ကမ်းပြီးလက်တွေ ခိုင်မြဲစေချင်
by Wai Maw on Friday, January 13, 2012 at 2:03pm
အခု
ဒီရက်ပိုင်းအတွင်းမှာ မင်္ဂလာရှိတဲ့သတင်းကောင်းတွေ
ဆက်တိုက်လိုလိုကြားနေရတော့ စိတ်လက်ပေါ့ပါး ရွှင်လန်းချမ်းမြေ့ရပါတယ်။
ဇန်န၀ါရီ ၁၂ တစ်ရက်တည်းမှာကိုပဲ နှစ်ပေါင်း ၆၀ ကျော် လက်နက်ကိုင်တိုက်ခိုက်
လာခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) နဲ့ မြန်မာအစိုးရသစ်
ကိုယ်စားလှယ်တွေ ငြိမ်းချမ်းရေးအကြို အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို
လက်မှတ်ရေးနိုင်ကြတယ်။ နိုင်ငံရေးအကျဉ်းသားတွေ အများစုပါဝင်တဲ့
လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကိုလည်း နိုင်ငံတော်သမ္မကြီးရဲ့
လုပ်ပိုင်ခွင့်နဲ့ ထုတ်ပြန်ကြေညာ လိုက်ပါတယ်။
ဒီတော့ နှစ်ကာလများစွာ ပြည်သူတစ်ရပ်လုံး နှလုံးသည်းပွတ်ထဲက တမ်းတမ်းတတ မျှော်လင့်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ရောင်ခြည်ဦးကို ဝမ်းမြောက်ပျော်ရွှင်ဖွယ်ရာအတိနဲ့ တွေ့မြင်လိုက်ရတယ်လို့ ဆိုရတော့မှာပေါ့ဗျာ။

ခုဆိုရင် နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေအားလုံးလိုလိုရဲ့ မျက်နှာမှာ အပြုံးကိုယ်စီ၊ ရင်ထဲမှာလည်း နှိုင်းဆလို့မရနိုင်တဲ့ ပျော်ရွှင်ပီတိတွေနဲ့ အကျဉ်းထောင်တွေဆီ သွားရောက်ကြိုဆိုကြ၊ အိမ်မှာ ကျန်နေသူတွေကလည်း ပြန်ရောက်လာမယ့် အိမ်သား( ဇနီး၊ခင်ပွန်း၊သား၊သမီး၊တူ၊တူမ)တွေကြိုက်တတ်တဲ့ ဟင်းလေးတွေ ချက်ပြုတ်နေကြနဲ့ မမောနိုင်မပမ်းနိုင် အလုပ်ရှုပ်နေကြရောပေါ့။
စောစောကပဲ DVB ပေးစာကဏ္ဍမှာ နိုင်ငံရေးအကျဉ်းသားတစ်ဦးရဲ့ သမီးလေးက သူ့အဖေနဲ့အတူ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည်လွတ်မြောက်လာတော့မယ့် လွတ်ငြိမ်းချမ်းသာခွင့်ကို လက်မှတ်ထိုး ထုတ်ပြန်ကြေညာ ပေးတဲ့အတွက် သမ္မကြီးမိသားစု ချမ်းသာသုခ ပြည့်စုံစွာနဲ့ အသက်ရာကျော် ရှည်ပါစေ ကြောင်း ဆုမွန်ကောင်း တောင်းတဲ့စာလေးကို သူ့အဖေမျက်နှာမမြင်ရသေးခင်မှာ ဖတ်ကြားသွားနိုင်အောင် ကသုတ်ကရက်လေး ပေးပို့လာတာ ကြားလိုက်ရတော့ သူ့ကိုယ်စား ကြားထဲကနေ မုဒိတာပွားလိုက်ရ ပါသေး တယ်။ ဘယ်မှာလည်း အမုန်းတရားတွေ..။ သူတို့ ရင်ထဲမှာ မိခင်ဖခင်နဲ့အတူ မိသားစု သိုက်သိုက်ဝန်းဝန်း ပျော်ပျော်ရွှင်ရွှင်နေချင်တဲ့ စိတ်ပဲရှိတာ။ ဘယ်သူ့အပေါ်မှာမှ အာဃာတတရားတွေ၊ အမုန်းတရားတွေနှောင်ဖွဲ့ပြီး လောကကြီးကို မျက်မှောက်ကုတ်ကြည့်လိုတဲ့ ဆန္ဒမရှိ ကြပါဘူး။
ကိုယ်ယုံကြည်ရာလမ်းကို လျှောက်လှမ်းပြီး ပြည်သူတစ်ရပ်လုံး ကောင်းစားစေလိုတဲ့ ဆန္ဒ၊ခံယူချက် တွေနဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံလုပ်ဆောင်သူမှန်သမျှ သူတစ်ပါး ဆုတ်ယုတ်ပျက်စီးကြောင်းကို လိုလားကြပါ မလား။ အများအကျိုး သယ်ပိုးဆောင်ရွက်သူတွေရဲ့ နှလုံးသားမှာ နူးညံ့ပျော့ပျောင်းမှု၊ စာနာစိတ်ပြည့်ဝမှု လူအားလုံးငြိမ်းချမ်းပျော်ရွှင်စေချင်တဲ့စိတ်တွေ အလိုလိုကိန်းအောင်းနေပြီးသားပါ။ ၁၉၈၈ အရေးတော်ပုံကာလ အတွင်း စစ်တပ်က ပစ်ခတ်နေတဲ့ကြားထဲမှာတောင် ပြည်သူတွေအပေါ် မသိနားမလည် အမြင်လွဲမှားနေတဲ့ စစ်သားလေးတစ်ဦးနဲ့ ပတ်သက်ပြီး ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် မှတ်ချက်ချခဲ့တဲ့ စကားတစ်ခွန်းက သက်သေတည်နေပါတယ်။
