ဝါးလုံးဝါးခြမ်း အယူအဆ အလုပ်မဖြစ်ပါ
တစ်ဖက်ကကြည့်တော့ ဝါးလုံး၊ အခြားတစ်ဖက်ကကြည့်တော့ ဝါးခြမ်း၊ ကြည့်တဲ့ဘက်ပေါ်မူတည်ပြီး နှစ်ယောက်စလုံးမှန်တယ်။ ဘယ်သူမှမှားဘူး။ ကိစ္စတစ်ခုနဲ့ပတ်သက်ပြီး ရပ်တည်ချက် သဘောထား အမြင်ချင်း
ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေကြသူ နှစ်ဦးရဲ့ အငြင်းပွားမှုကိုဖြေရှင်းရာမှာ
နှစ်ဘက်စလုံးရဲ့ ငြိုငြင်မှုကို မခံချင်တဲ့ ကြားဝင်ဖြန်ဖြေသူတွေ ပြောလေ့ရှိ
ကြတဲ့ စကားပါ။ ကြားရဖန်များလွန်းလို့ လူများစုက စနစ်တကျသေသေချာချာ
အနုလုံပဋိလုံ ဆန်းစစ်မှုတောင် မလုပ်ကြတော့ဘဲ အလွယ်တကူ လက်ခံသွားလေ့ရှိကြတဲ့
“အမှန်ယောင်” အဆိုတစ်ခုလည်း ဖြစ်ပါတယ်။
တကယ်တော့ အဲဒီအဆိုဟာ မှားယွင်းတဲ့အဆိုတစ်ခုဖြစ်တယ်ဆိုတာကို နည်းနည်းလေး ရှေ့တိုးစဉ်းစား ကြည့်လိုက်ရုံနဲ့ သိနိုင်ပါတယ်။ ဘက်မလိုက်တဲ့ ခုံသမာတိတစ်ဦးဆိုတဲ့ နာမည်ဂုဏ်ဒြပ်ကို မထိုက်မတန် ရယူလိုလေ့ရှိကြတဲ့ အထက်ကပြောခဲ့သလိုမျိုး ဖျန်ဖြေသူတွေ သူတို့အဆိုအတွက် အသုံးပြုတဲ့ ဝါးနဲ့ပတ်သက် ပြီးပြောရရင် အဖြေမှန်က နှစ်ခုမရှိပါဘူး။ တစ်ခုတည်းသာ ရှိပါတယ်။ အဲဒါက အဲဒီဝါးဟာ ဝါးခြမ်းသာဖြစ်တယ် ဆိုတဲ့ အဖြေပါ။ ပြဿနာတစ်ခုအတွက် အဖြေမှန်ကိုရှာရာမှာ အဲဒီပြဿနာကို အလယ်ဗဟိုမှာထားပြီး ဘက်ပေါင်းစုံက ချဉ်းကပ်လေ့လာရမှာ ဖြစ်ပါတယ်။ ဒီ ဝါးလုံးလား၊ ဝါးခြမ်းလား ဆိုတဲ့ ပြဿနာမှာလည်း ဒီလိုပဲ လုပ်ရမှာဖြစ်ပါတယ်။ ဝါးကို အလယ်မှာထားပြီး ပတ်ပတ်လည်က လျှောက်ကြည့်လိုက်ရင် အဲဒီဝါးဟာ ဝါးလုံး မဟုတ်၊ ဝါးခြမ်းသာဖြစ်တယ် ဆိုတာကို သေချာပေါက်တွေ့ရမှာ ဖြစ်ပါတယ်။ အငြင်းပွားနေသူ နှစ်ယောက်စလုံး ဝါးကို တစ်ပတ်အပြည့်ပတ်ပြီး ကြည့်ဖို့လိုအပ်တာ မှန်ပေမဲ့ ဝါးခြမ်းဘက်က ကြည့်သူအဖို့ ဒီကိစ္စမှာ အဖြေက ရှင်းရှင်းကြီး ပေါ်လွင်နေပြီးသားဖြစ်တာမို့ သူ့အဖို့ တစ်ပတ်ပတ်ကြည့်စရာ မလိုတာ သဘာဝကျပါတယ်။ ဆင်ကောင်ကြီးတွေ့နေပါလျက်နဲ့ ကျမ်းဟောင်းတွေမှာ ရေးထားတဲ့ ဆင်ဆိုတာရဲ့ဖော်ပြချက်တွေနဲ့ စစ်ဆေးပြီး မှ ဒါဟာ ဆင်ဖြစ်တယ်လို့ အသိအမှတ်ပြုစရာ မလိုသလိုပါပဲ။ ဝါးခြမ်းဘက်က ကြည့်သူအဖို့ သူ့ရှေ့မှာရှိနေတဲ့ ဝါးဟာ ဝါးခြမ်းကလွဲပြီး တခြားဘာမှမဖြစ်နိုင်ပါဘူး။ ဝါးလုံးဘက်က ကြည့်တဲ့သူကသာ သူ့ရှေ့က ဝါးဟာ ဝါးလုံး လည်းဖြစ်နိုင်တယ်၊ ဝါးခြမ်းလည်းဖြစ်နိုင်တယ်ဆိုတဲ့ ဒွိဟတွေနဲ့ ဝါးကို တစ်ပတ်အပြည့် ပတ်ကြည့်ပြီးမှ အဖြေမှန်ရှာရမှာပါ။
