရိုမန်တစ်' ကဗျာတွေကို ခုထိဖတ်တုန်း၊
နတ်ရှင်နောင်၊ န၀ဒေး၊ လှိုင်ထိပ်ခေါင်တင်တို့ကိုလည်း ခုထိကြိုက်တုန်းပါပဲ။
စာတခြား လူတခြား
နတ်ရှင်နောင်ကို ကြိုက်တာက သူ့ကဗျာတွေကို
ကြိုက်တာ။ လူကို ကြိုက်တာ မဟုတ်ဘူး။ လူကိုတော့ စက်ဆုပ်တယ်။ နယ်ချဲ့သမားရဲ့
လက်ကိုင်တုတ် အမျိုးသား သစ္စာဖောက်ပဲ။ ဒါပေမယ်လို့ လူကိုမုန်းတာနဲ့ သူ့စာတွေ မဖတ်ရ
မကြိုက်ရလို့တော့ ဘယ်ပြောလို့ ဖြစ်မှာလဲ။ နယ်ချဲ့သမားနဲ့ ပူးပေါင်းတဲ့အတွက်
ထိုက်တန်တဲ့ ဒဏ်ခတ်မှုကို သူခံရပြီပဲ။ သူ့စာတွေကိုပါ သူနဲ့အတူ မြေမြှုပ်ပစ်ရမယ်
ဆိုတာမျိုးတော့ မလုပ်သင့်ပါဘူး။ စာတခြား၊ လူတခြား ခွဲခြားကြည့်ရမှာပေါ့။ လူက
နယ်ချဲ့သမားနဲ့ပေါင်းပေမယ့် ကဗျာတွေက နယ်ချဲ့ဘုန်းတော်ဘွဲ့ တွေမှ မဟုတ်တာ။
နတ်ရှင်နောင်ဆိုတဲ့ ကဗျာဆရာ၊ ရတုဘုရင်ဟာ နယ်ချဲ့သမားရဲ့ လက်ကိုင်တုတ် ဖြစ်တဲ့အတွက်
သေဒဏ်အစီရင်ခံ လိုက်ရတယ်ဆိုတဲ့ အဖြစ်မှန်ကို သိထားရင် ပြီးတာပဲ မဟုတ်ဘူးလား။
ကိုယ့်တိုင်ပြည် ကိုယ့်လူမျိုးကို သစ္စာဖောက်ပြီး တိုင်းတပါး နယ်ချဲ့သမားရဲ့
လက်ကိုင်တုတ်အဖြစ် အသုံးတော် ခံခဲ့သူများကိုတော့ ဘယ်လို အကြောင်းပြချက်မျိုးနဲ့မှ
ခွင့်လွှတ်လို့ မရနိုင်ပါဘူး။
နယ်ချဲ့အလိုတော်ရိတွေ
ပဒေသရာဇ်စနစ်နေရာမှာ ပါလီမန်ဒီမိုကရေစီစနစ်နဲ့
အစားထိုးဖို့ လုပ်တာဖြစ်တဲ့အတွက် ကင်းဝန် မင်းကြီးတို့ တတွေကို
အပြစ်မတင်သင့်ဘူးလို့ ဘယ်လိုပဲ ရှေ့နေလိုက်လိုက် နယ်ချဲ့ အလိုတော်ရိအဖြစ်
စိတ်ထဲမှာ ရွံ့ရှာ မုန်းတီးတာကိုတော့ ဖျောက်ပစ်လို့ မရပါဘူး။ အထူးသဖြင့် နယ်ချဲ့စစ်တပ်တွေ
မန္တလေးမြို့တော်ကြီးကို သိမ်းပြီးစ ကာလမှာ မျိုးချစ်ပုဂ္ဂိုလ်တွေက
ရရာလက်နက်စွဲကိုင်ပြီး ခုခံတိုက်ခိုက်နေကြတာကို လက်နက်ချကြဖို့၊ ဒေသအနှံ့သွားပြီး
ရွှေပြည်အေးတရားဟောတဲ့ လုပ်ရပ်တွေကိုတော့ ခါးခါးသီးသီး အော့နှလုံးနာမိတယ်။ တကယ်တော့
ကင်းဝန်အုပ်စုက ပဒေသရာဇ်စနစ်တိုက်ဖျက်တာ ပါလီမန်ဒီမိုကရေစီ လိုလားတာ မဟုတ်ပါဘူး။
သူတို့အကျိုးစီးပွါးအတွက် သူတို့သြဇာအာဏာ တည်ဆောက်ဖို့အတွက် ဆောင်ရွက်ခဲ့ကြတာသာ
ဖြစ်ပါတယ်။ မသမာတဲ့ ရည်ရွယ်ချက် (ulterior motive) နဲ့ လုပ်ခဲ့တာ ဖြစ်ပါတယ်။
တာတေလန်အကျင့်ဆိုးတဲ့
လောကမှာ မမှားဖူးသူ မရှိပါဘူး။
