Monday, January 9, 2012

“အမောမပြေတဲ့ မနောမြေ” (စိမ်းခက်စိုး)

by Sein Khat Soe on Monday, January 9, 2012 at 2:01am


စစ်ဘေးရှောင် မိသားစုများ ခိုလှုံရာစခန်း အမှတ်(၁)
ခိုလှုံသူဦးရေ ၅၀၄ဦး၊
၂၁၊ ၁၂၊ ၂၀၁၁
တရုတ်-ကချင်နယ်စပ်တနေရာ။
 
“မေမေ ဒီနှစ်ခရစ္စမတ်က အကြာကြီးဘဲ…အိမ်မပြန်သေးဘူးလား။ သားအိမ်ပြန်ချင်တယ်။”
ဒီစကားကိုပြောလာတာက ကချင်တိုင်းရင်းသားကလေးငယ်လေးက သူ့အမေကို ဂျီတိုက်နေတဲ့စကားလေးပါ။ သူ့အထင်က ကလေးသဘာဝဆိုတော့ သူတို့အရင်နှစ်တွေကလို ခရစ္စမတ်ပွဲကိုတခြားရွာတစ်ရွာမှာလာပြီး ပျော်ရွှင်စွာဆင်နွှဲနေတာထင်နေပြီး ရက်ကြာလာတော့ အိမ်ပြန်ချင်လို့ မိခင်ကိုပူဆာတဲ့စကားပါ။ ဘယ်လောက် ဝမ်းနည်းစရာကောင်းတဲ့စကားလေးလဲဗျာ။ ဒီစကားကို မိတ်ဆွေဖြစ်သူက စခန်းလေးရဲ့ ဧည့်ခံ ဝါးစားပွဲလေးမှာ ထိုင်ပြီးစကားလက်ဆုံကြရင်း ဆော့နေတဲ့ မောင်နှမနှစ်ယောက်ကို လက်ညှိုးထိုးပြပြီးပြောတဲ့စကားလေးပါ။
သူ့အမေ ကလေးကို ဘာပြန်ပြောပြီးနှစ်သိမ့်လိုက်လဲဆိုတာတော့ အလိုက်တသိနဲ့ဘဲ ကျွန်တော့် မိတ်ဆွေကို ပြန်မမေးလိုက်တော့ဘူး။ သူလည်း အဲဒါပြောပြီး အသံတိတ်သွားတယ်။

……………………………………………………………………………………………………………………………………….

မြို့အပြင်စပ် တောလမ်းကုန်းမြင့်လေးအတိုင်း ၁၀မိနစ်လောက်သွားအပြီးမှာတော့ ကျွန်တော့်ဖာသာ စိတ်ထဲက နေနာမည်ပေးထားလိုက် စစ်ဘေးရှောင် မိသားစုများ ခိုလှုံရာစခန်း အမှတ်(၁) စခန်းလေးရဲ့ အဝကိုရောက် သွားပါတယ်။ အရှေ့မှာ အပျော်တမ်း ဘောလုံးကွင်းတစ်ဝက်စာကျယ်ကျယ်လောက်ရှိတယ် မြေညီကွင်းပြင်မှာ ဝါးနဲ့လုပ်ထားတဲ့ ထိုင်ခုံ၊ စားပွဲတန်းလျားလေး သုံးခုနဲ့ ခြံဝန်းမရှိပေမယ် ခြံအစပ်မှာကွယ်နေတဲ့ ခြုံတွေပေါ်နဲ့ မြေ တလင်းတချို့ပေါ်မှာလှမ်းထားတဲ့ စောင်၊ အနွေးထည်၊ ကလေးလူကြီးဝတ်အဝတ်အထည်မျိုးစုံက ကျွန်တော် တို့ကိုစကြိုနေပါတယ်။



