Friday, January 13, 2012

လွတ်လွတ်လပ်လပ် လုပ်ဖို့ ပြန်လာပြီ

ပြန်လည်ရှင်းလင်းအပ်ပါသည်။

"KIA နှင့် အစိုးရ ငြိမ်းချမ်းရေးအတွက် အပစ်အခတ်ရပ်စဲရန် သဘောတူညီမှုရရှိကြောင်း သတင်းရရှိ"ဟု EMG ၀က်ဆိုက်နှင့် Facebook တွင် ဖေါ်ပြခဲ့ရာ ယင်သတင်းမှာ သတင်းအဖြစ် ထုတ်ပြန်နိုင်ရန် ပုံမှန်ထက်စောနေသေးသော၊ အချိန်မတိုင်သေးသော (Premature) အကြောင်းအရာတစ်ခုသာ ဖြစ်ပါကြောင်းနှင့် တိကျခိုင်လုံသော သတင်းရင်းမြစ်များ၊ သတင်းအချက်အလက်များ ရရှိမှသာ ဆက်လက် တင်ပြပါမည်ဟု လေးစားစွာ ပန်ကြားအပ်ပါသည်။
Eleven Media Group

“တကယ်ငြိမ်းချမ်းရေးရချင်ရင် အားလုံးနဲ့ စကားပြော”

By ,  on January 13, 2012 2:58 pm
နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်အရ ယနေ့ လွတ်မြောက်လာသူထဲတွင် ရှမ်း အမျိုးသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ခေါင်းဆောင်ဦးခွန်ထွန်းဦးလည်း အပါအဝင်ဖြစ်သည်။ ၎င်းသည် အသက် ၆၉ နှစ်အရွယ် ရှိပြီဖြစ်၍ ထောင်ဒဏ် ၉၃ နှစ် ချမှတ်ခံထားရသူဖြစ်သည်။ တောင်ငူအကျဉ်းထောင်မှ ယနေ့နံနက် ၁၀ နာရီခွဲတွင် လွတ်မြောက်လာသည့် ဦးခွန်ထွန်းဦးကို ဧရာဝတီ သတင်းထောက် လင်းသန့်က ဆက်သွယ်မေးမြန်းထားသည်။
SNLD ခေါင်းဆောင် ဦးခွန်ထွန်းဦး
မေး။    ။ ဦးခွန်ထွန်းဦး အနေနဲ့ ရှေ့ကို ဘာဆက်လုပ်ဖို့ အတွက် ရည်ရွယ်ထားပါသလဲ။
ဖြေ။     ။ ကျနော်က နိုင်ငံရေး လုပ်တဲ့ လူဆိုတော့ နိုင်ငံရေးပဲ ဆက်လုပ်ရမှာပေါ့။
မေး။     ။ အခုလွတ်မယ် ဆိုတာကို ကြိုသိသလား။
ဖြေ။     ။ မှန်းလို့တော့ ရတယ်။ ပူတာအိုက ပြောင်းလာရင်း မှန်းလို့တော့ ရတယ်။ ဒီနေ့ ဒီအခါတော့ ကြိုပြီး မသိဘူး။ နီးပြီဆိုတာ သိတယ်။ International Interest ကသိပ်များတော့ နီးစပ်မှု ရှိတယ်ဆိုတာ မှန်းလို့ ရတယ်။
မေး။     ။ အစိုးရက ပြုပြင်ပြောင်းလဲရေးတွေကို ဆက်တိုက် မြန်မြန်ဆန်ဆန် ပြုလုပ်တာတွေကို ထောင်ထဲကနေ ကြားရ ပါသလား။
ဖြေ။     ။ ကြားရတယ်၊ ကျနော်တို့ ဂျာနယ်တွေ ဖတ်နေတာပဲ။ တော်တော်လေးကို အပြောင်းအလဲက ရှိတယ်ဆိုတော့ ၀မ်းသာပါတယ်။ မှန်ကန်တဲ့ ပြောင်းလဲမှုဖြစ်မယ်၊ နောက်ပြီးတော့ ရှေ့ကသွားမယ့် လမ်းက ရဲရဲတင်းတင်း မှန်မှန်ကန်ကန်နဲ့ သွားမယ် ဆိုရင်တော့ ဘာမှမဖြစ်ပါဘူး။ ကျနော် ၀မ်းလည်း သာတယ်၊ ကောင်းဖို့လည်း မျှော်လင့်ပါတယ်။
