Wednesday, January 18, 2012

ပွဲဆူနိုင်ငံရေး မလိုချင်

by Wai Maw on Wednesday, January 18, 2012 at 4:20pm
 
၁၃-၁-၂၀၁၂ ရက်နေ့ အကျဉ်းထောင်အသီးသီးမှ နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်လာခြင်းနဲ့ အတူ နိုင်ငံတဝှမ်းလုံး အုန်းအုန်ကျက်ကျက်၊ လှုပ်လှုပ်ရှားရှား ဖြစ်လာကြတာတွေ့ရပါသည်။ ရုပ်သံလွှင့်ဌာနတွေ မှာ အကျဉ်းထောင်ရှေ့မြင်ကွင်းများကို တွေ့ရသည်။ လွတ်မြောက်လာသူတွေနှင့် အင်တာဗျူးများ၊ အကျဉ်း ထောင်ရှေ့သွားရောက်ကြိုဆိုနေသည့် မိသားစုဝင်များနှင့် အင်တာဗျူးများ၊ ကြိုဆိုသူများ၏ ကြွေးကြော်သံများ ပလူပျံအောင် မြင်နေ၊ကြားနေ၊ဖတ်နေရပါသည်။

          အင်တာနက်မှာ ဂျီမေးလ်၊ ဖေ့စ်ဘုတ်များ ဖွင့်လိုက်ပြီဆိုသည်နှင့် ထိုသတင်းများ၊ အင်တာဗျူးများက အသင့်ဆီးကြိုနေသည်။ လွတ်မြောက်လာသူများ၏ လက်ရှိနိုင်ငံရေး အခင်းအကျင်းအပေါ် ရှုထောင့်ပေါင်းစုံ အမြင်သုံးသပ်ချက်များကို ကြားသိခွင့်ရပါသည်။
          အင်းစိန် အကျဉ်းထောင်ရှေ့၌ သွားရောက်ကြိုဆိုသော လူအုပ်ကြီးက နှင်းဆီပန်း၊ သပြေပန်းများကိုင် ဆောင်ကာ ဆိုင်းဘုတ်များထောင်ပြီး ကြွေးကြော်သံများနှင့် ကြိုဆိုကြသည်။ ကြွေးကြော်သံများတွင် နိုင်ငံရေး အကျဉ်းသားများ ကျန်းမာပါစေ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကျန်းမာပါစေ ဟူသောကြွေးကြော်သံများမှာ သာယာနာပျော်ဘွယ်အတိ၊ ကျက်သရေမင်္ဂလာ အပေါင်းနှင့် ပြည့်စုံလှပါဘိ။
          တချိန်တည်းမှာ အဖြူနှင့်အမဲ တွဲလွှတ်လိုက်သလို ထောက်လှမ်းရေးအကြီးအကဲဟောင်း ဦးခင်ညွန့်နှင့် အဖွဲ့ဝင်တချို့လည်း လွတ်မြောက်လာခဲ့ပါသည်။ ထိုသူတို့နှင့်ပတ်သက်၍တော့ တုန့်ပြန်မှုတွေက တညီတညာ တသံတည်းမရှိ အပြုသဘောဖြင့် မုဒိတာပွားနိုင်သူတွေ ရှိသလို မနှစ်မြို့မလိုလားနိုင်သူတွေ အများအပြား ပြောဆိုရေးသားတာတွေကိုလည်း ဖတ်ရကြားရပါသည်။ တချိန်က သူတို့ပြုမူခဲ့သော လုပ်ရပ်များအပေါ် ရောင်ပြန်ဟပ်မှုများပင် ဖြစ်ပါသည်။ ရင်ထဲမှခံစားချက်အမှန်ကို တုန့်ပြန်လာသူတို့ကို အပြစ်မဆိုသာပါ။
