Friday, January 13, 2012

ဖန်ဆင်းရှင်နှင့် ဆရာ

by Zay Ya on Friday, January 13, 2012 at 9:54pm
ဤပို့စ်သည် ဘာသာရေး မပါ၊ ဒဿနိကဗေဒ အမြင်သက်သက်ကိုသာ တင်ပြလိုရင်း ဖြစ်ပါသည်။

ကီကာဂတ် ( ကဲဂီးဂတ် ) (Kierkegaard) ၏ ဒဿန အမြင်အားဖြင့် လူ့ဘဝကို အဆင့်သုံး ဆင့်ခွဲခြားထားသည်။

 ပထမ အဆင့်တွင် လူသည် အာရုံငါးပါးဖြင့် အလှအပ နှင့် အပျော်အပါးကို ခုံမင်သော ဘဝဖြစ်သည်။ ဤဘဝကို အိမ်ထောင် မကျသေးသော လူတစ်ယောက်၏ ဘဝနှင့် နှိုင်းယှဉ်ပြနိုင်သည်။ ဒုတိယ အဆင့်တွင် လူသည် ဖန်ဆင်းရှင်က ချမှတ်ပေးထားသော ကိုယ်ကျင့်တရားများကို လိုက်နာ ကျင့်သုံးလာသော ဘဝ ဖြစ်သည်။ ဤဘဝကို အိမ်ထောင်ရှင် ဖြစ်လာသော လူ့ဘဝနှင့် နှိုင်းယှဉ် ပြနိုင်သည်။ တတိယ အဆင့်တွင် လူသည် ဖန်ဆင်းရှင်က ချမှတ်ပေးထားသော ကိုယ်ကျင့်တရားများကို သာမက တစ်ခါ တစ်ရံ ဤကိုယ်ကျင့်တရား များကိုပင် ကျော်လွန်၍ ဖန်ဆင်းရှင်၏ တောင်းဆိုချက်ကို လိုက်နာခြင်း ဖြစ်သည်။ တစ်နည်း အားဖြင့် ဤအဆင့်တွင် လူမှုရေး ကိစ္စ အဝဝကိုပင် ဘေးဖယ်ထား၍ ဖန်ဆင်းရှင်အား အကြွင်းမဲ့ ယုံကြည်စွာဖြင့် မိမိကိုယ် မိမိ အပ်နှံ၍ ဘဝ ရှင်သန်ရေးပင် ဖြစ်သည်။


ထို့ကြောင့် ကီကာဂတ်၏ အယူအဆတွင် ထင်ရှားသော အချက် သုံးချက် ပါရှိသည်။ ပထမ အချက်မှာ ဖန်ဆင်းရှင် ရှိသည်ဟု အကြွင်းမဲ့ လက်ခံခြင်း ဖြစ်သည်။ ဒုတိယ အချက်မှာ လူ့ဘဝတွင် အဆင့် သုံးဆင့်ရှိ၍ နောက်ဆုံး အဆင့်သည် လူ့ဘဝတွင် အဓိပ္ပာယ် အရှိဆုံး ဖြစ်သည်ဟု လက်ခံခြင်း ဖြစ်သည်။ တတိယ အချက်မှာ ယင်းသို့ လက်ခံသည့် အတိုင်း မိမိဘဝကို ဖန်ဆင်းရှင် ထံ အကြွင်းမဲ့ အပ်နှံခြင်း ဖြစ်သည်။

သို့သော် ကီကာဂတ် ( 1813 – 1855 ) ဒဿန ဗေဒ လောကသို့ ရောက်လာသော ခေတ်မှာ ခေတ်သစ် သိပ္ပံ ထွန်းကား နေသော ခေတ် ဖြစ်သည်။ လူအတော်များများပင် ဖန်ဆင်းရှင် နှင့် ပတ်သက်၍ သံသယ ဝင်နေသော ကာလ ဖြစ်၏။ ဤအခြေအနေကို အကဲခတ်မိသော နစ်ရှေး ( Nietzsche 1844 – 1900 )သည် သူ၏ ဒဿန အယူအဆကို ဖန်ဆင်းရှင် မပါဘဲ တင်ပြရန် ကြိုးစားခဲ့သည်။ နစ်ရှေးသည် သူ၏ “The Joyful Wisdom” အမည်ရှိ စာအုပ်တွင် ဖန်ဆင်းရှင်ကို မတွေ့သော အခါ ဤသို့ ညည်းညူခဲ့သည် ဟု ဆိုသည်။

“We have killed him- you and I ! We are all his murderers.. Whither are we moving now? ..Do we not now wander through endless nothingness ? Does not empty space breath upon us ? Has it not become colder ? Does not night come on continually, darker and darker ?”