မေး။     ။ ဦးခွန်ထွန်းဦးတို့ လွတ်ပြီးတဲ့အချိန်မှာ တခြား နိုင်ငံရေး အကျဉ်းသားတွေကော ကျန်နေခဲ့သေးလား။
ဖြေ။     ။ ဥပမာ သဘောပြောပြမယ်။ လွှတ်မယ်လို့ ပြောတဲ့ လွတ်လပ်ရေးနေ့ မတိုင်ခင် စာရင်းကောက်တော့ သဘောက လွတ်ရန် ၆၀ ရှိတယ်ပေါ့။ လွတ်လပ်ရေးနေ့မှာ တချို့လွတ်သွားပြီ၊ ဒီနေ့လည်း တချို့လွတ်တယ် ဆိုတော့ နိုင်ငံရေး အကျဉ်းသားက ဘယ်နည်းနဲ့ မဆို ကျန်သေးတယ်။ မလွတ်သေးဘဲ ကျနော်တို့ကို လာနှုတ်ဆက်တဲ့ သူတွေထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ပါနေပါသေးတယ်။
မေး။     ။ ကျန်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ကော ဆက်လက် လုပ်ဆောင်မှာလား။
ဖြေ။     ။ ကျနော်တို့ ဆက်လုပ်ရမှာပေါ့ဗျာ။ ကျနော် လွတ်မြောက်ဖို့ကို အရင်က နောင်တော်တွေက လုပ်သွားပြီးပြီပဲ။ ကျနော်က ဒီအတိုင်း ပစ်ထားပြီး ငါလွတ်ရင်ပြီးရော ဘယ်ဟုတ်မလဲ။ ဒါ သမိုင်းပေးတာဝန်ပဲ ဆက်လုပ်ရမှာပေါ့။
မေး။     ။ အခု ကချင်ဒေသမှာ တိုက်ပွဲတွေဖြစ်နေတယ်၊ KNU နဲ့ကျတော့ မနေ့ကပဲ  ငြိမ်းချမ်းရေး လက်မှတ်ရေးထိုး ခဲ့တယ်။ တခြားဒေသတွေမှာလည်း တိုင်းရင်းသားတွေနဲ့ အပစ်အခတ် ရပ်စဲရေးတွေ လုပ်နေတာ တွေ့ရတယ်။ တိုင်းရင်းသား အရေးနဲ့ ပတ်သက်လို့ ဦးခွန်ထွန်းဦး အနေနဲ့ ဘာပြောချင်ပါသလဲ။
ဖြေ။     ။ ဒါကတော့ မဖြစ်သင့်တဲ့ အရာပဲ။ အမှန်ဆိုရင်တော့ တကယ်ငြိမ်းချမ်းရေး ရချင်တယ် ဆိုရင်၊ အားလုံးနဲ့ စကား ပြောချင်ရင် ပြော၊ ဒီ တဖွဲ့နဲ့ စကားပြောမယ်၊ တဖွဲ့နဲ့ စစ်တိုက်နေမယ် ဆိုရင် မဖြစ်ဘူး။ အကောင်းဆုံး နည်းလမ်းကတော့ ဒီလက်နက်ကိုင် တိုင်းရင်းသားတွေအပေါ်မှာ အပစ်အခတ် ရပ်စဲရေး ကြေညာပြီးတော့ ဆွေးနွေးတာ ကောင်းတာပေါ့။ ကချင်ကိုလည်း တိုက်နေမယ့်အစား တခြားတိုင်းရင်းသားတွေလိုပဲ စကားပြောရင် ရမှာပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ အခု အလားအလာ တော်တော်လေးကို ကောင်းနေပြီပဲ။
မေး။     ။ ဦးခွန်ထွန်းဦး အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ရဖို့ ဘယ်အခန်းကဏ္ဍကနေ လုပ်ဆောင်မယ်လို့ ရည်ရွယ်ထားလဲ။
ဖြေ။     ။ ကျနော်ကတော့ တိုင်းရင်းသား ဘက်ကနေ ပြောရရင် ငြိမ်းချမ်းရေးကို မရမနေ ပြောသွားရမယ်၊ လုပ်ဆောင် သွားမယ်လို့ ရည်ရွယ်ထားတယ်။
မေး။     ။ ဦးခွန်ထွန်းဦးတို့ အနေနဲ့ ငြိမ်းချမ်းရေး ကိစ္စအတွက် လုပ်ဆောင်ရင်းနဲ့ အဖမ်းခံရတယ်လို့ သိရတယ်။ ဟုတ်ပါသလား။
