“အမောမပြေတဲ့ မနောမြေ (၂) ” (စိမ်းခက်စိုး)
by Sein Khat Soe on Monday, January 9, 2012 at 10:52pm
စစ်ဘေးရှောင် မိသားစုများ ခိုလှုံရာစခန်း အမှတ်(၂)
ခိုလှုံသူဦးရေ ၅၀၄ဦး၊
၂၁၊ ၁၂၊ ၂၀၁၁
တရုတ်-ကချင်နယ်စပ်တနေရာ။
“စစ်ဘေးဒုက္ခသည်ဆိုတဲ့စကားကို သမီးစသိသိချင်းတုန်းက ငါတို့ဟာမကြာခင်မှာ သေရတော့မယ်။ အဲဒါ ကြောင့် သေမယ့်အတူတူ မေမေနဲ့ ညီမလေးတွေနဲ့အတူတူသေမယ်ဆိုပြီး ကျောင်းလည်းမသွားတော့ဘူး၊ ဘယ်သူနဲ့မှလည်းမကစားတော့ဘူး။ အမေ့ကိုဘဲကြည့်နေတယ်။
အမေအိပ်ရင် အိပ်တယ်။ အမေစားရင် စားတယ်။ အမြဲတမ်းအိပ်ယာထဲနဲ့ အမေ့နားမှာဘဲနေတာများတယ်။
နောက်တော်တော်လေးကြာလာတော့မှ အလှူတွေရောက်လာ၊ ကစားစရာပစ္စည်းတွေရောက်လာ၊ လူကြီး တွေပြောတာကြားလာပြီး စစ်ဘေးဒုက္ခသည်ဆိုတာ စစ်ဖြစ်လို့ရှောင်တိမ်းလာတာဆိုတာကိုသိလာရတယ်။ အဲတော့မှ ကျောင်းလည်းပြန်တက်ချင်လာတယ်။ အမေကိုလည်း ကူညီပြီး ညီမလေးတွေနဲ့ ကစားနိုင်လာ တယ်။”
(မူလတန်းအရွယ် ကချင်တိုင်းရင်းသူ ညီမငယ်လေးတစ်ဦး၏ စစ်ဘေးဒုက္ခသည်ဆိုသည့် စကားလုံးပေါ်အမြင်)
…………………………………………………………………………………………………………………………………………
ဒီနေရာလေးက လူနေရပ်ကွက်အစွန်လေးတစ်ခုက ကက်သလစ်ဘုရားကျောင်းလေးတစ်ခုတည်းမှာ တည်ရှိပြီး တာဝန်ခံဦးဆောင်နေသူကတော့ အသက် ၂၅နှစ်ကျော် ကချင်အမျိုးသမီးလေးတစ်ဦးနဲ့ လူငယ်တချို့ပါ။ ဒီနေရာလေးက ရပ်ကွက်အတွင်းလည်းဖြစ်၊ ဘုရားကျောင်းလည်းဖြစ်တော့ ကူသူတွေပိုများပါတယ်။ ဒါပေမယ့် နေစရာကတော့ တော်တော်လေးကျပ်တည်းကျဉ်းမြောင်းကြပြီး ဘုရားကျောင်းဘေးမြေကွက်လပ်မှာ အုတ်တံ တိုင်းကိုမှီပြီး တာပေါ်လင်မိုး၊ ဝါးနဲ့တည်ထားတဲ့ တန်းလျားအရှည်ကြီးမှာ လူပေါင်း ၅၄၀ ခိုလှုံနေထိုင်နေရရှာ တာပါ။ လူအားလုံးဟာ မြေကြီးပေါ်မှာ တာပေါ်လင်ခင်း၊ မြက်ခင်းပြီးအိပ်ကြရတာပါ။ ဒီစခန်းလေးရဲ့ သက်တမ်း ကလေးလကျော်ကြာနေပြီလို့ တာဝန်ခံညီမငယ်ကရှင်းပြပါတယ်။
