Monday, January 23, 2012

ပြည်ပရောက် အင်တာနတ်ခရီးသည်

by Min Lulin on Monday, January 23, 2012 at 8:43pm
 
ကျွန်တော်ဟာ ပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံသားတစ်ဦးပါ ။ အခုချိန် တစုံတယောက်က
ခင်ဗျား မြန်မာပြည်ကို မလွမ်းဘူးလားလို့ မေးခွန်းတစ်ခုမေးခဲ့မယ်ဆိုရင် ကျွန်တော့ရဲ့အဖြေဟာ
လွမ်းတာပေါ့ဗျာ  ... ဒါပေမဲ့   ဆိုပြီး အဆုံးသတ်သွားပါလိမ့်မယ် ။ အဲ့ဒီ ဒါပေမဲ့ရဲ့ နောက်ကွယ်မှာ .... ။

နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေး၊ ပညာရေး စသည်ဖြင့် အရေးအရာပေါင်းများစွာ မျိုးစုံတို့ဖြင့် မြန်မာပြည်သားတွေပြည်ပရောက်နေကြတာ တော်တော်များများရှိပါတယ် ။ ကျွန်တော်လဲ ထိုလူတွေထဲက တစ်ယောက် ။
ပြည်ပမှာ ရောက်နေတာဆိုတော့ ကိုယ့်ပတ်ဝန်းကျင်ဟာ တိုင်းတပါးသားတွေချည်းပဲ ရှင်သန်လှုပ်ရှားနေကြတာ ။
ရှိမဲ့စု မြန်မာလေးတွေ စုစည်းပြီး ရံဖန်ရံခါဖြစ်စေ တွေ့ဆုံဖြစ်ကြပေမဲ့ အများစုကတော့ ကိုယ့်လူမျိုးမဟုတ်တဲ့
တိုင်းတပါးသားတွေချည်းပါပဲ ။ ဘာသာစကားမှအစ ယုံကြည်ကိုးကွယ်မှု အစားအသောက် အနေအထိုင်ကွဲပြားတဲ့
နေရာတစ်ခုမှာ နေထိုင်နေရတဲ့အခါ လူတွေကြားထဲမှာ နေရင်း လူငတ်လာတဲ့အဖြစ်မျိုးတွေ ခံစားလာရပါတယ် ။
ဒီလိုမျိုး ခံစားမှုတိုင်းဟာ ပြည်ပရောက်နေတဲ့ လူတော်တော်များများ ခံစားမိပါလိမ့်မယ် ။ အိမ်ကိုလွမ်းခြင်း ၊
ဆွေမျိုးသားချင်းတွေကို လွမ်းခြင်း ၊ တိုင်းပြည်ကိုလွမ်းခြင်းစသည်ဖြင့် အလွမ်းတွေက နေရာစုံထောင့်စုံကနေ
အချိန်တိုင်း တိုက်ခိုက်နေကြတယ် ။ လူးလိမ့်နေအောင်ခံစားရတယ်မျိုးမဟုတ်ပေမဲ့ ခံတော့ ခံစားရတာချည်းပါပဲ ။