          သို့သော် တချို့သောရေးသားချက်များ၌ အမွှမ်းတင်လွန်းသဖြင့် ရုပ်ပျက်ရသည် ဆိုသကဲ့သို့ ဖြစ်နေ သလား တွေးမိပါသည်။ ဦးခင်ညွန့်၏ခြေသွက်လက်သွက်ရှိပုံနှင့် ကောက်ကျစ်စဉ်းလဲမှုကို ဖော်ပြရာ၌ အခြား သောစစ်ဗိုလ်ချုပ်များထက် သာလွန်ကြောင်း နှိုင်းယှဉ်ဖော်ပြထားပါသည်။ ကုလားကြီးနှင့်အရာကြီး အတူတူပင် ဖြစ်သော်လည်း ကုလားကြီးကိုပို၍ အမှတ်ပေးထားသကဲ့သို့ ဖြစ်မနေပါသလော။ ထိုသို့ဆိုလျှင် ဦးခင်ညွန့် ထောင်ထဲရောက်နေသည်က မြန်မာပြည်အတွက် ပိုကောင်းသည်ဟု မှတ်ချက်ချရမလိုဖြစ်နေသည်။ ဦးသန်းရွှေ ပင်လျှင် ဦးခင်ညွန့်လောက် ကြောက်စရာ မကောင်းသည့်ပုံပမာ ဖြစ်နေ၏။ လက်တွေ့အခြေအနေ၌ နှစ်ဦးစလုံး နိုင်ငံရေးအခန်းကဏ္ဍမှာ တရားဝင် မပတ်သက်တော့ပြီ။ ကျားသေများ ဖြစ်သွားကြလေပြီ။
          ဖတ်ခဲ့ဖူးသော အကြောင်းအရာတခုကို သွားတွေးမိသည်။ ခေတ်သစ်ကမ္ဘောဒီးယား ကျောင်းသားနှစ်ဦး ၏ အမြင်သဘောထား။ သူတို့လျှောက်သွားသော လမ်းပေါ်မှာ ခမာနီခေါင်းဆောင်ဟောင်းတစ်ဦးနှင့် ဆုံတွေ့ရာ ကျောင်းသားတဦးက ကမ္ဘောဒီးယားနိုင်ငံနှင့် ပြည်သူတွေရဲ့ ဘဝကိုနင်းချေဖျက်ဆီးခဲ့သော ရာဇဝတ်သားအဖြစ် ရှုမြင်ပြီး နောက်တဦးကတော့ ရှေ့ခရီးဆက်နေသော မိမိတို့လူ့အဖွဲ့အစည်းမှာ ၄င်းဖြစ်ရပ်များကို အတိတ်မှာ ထားခဲ့ရန် အကြံပြုသည်။
          တကယ်တော့ ဦးခင်ညွန့်သည်လည်း အာဏာရှင်စစ်ဗိုလ်ချုပ်ကြီးများထဲမှ တဦးသာလျှင် ဖြစ်ပါသည်။ ယနေ့မြန်မာ့နိုင်ငံရေး တိုးတက်ဖြစ်ပေါ်မှုများမှာ စစ်ဗိုလ်ချုပ်ကြီးများ၏ စေတနာကောင်းသက်သက်ကြောင့် မဟုတ်ဘဲ ဆယ်စုနှစ်များစွာ အဆက်မပြတ်တိုက်ပွဲဝင်ခဲ့သော ပြည်သူ့ဘက်တော်သားများ၏ စွမ်းဆောင်မှုနှင့် ကမ္ဘာ့နိုင်ငံကြီးများ၏ မဟာဗျူဟာ ရွှေ့ပြောင်းအာရုံစိုက်မှုတို့၏ ရလဒ်ပင် ဖြစ်ပါသည်။ ထိုအခြေအနေအောက် တွင် တပ်မတော်ထဲမှ သမာသမတ်ကျသော စစ်ခေါင်းဆောင်များ လုပ်ပိုင်ခွင့်နယ်ကျယ်လာခြင်းလည်း ဖြစ်ပါသည်။ ရခဲလှသော ထိုအခွင့်အလမ်းကို ထိထိမိမိ ဆုပ်ကိုင်အသုံးချ သင့်ပါသည်။