ခင်ဗျားရော ကျုပ်ကော အပါအဝင် ကျုပ်တို့ အားလုံး သူ့ကို သတ်လိုက်ကြပြီ။ ကျုပ်တို့အားလုံး လူသတ်သမားတွေ ဖြစ်ကုန်ပြီ။ အခု ကျုပ်တို့ ဘယ်ကို ဦးတည် သွားကြမလဲ။ ကျုပ်တို့ က အခု ရည်မှန်းချက် မရှိတော့တဲ့ အဆုံး မရှိတဲ့ ခရီးကို သွားနေကြတာ များလား၊ ( ဖန်ဆင်းရှင် မရှိတော့ ) ဘာမှ မရှိတဲ့ ဟင်းလင်းပြင်ကြီးပဲ အသက်ရှူနေသယောင် ခံစားမိတယ်။ ပတ်ဝန်းကျင်ကလည်း နွေးနွေး ထွေးထွေး မရှိတော့ဘူး ၊ အေးစက်လာတယ်။ တစ်ချိန်လုံး ညလို မှောင်ပိတ်နေတယ်။ မှောင်သထက် ပိုပြီးတော့ မှောင်ရင်းနဲ့..။

အနောက်တိုင်း ဒဿန ဗေဒကို နားလည်လိုလျှင် ဖန်ဆင်းရှင်၏ အခန်းကဏ္ဍကို ချန်ထား၍ မရပေ။ ဂျော့ဟေဂယ်လ်က ဖန်ဆင်းရှင် ဆိုသည်မှာ ဆင်ခြင်ခြင်း ဖြင့် အတိပြီးသည် ဟု ဆိုခဲ့သည်။ “စစ်မှန်ခြင်း ဆိုသည်မှာ ဆင်ခြင်ခြင်းသာ ဖြစ်၍ ဆင်ခြင်ခြင်း ဆိုသည်မှာ စစ်မှန်ခြင်းဖြစ်သည်” ( Whatever is real is rational and whatever is rational is real ) ဟု ဆိုခဲ့သည်။ ကီကာဂတ်က ဖန်ဆင်း ရှင်ကို ဆင်ခြင်၍ မသိနိုင်၊ အကြွင်းမဲ့ ယုံကြည်မှု ဖြင့်သာ သိနိုင်သည်ဟု ဆိုသည်။ ထို့ပြင် ဒါဝင် ( Charles Robert Darwin 1809 – 1882 )ကလည်း ဖန်ဆင်းခြင်း အယူအဆ ( Theory of Creation ) နေရာတွင် ဆင့်ကဲ ဆင့်ကဲ ဖြစ်စဉ် အယူအဆ ( Theory of Evolution ) ဖြင့် အစားထိုး ပြခဲ့သည်။

ဒါဝင်က ဤကမ္ဘာကြီးနှင့် ယင်းအပေါ် နေထိုင်ကြသော သတ္တဝါ အားလုံးသည် တစ်ကြိမ်တစ်ခါတည်း ဖန်ဆင်း၍ ပေါ်လာကြသည် မဟုတ်၊ တစ်ဆင့်ပြီး တစ်ဆင့် ကာလထဲတွင် ပေါ်လာရသည်ဟု ဆိုသည်။ ဒါဝင်၏ အယူအဆသည် ဖန်ဆင်းခြင်း အယူအဆကို သိပ္ပံနည်းဖြင့် အလဲ ထိုးလိုက်သလို ဖြစ်သွားသည်။ ထို့ကြောင့် နစ်ရှေးက “ခင်ဗျားရော ကျုပ်ပါ အပါအဝင် ကျုပ်တို့အားလုံး သူ့ကို သတ်လိုက်ပြီ” ဟု ပြောခြင်း ဖြစ်သည်။ သူ ဆိုသည်မှာ အခြားမဟုတ် ၊ ဖန်ဆင်းရှင်ပင် ဖြစ်၏။