ကလေး၊ လူကြီးအယောက် ၅၂၀ရဲ့ စားအားနဲ့ ရေသုံးစွဲမှုကို စဉ်းစားကြည့်ရင် ရေရှည်ရပ်တည်ရေးအတွက် ရင် လေးစရာပါ။ ကလေးတွေအရမ်းများပြီး အိမ်သာဆိုတာလည်း တာပေါ်လင်နဲ့ကာပြီး တည်ဆောက်ထားတဲ့ ယာ ယီအိမ်သာတွေအဖြစ်ဘဲရှိနေပါသေးတယ်။ ဝတ်အထည်အတွက် သိပ်မပူရပေမယ့် မြေကြီးပေါ်မှာ တာပေါ်လင် ခင်းပြီး တနေကုန်နေရတဲ့ ဒဏ်ဟာရေရှည်မှာ ကျန်မာရေးကိုအကြီးအကျယ်ထိခိုက်နိုင်တဲ့ အခြေအနေပါ။
ဒီစခန်းလေးရဲ့ အားနည်းချက်က ဘယ်သူဟာ ဒုက္ခသည်၊ ဘယ်သူဟာ ကူညီသူ၊ ဘယ်သူဟာ ဧည့်သည်မကွဲ ပြာလောက်အောင်ကိုလူရှုပ်တာပါဘဲ။ ဘုရားကျောင်းလည်းဖြစ်၊ ရပ်ကွက်တွင်းလည်းဖြစ်၊ တာဝန်ခံလုပ် ဆောင် နေသူ ညီမငယ်ရဲ့အသက်အရွယ်နဲ့ အတွေ့အကြုံအရကြောင့်လည်း လူ၊ လုပ်အားစီမံခန့်ခွဲမှုအားနည်းနေလို့ ဖြစ်မယ်ထင်ရပေမယ့် ကျွန်တော့်အနေနဲ့အထွေအထူး အကြံတွေမပေးခဲ့တော့ပါဘူး။ ထူသွားမှာစိုးတာရော၊ လုပ်နေသူရဲ့ ပင်ပန်းမှုနဲ့ အခက်အခဲကိုရော ကိုယ်ချင်းစာတာကြောင့်ပါ။
ကျွန်တော် စခန်း (၁) ကနေထွက်လာတော့ ၁၂နာရီကျော်နေပေမယ့် သူတို့ဆီရောက်တဲ့အထိ ထမင်းရုံမှာ ထမင်း၊ ဟင်းကို ချွေးတလုံးလုံးနဲ့ ချက်ကြပြုတ်ကြတုန်းပါ။ မိုးပြဲဒယ် ၃လုံးနဲ့ ချက်နေတဲ့ ဟင်းအိုးကိုကြည့်လိုက် တော့ အာလူးနဲ့ ကြက်သားပါ။ ဒီနေ့အလှူရှင်ရှိလို့လို့ ထမင်းချက်တဲ့အဖွဲ့မှ အမျိုးသမီးကြီးက ဟင်းအိုမွှေရင်း ကျွန်တော့်ကိုလှမ်းရှင်းပြပါတယ်။
ဆေးဗူး၊ ဆေးပုလင်း၊ ပတ်တီးလိပ်တွေကျဲပြန့်နေတဲ့ ဝါးကွပ်ပြစ်စားပွဲလေးနဲ့ လုပ်ထားတဲ့ ဆေးခန်းလေးထဲမှာ တော့ ကစားရင်းလက်ကွဲသွားတဲ့ ကလေးငယ်လေးတစ်ယောက်ကို ဆေးရုံကနေအလှည့်ကျ တာဝန်လာယူနေ တဲ့မြန်မာ အမျိုးသမီး သူနာပြုဆရာမကြီးက ချော့မော့ဆေးထည့်နေပါတယ်။
