Friday, January 13, 2012

သန့်ရှင်းတဲ့ အစိုးရဖြစ်အောင် ဘယ်လိုလုပ်မှာလဲ

by အား မာန် on Friday, January 13, 2012 at 8:51pm
 


သန့်ရှင်းတဲ့ အစိုးရဖြစ်အောင် ဘယ်လိုလုပ်မှာလဲ
(အာရ်အက်ဖ်အေ ဦးစိန်ကျော်လှိုင်ရဲ့ သုံးသပ်ချက်အစီအစဉ်မှ ကောက်နှုတ်ချက်)

သမ္မတဦးသိန်းစိန် ပြောခဲ့တဲ့ မိန့်ခွန်းတွေမှာ ကောင်းမွန်တဲ့ အစိုးရနဲ့ သန့်ရှင်းတဲ့ အစိုးရ ဖြစ်အောင်လုပ်ဖို့ ပြောခဲ့သလို လာဘ်ပေးလာဘ်ယူကိစ္စ ကင်းရှင်းဖို့လည်း တိုက်တွန်းထားပါတယ်။ ဦးသိန်းစိန် မှန်းသလို အမှန်တကယ် သန့်ရှင်းတဲ့ အစိုးရမျိုး ဖြစ်နိုင်သလားဆိုတာ ခုလို သုံးသပ်ထားပါတယ်။


သမ္မတကြီး ဦးသိန်းစိန်အနေနဲ့ မကြာခင်က တက်လာတဲ့ အစိုးရသစ်ကို အစိုးရကောင်းတရပ် ဖြစ်စေချင်တဲ့ လက္ခဏာရှိပါတယ်။

ဘာကြောင့်လဲဆိုတော့ အစိုးရကောင်းတရပ် ဖြစ်ဖို့အတွက် စီမံခန့်ခွဲမှု ကောင်းဖို့လိုတယ်၊ အုပ်ချုပ်မှု ကောင်းဖို့လိုတယ်၊ လူထုအပေါ် စေတနာထားရမယ်လို့ ပြောခဲ့သလို အုပ်ချုပ်မှုကောင်းမွန်တဲ့ Good Governance အစိုးရကောင်းတရပ် ဖြစ်ရမယ်၊ သန့်ရှင်းတဲ့ Clean Government အစိုးရမျိုးလည်း ဖြစ်ရမယ် ဆိုတာကို သူ့မိန့်ခွန်းမှာ ထပ်တလဲလဲ တိုက်တွန်းခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန် ဖြစ်စေချင်တဲ့ အစိုးရမျိုးသာ လက်တွေ့ဖြစ်လာရင် အမေရိကန်အစိုးရ ဗြိတိသျှအစိုးရတို့ထက် ကောင်းတဲ့ အစိုးရမျိုးတောင် မြန်မာနိုင်ငံမှာ ပေါ်ပေါက်လာနိုင်တာမို့ ပြည်သူတွေဘက်ကလည်း လက်ခံကြမှာ အမှန်ဖြစ်ပါတယ်။

ဒါပေမယ့် အဲသလို စိတ်ကူးထဲက အစိုးရမျိုးဖြစ်ဖို့အတွက် အမှန်တကယ် အလုပ်လုပ်ရမယ့်သူတွေက ညွှန်ချုပ်က စပြီး အောင်ခြေ၀န်ထမ်းတွေသာ ဖြစ်တယ်။ ၀န်ကြီး၊ ဒု-၀န်ကြီးဆိုတာ ၅ နှစ် တကြိမ် ခေါင်းပြောင်းနေသူတွေဖြစ်တယ်။ ဒါကြောင့် ညွှန်ချုပ်က စပြီး အောက်ခြေ၀န်ထမ်းတွေ အရည်အချင်းပြည့်မှ ၀န်ကြီးဌာနအလုပ်တွေ သွက်လက်မြန်ဆန်လာမှာ ဖြစ်တယ်လို့ သမ္မတ ဦးသိန်းစိန်က သူ့မိန့်ခွန်းမှာ ထောက်ပြပါတယ်။

ဒီနေရာမှာ ညွှန်ချုပ်တို့ ဦးဆောင်ညွှန်ကြားရေးမှုးတို့ဆိုတာ အရပ်ဘက် ၀န်ထမ်းအဖွဲ့အစည်းမှာ အဆင့်အမြင့်ဆုံး အရာရှိတွေ ဖြစ်တဲ့အတွက် ဦးသိန်းစိန်စကားနဲ့ ပြောရရင် ဒီအရာရှိကြီးတွေဟာ အုပ်ချုပ်မှုကောင်းမွန်တဲ့ အစိုးရ၊ သန့်ရှင်းတဲ့ အစိုးရဖြစ်ဖို့ တာဝန်အရှိဆုံး ပုဂ္ဂိုလ်တွေ ဖြစ်လာပါတယ်။