ဤတွင် အနောက်နိုင်ငံရှိ ပညာရှင်များ၊ အထူးသဖြင့် ဒဿနဗေဒ ပညာရှင်များမှာ ဦးတည်ချက် ပျောက်သွားကြသည်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာအားလုံးသည် သံသရာသဘောကို ယုံကြည်ချက်ဖြင့် အတိတ်ဘဝကို အခြေပြုကာ အနာဂတ်ဘဝကို မျှော်မှန်းလျက် ဒါနပြုခြင်း၊ သီလ ဆောက်တည်ခြင်း၊ ဘာဝနာ ပွားများခြင်း ကို ပြုလျက် ရှိကြသည်။ အကယ်၍ ဤသံသရာသဘော အပေါ် ယုံကြည်မှု ဖြုန်းခနဲ ပျောက်သွားလျှင် ကျွန်တော်တို့ မည်သို့ ခံစားရပါမည်နည်း။ ( လူပိန်းအတွေး ဖြင့် တွေးခြင်း ဖြစ်ပါသည်။ ပါဠိစာများ လာမရွတ်ပြကြပါနှင့် ။ :D - Zayya)

ယင်းခံစားချက်နည်းတူ အနောက်တိုင်းသား တို့သည်လည်း ယင်းတို့ ယုံကြည်အားထားသော ဖန်ဆင်းရှင် ပျောက်ကွယ်သွားသော အခါ ခံစားရမည်ပင် ဖြစ်သည်။

အနောက်တိုင်း ပညာရှင် တစ်ယောက် အနေဖြင့် “ဖန်ဆင်းရှင်ကို ကျုပ်တို့ သတ်လိုက်မိပြီ” ဆိုသည်မှာ ဖန်ဆင်းရှင် မရှိတော့ဟု ပြောသည် မဟုတ်ပေ။ ဖန်ဆင်းရှင်အား လူတို့၏ ယုံကြည်မှု ဆိတ်သုဉ်းသွားသည်ဟု ဆိုလိုရင်း ဖြစ်ကြောင်း အဓိပ္ပာယ် ဖွင့်ဆိုသည်။

By the concept of death of God Nietsche does not mean that God, who is defined as an eternal being, can nevertheless die; to say that would of course be illogical.. By the death of God Nietsche means the death of our belief in God. It is our belief in God that is dead; it has finally succumbed to multiple injuries, including the savage beating it received from the empiricists led by David Hume , and continued by his successors

နစ်ရှေးက ဖန်ဆင်းရှင် သေသွားသည်ဆိုရာတွင် တကယ်သေသွားသည်မှာ ဖန်ဆင်းရှင် မဟုတ်၊ အဘယ်ကြောင့် ဆိုသော် ဖန်ဆင်းရှင်တို့ မည်သည် ထာဝရ တည်မြဲသောကြောင့် ဖြစ်သည်။ နစ်ရှေးအနေနှင့် ဆိုလိုသည်မှာ ကျွန်တော်တို့၌ ရှိနေသော ဖန်ဆင်းရှင်အား သက်ဝင်ယုံကြည်မှု စိတ်ဓာတ် ဆိတ်သုဉ်းသွားခြင်းကိုသာ ဖြစ်သည်။ ဤစိတ်ဓာတ် ဆိတ်သုဉ်းသွားရန်အတွက် အမျိုးမျိုးသော ရိုက်နှက်ချက်များ ရှိခဲ့သည်။ ဤရိုက်နှက်ချက်များ အနက် ပြင်းထန်သော ရိုက်ချက်များမှာ အာရုံသိ အဓိက ဝါဒီများ ထံမှ ရရှိသော ရိုက်ချက်များ ဖြစ်သည်။ ဤရိုက်ချက်များကို အဓိက ပြုလုပ်သူမှာ ဒေးဗစ်ဟုမ်း နှင့် သူ၏ အယူအဆကို လက်ခံသူများ ဖြစ်ကြသည်။


