ဘုရားသာသနာလား၊ စစ်တပ်သာသနာလား
by အား မာန် on Tuesday, January 3, 2012 at 11:22pm
(၁) “အရှင်ဘုရား .. အရှင်ဘုရားတို့ ကူညီထားတဲ့ သီလရှင်ကို စက်ချုပ်သင်တန်းက လက်မခံတော့ဘူးတဲ့ ဘုရား”
အထက်ပါ စကားကို အမောတကော လျှောက်ထားသူကတော့ သံဃာတော်တွေနဲ့ သီလရှင်တွေကို ထောင်ဝင်စာ တွေ့နေသူ ၂၀၁၁ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုရှင် ဒေါ်ရှုပါ။
ဘာများဖြစ်လို့ပါလိမ့်လို့ ဆက်မေးကြည့်တော့
“မှန်ပါ့ စက်ချုပ်သင်တန်းကို တပည့်တော်ကိုယ်တိုင် လိုက်အပ်ပေးတာလေ၊ အဲဒါ ဒီနေ့ တပည့်တော်ပုံကို ဂြိုဟ်တုစလောင်းကနေ တွေ့လို့တဲ့၊ တပည့်တော် အပ်တာဆို လက်မခံရဲတော့ဘူး ဆိုပြီး ပိုင်ရှင်က နှင်ထုတ်လိုက်တာပါဘုရား” ဟု ပြန်လျှောက်၏။
အော် ဖြစ်မှဖြစ်ရပလေဟုသာ ညဉ်းမိပါတော့တယ်။
(၂) အပြည့်အစုံ နားလည်အောင် ပြန်ပြောရရင်တော့ အဖြစ်က ဒီလိုပါ၊
၂၀၀၇ စက်တင်ဘာ အရေးအခင်း ဖြစ်တော့ အနယ်နယ် အရပ်ရပ်က ဘုန်းကြီးကျောင်းတွေကို စစ်တပ်က ၀ိုင်းဖမ်းလို့ ရဟန်း သံဃာတော်တွေ၊ သီလရှင်တွေ အမြောက်အမြား အဖမ်းခံခဲ့ရပါတယ်။ အဲဒီ အဖမ်းခံရတဲ့အထဲက မြောက်ဥက္ကလာပမြို့နယ် သစ္စာသရဖူကျောင်းလည်း တကျောင်း အပါအ၀င်ပါ။ ကျောင်းထိုင် ဆရာတော် အပါအ၀င် သံဃာ (၇) ပါးနဲ့ သီလရှင်(၇) ပါး အဖမ်းခံခဲ့ရတယ်။ အချို့ ဆရာတော်ကြီးတွေနဲ့ သီလရှင်ကြီးတွေက သက်တော် ၇၀ ကျော် ၈၀ နီးပါး အရွယ်တွေပါ။ ဆရာတော်ကြီးတစ်ပါးနဲ့ သီလရှင်ကြီး နှစ်ပါးက လေဖြတ်ခံထားရသူတွေ။ အဲဒီတုန်းက အဖမ်းခံခဲ့ရပုံကို ဆရာလေး ၀ိစိတ္တက ဒီလို ပြန်ပြောင်း ပြောပြခဲ့ပါတယ်။
“ညအချိန်မတော်ကြီးဘုရား စစ်တပ်က ၀ိုင်းပြီး ဖမ်းတာ ဘုရား၊ တပည့်တော်တို့ ကျောင်းက ဆရာတော်ကြီး အပါအ၀င် သံဃာ (၇) ပါးနဲ့ သီလရှင် (၇) ပါး အဖမ်းခံခဲ့ရပါတယ် ဘုရား၊ တပည့်တော်တို့ကို အကြိမ်ကြိမ် ရုံးထုတ် စစ်ဆေးပြီး ပုဒ်မ (၂၉၅) (က)၊ ပုဒ်မ (၂၉၂) တို့နဲ့ ထောင်ဒဏ် (၄) နှစ်နဲ့ (၃) လ အသီးသီး ချမှတ်ခံခဲ့ရပါတယ် ဘုရား” ဟု ဝမ်းနည်း ကြေကွဲစွာ တုန်တုန်ရင်ရင်ဖြင့် လျှောက်ထားပါတယ်။