          ဦးခင်ညွန့်၊ ဦးသန်းရွှေအပါအဝင် အငြိမ်းစားဗိုလ်ချုပ်ကြီးများ၏ အတိတ်က လုပ်ဆောင်ချက်များနှင့် ပါဝင်ပတ်သက်မှုများကို မေ့လျော့၊ ဥပေက္ခာပြုထားရန် မဟုတ်သော်လည်း သူတို့၏ အခန်းကဏ္ဍကို ပုံကြီးချဲ့ ပြောဆိုနေရန် မလိုတော့ပါ။ ထိုသို့သူတို့အကြောင်း အရေးတယူ ရေးကြီးခွင်ကျယ် ပြောဆိုရေးသား နေခြင်းကပင် သူတို့ကို အသိအမှတ်ပြု အလေးထားရာ ရောက်နေပါသည်။
          မလိုအပ်ဘဲ လူတစ်ယောက်အကြောင်း အကောင်းဖြစ်ဖြစ်၊အဆိုးဖြစ်ဖြစ် ဆက်တိုက်ဖော်ပြနေခြင်းဖြင့် နဂိုရည်မှန်းချက်နှင့် ဆန့်ကျင်ဘက်ရလဒ်များ ပေါ်ထွက်လာတတ်သည်။ ကျနော်ငယ်ငယ်က လူကြီးမိဘတွေ ပြောစကား မှတ်သားဖူးပါသည်။ လွတ်လပ်ရေးရပြီးစအခါက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများကို ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ခဲ့သည့် ဂဠုံဦးစောအား ပြည်ဖျက်သစ္စာဖောက် မှန်း ပိုမိုသိသာပေါ်လွင်စေရန် မြန်မာပြည်အနှံ့ရုပ်ရှင်ရုံများ၌ ရုပ်ရှင်ဇာတ်ကားမပြမီ ဂဠုံဦးစောတို့အဖွဲ့ ကြိုးစင် တက်ရသည့်မြင်ကွင်း သတင်းရုပ်ရှင်ကို ပြသပေးသည်။ ရက်ရှည်လများ ပြသလာသည့်အခါ ကြိုးစင်ပေါ်သို့ အေးဆေးတည်ငြိမ်စွာ တက်သွားသည့် ဂဠုံဦးစော၏ ရုပ်သွင်ကိုလေးစားအားကျပြီး သူရဲကောင်းပမာ မှတ်ယူသူတွေ တိုးပွားလာသဖြင့် ထိုသတင်းရုပ်ရှင် ပြသမှုကို ရပ်နားခဲ့ရသည်ဟု ကြားဖူးပါသည်။ အာဇာနည် ခေါင်းဆောင်ကြီးများကို လုပ်ကြံသတ်ဖြတ်သည့်သတင်း ထွက်ကတည်းကပင် နိုင်ငံတော်သစ္စာဖောက်အဖြစ် လုံလောက်နေသူတစ်ဦးကို ပို၍သမိုင်းနာအောင် လုပ်မိသဖြင့် မမျှော်လင့်သော ဆန့်ကျင်ဘက်ရလဒ်နှင့်ကြုံတွေ့ ရသည်ဟု ထင်မြင်မိပါသည်။ အမှန်ဆိုလျှင် ဗိုလ်ချုပ်တို့၏ နိုင်ငံတော် ဈာပနအခမ်းအနားကို မကြာခဏ ပြသခြင်းက ပိုမို ကောင်းမွန်ပါဦးမည်။
          လက်ရှိမြန်မာ့နိုင်ငံရေး အပြောင်းအလဲကို ဦးစီးပဲ့ကိုင် ဖန်တီးနိုင်တာက လက်ရှိအစိုးရအဖွဲ့ဝင်များ၊ တပ်ခေါင်းဆောင်များ၊ ဒီမိုကရက်တစ်အင်အားစုများ၊ တိုင်းရင်းသားအင်အားစုများသာ ဖြစ်ပေသည်။ သို့ဖြစ်ပါ၍ လက်ငင်းတာဝန်ယူနေသော အစိုးရခေါင်းဆောင်များအတွင်း၌ မည်သူတွေက အပြောင်းအလဲဖြစ်ပေါ်ရန် စိတ်ရောကိုယ်ပါ လိုလားမှုရှိသည်၊ လက်တွေ့လုပ်ဆောင်နေသည်၊ မည်သူတွေက အပြောင်းအလဲအတွက် တုံ့နှေးလေးကန် နေသည်၊ တိုင်းပြည်၏ ဘဏ္ဍာများကို မည်ရွေ့မည်မျှ အလွဲသုံးစားပြုထားသည် စသည်များကို အလေးထား စူးစမ်းရှာဖွေသုံးသပ် နေရမည့် အချိန်ဖြစ်ပါသည်။