အမှန်တရားရှာဖွေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး စကားကြောနည်းနည်းရှည်သွားမိတာကို ခွင့်လွှတ်ပါ။ အဓိက ပြောချင်တာက လောကမှာ အမှန်တရားဆိုတာ နှစ်ခုမရှိဘူး၊ တစ်ခုပဲရှိတယ် ဆိုတာ ဖြစ်ပါတယ်။
အငြင်းအခုံတွေမှာ ဘယ်ဟာအမှန်တရားလဲဆိုတာ ပေါ်ထွက်လာဖို့ အချိန်သိပ်ကြာကြာ မစောင့်ရတာ မျိုးတွေ ရှိသလို ဆယ်စုနှစ် ရာစုနှစ်တွေနဲ့ ချီပြီးစောင့်ရတာမျိုးတွေလည်း ရှိတတ်ပါတယ်။ ရှားပါးပေမယ့် တချို့သော အငြင်းအခုံတွေများတော့ အဲသလောက်ဆယ်စုနှစ်ရာစုနှစ်တွေ ကျော်ဖြတ်ပြီးတဲ့နောက်မှာတောင် အခုအထိဘယ်သူအမှန်၊ ဘယ်သူအမှားဆိုတာ ထင်ထင်ရှားရှားပေါ်ထွက်လာခြင်း မရှိသေးတာတွေလည်း ရှိပါတယ်။ ဥပမာ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခလိုမျိုးပေါ့။
ဒါပေမဲ့ ကမ္ဘာ့သမိုင်း(အနည်းဆုံးတော့ ခေတ်သစ်ကမ္ဘာ့သမိုင်း) မှာ ဖြစ်ပွားခဲ့တဲ့ ပတ်သက်လို့ကတော့ အမှန်နဲ့ အမှား (တစ်နည်း) ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်ဆိုတဲ့ ခွဲခြားသတ်မှတ်မှုဟာ အသေအချာကို ရှိပါတယ်။ အမှားလို့ သတ်မှတ်ခြင်းခံရသူတွေက သူတို့လုပ်ရပ်သာမှန်ကန်ခဲ့ကြောင်း ကမ္ဘာဆုံးတိုင် ငြင်းခုံ နေကြမှာဖြစ်ပေမဲ့ သမိုင်းက (တနည်း) ကမ္ဘာ့ပြည်သူ အများစုကြီးက သူတို့ဘက်မှာ မရပ်ပါဘူး။
ဝါးလုံးလို့ပြောတဲ့သူလည်း မှန်တယ်၊ ဝါးခြမ်းလို့ ပြောတဲ့သူလည်း မှန်တယ်ဆိုတဲ့ မှန်ပြောင်းနဲ့ အမှန်တရားကို ဘယ်လိုရှာဖွေမှာလဲ။ သူ့အဖို့ ကမ္ဘာကြီးဟာ အမှားတစ်ခုမှ မရှိဘဲ အမှန်တွေနဲ့သာပြည့်နှက်နေ တဲ့ အစစအရာရာ ပြီးပြည့်စုံနေတဲ့ ကောင်းကင်ဘုံကြီးတစ်ခုပဲ ဖြစ်နေပြီပေါ့။ အဲဒီ မှန်ပြောင်းထဲမှာ ဟစ်တလာနဲ့ သူ့လူတွေ ဂျူး ၆သန်းကို သတ်ခဲ့တာလည်း မှန်တယ်။ ဘော့စနီးယားစစ်ပွဲမှာ ဆာ့ဘ်တပ်ဖွဲ့တွေက မူဆလင်တွေ ထောင်နဲ့ချီပြီး