ဒီလို ခံစားမှုတွေနဲ့ လူငတ်နေရတဲ့ လူတွေအတွက် အင်တာနတ်ဆိုတာ ထွက်ပေါက်တစ်ခုလို ဖြစ်လာတယ် ။
အွန်လိုင်းပေါ်မှာ မြန်မာလူမျိုးတွေနဲ့ ထိတွေ့ရတယ် ။ မြန်မာလူမျိုးတွေနဲ့ စကားပြောရတယ် ။
မြန်မာပြည်ရဲ့ သတင်းတွေကို Update တွေ့မြင်ရတယ် ။ ဒီလိုနဲ့ ခံစားချက်တွေပိတ်မိနေတဲ့လူတွေအဖို့
Facebook လိုမျိုး လူစုံသတင်းစုံတဲ့နေရာမျိုးကို အခြေချမိကြတယ် ။
တနေကုန် အလုပ်လုပ် ၊ ကျောင်းသွားတဲ့သူက ကျောင်းသွား  ညအိမ်ပြန်ရောက်တဲ့အခါ အွန်လိုင်းပေါ်တက်
ဖေ့ဘွတ်ဝင်ပြီး ဘာသတင်းလေးများထူးလေမလဲ လို့ အမောတကော ရှာဖွေနေရတဲ့နေ့တွေဆိုတာ လက်ချိုးရေလို့
မရတော့လောက်အောင်များလာခဲ့ပြီ ။ ဒါကိုပဲ ဘ၀ရယ်လို့ သတ်မှတ်ထားရတဲ့အဖြစ် ။
လူငတ်နေသူတွေအဖို့ စိတ်အဆာပြေ နေရာတစ်ခုဖြစ်လာတယ် ။ ဒီလိုနဲ့ ဖေ့ဘွတ်ပေါ်တက်လာတဲ့အခါ
( အရင်က ဒီလောက်မဆိုးပေမဲ့ ခုနောက်ပိုင်း တော်တော်ဆိုးလာသည် ) ကြိုဆိုနေသည်က ပုတ်ခတ်မှုများ .. ရန်ပွဲများ ။ အနိဌာရုံများ ။ အစွန်းရောက်မှုများ ။ စသည်ဖြင့် .... ။
မမြင်ချင်ရင် မသုံးနဲ့ပေါ့ကွာ ဟု ပြည်တွင်းလူတစ်ချို့က လွယ်လွယ်ပြောတတ်ကြတယ် ။ သို့ပေမဲ့
လူငတ်နေရတဲ့ လူတွေအဖို့ မသုံးပဲနေနိုင်ဖို့ဆိုတာ တော်တော်ကြိုးစားရမဲ့အလုပ်မျိုးဆိုတော့
မချစ်သော်လဲ အောင့်ကာနမ်းရသည် ။ တွေ့ပါမြင်ပါများလာတော့ ပင်ကိုအခံရှိသူများဆိုလျှင် စိတ်ပါလာကြသည် ။
သူတို့အတွေး သူတို့အရေးတွေ မြင်ပါများတော့ ကိုယ့်အတွေး ကိုယ့်အရေးဆိုတာတွေကို လုပ်ချင်လာသည် ။
ဒီလိုနှင့် .. ကိုယ်ထူကိုယ်ထ တွေးခေါ်မှုတွေ စတင်လာကြသူတွေလဲရှိသည် ။
ထိုသို့ ကိုယ်ထူကိုယ်ထတွေးခေါ်မှုများကို ကြိုဆိုကြသူများရှိသလို အစွန်းရောက်ပုတ်ခတ်ကြသူများလဲရှိသည် ။
အမျိုးမျိုး အဖုံဖုံ တွေ့ရမြင်ရသည် ။

ပြည်တွင်းရှိလူတော်တော်များများသည် ပြည်ပရောက်နေသူများကိုဆိုလျှင် ( ဘာရယ်ကြောင့်မသိ ) အမြင်တမျိုးနှင့်
မြင်တတ်ကြသည် ။ အခုလိုချိန်တွင်  ပြည်ပရောက်နိုင်ငံသားများ ပြည်တွင်းကို ပြန်လာကြဖို့ ခေါ်နေလေပြီ ။
သို့ပေမဲ့  .... အလာခရီးက စားရိတ်စကများက အကြွေးမကျေသေးသူများ တပုံတပင် ။ သူတို့ ဘယ်လိုယုံကြည်မှုများနှင့်
ပြည်တော်ပြန်ကြလေမည်နည်း ။ ပြည်ပရောက်နေတိုင်း ထောက်ပံ့ခံနေရသည်ဟု မထင်စေလိုပါ ။ ပြည်ပမှာ ငတ်ပြတ်နေသူတွေ
လက်ချိုးလို့ပင် မရေနိုင် ။ အခြေအနေအကြောင်းကြောင်းကြောင့် ပြည်တော်မပြန်နိုင်သူများအားလုံး၏စိတ်ထဲတွင်
မြန်မာပြည်ကို သတိမရပါဆိုသောသူ မရှိဘူး လို့ စကားကို ဆုံးအောင်ပြောလိုက်ချင်သည်  ။ ပြောလို့လဲ ရပါသည် ။

မြန်မာပြည်တွင်မွေး  မြန်မာရေ PH7 တွေဘာတွေ မသိခင်မရှိခင် ရေကန်ထဲကရေ သောက်လာကြသူများပင် ။
မြန်မာ့ရိုးရာအစားအစာများနှင့် ကြီးထွားလာခဲ့ရသူများအဖို့ ပေါင်မုန့်မီးကင် ။ နေ့စဉ်ခေါက်ဆွဲ ဆိုသည်မှာလဲ
ဘယ်လောက်ကြာကြာ စားနေနိုင်မည်နည်း ။ ကိုယ်ချင်းစာကြည့်စေချင်ပါတယ် ။
တစ်ချို့က နိုင်ငံရေးကြောင့် ပြည်ပရောက်နေကြသည် ။ တစ်ချို့က ပညာရေးကြောင့် ပြည်ပရောက်နေကြသည် ။
ထိုသို့သော လူများမှာ ပြည်တော်ပြန်ရန် အခက်အခဲ မရှိနိုင်စကောင်းဟု ထင်မိသော်လည်း
အမေ့ဆေးဖိုး ၊ ညီလေး ကျောင်းဆက်တက်ဖို့ ၊ မိသားစုအရေး စသည်ဖြင့် အပူတွေထပ်လို့ အကြွေးယူပြီး
နိုင်ငံခြားထွက် ။ အပူပေါ်အပူဆင့်နေကြသူများလဲ မျက်စိရှေ့တွင် အများကြီးဆိုတာထက် ပိုမြင်ရသည် ။
ထိုသို့သော လူများကို ပြည်ပမှာနေပြီး ဘာစကားပြောတယ် ညာစကားပြောတယ် ပြည်ထဲကို ပြန်ဝင်လာခဲ့ပါ လို့ခေါ်ရုံနဲ့
လွယ်လွယ်ကူကူ ဘယ်လိုများ ပြန်ဝင်ကြမည်နည်း ။ ပြည်တွင်းကို မမှီမကမ်း လှမ်းမျှော်ကြည့်လိုက်ပြန်တော့ ...
အထက်တွင် ဆိုခဲ့သည့်အတိုင်း ပုတ်ခတ်မှုတွေ ၊ ရန်လိုမှုတွေ ၊ အနိဌာရုံတွေ ......... ။
ဒီစကားကို ပြောလိုက်လို့ တစ်ချို့တွေရဲ့ စိတ်ထဲမှာ ကြိမ်းသေပေါက်ထင်သွားမဲ့အချက်တချက်ရှိပါတယ် ။
ဒုက္ခရောက်ချိန်ရှောင်ပြေးနေပြီး ခေတ်ကောင်းမှာ အညွှန့်လာခူးစားမဲ့ကောင်တွေရယ်လို့ပေါ့ ။
ဒါမျိုးတွေ (အလားတူဖြစ်ရပ်မျိုးတွေ ) ဖေ့ဘွတ်ပေါ်မှာတင်ပဲ တွေ့နေမြင်နေရတာလဲ များလွန်းနေပါပြီ ။