ရုံးခန်းထဲကို အိတ်တွေလာဆွဲပြီးခေါ်သွားလို့ဝင်လိုက်သွားတော့ တာဝန်ခံညီမငယ်ရဲ့ ရုံးခန်းထဲကိုရောက်ဖြစ်ပါ သွားပေမယ့် ရုံးခန်းဆိုတာသူ့အိမ်ခန်းကိုလုပ်ထားပြီး အဝတ်ထုတ်တွေ၊ တခြားပစ္စည်းတွေပြွတ်သိပ်နေအောင် သို့လှောင်ထားတာမို့ တာဝန်ခံညီမငယ်ရဲ့ ကျန်းမာရေးကိုတောင်တွေးပြီးစိုးရိမ်မိသွားတယ်။ နောက်မှသိတာက သူနဲ့လုပ်ဖော်ကိုင်ဘက်ညီမငယ် နှစ်ယောက်က ပင်ပန်းလွန်းလို့ ဖျားပြီးအိမ်ပြန်ပို့ထားရတယ်တဲ့…။
(တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ...တို့ပြေ၊တို့မြေ...များလူခပ်သိမ်းငြိမ်းချမ်းစေဖို့ ခွင့်တူညီမျှ ဝါဒတူညီတဲ့မြေ) လို့ နိုင်ငံတော်သီချင်းမှာ သူငယ်တန်းကျောင်းသားဘဝတည်းက မပီကလာ၊ ပီကလာနဲ့အော်ဆိုခဲ့ရပြီး၊ အိုကြီး အိုမ တုန်တုန်ချိချိဘဝအထိ လိုအပ်လာတဲ့အချိန်အတိုင်း အသံအကျယ် ကြီးအော်ခဲ့ရတယ်။
ဒါပေမယ့် အဲဒါတွေရဲ့အခြားတဖက်မှာ တမြေတည်းနေ ညီနောင်ဖွားတိုင်းရင်းသားတွေဟာ မတူကွဲပြားတဲ့ ယုံကြည်မှုအသီးသီးကြောင့် ဒုက္ခပင်လယ်ဝေနေရတယ်။ ကရင်မှာကြည့်မလား၊ ရှမ်းမှာလေ့လာမလား၊ ကချင်မှာ သုံးသပ်မလား နေရာစုံ၊ ပြဿနာအစုံ၊ ဒုက္ခတွေ၊ အကျပ်အတည်းတွေလည်းအဖုံဖုံဘဲ။
ခုလတ်တလောမှာ ကျွန်တော်တို့ ညီနောင်တိုင်းရင်းသား ကချင်လူမျိုးတွေ စစ်ဘေးရှောင်ပြီး နေစရာမရှိဖြစ်လို့ တောထဲတွေမှာပုန်း၊ ဘုရားကျောင်းတွေမှာခို၊ ဘုန်းကြီးကျောင်းတွေမှာအောင်း၊ တရုတ်ပြည်နယ်စပ်တစ် လျောက်ထဲမှာ မျက်နှာတစ်မွဲမွဲ၊ သိမ်သိမ်ငယ်ငယ်နဲ့ ခိုလှုံနေနေရတာဟာ ကျွန်တော်တို့အားလုံးမှာ သိပ်ရှက်ဖို့ ကောင်းတယ်လို့ မထင်မိဘူးလားဗျာ။
အထူးသဖြင့် စစ်ကိုဦးတည်နေသော ၂ဘက်သော တာဝန်ရှိသူတွေအားလုံး အဲဒိကိစ္စကို ဦးစွာသုံးသပ် သင့်ပါတယ်။ မြင်တွေ့ခဲ့ရတာတွေ၊ ဖြစ်နေပျက်နေတာတွေဟာ တော်တော်လေး ဝမ်းနည်းဖို့ကောင်းတယ်။
တကယ်တော့ ဒီရက်တွေဟာ ကျွန်တော့်ရဲ့ရုံးပိတ်ရက်ရှည်ရလို့ မန္တလေးနဲ့ ရွှေဘိုဘက်ကို ခရီးထွက်လာရင် မန္တလေးက ဆရာတစ် ယောက်က ဒီဘက်ကိုစာရင်းကောက်သွားချင်လို့ လိုက်ကူပေးပါဆိုလို့ အားလပ်ရက် ကိုဘေး ချပြီးထလိုက်သွားတာပါ။ ရန်ကုန်သား ကျွန်တော့်အတွက် ရာသီတော်တော်ကြမ်းသလို၊ မြင်တွေ့ရတာ တွေ ဟာလည်းရင်ကို နွမ်းစေပါတယ်။ နောက် နယ်မြေဒေသအခြေ အနေအရ ဗမာလူမျိုးတစ်ယောက်အနေနဲ့ အန္ဆရာယ်ရှိနိုင်ပေမယ့် တကယ်တမ်းတိုင်းရင်းသားတွေရဲ့ မျက်နှာတွေအခေါ်အပြောတွေ မှာကျွန်တော်ဗမာလူမျိုးတစ်ယောက်လို့ပြောလိုက်၊ မိတ်ဆက်ပေးလိုက်ယုံနဲ့ ဘာမှထူးထူးခြားခြားပြောင်းလဲသွားတာမျိုး မတွေ့ရ လောက်အောင်ကို ရိုးသားအေးချမ်းတဲ့ လူမျိုးတွေပါ။
သတင်းစာနဲ့ အင်တာနက်စာမျက်နှာတွေပေါ်မှာ နှစ်ဘက်လုံးက အပြန်အလှန်ပုတ်ခတ်စွပ်ဆွဲနေကြတာတွေကို ဟိုလူမှားတယ်၊ ဒီလူမှန်တယ် ကျွန်တော့်မှာပြောပိုင်ခွင့်၊ ပြောနိုင်တဲ့အစွမ်းမရှိပေမယ့် ကျွန်တော်ပြောရဲ၊ ပြော နိုင်တာက အပြစ်မဲ့ပြည်သူတွေ၊ မိသားစုတွေ ကြားကဒုက္ခရောက်နေပါတယ်ဆိုတာပါဘဲ။
ကျွန်တော်အနေနဲ့ စစ်ကြီးရပ်ဖို့ တောင်းဆိုနိုင်တဲ့ ပါဝါမရှိပါဘူး။ တောင်းလည်းမတောင်းဆိုချင်ပါဘူး။ တစ်ခုဘဲ ရပ်မရလို့၊ မရပ်လိုလို့ တိုက်ကြမယ်ဆိုရင်လည်း ၂ဘက် အဖွဲ့အစည်းတွေဟာ “စစ်မဲ့ဇုံလေး”တစ်ခုတော့ စစ် ဘေးရှောင်မိသားစုတွေအတွက် ထားပေးစေ ချင်ပါတယ်။ ပြည်သူတွေဟာ နှစ်ပေါင်းများစွာ နိုင်ငံရေးစနစ် အား နည်းမှုကြောင့်နွမ်းနယ်နေရပါပြီ။ ဘယ်သူလာလာ၊ ဘယ်သူ တက်တက်ပါ မူတွေ၊ အယူအဆတွေမှာ သေနတ် သံတွေပါမလာစေချင်တော့ပါ။
ဆရာမောင်ဝံသဖြစ်မယ်ထင်တယ် ဟောပြောပွဲတစ်ခုမှာ “ပြည်တွင်းငြိမ်းချမ်းရေးမရှိဘဲ ဒီမိုကရေစီမဖော်ဆောင် နိုင်ဘူး”ဆို တာကိုပြောဆိုသွားဖူးတာတွေကို ဒီအရပ်ဒေသတွေကိုရောက်လေ ကျွန်တော်ပိုယုံကြည်လာလေဖြစ် ပါတယ်။ နောက် စာရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ ဆရာချိုတူးဇော်လည်း လွန်ခဲ့တဲ့ သုံးလေးလတည်းက စစ်ပွဲ တွေကို ချက်ချင်းရပ်ဖို့ကြိုးစားပေးဖို့ကို အကြိမ်ကြိမ် အလီလီတောင်းဆို ဆော်အောနေပေမယ့် ဒီလောက်အထိ ဆိုးဝါးလိမ့်မယ်လို့ သာမန်လူတစ်ယောက်အတွေးနဲ့လျော့တွေးထားခဲ့မိတယ်။