အစုလိုက်အပြုံလိုက်သတ်ခဲ့တာလည်း မှန်တယ်။ ရဝမ်ဒါမှာ ဟူတူတွေက လူပေါင်း ၈သိန်းလောက်ကို ရက်တစ်ရာအတွင်း သတ်ပစ်ခဲ့တာလည်း မှန်တယ်။ ကမ္ဘောဒီးယားပြည်သူ ၂သန်းကျော် သေဆုံးခဲ့ရတဲ့ ခမာနီတွေရဲ့မူဝါဒလည်း မှန်တယ်။ အဲဒီ အယူအဆအရဆိုရင် အဲဒီလူတွေကို ခုံရုံးတင်စစ်ဆေး နေတဲ့ လုပ်ရပ်ကလည်း မှန်တာပါပဲ။
သာမန်စဉ်းစားကြည့်လိုက်ရုံနဲ့ အဲဒီအယူအဆဟာ ဝင်္ကပါထဲမှာပဲ တဝဲလည်လည် လမ်းပျောက်ပြီး ဘယ်ကိုမှမရောက်၊ ဘာအဖြေမှ မထွက်နိုင်တဲ့ အယူအဆဖြစ်တယ်ဆိုတာကို တွေ့ကြမှာပါ။
ကျွန်တော်တို့နိုင်ငံရဲ့သမိုင်း (အထူးသဖြင့် နိုင်ငံရေးစနစ် ဂငယ်ကွေ့ကွေ့သွားခဲ့တဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ နီးပါးလောက်က စခဲ့တဲ့သမိုင်း) မှာလည်း ဘယ်ဟာအမှန်၊ ဘယ်ဟာအမှားဆိုပြီး ငြင်းခုံနေကြဆဲဖြစ်တဲ့ အရေးကိစ္စတွေ ရှိနေတာ အားလုံးအသိပါ။ ဖက်ဒရယ် ပြည်ထောင်စုကိစ္စ၊ တပ်မတော်ရဲ့ အခန်းကဏ္ဍကိစ္စ၊ စစ်မှန်သောဒီမိုကရေစီစနစ်ကိစ္စ၊ ယုံကြည်ချက်ကြောင့် ကျခံနေရသော အကျဉ်းသားကိစ္စ စတဲ့ စတဲ့ အရေးကိစ္စ တွေမှာ ငြင်းခုံမှုတွေ ရှိနေတာပါ။
အဲဒီအမြင်သဘောထား မတူကွဲပြားမှုတွေကို အခုအချိန်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေး အကျိုးငှာ နောက်ကိုရွှေ့ထားပေမဲ့ အဲဒါတွေဟာ တစ်ချိန်ချိန်မှာတော့ မလွဲမသွေကိုင်တွယ် ဖြေရှင်းကြရမယ့် အရေးကိစ္စတွေပဲ ဖြစ်ပါတယ်။ ဝါးလုံးလည်းမှန်တယ်၊ ဝါးခြမ်းလည်းမှန်တယ်ဆိုပြီး ကမ္ဘာတည်သရွေ့ ယောင်ဝါးဝါး လုပ်ထားလို့ ရမယ့်ကိစ္စတွေ မဟုတ်ပါဘူး။ တစ်ခုတည်းသော အမှန်တရားပေါ်ထွက်လာအောင် နှစ်ဘက်စလုံးက အပြုသဘောဆောင်တဲ့ စိတ်ထားအခြေခံနဲ့ မဖြစ်မနေလက်တွဲပူးပေါင်း ဖြေရှင်းကြရမှာပါ။
အကြောင်းကတော့ အရေးကြီးတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး တစ်ခုတည်းသော အမှန်တရား ပေါ်ထွက်လာခြင်းမရှိဘဲ ဘယ်နိုင်ငံမှ ရှေ့ကို အားကောင်းမောင်းသန် ခြေလှမ်းများနဲ့ လှမ်းလျှောက်သွားနိုင်မှာ မဟုတ်လို့ပါပဲ။
ခိုင်မင်း
ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၂ အမှတ် ၇၅ မှ

0 comments:
Post a Comment