          အစိုးရလုပ်ဆောင်သမျှ လုပ်ရပ်တွေကို ကန့်ကွက်ခြင်း၊ထောက်ခံခြင်း ပြုနေရုံမျှဖြင့် မည်သည့် အကျိုးသက် ရောက်မှုတခုကိုမျှ ဖော်ဆောင်နိုင်မည်မဟုတ်ဘဲ၊ ရသေ့စိတ်ဖြေရလဒ်သာ ရှိပေမည်။ Road Map ၇ ချက်ကို အဆင့်တိုင်း တိုက်ဖျက်မည်ဟု ကြုံးဝါးဆန့်ကျင်သည့်အကြားကပင် တဆင့်ချင်းမှန်မှန် ပြီးမြောက် လာသည်။ VOTE NO, NO VOTE အငြင်းပွားနေကြရင်း ၂၀၀၈ ဖွဲ့စည်းပုံ အတည်ဖြစ်လာသည်။ ရွေးကောက်ပွဲ ဆန့်ကျင်ရေးတွေ ကြွေးကြော်လှုပ်ရှားနေရင်း လွှတ်တော်နှင့် အစိုးရသစ် ပေါ်ပေါက်လာသည်။ ခုဆိုလျှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်သော NLD ပင် ကြားဖြတ် ရွေးကောက်ပွဲဝင်ရန် စည်းရုံးလှုပ်ရှားနေပေပြီ။ အပြောင်းအလဲဖြစ်ရပ်တွေ နောက်ကြောင်းပြန် လန်ကျမသွားအောင် တပ်မတော်သား တွေ ပါဝင်လာဖို့ လိုအပ်သည်။ တပ်မတော်ကို ချဉ်းကပ်စည်းရုံးရမည်ဟု ဒေါ်စုကိုယ်တိုင် အလေးအနက် ထားပြောကြားပြီးလည်း ဖြစ်ပါသည်။
          ယခုအချိန်မှာ တပ်ကိုအလုံးစုံဆန့်ကျင်ရေးဖြင့် သွားရန်ပို၍ မဖြစ်နိုင်တော့ပြီ။ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ၊ မြန်မာ့နိုင်ငံရေးသမိုင်းတလျှောက် တပ်မတော်က Institution အားကောင်းသော နေရာ မှာ ရှိခဲ့သည်။ ၁၉၈၈ နောက်ပိုင်း ပိုပြီးအားကောင်းလာခဲ့သည်။ ခေါင်းဆောင်တွေ အဆက်မပြတ်မွေးထုတ်ပေး နိုင်သည်။ ထို Institution အားကောင်းမှုကို ခုတုံးလုပ်ကာ ဆယ်စုနှစ်များစွာ ပြည်သူ့ဆန္ဒနှင့်ဆန့်ကျင်၍ တဘက်သတ်အုပ်စိုးခဲ့ခြင်း ဖြစ်ပေသည်။ သို့ရာတွင် မြန်မာပြည်၌ စစ်အာဏာရှင်စနစ် ဖြစ်ထွန်းတည်ရှိသော် လည်း တပ်မတော်သားအားလုံးတော့ အာဏာရှင်စရိုက် မရှိတန်ရာ။ စစ်အစိုးရလက်ထက်မှာပင် ရိုးသား ဖြောင့်မတ်သော စစ်ခေါင်းဆောင်တွေ အထင်အရှားရှိခဲ့သည်။ လက်ရှိကာလ အပြောင်းအလဲအတွက် စစ်တပ်အတွင်း အုပ်စုအားစမ်းပြိုင်ပွဲမှာ သူတို့ရဲ့အခန်းကဏ္ဍ အရေးပါလာပါပြီ။ သူတို့ဘယ်သူတွေလဲဆိုတာ တပ်ခြံစည်းရိုးတွေကိုဖောက်ပြီး စူးစမ်းလေ့လာဖို့အချိန်တန်နေပါပြီ။ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေကို မှန်မှန်ကန်ကန် အသိအမှတ်ပြုပေးဖို့လိုပါပြီ။