ဖြေ။     ။ ကျနော့်ကို ဖမ်းတာက ဘာ နိုင်ငံတော်ပုန်ကန်မှုမှ လုံးဝမရှိဘူး။ သက်သေလည်း တယောက်မှ မရှိဘူး။ ကျနော့် စကားကို ကျနော် တာဝန်ယူတယ်။ ကျနော် ပြောတာမှားတယ်၊ သက်သေပြစရာ ရှိတယ်ဆိုရင် ကျနော့်ကို ပစ်သတ်လိုက်ရုံပဲ ရှိတော့တယ်။ ကျနော် လုံးဝ မမှားခဲ့ဘူး၊ လုပ်လည်း မလုပ်ဘူး။ ကျနော့်လို တာဝန်တွေ အများကြီး ထမ်းဆောင်ထားပြီးတော့ ဒီလို အလုပ်မျိုးတော့ ကျနော် ဘယ်လုပ်မလဲဗျာ။ ကျနော်က လွှတ်တော် ကိုယ်စားလှယ်တယောက်ပဲ။ ဥပဒေ ပြုရမယ့်သူက ဘာလို့ ဥပဒေကို ဖောက်ဖျက်ရမှာလဲ။ နောက်ပြီးတော့ ပါတီဥက္ကဋ္ဌ တယောက် ဆိုတဲ့ မျက်နှာတွေကို ထောက်ထားရမှာပေါ့။ မလုပ်သင့် မလုပ်ထိုက်တဲ့ ဟာတွေပါ။ ကျနော် ဒီဟာ လုပ်လဲမလုပ်ခဲ့ဘူး။ လုပ်ခဲ့တယ်လို့ စွပ်စွဲတယ်ဆိုတာလဲ ကျနော့်ကို နှစ်ရှည် ထောင်ဒဏ် ချချင်လို့ပဲ။
မေး။     ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ဆောင်မှုတွေကို ဦးခွန်ထွန်းဦး အနေနဲ့ ဘယ်လို မြင်ပါသလဲ။
ဖြေ။     ။ ကောင်းပါတယ်။ ဒေါ်အောင်ဆန်းစုကြည် တို့က ကျနော်တို့နဲ့ ဟိုတုန်းကတည်းက စည်းရုံးရေး ထွက်ရင်း အတူတူလုပ်လာ ကြတာချည်းပဲ။ ဒေါ်အောင်ဆန်းစုကြည် လုပ်နေတာ မှန်ကန်တယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ထောက်ခံချက် တွေကို ကျနော်တို့ ထောက်ခံရမှာပေါ့။ ကျနော်ကတော့ ဗဟိုကော်မတီနဲ့ တိုင်ပင်ပြီး ဆက်လုပ်သွားမှာပါ။ ကျနော်တို့ ဗဟို ကော်မတီကို ပြန်သွားမယ်၊ ပါတီကို ပြန်ဖွဲ့မယ်။ ကျနော်တို့ စုပေါင်းဆုံးဖြတ်ချက်နဲ့ လုပ်ကြပါမယ်။
မေး။     ။ တိုင်းရင်းသားတွေအားလုံးကလည်း ဦးခွန်ထွန်းဦးကို မျှော်လင့်နေကြတာဆိုတော့ တိုင်းရင်းသား ကိုယ်စားလှယ် တွေနဲ့ တိုင်းရင်းသားတွေကို ဘာပြောချင်ပါသလဲ။
ဖြေ။     ။ ဒါကတော့ဗျာ၊ သူတို့မျှော်လင့်သလို ကျနော် ကတော့ လုပ်ပေးရမှာပဲ။ နဂိုကလည်း တိုင်းရင်းသား အလုပ် လုပ်တာပဲ။ အမြင်လွဲမှားပြီးတော့ ကျနော်တို့ကို ထောင်ထဲ ထည့်ခဲ့ပြီပဲဗျာ။ ဒါပေမယ့် ဒါကြီးက ကျနော်တို့ အတွက် အနှောက်အယှက် မဖြစ်ဘူး၊ စိတ်ဓာတ်မကျပါဘူး။ လုပ်ရမယ့် ကိစ္စကို ကျနော်တို့ ဆက်လုပ်ရမှာပဲ။