အဲဒီကွင်းလေးရဲ့တဖက်မှာတော့ လေးထောင့်စပ်စပ် အခန်းတွဲစက်ရုံဟောင်းကြီးတစ်ခုထဲက မျက်လုံးပေါင်းများ စွာက ကျွန်တော်တို့ကိုလှမ်းကြည့်နေပါတယ်။ အဲဒီထဲကနေ ခပ်သွက်သွက် နဲ့ထွက်လာပြီး နုတ်ဆက်လာတာ ကတော့ ကျွန်တော့်မိတ်ဆွေ စခန်းတာဝန်ခံမညိုပါ။ မဲရီးခရစ္စမတ်နုတ်ဆက်ပြီးပြီးချင်း ပြောမနာဆိုမနာ သူငယ် ချင်းကြိုဆိုပုံ နင်ကင်မရာဟိုစားပွဲပေါ်သွားတင်ထား ဒီစခန်းမှာ ဘယ်သူ့ကိုမှ ဓာတ်ပုံရိုက်ခွင့်၊ အင်တာဗျူးခွင့်မရှိ ဘူးဆိုပြီး သူ့စခန်းလေးရဲ့တင်းကြပ်သော ဥပဒေနဲ့ ကျွန်တော့်ကို စတင်ကြိုဆိုပါတယ်။



ကျွန်တော်လည်း တာဝန်ခံတစ်ယောက်နဲ့ရင်းနှီးလို့လုပ်ချင်ရာလုပ်သွားနိုင်ပေမယ့် သူ့ရဲ့တောင်းဆိုမှုအတွက် စိတ်အနှောင့်အယှက်မရှိ သူညွှန်ပြရာစာပွဲပေါ်ကျွန်တော့်ကင်မရာရော၊ တလမ်းလုံးအားမနာလျာ မကြိုးကျွန် တော့် ကျောပေါ်လိုက်လာတဲ့ကျွန်တော့် ကျောပိုး အိတ်လေးကိုရောသွားတင် ထားလိုက်ပါတယ်။ ဝန်းထဲမှာ လူကြီးနဲ့ မိခင်တစ်ချို့နေစာလှုံနေသလို၊ တချို့က ချက်ပြုတ်နေပါတယ်။ ခပ်ငယ်ငယ်ကလေးတချို့ကတော့ ပြေးလွှားဆော့ကစားနေပေမယ့် အများစုကတော့ လူစုစု စုစုလေးတွေလုပ်ပြီး ထိုင်စကားပြော နေကြပါတယ်။ ကွင်းရဲ့ထောင့်တဖက်မှာတော့ အဝတ်အစားခပ်သန့်သန့်နဲ့ အမျိုးသမီး ၅ဦးဟာ ဝါးနဲ့လုပ်ထားတဲ့စားပွဲဝိုင်းမှာ ဝိုင်းထိုင် စကားပြောနေပါတယ်။ အထူးသတိထားမိတာက စခန်းထဲမှာ အမျိုးသမီး၊ သက်ကြီးရွယ်အိုနဲ့ ကလေးတွေများပြီး သန်မာတဲ့ ယောင်္ကျား မရှိသလောက်ပါပဲ။



ဒီစခန်းမှာ ခိုလှုံသူ ၅၀၄ဦးရှိပြီး ကျေးရွာ ၅ရွာကျော်ကလာရောက်ခိုလှုံနေသူတွေများပါတယ်။ တာဝန်ခံ ကျွန် တော့်မိတ်ဆွေရယ်၊ သူ့လက်ထောက် ညီမငယ်တစ်ယောက်ရယ်၊ မြန်မာစစ်တပ်အရာရှိဟောင်းတစ် ဦး(က ချင်အမျိုးသမီးနဲ့ အိမ်ထောင်ကျလို့ တပ်ကထွက် ထားရတဲ့သူ)ရယ်နဲ့ စေတနာ့ဝန်ထမ်း ၄ဦးရယ်က အဓိက စီမံ ခန့်ခွဲနေပေမယ့် ခရစ္စမတ်ပွဲတော်ရက်မို့ လုပ်အားပေးလူငယ်တွေက အိမ်ပြန်သွားကြလို့ သူတို့သုံးဦးဘဲရှိသေးပြီး ကျွန်တော်တို့ရောက်သွားချိန် ၁၀း၃၀နာရီအထိ သူတို့မနက်စာမ စားရသေးကြောင်း မိတ်ဆွေရဲ့လက်ထောက် ကချင်ညီမငယ်လေးက ကျွန်တော့်နားကိုကပ်ပြီးပြောပါတယ်။ ကျွန်တော်က အကိုတို့ကို အားမနာနဲ့ သွားစား လေလို့ပြောတော့ ဘာမှကိုမချက်ရသေးဘူးတဲ့။ ကျွန်တော် တော်တော်လေးစိတ်မကောင်းဖြစ်သွားတယ်။