ဒေးဗစ်ဟုမ်းသည် စကော့တလန်သားဖြစ်ပြီး အာရုံသိအဓိကဝါဒီ ( Empiricist ) တစ်ဦး ဖြစ်သည်။ သူရေးသော ကျမ်းများအနက် ကျမ်းတစ်စောင်မှာ “Dialogure Concerning Natural Religion” ဖြစ်ပြီး ၄င်းကို အခြေအတင် စကားပြောသော ပုံစံဖြင့် ရေးသားထားသည်။ ဤကျမ်းကို ရေးသားအပြီးတွင် ပုံနှိပ်ထုတ်ဝေရန် အန္တရာယ် ရှိသောကြောင့် ထုတ်ဝေခြင်းမပြုဘဲ ထားခဲ့သည်။ ၁၇၆၁ ခုနှစ်တွင် ရေးသား ပြီးစီးခဲ့သော်လည်း ဒေးဗစ်ဟုမ်း ကွယ်လွန်ပြီး သုံးနှစ်အကြာ ၁၇၇၉ တွင်မှ ပုံနှိပ်ထုတ်ဝေခဲ့သည်။

၎င်းကျမ်းတွင် ဒေးဗစ်ဟုမ်းသည် ဖန်ဆင်းရှင်ဆိုသည်မှာ မည်သို့မျှ သက်သေပြ၍ မရ ဟု ဆိုခဲ့သည်။ ထို့ပြင် တန်ခိုးပြခြင်း ( Miracle )ဆိုသည်မှာလည်း မရှိနိုင်ဟု ဆိုသည်။ ဤကျမ်းမှာ စာမျက်နှာအားဖြင့် ၉၅ မျက်နှာသာ ရှိသော်လည်း ဒဿနဗေဒ သမိုင်းဝင်စာအုပ် ဖြစ်ပါသည်။

အထက်တွင် ဆိုခဲ့သည့်အတိုင်း နစ်ရှေးက “ဖန်ဆင်းရှင် သေပြီ” ဟု ပြောသောအခါ ဖန်ဆင်းရှင်ကို ရည်မှန်း၍ ပြောခြင်းမဟုတ်၊ ဒေးဗစ်ဟုမ်း ကဲ့သို့သော ဒဿနဗေဒ ဆရာများ၏ ထိုးနှက်ချက်ဖြင့် ဖန်ဆင်းရှင်အား လက်ခံယုံကြည်မှုမှာ ဆိတ်သုဉ်းသွားရကြောင်းကိုသာ ဆိုလိုဟန်ရှိသည်။

မှတ်ချက်။ ဆရာကြီး ဒေါက်တာခင်မောင်ဝင်း (ဒဿနိကဗေဒ ) ၏ အနောက်တိုင်းဒဿနဗေဒကို မြန်မာ့မျက်စိဖြင့်ကြည့်ခြင်း အပိုင်း ၂ မှ တစ်စိတ်တစ်ပိုင်း ကို သင့်လျော်သလို တင်ပြခြင်း ဖြစ်ပါသည်။ ခေါင်းစဉ်တစ်ဝက်၊ အချို့စာထောက်မည် ထင်သော နေရာများနှင့် ဓါတ်ပုံများ၊ အောက် ဖော်ပြ ပါရှိသော ဒေါင်းလုပ်စာအုပ်များ ကိုသာ ဖြည့်စွက် ပြင်ဆင်ထားသည်။ သို့ပါ၍ စာ၏ ဆိုလိုရင်း အပေါ် အမြင်စောင်းခဲ့ပါလျှင် ကျနော်၏ ညံ့ဖျင်းမှုကြောင့်သာ ဖြစ်ပြီး တင်ပြချက် ကောင်းမွန်ခဲ့ပါလျင် ဆရာ၏ ဂုဏ်ကျေးဇူးကြောင့် သာလျှင် ဖြစ်ပါကြောင်း။

Download
David Hume - Dialogure Concerning Natural Religion and Other Essays - www.mediafire.com/?lxib754r73oq2hl
 Nietsche - Complete Work - http://www.mediafire.com/?df69b4iubkpxnpg

.....................
January 12, 2011 at 5:00am
.....................

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...