ဒီမိုကရေစီနိုင်ငံစစ်စစ်ဖြစ်ပေါ်လာပြီဆိုရင် ဝါဒရေးရာအတွက် ဘယ်သူမှ လက်နက်သုံးမှာမဟုတ်တော့ဘူးလို့ ကျွန်တော်ယုံကြည်ပါ တယ်။ အဲဒီလိုဘဲ လေ့လာခဲ့ရဖူးပါတယ်။
ကျွန်တော်တောင်းပန်ချင်တာကတော့ ကချင်သတင်းဌာနတွေ၊ ကချင်ပြည်နယ်ဘက်က သတင်းတင်နေသူတွေ အနေနဲ့ ဗမာစစ်တပ်ကို ဘယ်လိုတိုက်နိုင်လိုက်တာတို့၊ စစ်သားဘယ်နှစ်ယောက်ကို အသေပစ်လိုက်နိုင် တာတို့ ဆိုတဲ့ သတင်းတွေကိုချည်းဘဲတင်နေမယ့်အစား စခန်းပေါင်း ၄၀ ကျော်မှ စစ်ဘေးရှောင်ပြည်သူ တစ်သိန်းခွဲ ကျော် ( သတင်းဂျာနယ်တစ်ခုမှာ ဒေါ်ဘောက်ဂျာရဲ့ ပြောဆိုမှုအရ) တွေရဲ့ စားဝတ်နေ ရေးအခြေအနေတွေနဲ့ ပြန်လည် ထူထောင်ရေး၊ လုံခြုံမှုကျိုးပျက်နေရတဲ့အခြေအနေတွေကိုလည်း ပိုမိုပွင့်လင်း ထင်သာ လာအောင် သတင်းကျင့် ဝတ် ညီညီနဲ့တင်ပေးစေချင်ပါတယ်။
ပြည်တွင်းက တခြားသော သတင်းဌာန ကြီးတွေကလည်း လွှတ်တော်ကိုယ်စားလှယ်ကိုဖုန်း ဆက်မေးယုံလောက် သတင်းနဲ့ မကျေနပ် နေဘဲ မိမိတို့ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ရောက်ရှိသတင်းယူနိုင်အောင်ကျိုးစား စေချင်ပါတယ်။ အထူးသဖြင့် သတင်းစာကလည်း သူ့ကြောင့်၊ ငါ့ကြောင့်ဆိုတဲ့ တဖက်စောင်းနင်း သတင်းမျိုး မရေးဘဲ ကချင်တိုင်းရင်းသား ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေကို အမှန်တကယ် ကာကွယ်ကူညီပေးနိုင်တဲ့ သတင်းမျိုးကိုသာ ပြည်သူနဲ့ နိုင်ငံတကာသိအောင် ရေးသားဖော်ပြစေချင်တာပါတယ်လို့ တောင်းပန်ပါရစေ။
လူတွေကိုကြည့်ရင်း တွေးနေတဲ့ ကျွန်တော့်အတွေးစမဆုံးခင် တရုတ်ပြည်ဘက်က စခန်းတွေဘက်ကို ဂိတ်တံ ခါးမပိတ်ခင်အမှီပြန် လာနိုင်အောင် ထွက်ခွာဖို့ လိုက်ပို့မယ့်သူက လာခေါ်တဲ့အတွက် တာဝန်ခံ ညီမငယ်ကို ကပြာကသီနုတ်ဆက်ရင်း မြို့စွန်လေးကနေ တရုတ်နံပါတ်တပ်ကားတစ်စီးနဲ့ စခန်းအမှတ် (၃) (၄) (၅) တို့ဆီ ဦးတည်လိုက်ကြပါတယ်။
ချစ်ခင်လေးစားစွာဖြင့်
စိမ်းခက်စိုး
ဒီဇင်ဘာ ၂၃၊ ၂၀၁၁
0 comments:
Post a Comment