တိုင်းရင်းသားတွေ ကိုလည်း ခပ်ရှင်းရှင်းပြောရရင် အခုမှ ကျနော်က ထွက်ခါစ၊ အချိန်ယူပြီးတော့ ကျနော့်ရဲ့ ဖြစ်စဉ်ကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် ကျနော် ရှင်းရမှာပေါ့။ အခုဟာက မရှိတဲ့ အမှုကို ရှိအောင်လုပ်တာ၊ ကျနော့် အပြစ်တွေ ရှင်းအောင် လုပ်ရမယ့် တာဝန်တွေက အများကြီးပဲ။ မရှင်းလို့လည်း မရဘူးဗျ။ ကျနော့် Personal လည်း ထိခိုက်တယ်။ ကျနော်တို့ ရှမ်းလူမျိုးတွေကိုလည်း ထိခိုက်တာပဲဗျ။ ဒီတော့ အချိန်ယူပြီး ဒီကိစ္စကို ကျနော် လုပ်မယ်။
မေး။     ။ အခု သမ္မတ ဦးသိန်းစိန် လက်ထက်မှာ ဒုတိယ သမ္မတအဖြစ်နဲ့ ဒေါက်တာစိုင်းမောက်ခမ်း ဆိုတဲ့ ရှမ်း တိုင်းရင်းသား တယောက် ရွေးချယ် တင်မြှောက် ခံရတဲ့ အပေါ်မှာ ဦးခွန်ထွန်းဦး ဘာပြောချင်ပါသလဲ။
ခွန်ထွန်းဦး။     ။ အဲဒါတော့ ကျနော် မှတ်ချက် မပေးလိုပါဘူး။

လွတ်လွတ်လပ်လပ် လုပ်ဖို့ ပြန်လာပြီ

ကိုနေဘုန်းလတ်ကို ၂၀၀၈ ခုနှစ် နိုဝင်ဘာလတွင် ရန်ကုန်အင်းစိန် ထောင်တွင်းရှိ အနောက်ပိုင်း ခရိုင် တရားရုံးက ဗီဒီယို အက်ဥပဒေ၊ အီလက်ထရွန်နစ် အက်ဥပဒေများဖြင့်စုစုပေါင်း ပြစ်ဒဏ် အနှစ်၂၀ နှင့် ၆ လ ချမှတ်ခဲ့သည်။ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီတွင် ရန်ကုန်တိုင်း တရားရုံးက ပုဒ်မ ၂ ခုအတွက် ထောင်ဒဏ် ၈ နှစ်နှင့် ၆ လ လျှော့ချပေးခဲ့သည်။ ယခု လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသည့် ကိုနေဘုန်းလတ်ကို ဧရာဝတီသတင်းထောက် ရန်ပိုင်က ဆက်သွယ် မေးမြန်းထားပါသည်။
ဘားအံအကျဉ်းထောင်မှ လွတ်မြောက်လာသော ကိုနေဘုန်းလတ် (ဓာတ်ပုံ - Eleven Media Group)
မေး ။    ။ အခုလို အစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ လွတ်လာတော့ ဘယ်လိုခံစားရလဲ။
ဖြေ ။    ။ ပျော်တော့ပျော်ပါတယ်။ ဒါပေမယ့် ထောင်အာဏာပိုင်က ပုဒ်မ ၄၀၁ အပိုဒ်ခွဲ ၁ ကိုဖတ်ပြတယ်။ ထောင်ကြွေးကျန် ရှိသေးတယ်ပေါ့ဗျာ။ အဲဒီတချက်ကတော့ စိတ်ကသိကအောက်ဖြစ်စရာပေါ့။
မေး ။    ။ ကိုနေဘုန်းလတ်ကို အီလက်ထရောနစ်ပုဒ်မနဲ့ ဆွဲတယ်လို့ သိရတယ်။ အဲဒီအဖြစ်အပျက်ပြောပြပေးပါလား။
ဖြေ ။    ။ တကယ်တော့ အီလက်ထရောနစ်ပုဒ်မဆိုတာကို အာဏာပိုင်လည်း သေချာမသိဘူး။ ကျနော် အီးမေးလ်ထဲမှာ ပြင်ပကပို့တဲ့ နိုင်ငံတော်အကြီးအကဲတွေရဲ့ ရုပ်ပြောင်ပုံတွေကိုတွေ့တော့ ရမယ်ရှာပြီး အီလက်ထရောနစ်ပုဒ်မ ၃၀၃ ဆိုပြီး တရားစွဲတာ။ ဒီပုံတွေကို ကျနော်ကလည်း ဖျက်မထုတ်မိလိုက်ဘူး။ အဲဒီပုဒ်မက ကျနော်အရင်ဆုံး အဆွဲခံရတာထင်တယ်။  နောက်တော့ ကိုမင်းကိုနိုင်တို့ကိုရော၊ ကိုသူရတို့ကိုရော ဆက်ဆွဲတာ။ တကယ်တော့ ဒီ အီလက်ထရောနစ်ပုဒ်မဆိုတာက ဟက်ကာတွေ၊ အွန်လိုင်းကနေ ငွေခိုးတဲ့လူတွေ၊ နောက် အွန်လိုင်းကနေ ပြစ်မှုကျူးလွန်တဲ့ Cyber Crime တွေကို အပြစ်ပေးဖို့ ဖြစ်သင့်တဲ့ပုဒ်မဗျ။ အားလုံးဝိုင်းဝန်းကန့်ကွက်ရမယ့် ဥပဒေပါပဲ။