အလောင်းတော်မြတ်ကြီးသော်မှ မှားခဲ့လို့ ခြောက်နှစ်လုံးလုံး ဒုက္ကရစရိယာ
ကျင့်ခဲ့ရတာပဲ။ ဒါကို နားလည်ပါတယ်။ ဘယ်လိုပဲ မှားမှား မသိလို့မှားတာ မတတ်လို့
မှားတာကို အပြစ် မမြင်ပါဘူး။ မှားမှန်းသိသိကြီးနဲ့ ကိုယ်ကျိုးစီးပွါးအတွက်
"ဘယ်သူသေသေ ငတေမာရင်ပြီးရော" စိတ်ဓာတ် မျိုးထားတဲ့ မသမာတဲ့ ရည်ရွယ်ချက်
(ulterior motive) နဲ့ လုပ်ဆောင်တဲ့ အမှားမျိုးကိုတော့ ခါးခါးသီးသီး ရွံ့ရှာပါတယ်။
ဘယ်တော့မှလဲ ခွင့်မလွှတ်ပါဘူး။ နတ်ရှင်နောင်တို့ ကင်းဝန်မင်းကြီးတို့ စာတွေကို
ကြိုက်ပေမယ့် ဖတ်မြဲဖတ်ဆဲ ဖြစ်ပေမယ့် နယ်ချဲ့လက်ကိုင်တုတ်သမားအဖြစ်
ဆောင်ရွက်ခဲ့တာတွေကိုတော့ ဘယ်တော့မှာ မေ့မထားပါဘူး။ အလားတူပဲ
လွတ်လပ်ရေးခေတ်နောက်ပိုင်း မြန်မာစာရေးဆရာတွေထဲမှာ စာကို ကြိုက်သလောက် လူကို
မကြိုက်နိုင်တဲ့ စာရေးဆရာတွေ ရှိခဲ့ပါတယ်။ စာရေးသားမှုမှာတော့
"ရှာမှရှား" ဆိုလောက်သူတွေပါ။ ဒါပေမယ့် လူကျတော့ "တာတေလန်အကျင့်ဆိုးတဲ့
အရည်းတကာ့ ထိပ်သီးရှင်မထီး" ဆိုတဲ့ စကားထက်တောင် ပိုလိမ့်မယ်လို့ ဆိုရမယ့်
သူတွေပါ။
မသမာရည်ရွယ်ချက်
အကျင့်ဆိုးတယ်ဆိုတာ အရက်သောက်တာကို
ပြောတာမဟုတ်ပါဘူး။ အရက်သမားတိုင်း အကျင့်မဆိုး ပါဘူး။ ဆရာပီမိုးနင်းတို့၊
ဆရာမဟာဆွေတို့ဆိုတာ တိုင်းသိပြည်သိ အရက်ကြိုက်သူတွေ ဖြစ်ပါတယ်။ ဆရာကြီးများဟာ
အရက်သောက်ပေမယ့် သူတို့ ချမ်းသာကြီးပွါးရေးအတွက် ပြည်သူ လူမျိုးနဲ့ စာပေအပေါ်မှာ
ဘယ်တော့မှ သစ္စာမဖောက်ခဲ့ကြပါဘူး။ သစ္စာမဖောက်ရုံသာ မဟုတ်ပါဘူး။
တိုင်းကျိုးပြည်ကျိုးကို ရှေ့တန်းက လုပ်ဆောင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ အကျင့်ဆိုးဆိုတာက
ကိုယ်ကြီးပွါးချမ်းသာဖို့၊ ကိုယ်ထင်ပေါ်ကျော်ကြားဖို့၊ ကိုယ့်အတွက် အခွင့်ထူးတွေ
ခံစားရဖို့ဆိုတဲ့ "မသမာတဲ့ရည်ရွယ်ချက်" (ulterior motive) တွေနဲ့
လုပ်ဆောင်တာ မျိုးကို ပြောတာပါ။ ဒီလိုလူမျိုးတွေ ရှေးကလည်း အများကြီး ရှိခဲ့သလို
ခုခေတ်မှာလည်း အများကြီး ရှိပါတယ်။ အထူးသဖြင့် နိုင်ငံရေးနယ်ပယ်မှာ
အများဆုံးရှိပေမယ့် စာပေနယ်မှာလည်း မနည်းလှပါဘူး။
စိတ်ဓာတ်အောက်တန်းကျမှု
ကိုယ်မှန်တယ်လို့ ယုံကြည်တာ တခုခုကို
လုပ်ရင်းနဲ့ မှားသွားတာဟာ အပြစ်မဟုတ်ပါဘူး။ အမှန်တကယ် ယုံကြည်တာ မဟုတ်ပဲနဲ့