ဝန်ကြီးဌာနအသီးသီးရဲ့ ညွှန်ချုပ်တို့၊ ဦးဆောင်ညွှန်ကြားရေးမှူးတို့ ဆိုတာလဲ အရည်အချင်းရှိတဲ့ အရပ်သားမျိုးက အနည်းစုဖြစ်ပြီး စစ်ဗိုလ်လူထွက်တွေကသာ အများစု ဖြစ်နေပါတယ်။

သမတ ဦးသိန်းစိန် မျှော်မှန်းတဲ့ သန့်ရှင်းတဲ့ Clean Government အစိုးရဖြစ်ဘို့ တာဝန်အရှိဆုံးဆိုတဲ့ ညွှန်ချုပ်တွေဟာ ကနေ တဦးနဲ့တဦး အိမ်ဘယ်နှစ်လုံးရှိတယ်ဆိုတာသာ ပြိုင်နေသူတွေဖြစ်တယ်လို့ နေပြည်တော် အရာရှိတဦးက ပြောပြပါတယ်။

လက်တွေ့အခြေအနေ ပြန်ကြည့်ရင်လည်း ပြည်ထဲရေးဝန်ကြီးဌာန အကျဉ်းဦးစီးဦးဌာန ညွှန်ချုပ်လည်းဖြစ်၊ စစ်တက္ကသိုလ် DSA 15 ဆင်းလည်းဖြစ်တဲ့ ဗိုလ်မှူးကြီးဟောင်း ဇော်ဝင်း ဆိုရင် လုံးချင်းအိမ်ချည်း ၁၂ လုံး ပိုင်တယ်လို့ စုံစမ်းသိရပါတယ်။


အဂတိလိုက်စားမှုတွေ မတရားမှုတွေကို စုံးစမ်းစစ်ဆေး ဖော်ထုတ်ရတဲ့ နာမည်ကျော် စသုံးလုံးအဖွဲ့ ညွှန်ချုပ် ဦးအောင်စောဝင်းကလည်း ခေသူမဟုတ်ဘူးလို့ သိရပါတယ်။ သူလည်းပဲ အိမ်လုံးချင်း အလုံး ၂၀ တောင် ပိုင်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိတဦးက ပြောပါတယ်။

အထူးသဖြင့် စက်မှု (၁) ၀န်ကြီးဟောင်း ဦးအောင်သောင်း လက်ထက်မှာ လက်အောက်ခံ ညွှန်ချုပ် အများစုဟာ တချိန်က ၀န်ကြီး ဦင်္းအောင်သောင်း လာဘ်စားသလို လိုက်လုပ်ရင်း အဆမတန် ချမ်းသာလာသူတွေ များတယ်လို့ စက်မှု (၁) အရာရှိတွေကလည်း ပြောပါတယ်။

ဥပမာ - မကြာခင်က ၂၀၁၀ ရွေးကောက်ပွဲမတိုင်မှာ မလှိုင်က ၀င်အရွေးခံရင်း အနိုင်ရသွားတဲ့ ကြံ့ဖွံ့ပါတီက အမတ် ဦးအေးမောက်ဆိုရင် ရွေးကောက်ပွဲနိုင်ဖို့ ကျပ်ငွေ သိန်း ၄ ထောင်ကျော်ထိ သုံးစွဲနိုင်ခဲ့တယ်လို့ စုံစမ်းသိရပါတယ်။ ဒီလောက် ငွေသုံးပြီး ဒု-၀န်ကြီးနေရာလောက် မရလို့တောင် ၀န်ကြီး ဦးအောင်သောင်းကို ဦးအေးမောက် မကျေမနပ် ဖြစ်နေတယ်လို့ စုံစမ်းသိရပါတယ်။