အဲဒီလိုပြောနေစဉ်ဘဲ တရုတ်နံပါတ်တပ် ကားနှစ်စီးစခန်းထဲကိုမောင်းဝင်လာပြီး တရုတ်-ကချင်နွယ်မိသား စု တစ်စု ဆင်းလာတာတွေ့လို့ သူတို့ ၃ယောက်ကိုလှမ်းခေါ်ကာ ဆန် ၅အိတ်နဲ့ ပန်းဂေါ်ဖီ၊ ကြက်သွန်နီတွေလာ လှူတာတွေ့ရတယ်။ လာလှူတဲ့အဖွဲ့မှာလည်း ယောင်္ကျား သားဆိုလို့ ကားမောင်းလာသူနှစ်ဦးဘဲပါလို့ ဆန် အိတ်ထမ်းဖို့ အားမနာလျာမကြိုးဘဲ ကျွန်တော့်ရဲ့ပိန်လျော်လျော် ခန္ဓာကိုယ် ကြီး ကို မိတ်ဆွေကအား ကိုးတကြီး လှမ်းခေါ်လို့ ဆန်အိတ်တွေထမ်းချ၊ ဟင်းသီးဟင်းရွက်အိတ်တွေဝိုင်းသယ်ရင်း စခန်းရဲ့အတွင်း ဘက်ကို ပိုဝင် ရောက်သွားတယ်။



အစားအသောက် စတိုခန်းကို တရုတ်စာတွေကပ်ထားတဲ့ သံတံခါးကြီးကြီးနှစ်ခြပ်နောက်က သစ်ဟောင်းဝါး ဟောင်းတွေနဲ့ အောက်က ခံခင်းထားတဲ့ ပေအစိပ်၊ ပေခြောက်ဆယ်လောက်ကျယ်တဲ့ အခန်းတစ်ခုထဲမှာ လုပ် ထားပါတယ်။ ခုနလာလှူတဲ့ ဆန်အိတ် အပါ အဝင် ဆန်အိတ်၂၀ဆယ်၊ ကြက်သွန်နီ၊ ပန်းဂေါ်ဖီ ၃တောင်း၊ ဆေး ရွက်ကြီးခြောက် ၃ထုပ်၊ ဆီ ၂ပုံးကို သေသေချာချာစီထားတယ်။ ဆေးရွက်ကြီးခြောက်တွေက လာခိုလှုံတဲ့သူ တွေထဲက ကျွန်တော်တို့ကွမ်းစားသလိုဘဲ ကချင်လူကြီးတွေက ဆေးရွက်ကြီး ခြောက်ကို ဝါးလေးရှိလို့ နယ်ခံ တွေက လာလှူထားတဲ့။ ခုချိန်ထိ နယ်မြေခံကက်သလစ်အသင်းတော်နဲ့ နယ်မြေခံပြည်သူလူထုက လာလှူ ထားတာ တွေ ဘဲရှိသေးပြီး ဘယ်အဖွဲ့အစည်းနဲ့မှ အဆက်အသွယ်မရသေးဘူးလို့ မိတ်ဆွေက ပစ္စည်းတွေ သေချာသပ်သပ်ရပ်ရပ်ဖြစ် အောင်စီနေ ရာကနေ ပြောပြပါတယ်။