ကိုယ်ကျိုးစီးပွား မျှော်ကိုးပြီး ယုံချင်ယောင်ဆောင် လုပ်ပြတာမျိုးကတော့ စိတ်ဓာတ်
အောက်တန်းကျမှု ဖြစ်ပါတယ်။ အင်မတန်ကြီးမားတဲ့ အပြစ်ပါ။ အယူအဆမှားတာဟာ
အပြစ်မဟုတ်ဖူး။ အယူအဆကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာတာကသာ အပြစ်ဖြစ်တယ်။
ကိုယ်တိုင် လက်ခံ ယုံကြည်ထားတဲ့ အယူအဆတွေ ဘယ်လောက်အထိမှန်တယ်၊ ဘယ်အချိန်ထိ
မှန်နေဦးမယ်ဆိုတာ အသေအချာ မပြောနိုင်ဘူး။ အသေအချာပြောနိုင်တာကတော့ ခုချိန်အထိ
အမှန်ဆုံး၊ အကောင်းဆုံးလို့ ယုံကြည်တယ်ဆိုတာပဲ ဖြစ်တယ်။ ကိုယ်လို
မယုံကြည်သူတွေလည်း အများကြီး ရှိနေတာပဲ။ ကိုယ်နဲ့မတူလို့ ရန်သူလို သဘောမထား ပါဘူး။
သူယုံကြည်တာကို ရိုးသားဖြောင့်မတ်စွာ လုပ်ကိုင်နေတဲ့ သူများကို အယူအဆ မတူပေမယ့်
လေးစား ရိုသေပါတယ်။ ကွယ်လွန်သူ သတင်းစာဆရာကြီး မြန်မာ့အလင်း ဦးသန်းညွန့်ဆိုတာ
အင်မတန် ရိုးသား ဖြောင့်မတ်တဲ့ သတင်းစာ ဆရာကြီးတယောက် ဖြစ်ပါတယ်။
ယုံကြည်မှုခြင်းကတော့ တယောက်နဲ့တယောက် မတူပါဘူး။ ဒါပေမယ့် သူ့ကို အထူးကို လေးစား
တန်ဘိုးထားပါတယ်။ ကိုယ့်ဆရာ မဖြစ်ဖူးပေမယ့် အခါကြီး ရက်ကြီးများမှာ
ကျွန်တော်ကန်တော့ပါတယ်။ သူကလည်း သူ့အောက် အသက် အများကြီး ငယ်တဲ့ ကျွန်တော့်ကို
အင်မတန် ခင်တွယ်ရှာပါတယ်။ သူ့ကျန်းမာရေး သိပ်မကောင်းတဲ့ ကြားကတောင်
တပါတ်တခေါက်တော့ အနည်းဆုံး မှန်မှန်လာပြီး စကားတွေ ပြောပါတယ်။ တခါတလေများ
မနက်တခေါက် ညနေတခေါက်တောင် ရောက်ချင် ရောက်လာတတ်တာ။ အိမ်ချင်းက နီးတာကိုး။
လိမ်တာသိဖို့ အရေးကြီး
ယုံကြည်ချက်ကို ယုံကြည်တဲ့အတွက် အခိုင်အမာ
ကိုင်စွဲထားသူကို ဆန့်ကျင်ဘက် အယူအဆ ရှိသူပဲဖြစ်စေ လေးစားတန်ဘိုးထားတတ်သူဟာ
စိတ်ဓါတ် ရင့်ကျက်ပြည့်ဝသူ ဖြစ်ပါတယ်။ အရေးကြီးတာက ကိုယ်တယောက် ကြီးပွါး
ချမ်းသာဖို့အတွက် မယုံတာကို ယုံချင်ယောင်ဆောင်ပြီး လိမ်နေတဲ့သူတွေကို ခွဲခြား
သိမြင်ဖို့သာ ဖြစ်တယ်။ ဒီလို ကောက်ကျစ်တဲ့ လူမျိုးတွေကိုတော့ ပြတ်ပြတ်သားသားကို
စည်းခြားထားလိုက် ရမှာပါ။ ဒီလူတွေဟာ၊ နတ်ရှင်နောင်လို၊ ကင်းဝန်လို အန္တရာယ်ကြီးမားသူတွေ
ဖြစ်တယ်လို့ပဲ ဆိုလိုက်ချင်ပါတယ်။
လူထုစိန်ဝင်း
(Weekly Eleven တွင် ဖော်ပြခဲ့ဖူးသော ဆောင်းပါး
ဖြစ်သည်။ မာယာ အွန်လိုင်း မဂ္ဂဇင်းတွင်လည်း ဖော်ပြထားသည်။)
0 comments:
Post a Comment