“ထောင်တွင်း အတွေ့အကြုံနဲ့ ပတ်သက်ပြီးတော့လဲ အစားအသောက် ကိစ္စတွေ၊ ကျန်းမာရေး ကိစ္စတွေကတော့ အများသိပြီး ဖြစ်လို့ ထပ်မလျှောက်ချင်တော့ပါ ဘုရား”
“တပည့်တော် စိတ်မကောင်း အဖြစ်ရဆုံးကတော့ တပည့်တော် အမေအိုကြီး ထောင်တွင်းမှာ အရိုက်ခံရတာကို မျက်စေ့ထဲက မထွက်ဘူး ဘုရား” ပြောရင်း ငိုချင်းချပါလေတော့တယ်။
တမိနစ်ခန့် ကြာမှ အသံကို ထိန်းပြီး
“တပည့်တော် အမေအို သီလရှင်ကြီးက အသက် (၆၀) ကျော် (၇၀) နီးပါး ဖြစ်နေပြီ ဘုရား၊ နဂိုထဲက စိတ်က သိပ်မမှန်တော့ဘူး ဘုရား၊ အသက်ကလဲကြီး အနေအထိုင် အစားအသောက်ကလဲ ဆင်းရဲတော့ စကားများတာပေါ့ ဘုရား၊ အဲဒါကို ထောင်ဝန်ထမ်းတွေက ဆူတယ် ညံတယ် အေးအေးမနေဘူး ဆိုပြီး အမေအိုကြီးကို လက်သီးနဲ့ ထိုးတာ သွားနှစ်ချောင်း ကျိုးသွားတယ် ဘုရား၊ နောက် ဘယ်နေရာတွေ ဘာဖြစ်ကုန်လဲ မသိဘူး ဘုရား၊ တော်တော်နဲ့ သတိမရဘူး၊ အတော်လေး ခံလိုက်ရတယ်၊ ကိုယ့်အမေအိုကြီးကို ကိုယ့်ရှေ့မှာ ထောင်ဝန်ထမ်းက လက်သီးနဲ့ ထိုး၊ ခြေထောက်နဲ့ ကန် လုပ်နေတာကို တပည့်တော် ဘာမှ မပြောနိုင်၊ မကယ်နိုင်နဲ့ ဘယ်လောက် ခံစားရမယ်ဆိုတာ အရှင်ဘုရား စဉ်းစားကြည့်ပါဘုရား” ဟု ဝမ်းနည်း ကြေကွဲစွာ ပြန်ပြောပြရှာပါတယ်။
အတော်လေး ကိုယ်ချင်းစာတရား ခေါင်းပါးတဲ့ ထောင်ဝန်ထမ်းပါတကား ဟု သက်ပြင်း အခါခါ ချမိပါတယ်။
အဖမ်းခံခဲ့ရတာနဲ့ ပတ်သက်ပြီးတော့လည်း
“တပည့်တော် တကယ် ခံစားရတယ် ဘုရား၊ ဖြစ်ပျက်သွားတာတွေကို အစကနေ အဆုံးအထိ မမေ့ဘူး ဘုရား၊ တပည့်တော်ရဲ့ ဘ၀မှာ ဒါမျိုး ဖြစ်လိမ့်မယ်လို့လဲ တခါမှ ထင်မထားဘူး ဘုရား၊ တပည့်တော်တို့ကို အပြစ်မရှိဘဲ အပြစ်ရှာပြီး ဖမ်းလို့ ၄ နှစ်ကျော် ထောင်ထဲမှာ နေခဲ့ရတယ်၊ နာနာကျင်ကျင်ကြီးကို ခံစားရပါတယ် ဘုရား၊ အတတ်နိုင်ဆုံး တရားနဲ့ ဖြေပါတယ် ဘုရား၊ ဂလဲ့စား ချေလိုစိတ်လဲ မရှိပါဘူး ဘုရား” ဟု နာကျည်းသံတ၀က် တရားသံလေးတ၀က် စွက်ပြီး ဖြေကြားပါတယ်။