တကယ်တော့ အဲဒီ ကြံ့ဖွံ့အမတ် ဦးအေးမောက်ဆိုတာ တချိန်က ၀န်ကြီးဟောင်း ဦးအောင်သောင်း လက်အောက်မှာ ညွှန်ချုပ်လုပ်ခဲ့တဲ့ စစ်ဗိုလ်လူထွက် ဖြစ်ပါတယ်။ ကိုယ့်အိတ်ထဲက သိန်း ၄ ထောင် အကုန်ခံပြီး ရွေးကောက်ပွဲသုံးနိုင်အောင် ညွှန်ချုပ်ဘ၀က ဘယ်လောက် အဂတိလိုက်စားခဲ့သလဲဆိုတာ တွက်နိုင်တယ်လို့ စက်မှု (၁) အရာရှိတွေက ပြောပါတယ် (မှတ်ချက် ။ ။ ကြံ့ဖွံအရာရှိတဦးရဲ့ ပြောဆိုချက်အရ ၀န်ကြီး ဦးအောင်သောင်းက ၂၀၁၀ ရွေးကောက်ပွဲဝင်မယ့် သူ့လက်အောက် ညွှန်ချုပ်တွေကို ကြံ့ဖွံ့ရန်ပုံငွေကနေ တဦး ကျပ်သိန်း ၃၀၀၀ ထုတ်ပေးခဲ့တယ်လို့လည်း နောက်ဆက်တွဲ စုံစမ်းသိရပါတယ်)။

ဒီနေရာမှာ စက်မှု (၁) ၀န်ကြီးဌာန ကြွေထည် မြေထည်လုပ်ငန်းက ပင်စင်ယူသွားတဲ့ စစ်ဗိုလ်လူထွက် ညွှန်ချုပ်ဟောင်း ဦးစိုးရီ ဆိုရင် တပြည်လုံးမှာ အိမ်အလုံး ၁၁ လုံးတောင် ပိုင်တယ်လို့ စက်မှု (၁) အရာရှိတွေက ပြောပါတယ်။ ဒါတောင် ညွှန်ချုပ်ဟောင်း ဦးစိုးရီ ပိုင်တဲ့ ငါးခြံတို့၊ ရေသန့်စက်ရုံတို့၊ ၀ပ်ရှော့တို့ ... စတဲ့ လုပ်ငန်းတွေ ထည့်မတွက်သေးပါဘူး။

ခြုံကြည့်ရင် ကနေ့ခေတ် ညွှန်ချုပ်အများစုက တလုံး ကျပ်ငွေ သိန်းထောင်ပေါင်းများစွာ တန်တဲ့ အိမ်မျိုး ၁၀ လုံးအထက် ပိုင်သူတွေက များနေတာမို့ သမ္မတ ဦးသိန်းစိန် မျှော်မှန်းတဲ့ စိတ်ကူးယဉ် သန့်ရှင်းတဲ့ Clean Government အစိုးရမျိုးဖြစ်ဖို့ မဖြစ်နိုင်ဘူးလို့ နေပြည်တော်အရာရှိတဦးက ထောက်ပြပါတယ်။

အထူးသဖြင့် အစိုးရသစ်လက်ထက်မှာ ဗဟိုကနေ ချုပ်ကိုင်တဲ့စနစ်အစား အောက်ခြေက အဆင့်ဆင့် တာဝန်ယူပြီး အထက်ကို ပြန်တာဝန်ခံတဲ့ စနစ်မျိုးကို သွားမှာဖြစ်တယ်လို့ သမ္မတ ဦးသိန်းစိန်က သူ့မိန်ခွန်းမှာ ပြောသွားပါတယ်။

ဘယ်လိုပုံစံ တာဝန်ခံရမလဲ ရှင်းရှင်းလင်းလင်း မရှိပေမယ့် လက်ရှိ ၀န်ကြီးဌာနအသီးသီးက ညွှန်ချုပ်တွေဟာ ဦးသိန်းစိန် စကားအရ ၀န်ကြီးအဖွဲ့ကို တာဝန်ခံရမယ့်သူတွေအဖြစ် လုပ်ပိုင်ခွင့်တွေ ပိုပြီး ကြီးမားလာမယ့်ပုံ ဖြစ်နေပါတယ်။ မြန်မာနိုင်ငံမှာတော့ လုပ်ပိုင်ခွင့်တွေ ကြီးမားလေ အဂတိလိုက်စားမှု ပိုပြီး ကြီးထွားလေဖြစ်ပြီး ညွှန်ချုပ်တွေ ပိုင်တဲ့ အိမ်လုံးရေတွေ များလာလေ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ အိမ် ၁၀ လုံးအထက် ပိုင်တဲ့ ညွှန်ချုပ်အမျိုးအစားတွေနဲ့ သန့်ရှင်းတဲ့ Clean Government အစိုးရမျိုးဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

(ခင်ရတနာ၏ ဖေ့စ်ဘွတ်ခ်မှ ...)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...