မေး ။    ။ ဘလော့ဂါတယောက်အနေနဲ့ ထောင်ထဲမှာ ဖတ်ရတဲ့သတင်းဂျာနယ်တွေ၊ စာတွေကိုကြည့်ပြီး မြန်မာနိုင်ငံမှာ  စာပေလွတ်လပ်ခွင့်ရှိပြီလို့ ထင်လား။
ဖြေ ။    ။ စာပေစိစစ်ရေးက ရှိနေတုန်းလေ။ နောက်တခုက ဘလော့ဂါတွေကို ဘယ်လိုသဘောထားမလဲ။ ကျနော်တို့က ကိုယ်ဖာသာကိုယ် လွတ်လွတ်လပ်လပ်ရေးပြီး တင်တာလေ။ အဲဒီတော့ ရေးကြည့်ရမှာပဲ။ ထပ်ဖမ်းလည်းဖမ်းပေါ့။ အဲဒီကျမှပဲ လွတ်လပ်ခွင့်ရှိမရှိသိရမှာပဲ။
မေး ။    ။ အခု ထောင်ကထွက်လာပြီ။ အခုအပြင်မှာဖြစ်နေတဲ့ အခင်းအကျင်းတွေကို ကြည့်ပြီး ဘာဆက်လုပ်ဖို့ စဉ်းစားထားလဲ။
ဖြေ ။    ။ ဘလော့ဂါအနေနဲ့တော့ ဆက်ရပ်တည်မှာပါ။ နိုင်ငံရေးအရတော့ ဘယ်လိုပုံစံနဲ့ ရပ်တည်မလဲဆိုတာတော့ စဉ်းစားရမယ်။ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်မှုကို အပြည်အ၀ ယုံကြည်တယ်။ လုပ်ကိုင်နေတာတွေကို အပြည့်အ၀ ထောက်ခံတယ်။ တတ်နိုင်တဲ့ဘက်က ထောက်ပံ့သွားဖို့ စဉ်းစားထားတယ်။
မေး ။    ။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်ပြီး ဘာများပြောချင်သေးလဲ။
ဖြေ ။    ။ ကိုမင်းကိုနိုင်တို့ ကိုကိုကြီးတို့ အားလုံးလွတ်လာတာကို ကျေနပ်တယ်။ ဒါပေမယ့် ဖောက်ခွဲရေးပုဒ်မတွေ ကပ်ထားတဲ့ ကျနော့်မိတ်ဆွေတွေ ကျန်သေးတယ်။ စောစောကပြောတဲ့ ထောင်ကြွေးကျန်ဆိုတဲ့ ပုဒ်မလေးတပ်ပြီး ပြောခံရတာက လွဲလို့ အားလုံးကိုကျေနပ်ပါတယ်။
မေး ။    ။ အစိုးရကလုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေးကို ဘယ်လိုမြင်လဲ။
ဖြေ ။    ။ ရွေ့တော့ ရွေ့နေတာကို မြင်နေရတယ်။ ပထမခြေလှမ်းက ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေကို လွှတ်ပေးတာကို တွေ့ရတယ်။ နောက်ပြန်ဆုတ်မသွားဖို့တော့ ပြည်သူရော နိုင်ငံရေးလုပ်ကို လုပ်နေသူတွေရော အားလုံး ၀ိုင်းဝန်းဖို့တော့ လိုမယ်။
မေး ။    ။ ပြင်ပမှာ ကိုနေဘုန်းလတ်ကို စောင့်မျှော်နေတဲ့ ဘလော့ဂါတွေ၊ ဓာတ်ပုံသမားတွေ၊ လူငယ်တွေ၊ စာပေသမားတွေနဲ့  တခြားပြည်သူတွေကို ဘာများပြောချင်လဲ။