စတိုခန်းထဲကပြန်ထွက်လာတော့ ခုနက အဝတ်အစားခပ်သန့်သန့်ဝတ်ထားတဲ့ အမျိုးသမီးတစ်စု က ကျွန်တော့် မျက်လုံးထဲပြန်ဝင် လာလို့ မိတ်ဆွေကိုမေးတော့ သူတို့က ဒီနယ်ခံအစိုးရဝန်ထမ်းတွေဖြစ်ပြီး စခန်းရဲ့လူ ဝင်လူ ထွက် အတွက် အစိုးရကလာချပေးထား တာတဲ့ တော်ကြာနေပြန်တော့မှာ ဒီနေ့ လွှတ်တော်ကိုယ်စားလှယ်နဲ့ အဖွဲ့လာမှာမို့လို့ ဒီအချိန်လောက်ထိ နင်တွေ့ရတာတဲ့..။ ကျွန်တော်က သူတို့ကို ကူဖို့လာပို့ထားတာ ခင်ဗျားခေါ် ခိုင်းလေးဆိုတော့ မိတ်ဆွေက ပါးစပ်ထဲက အငွေ့ထွက်အောင်ရယ်ပြတယ်။ ကျွန်တော်ကလည်း သူ့အရယ်ကို သဘောပေါက်စွာဘဲ ပါးစပ်ထဲကအငွေ့ထွက်အောင်ပြန်ရယ်လိုက်တယ်။



ဒီစခန်းလေးက နောက်သွားမယ့် စခန်း ၂ကနေခွဲလာတာ ၁လခွဲလောက်ဘဲရှိဦးမယ်လို့ သူငယ်ချင်းကပြော ပါတယ်။ နောက်သွားမယ့် စခန်းအမှတ် ၂ ဖြစ်တဲ့ ဘုရားကျောင်းဝန်းလေးမှာက လူဦးရေ ၅၀၂ဦးရှိပြီး အရပ်ကျပ်တည်းနေလို့ ဒီနေရာစက်ရုံဟောင်းကို နယ်မြေခံ အစိုးရဆီက အကူအညီတောင်းပြီး ရွေ့လာရတာတဲ့။ ခုနက ကျွန်တော်ပြောခဲ့တဲ့ ဒီစခန်းမှာ ယောင်္ကျားသားတွေမရှိရတဲ့အကြောင်းအ ရင်းက အိမ်ထောင်သည်တွေ အတူတူထားရင် တခြားလူမှုရေးပြသနာတွေရယ်၊ ပေါ်တာလို(နှစ်ဘက်လုံးက)ကိစ္စတွေရယ်ဖြစ်လာနိုင် တဲ့အတွက် ယောင်္ကျားမှန်သမျှကို တရုတ်ပြည်ဘက်က စခန်းတွေမှာသာ ခွဲထားတယ်ဆိုတာကို တရုတ်ပြည်ဘက်က  စခန်းတွေရောက် မှ ကျွန်တော်သဘောပေါက်လိုက်ပါတယ်။



ပြန်လာပြီး ကူလုပ်ပေးဖို့ ဖိတ်ခေါ်နေတဲ့ မိတ်ဆွေမညိုကို ဂုဏ်ယူစွာနုတ်ဆက်ရင်း တခြားစခန်းတစ်ခုဆီကို ကျွန်တော်တို့အဖွဲ့ဦးတည် လိုက်ပါတယ်။


စိမ်းခက်စိုး
ဇန်နဝါရီ ၁၊ ၂၀၁၂
ည - ၁၀း၀၀ နာရီ

မှတ်ချက်။
စခန်းတာဝန်ခံနဲ့ ခိုလှုံသူတွေရဲ့ လုံခြုံတည်ငြိမ်ရေးအခြေအနေအရ နာမည်၊ နေရာများကို ချန်လှပ်ထားပါသည်။
ဆက်လက်ရေးသားပါဦးမည်။ မနောမြေနဲ့ ကချင်လူမျိုးတွေရဲ့ ချစ်စရာတွေကို ဒီလင့်လေးမှာသွားကြည့်ပါ။ https://www.facebook.com/media/set/?set=a.2409559359870.2105743.1277811975&type=1

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...