(၃)
တပည့်တော်တို့ သီလရှင် လေးပါးလုံး ထောင်က လွတ်မြောက်လာခဲ့ပါတယ်။ ထောင်က ထွက်လာတော့ အရင် နေခဲ့တဲ့ ကျောင်းကို ပြန်ပါတယ်၊ တပည့်တော်တို့ သီလရှင်တွေ မရောက်ခင် အာဏာပိုင်တွေက အရင် ကြိုရောက်နေပြီး ဒီကျောင်းမှာ ပြန်နေလို့ မရတဲ့ အကြောင်း၊ သီလရှင် ဝတ်ခွင့်မပြုနိုင်ကြောင်း ပြောပြီး သီလရှင်တွေကို မောင်းထုတ်ခဲ့တာပါ၊ ထောင်က ထွက်ခါစ ကျန်းမာရေးကလည်း မကောင်း၊ နေစရာ စားစရာ မရှိ၊ ဘယ်သွားရမှန်း မသိနဲ့ တပည့်တော်တို့ သီလရှင်တွေ လမ်းပေါ်မှာ ယောင်ချာချာ ဖြစ်နေခဲ့တာပါ၊ နောက်ဆုံး တပည့်တော်တို့ သတိရလိုက်တာကတော့ အမှု ရင်ဆိုင်ရတဲ့အခါ တရားရုံးကို လာပြီး ဆွမ်းကပ်သူ၊ အ၀တ်အစား၊ ဆေးဝါးပေးသူ၊ ထောင်တွင်းကို ထောင်ဝင်စာ ပို့ပေးနေသူ ဒေါ်ရှုကိုပါ၊ ဒေါ်ရှုက သီလရှင်တွေရဲ့ အခက်အခဲကို ဖြေရှင်းပေးလိုက်လို့ အထိုက်အလျောက် အဆင်ပြေသွားပါတယ်။
လွတ်လာတဲ့ သီလရှင် လေးပါးထဲမှာ သီလရှင်အိုကြီး နှစ်ပါးကတော့ သူတို့ရဲ့ အမျိုးတွေက တာဝန်ယူသွားလို့ အဆင်ပြေသွားပါတယ်။ တပည့်တော်တို့ သားအမိကတော့ ဦးလေးဖြစ်သူ အိမ်မှာ ကပ်ယပ်ပြီး နေထိုင်ခဲ့ကြပါတယ်။ ဦးလေးဖြစ်သူက အကြော်ရောင်းကျွေးပြီး စောင့်ရှောက်ခဲ့တာပါ၊ အတော်လေး ဆင်းရဲတယ်ပါတယ် ဘုရား ဟု ကြောင့်ကြောင့်ကြကြ ပူပူပင်ပင် ဆိုရှာပါတယ်။
သီလရှင်လဲ ပြန်ဝတ်လို့လဲ မရတော့တဲ့ ဆရာလေး ၀ိစိတ္တကို အသက်မွေးဝမ်းကျောင်းမှု အတွက် ဒေါ်ရှုက စက်ချုပ်သင်တန်း အပ်ပေးခဲ့ပေမဲ့ စက်ချုပ်ရုံ သင်တန်းပိုင်ရှင်က အထက်က ပြောခဲ့သလို အကြောက်လွန်ပြီး အခုလို လက်မခံရဲတော့ဘူး ဆိုတဲ့ အခြေအနေတွေ ဖြစ်လာတာပါ။ စာရေးသူလဲ မည်ကဲ့သို့ ပြုလုပ်ပေးရမည် မသိ ဖြစ်သွားရပါတယ်။ တခုခုတော့ အဆင်ပြေအောင် စီစဉ်ပေးရဦးမယ် ထင်ပါရဲ့။
(၄)