ဖြေ ။    ။ ပြန်လာပြီပေါ့ဗျာ။ အစိုးရက ဒီမိုကရေစီလို့  ကြွေးကြော်ထားတော့ Freedom of Expression ပေါ့။ ကျနော့်မှာ Facebook ရှိတယ်။ ဘလော့ဂ်ရှိတယ်။ အဲ့ဒီတော့ လုပ်သင့်လုပ်ထိုက်တာ၊ ပြောသင့်ပြောထိုက်တာတွေ လွတ်လွတ်လပ်လပ် လုပ်ဖို့ ပြန်လာပြီဗျာ။ ကျနော်ထောင်ထဲမှာ စိတ်ဓာတ် ခိုင်ခိုင်မာမာနဲ့ ဖြတ်သန်းနိုင်ဖို့ အားပေးကြတဲ့ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ၊ နိုင်ငံတကာမှာရှိတဲ့ ဒီမိုကရေစီကို အထောက်အပံ့ပြုနေတဲ့ အဖွဲ့အစည်းတွေ အားလုံးကို ကျေးဇူးတင်တယ်လို့ ပြောချင်တယ်။ သူတို့တွေရဲ့ အသိအမှတ်ပြုမှုကိုသာ မခံရရင် ကျနော်တို့ဟာ ထောင်ထဲမှာ အထီးကျန်မှုကို ခံစားရမှာပဲလေ။ ဒီလို အသိအမှတ်ပြုမှုတွေဟာ ကျနော့်အတွက် ဘယ်လိုမှ တန်ဘိုးမဖြတ်နိုင်တဲ့ ဆုလာဘ်တွေလို့ ခံယူထားတဲ့အတွက် အလုပ်တွေ အများကြီးလုပ်သွားမှာပါ။

ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားများအတွက် စိတ်မကောင်းဖြစ်ရဟု လွတ်မြောက်လာသူများဆို

by Yangon Press International on Friday, 13 January 2012 at 20:47
ဇန်န၀ါရီ ၁၃၊ ၂၀၁၂ (YPI)

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁) အရ နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အရ ယနေ့လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားအချို့က မိမိတို့လွတ်မြောက်လာသော်လည်း အကျဉ်းကျနေသေးသည့် နိုင်ငံရေးအကျဉ်းသားများအတွက် စိတ်မကောင်းဖြစ်ရကြောင်း လွတ်မြောက်ပြီးမကြာခင်ပြောဆိုသည်။
ယနေ့လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသူတစ်ဦးဖြစ်သည့် မကြည်ကြည်ဝါက “ အထဲမှာကျန်ခဲ့တဲ့သူတွေကြောင့် ကိုယ်လွတ်လာလို့ ၀မ်းသာတယ်ဆိုတာတောင် တစ်ဝက်ပဲဝမ်းသာတယ်၊ အထဲမှာ ကိုယ့်ရဲ့ ရဲဘော်တွေ၊ ညီအစ်ကို မောင်နှမတွေ ကျန်ခဲ့သေးတဲ့အတွက်ကြောင့်ဝမ်းနည်းတယ် ’’ ဟု ခံစားချက်ကို ပြောကြားသည်။
အခြား၈၈ မျိုးဆက်အဖွဲ့မှ နိုင်ငံရေးအကျဉ်းသူ မနီလာသိန်းက ယနေ့မိမိတို့အား လွှတ်ပေးသကဲ့သို့ ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများအားလုံးကို လွှတ်ပေးစေလိုကြောင်း တိုက်တွန်းပြောကြားလိုက်သည်။