          ကျောင်းသားခေါင်းဆောင် ကိုကိုကြီးနှင့်အင်တာဗျူးမှာ နောက်ဆုံးဖြေကြားချက်လေးကို သဘောကျမိ ပါသည်။ “အရပ်ရပ်အခြေအနေတွေကြောင့် ကျနော်တို့ အကျဉ်းထောင်တွင်းက လွတ်မြောက်လာပါပြီ။ ဆက်လက်ပြီး ကျနော်တို့ကိုယ်တိုင် အတိတ်အကျဉ်းသား၊ သံသယအကျဉ်းသား အဖြစ်မှ လွတ်မြောက်အောင် ကြိုးစားကြဖို့ လိုအပ်ပါတယ်” ဆိုသည့် သဘောမျိုးပြောသွားသည်။
          ကျနော်၏ သဘောထားမှာလည်း ထိုနည်းအတူဟု ဆိုနိုင်ပါသည်။ အတိတ်ကိုတူးဖော်ခြင်းဖြင့် အနာဂတ်ကို အကျိုးပြုနိုင်မည်ဆိုလျှင် တူးဖော်ဆေးကြောသင့်ပါသည်။ ထိုသို့အကျိုးမထူးလျှင်တော့ အတိတ် ကို တူးဆွနေခြင်းဖြင့် အချိန်မကုန်စေချင်ပါ။ ယခု ABSDF မြောက်ပိုင်းကိစ္စကို မြေလှန်နေကြသည်။ မကြာမီ တောင်ပိုင်း ဗဟိုကိစ္စတွေများ ပေါ်လာဦးမည်လား တွေးနေမိသည်။ ယင်းကိစ္စများမှာ ကျနော်နှင့် တိုက်ရိုက် မပတ်သက်သဖြင့် အထွေအထူး မပြောလိုပါ။ သက်ဆိုင်သူများ၏ ဆန္ဒနှင့် ဖြေရှင်းပုံနည်းလမ်းသာလျှင် အဓိက ကျပါသည်။ မြန်မာ့သမိုင်းတွင် အလားတူကိစ္စမျိုးတွေ အများအပြား ဖြစ်ခဲ့သည်။ သမိုင်းဝင်တော်လှန်ရေး နိုင်ငံရေးသမားကြီးတွေ အကြားဖြစ်ပွားခဲ့သော ပဋိပက္ခများက ကျောင်းသားတွေအကြား ဖြစ်ပွားခဲ့သည့် ပြဿနာများထက် ပိုမိုကြီးကျယ် တာဝန်ရှိမည်ဟု ထင်ပါသည်။
          မည်သို့ဖြစ်စေ နိုင်ငံရေးလှုပ်ရှားဆောင်ရွက်သူများအနေဖြင့် အတိတ်ဖြစ်ရပ်များအပေါ် အာရုံလွဲမှား နေရင်း ကြံကြောက်လှည်းအောက်မအိပ်ရဲ သံသယ တရားတွေလွှမ်းမိုးကာ လက်ရှိနိုင်ငံရေး ဖြစ်ပေါ်မှုတရား တွေကို မျက်ခြေပြတ် နောက်ကျန်ခဲ့တာမျိုး ဖြစ်မှာကိုတော့ အလွန်စိုးရိမ်လှပါသည်။ အနှစ်သာရမရှိသော ပွဲဆူရုံသက်သက် နိုင်ငံရေးမျိုးကို ပြည်သူလူထုက မလိုလားတော့ပြီ။
          ကြယ်တွေပြန်စုံတဲ့အခိုက်မှာ အမှောင်ထုခွင်းပြီး အလင်းရနံ့တွေ ဆောင်ကြဉ်းစေချင်ပါသည်။


ဝေမော်
၁၈ ဇန်နဝါရီ ၂၀၁၂

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...