မြန်မာပြည်ဟာ ယဉ်ကျေးမှုနဲ့ ထွန်းကားတဲ့တိုင်းပြည် ။ မေတ္တာစေတနာကြီးမားတဲ့ လူမျိုးတွေနေတဲ့ပြည်  ဆိုတာ
ရာဇ၀င်ထဲမှာ ပြန်လှန်ကြည့်ရင်တောင် စာမျက်နှာ တော်တော်များများလှန်မှ ပြန်တွေ့ရတော့မယ် ။
ပြည်ပရောက်နေတဲ့သူတွေလဲ မြန်မာပြည်သားတွေပါပဲ ။ မြန်မာပြည်ကို ချစ်တဲ့စိတ်ဟာ
ပြည်တွင်းမှာ ရှိနေတဲ့လူတွေထက် မပိုဘူးဆိုရင်တောင် မလျော့ပါဘူး ။ လူတွေဆိုတာ လူတိုင်းအဆင်ပြေနေကြတဲ့လူတွေချည်း
မဟုတ်ကြပါဘူး ။ အဆင်မပြေတဲ့အခါ အဆင်ပြေမဲ့နေရာဆီ ရေကြည်ရာမြက်နုရာ ရွေ့ပြောင်းအလုပ်လုပ်ကိုင်နေထိုင်နေကြရတာကို
မြန်မာပြည်ကို မချစ်တဲ့လူတွေအဖြစ် ခေါင်းစဉ်တပ်နေမယ်ဆိုရင်တော့ ...... ။ ကျွန်တော် ဘာကိုမှ မပြောလိုတော့ပါ ။

စာရေးဆရာနေ၀င်းမြင့်ရဲ့ စကားတခွန်းကို ကိုးကားလိုက်ပါဦးမယ် ။

* တကယ်တော့ ကိုယ့်တိုင်းပြည်ကိုယ်ချစ်ဖို့ ဘယ်သူကမှ တိုက်တွန်းနေစရာမလိုပါဘူးဗျာ *

ကျွန်တော်တို့ရဲ့ တိုင်းပြည်ဟာ မြန်မာပြည်ပါ ။ ကျွန်တော်တို့ရဲ့ အမိမြေဟာ မြန်မာပြည်ပါ ။
တနေ့တော့ကျွန်တော်တို့အားလုံး ပြည်တော်ပြန်ကြရဦးမှာပါ ။ ပြည်တော်အပြန်ခရီးမှာ တို့လူတွေကြိုးစားထားကြတာ
ဒီလိုကြီးတောင် ဖြစ်နေပြီရော  ဟု အံ့သြတကြီး ၀မ်းသာချင်ပါတယ် ။ဒါဟာလဲ အညွှန့်ခူးစားချင်တဲ့စိတ် ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်
အညွှန့်လေးတွေ တလူလူလွင့်နေမဲ့ မြန်မာပြည်ကြီးကို မြင်ချင်တွေ့ချင်တာကတော့ တကယ့်စိတ်ရင်းအမှန်ပါပဲ ။
တယောက်ထဲ ရွှေ့ရင် ဒိန်ခဲလေးလောက်ပဲ နေရာရွေ့မှာပါ ။ အားလုံးဝိုင်းရွှေ့ရင်တော့ ဧ၀ရက်တောင်လဲ နေရာရွေ့နိုင်ပါတယ် ။


လေးစားစွာဖြင့်
 - မင်းလုလင် -

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...