ယနေ့လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအနက် အများစုမှာ အရေးပေါ်စီမံချက်အက်ဥပဒေ ပုဒ်မ ၅ (ည) အရ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသူများဖြစ်ပြီး မတရားအသင်းဆက်သွယ်မှုဖြင့် ဖမ်းဆီးခံရသူများနှင့်၊ ဖောက်ခွဲမှုဖြင့် ဖမ်းဆီးခံရသူ နိုင်ငံရေးအကျဉ်းသားများမှာမူ လွတ်မြောက်လာခြင်းမရှိသေးပေ။
 အခြားနိုင်ငံရေးအကျဉ်းသားတစ်ဦးဖြစ်သူ ဦးအောင်သန်းက “ အခုသူတို့လုပ်လိုက်တာက ၅ ည ချည်းပဲ သီးသန့်ရှင်းထားတယ်။ သူခင်းထားတဲ့ ဖရိန်ကို ကျွန်တော်တို့က ကြိုသိတယ်။ ၅ ည တွေရှင်းပြီးသွားတော့ နိုင်ငံရေးအကျဉ်းသားမရှိဘူးလို့ သူတို့ ဆက်ငြင်းအုံးမယ်လို့ထင်တယ် ’’ သူ၏ အမြင်ကို ပြောကြားသည်။
 ၎င်းကပင် ဆက်လက်၍ မြန်မာနိုင်ငံတွင် အစောပိုင်းကာလများကတည်းက ပြဌာန်းထားသော အကျဉ်းသားဥပဒေရှိကြောင်း၊ အဆိုပါဥပဒေနှင့်ပတ်သတ်ပြီး ပြည်ထောင်စုရှေ့နေချုပ်၊တရားသူကြီးချုပ်တို့အားခေါ်ယူ မေးမြန်းရန်လိုအပ်ကြောင်း၊ အကယ်၍ ဥပဒေအရ နိုင်ငံရေးနှင့်ဆိုင်သော ပုဒ်မတပ်ပြီးဖမ်းဆီးခံရသူများ ရှိနေသေးပါက နိုင်ငံရေးအကျဉ်းသားရှိနေသေးသည်ကို ဆက်လက်ထောက်ပြရန်လိုအပ်ကြောင်း ၀ိုင်ပီအိုင်သို့ပြောကြားသည်။
 သာယာဝတီ အကျဉ်းထောင်မှ လွတ်မြောက်သူများအား အကျဉ်းဦးစီးဋ္ဌာန ခန်းမတွင် နှုတ်ဆက်မှာကြားနေစဉ်
 ယနေ့သာယာဝတီထောင်မှ လွတ်မြောက်လာသော အကျဉ်းသား ၂၅ ဦးတွင် နိုင်ငံရေးအကျဉ်းသား ၁၀ ဦးပါဝင်ပြီး၊ အခြားအကျဉ်းသားများမှာ ထောက်လှမ်းရေးဟောင်း အကျဉ်းသား ၇ ဦးနှင့် နစရ/နစက အကျဉ်းသား ၈ ဦးတို့ပါဝင်သည်။
 ယမန်နေ့ညနေပိုင်းက ကြေညာထုတ်ပြန်သည့် လွတ်ငြိမ်းချမ်းသာခွင့်အရ အကျဉ်းသူ၊ အကျဉ်းသား စုစုပေါင်း ၆၅၁ ဦးတွင် နိုင်ငံရေး အကျဉ်းသားအရေအတွက်မည်မျှ ပါရှိသည်ကို မသိရှိရသေးသော်လည်း နစက၊ နစရဟောင်း၊ တပ်မတော်ထောက်လှမ်းရေးဟောင်းနှင့် အကောက်ခွန်ဝန်ထမ်းဟောင်းများကို ဖယ်လိုက်ပါက အနည်းဆုံး ၃၀၀မှ အများဆုံး ၅၀၀ ၀န်းကျင်ရှိနိုင်မည်ဟု နိုင်ငံရေး အကျဉ်းသားစာရင်းပြုစုသူများက ခန့်မှန်းထားကြသည်။
 ယခုတကြိမ် ကြေညာသည့် လွတ်ငြိမ်းချမ်းသာခွင့်သည် ဦးသိန်းစိန်သမ္မတဖြစ်လာပြီးနောက် တစ်နှစ်အတွင်း စတုတ္ထအကြိမ် ကြေညာခြင်းဖြစ်သည်။ နိုင်ငံရေး အကျဉ်းသားလွှတ်ပေးရေး ကိစ္စကို နိုင်ငံရေးပါတီ အဖွဲ့အစည်းများသာမက နိုင်ငံတကာ အစိုးရနှင့် လူ့အခွင့်အရေးအဖွဲ့များက တိုက်တွန်းလျှက်ရှိသည်။          ။

ဘီလ်ဂိတ်နှင့် အမေရိကန်လုပ်ငန်းရှင်များ မြန်မာပြည်သို့ မကြာမီ လာကြမည်