ထောင်ထွက်တွေရဲ့ ဘ၀တွေက အင်မတန် ၀မ်းနည်း ကြေကွဲစရာတွေပါ။ ဆွေမျိုးသားချင်းတွေက အစ အာဏာပိုင်တွေက ဒုက္ခပေးမှာ ကြောက်လို့ သူတို့အိမ်ကို ထောင်ထွက်တွေ လာမှာကို စိုးရိမ်ကြတယ်၊ အခုတော့ သူတို့ ဘာဆက်လုပ်ရမှန်း မသိနဲ့ စိတ်ဆင်းရဲစွာ ဘ၀ကို ရင်ဆိုင်နေကြပါတယ်။ သူတို့လိုပဲ ထောင်က ထွက်လာတဲ့ သံဃာတော်တွေလဲ ဒီလို အဖြစ်ဆိုးတွေနဲ့ ကြုံခဲ့ကြရတာပါ။ ယခု နယ်စပ် တနေရာကို ရောက်နေတဲ့ မိမိအသိ ဆရာတော် နှစ်ပါး ဆိုရင် ထောင်ထဲမှာ ၁၆ နှစ် နေခဲ့ကြရပြီး ထောင်က ထွက်လာတဲ့အခါ လက်ရှိ ကျောင်းထိုင်ဆရာတော် ကိုယ်တိုင်က သိပ်ပြီး လက်မခံချင်တဲ့ အတွက် အာဏာပိုင်တွေကို သူတို့ ကိုယ်တိုင် ကျောင်းကို ဘယ်နိုင်ငံရေးသမားတွေ လာတယ်၊ ဘယ်သွားတယ်၊ ဘယ်လာတယ် စသည်ဖြင့် သတင်းတွေ ပေးနေလို့ ဆက်မနေရဲတော့ဘဲ ဇာတိရွာတွေကို ပြန်သွားခဲ့ရပါတယ်။
ရောက်တဲ့နေရာမှာ အာဏာပိုင်တွေက ထောင်ထွက် ဘုန်ကြီးတွေကို လက်ခံထားတဲ့ ဘုန်းကြီးကျောင်းနဲ့ ကူညီနေသူတွေကို မကူညီရဲအောင် နည်းမျိုးစုံနဲ့ ခြိမ်းခြောက်ပါတယ်။ ထောင်ထွက် ဘုန်းကြီးတွေကိုလဲ နေလို့ မရအောင် အနှောင့်အယှက် ပေးတဲ့အတွက် ပြည်တွင်းမှာ ဆက်မနေရဲတော့ဘဲ ထိုင်းနိုင်ငံ လွတ်မြောက်နယ်မြေ တနေရာကို ထွက်ခွာလာခဲ့ရပါတော့တယ်။ အဲဒီထက် ပိုပြီး ဆိုးတဲ့ အဖြစ်အပျက် တခုလဲ ရှိပါသေးတယ်။
လွန်ခဲ့တဲ့ ခြောက်လလောက်က ထောင်က ထွက်လာတဲ့ ဘုန်းကြီးအိုကြီး တစ်ပါးရဲ့ အဖြစ်မှန်ပါ၊ ထောင်က ထွက်လာတော့ အရင်နေခဲ့တဲ့ ကျောင်းကလဲ လက်မခံ၊ အခြားကျောင်းတွေကလဲ အာဏာပိုင်ကို ကြောက်လို့ လက်မခံရဲကြဘူး။ နေစရာ ကျောင်းမရှိလို့ ရထားဘူတာမှာ သွားအိပ်နေရရှာပါတယ်။ ရဲပတ္တရောင်နဲ့ တိုးပါတယ်။ ဘုန်းကြီးဖြစ်ကြောင်း၊ ဒီနေ့မှ ထောင်က ထွက်လာကြောင်းနဲ့ ထောင်ထွက်လက်မှတ်ကို ပြပြီး ရှင်းပြပေမဲ့ လက်မခံဘဲ ထောင်က ထွက်တဲ့နေ့မှာပဲ ပြန်လည် အဖမ်းခံလိုက်ရပါတယ်။ တကယ့်ကို ၀မ်းနည်းစရာ ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်နေပါပြီ။