ရန်ကုန်မြို့ကို ဗကပတွေဝင်ရောက်ဆူပူအုံကြွနေပြီလို့သတင်းလွှင့်ပြီး ရှေ့တန်းက တပ်ရင်းတချို့ကို ပြန်ခေါ်လာတဲ့အခါ ရန်ကုန်ကိုရောက်လာတဲ့ စစ်သားလေးတစ်ဦးက သူ့အရာရှိတွေပြောတဲ့အတိုင်း ယုံနေ တယ်။ လမ်းပေါ်မှာ ဆန္ဒပြကြတဲ့ ပြည်သူလူထုတွေကိုလည်းမြင်ရော သူ့စိတ်ထဲမှာ မခံမရပ်နိုင်ဖြစ်လာပြီး ပါးစပ်က လွှတ်ကနဲ ထွက်သွားတယ်။ “ငါတို့ကတော့ ရှေ့တန်းမှာ အစားဆင်းရဲ အနေဆင်းရဲခံပြီး တိုက်လိုက် ရတာ သူတို့(ဗကပ)တွေက မြို့ပေါ်မှာ ဝတ်ကောင်းစားလှတွေဝတ်လို့ ကျော့မော့နေတာပဲ” တဲ့။ အဲဒီစကား ကိုမင်းကိုနိုင်ရဲ့နားထဲရောက်သွားတော့ BBC နဲ့ ရေဒီယိုအင်တာဗျူးတစ်ခုမှာ ကိုမင်းကိုနိုင်ပြောသွားတာ ကျနော်တို့ ကြားလိုက်ရပါတယ်။ “ဒီလောက် အသိဗဟုသုတခေါင်းပါးနေတဲ့ စစ်သားလေးတစ်ယောက်အပေါ် ကျနော်ဘယ်လိုမှ အပြစ်မမြင်ရက်တော့ပါဘူး” တဲ့။ ဘယ်ဟာအမှန်၊ဘယ်ဟာအမှားလို့ ကိုယ်တိုင်ခွဲခြားသိမြင် နိုင်စွမ်းမရှိလို့ အထက်ကပေးတဲ့ အမိန့်အတိုင်း လိုက်လုပ်နေတဲ့ သေနတ်ကိုင်စစ်သားတစ်ဦးနဲ့ပတ်သက်ပြီး ခွင့်လွှတ်စိတ်အပြည့်အဝ ရှိနေတာကိုပြသလိုက်တာပါ။
အခုလည်း ငြိမ်းချမ်းစွာနဲ့ ကိုယ့်ယုံကြည်ချက်ကို မယိုင်မလဲ ဆုပ်ကိုင်ပြီး ပြည်သူတွေ လွတ်လပ်ခွင့် အတွက်ရပ်တည်ဆောင်ရွက်ရင်း အကျဉ်းကျခံနေရတဲ့ ကျောင်းသားခေါင်းဆောင်တွေ၊ သံဃာတော်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ ပြန်လည်လွတ်မြောက်လာခဲ့ပါပြီ။ ပြည်သူတွေကလည်း သူတို့လွတ်မြောက်လာ တဲ့အတွက် ဝမ်းမြောက်ဝမ်းသာကြိုဆိုကြသလို တစ်ချိန်က နိုင်ငံရေးသမားတွေ၊ ကျောင်းသားခေါင်းဆောင်တွေ ကို အမျိုးမျိုးဖမ်းဆီးနှိပ်စက်ရာမှာ အကြီးဆုံးတာဝန်ရှိခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် အပါအဝင် စစ်ခေါင်းဆောင်ဟောင်းတချို့ ပြန်လည်လွတ်မြောက်လာတာကိုလည်း မုဒိတာပွားနိုင်ကြပါတယ်။ ဘယ်သူ့ကိုမှ အကျဉ်းအကျပ် ချုပ်နှောင်ခံထားရတာ မလိုလားမနှစ်သက်ကြပါဘူး။ ဒီအပေါ်မှာ နိုင်ငံတော်အစိုးရရဲ့ သဘောထားကြီးမှုကိုလည်း အသိအမှတ်ပြု ချီးမွမ်းပြောဆိုနေကြပါပြီ။
ဒီတော့ နှစ်ဘက်လုံးက ကမ်းထားတဲ့ ငြိမ်းချမ်းရေးလက်တွေ ချိတ်ဆက်မိရုံလေး ရှိနေပါပြီ။ ဆက်လက်ပြီး မယိုင်မလဲ ခိုင်မြဲစွာ လက်တွဲချီတက်နိုင်ဖို့ လိုနေပါသေးတယ်။ ရာစုနှစ်တဝက်ကျော် လစ်လျူရှုခံ ထားရတဲ့ ပြည်သူ့လိုအင်ဆန္ဒတွေ အကောင်အထည်ဖော်ပေးနိုင်ဖို့တာဝန်ဟာ တိုင်းပြုပြည်ပြုခေါင်းဆောင်တွေ ရဲ့ပုခုံးပေါ်ကို တည့်တည့်ကြီးကျရောက်နေပါပြီခင်ဗျာ..။
ဝေမော်
၁၃ ဇန်နဝါရီ ၂၀၁၂
0 comments:
Post a Comment