by စတုထ္ထလှိုင်း on Friday, 13 January 2012 at 08:44
Microsoft ကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဘီလ်ဂိတ် အပါအ၀င် အမေရိကန် လုပ်ငန်းရှင် ကိုယ်စားလှယ်များ မြန်မာပြည်သို့ မကြာမီ လာရောက်ကြမည်ဟု မြန်မာလုပ်ငန်းရှင် အရာရှိများက ဗုဒ္ဒဟူးနေ့တွင် ပြောသည်။ ဒဏ်ခတ်ပိတ်ဆို့ခံထားရသော်လည်း အမေရိကန်နှင့် ပိုမိုရင်းနှီးလာမှုကို ပြသသည့် အနေအထား ဖြစ်သည်။
နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာပြည် သွားရောက်ပြီး ၃ လ အတွင်း ပေါ်ပေါက်လာမည့် ခရီးစဉ်ဖြစ်သည်။
ဟီလာရီကလင်တန်သည် နှစ် ၅၀ အတွင်း မြန်မာပြည်သို့ ပထမဆုံး သွားရောက်သူ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဖြစ်ပြီး မြန်မာပြည်အပြောင်းအလဲကို ထောက်ခံရန်၊ ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းရေး ဖြစ်နိုင်ခြေများအတွက် အမေရိကန်က အသင့်ရှိနေကြောင်း ပြောဆိုခဲ့သည်။
လုပ်ငန်းရှင်များ သွားရောက်မည့်အချိန်မှာ ဖေဖော်ဝါရီအတွင်း ဖြစ်မည်ဟု ခန့်မှန်းနေကြသည်။
“ဘီလ်ဂိတ် အပါအ၀င် အမေရိကန်လုပ်ငန်းရှင်တွေ ပါဝင်မယ့် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ရောက်လာပါလိမ့်မယ်” ဟု ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၏ အကြီးတန်းအဖွဲ့ဝင်တဦးက ပြောသည်။ ထိုလုပ်ငန်းရှင်က ပြောရေးဆိုခွင့်ရှိသူ မဟုတ်သဖြင့် သူ၏အမည်ကို ဖော်ပြရန် မလိုလားပေ။
ဘီလ်ဂိတ်၏ ပြောခွင့်ရအရာရှိကို ယခု ဆက်သွယ်၍ မရသေးပေ။
မကြာသေးခင်က လုပ်ငန်းရှင်အများအပြား မြန်မာပြည်၏ စီးပွားရေးမြို့တော် ရန်ကုန်သို့ သွားရောက်ကြသည်။ အများစုမှာ အာရှဒေသမှ ဖြစ်ပြီး လူဦးရေ သန်း ၆၀ ရှိသော ဈေးကွက်တွင် ရင်းနှီးမြှုပ်နှံရန် သွားရောက် စူးစမ်းကြခြင်း ဖြစ်သည်။
China Gates Nuclear Microsoft Corp. co-founder Bill Gates leaves after he delivered a speech at the Ministry of Science and Technology in Beijing Wednesday, Dec. 7, 2011. Gates confirmed Wednesday he is in discussions with China to jointly develop a new kind of nuclear reactor. (AP Photo/Andy Wong) AP
မိုးမခသတင်းဌာနမှကူးယူဖော်ပြသည်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...