န၀တ နအဖ လက်ထက်မှသည် ဦးသိန်းစိန်အစိုးရ တက်လာတဲ့ ယနေ့အချိန်ထိ ဘာသာရေး ၀န်ထမ်းတွေ ဖြစ်တဲ့ ရဟန်းသံဃာတော်တွေနဲ့ သီလရှင်တွေဟာ အဖိနှိပ်ခံနေရဆဲ ဘာသာရေး အခွင့်အရေးတွေ ချိုးဖောက်ခံနေရဆဲ ဆုံးရှုံးနေရဆဲပါ။
မတရားတာတွေ မလုပ်ကြဖို့ မှန်မှန်ကန်ကန် လုပ်ကြဖို့ တရားဟောတဲ့ ဆရာတော်တွေရဲ့ တရားပွဲတွေလဲ အပိတ်ခံထား ရပါတယ်။ နာဂစ်မုန်တိုင်းကြောင့် ဘေးဒုက္ခ ရောက်နေသူတွေကို ကူညီပေးနေတဲ့ ဘုန်းတော်ကြီး အတော်များများလဲ စစ်အာဏာရှင်တွေရဲ့ အနှောင့်အယှက် ပေးမှုက မလွတ်ပါဘူး။ ယနေ့ မိမိတို့ ဗုဒ္ဓဘာသာ သာသနာ အခြေအနေကို ပြန်ကြည့်ရင် အဖက်ဖက်က ချွတ်ခြုံကျနေတာကို တွေ့ရမှာပါ။ သာသနာတော် သန့်ရှင်း တည်တံ့ ပြန့်ပွားရေး ဆောင်ရွက်နေပါတယ် ဆိုတဲ့ သံဃမဟာနာယက ဆရာတော်များလဲ သံဃာတွေ မတရား အဖိနှိပ်ခံနေရတာတွေကို သိပါလျက်နဲ့ မသိချင်ယောင် မမြင်ချင်ယောင်ဆောင်ပြီး နှာစေးတော်မူနေကြဆဲပါ။
၂၀၀၇ ရွှေဝါရောင် အရေးအခင်း ကာလတုန်းကလဲ စစ်အာဏာရှင်တွေက ဘုန်းကြီးအတုတွေလို့ ပြောပြီး ဘုန်းကြီးကျောင်းတွေကို စစ်တပ်က ၀င်စီးတုန်းကလဲ တားမြစ်တော် မမူရှာဘူး။ ခပ်မဆိတ် နေတော်မူရှာပါတယ်။ စစ်အုပ်စုက သံဃာငယ်တွေကို နှိပ်ကွပ်ဖို့ စည်းမျဉ်းစည်းကမ်းတွေ ထုတ်ပြီး ပြောခိုင်းတဲ့အခါမှာတော့ သံဃမဟာ နာယက ဆိုသူတွေဟာ ရဟန်း ဆိုတာ ဘာဓူရ ညာဓူရ လုပ်ရမယ်နဲ့ စစ်အာဏာရှင်တွေ အလိုကျ ပြောတော်မူပါတယ်။ အဲဒီလို အဂတိ တရားတွေ လက်ကိုင်ထားနေတဲ့ သံဃမဟာ နာယကပါ။ အဲဒီလို ပျက်စီးနေတဲ့ အခြေအနေတွေကို သာသနာစိတ် ရှိကြတဲ့ ဆရာတော် သံဃာတွေက အချိန်မှီ မပြုပြင်နိုင်ကြရင် မကာကွယ်နိုင်ကြရင်ဖြင့် ဗုဒ္ဓဘုရား သာသနာ ကွယ်ပျောက်ပြီး စစ်တပ် အလိုကျ တည်ထောင်ထားတဲ့ စစ်တပ်သာသနာတော်ကြီး ဖြစ်သွားတော့မှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
အရှင်ပညာနန္ဒ

0 comments:
Post a Comment