Friday, January 13, 2012

ဒုက္ခသည်တစ်ဦး၏ ဆုတောင်းမေတ္တာ

by Win Ko on Friday, January 13, 2012 at 5:53pm
 
၂၀၁၂ ခုနှစ်သည် မြန်မာနိုင်ငံသူနိုင်ငံသားများနှင့်တကွ အတိုက်အခံနိုင်ငံရေးသမားများအတွက် မင်္ဂလာ အပေါင်းနှင့် ပြည့်စုံကုံလုံသောနှစ်ဦးဟုပင် ဆိုချင်ပါသည်။
          အနှစ်နှစ်အလလ အာဏာရှင်စနစ်ကို တွန်းလှန်ရင်း မဖြစ်ချင်ဘဲ ဒုက္ခသည်ဘဝများ ဖြစ်ခဲ့ရသည်။ အရပ်သားအစိုးရ တက်လာပြီးနောက်ပိုင်း မြန်မာ့နိုင်ငံရေးအခြေအေနေများမှာ အလွန်တိုးတက်ကောင်းမွန် လာ ခဲ့သည်။ အချို့က အပြုသဘောဆောင်ပြီး ဖြန့်ကျက်တွေးကြသည်။
အချို့ကတော့ အပျက်သဘောနှင့် ပြက်ရယ်ပြုသူတို့ကိုလည်း တွေ့ကြုံဆုံစည်းခဲ့ရဖူးသည်။
          ၁၂-၁-၂၀၁၂ ရက်နေ့ည အိပ်ရာဝင်ချိန် ပုံမှန်အတိုင်း ရေဒီယိုဖွင့်ပြီး သတင်းများကို အာရုံစိုက် နားထောင်လိုက်ရာ ၁၃-၁-၂၀၁၂ ရက်နေ့တွင် နိုင်ငံတော်အတွက် အကျိုးပြုလိုသူ၊ ပူးပေါင်းဆောင်ရွက်လိုသူ ၆၅၁ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပြုမည်ဖြစ်ကြောင်း ကြေညာလိုက်သောအခါ မိမိနားကိုပင် မိမိမယုံနိုင်လောက် အောင်ဖြစ်ခဲ့ရသည်။ ထိုသတင်းမျိုးကို မည်သူမှ ကြိုတင်သိရှိထားပုံမရ။ မီဒီယာသမားများလည်း အငိုက်မိသွားပုံရသည်။ နိုင်ငံရေးအကျဉ်းသမားများ လွတ်မြောက်ရေးအတွက်  မျှော်လင့်ချက်မဲ့သလိုလို ခံစားနေရချိန်တွင် ယခုကဲ့သို့ ရုတ်တရက် ထုတ်ပြန်လိုက်သည့် သတင်းများကြားလိုက်ရသဖြင့် ဝမ်းသာလွန်း၍ မျက်ရည်များပင် စို့ခဲ့ရပါသည်။
          အရွေ့တစ်ခုကိုရွေ့ရာတွင် အရပ်သားအစိုးရတွင်လည်း လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲရှိသည်ကို သတိထားမိပါသည်။ ဆန္ဒထက် ဖြစ်သင့်ဖြစ်ထိုက်သော အရွေ့ကို မနေမနား မှန်မှန်သွားနေခြင်းမှာ အမှားနည်း ပြီး အောင်မြင်နိုင်ပါသည်။ အလိုကြီးက အရနည်းတတ်သည်ကိုလည်း အထူးသတိပြုသင့်ကြပါသည်။ အတိုက် အခံပြုလုပ်သည့်ဝါသနာထက် တိုင်းပြည်နှင့်လူမျိုး အကျိုးရှိစေမည့် စေတနာအရင်းခံဖြင့် ကြိုဆိုသင့်ပါသည်။ အတိုက်အခံပြုလုပ်ရခြင်းမှာ အမှန်တရားအတွက်ဟု ဆိုကြပါသည်။ ထိုသို့ဆိုလျှင် အရပ်သားအစိုးရသည် လည်း အမှန်တရားကို ဖော်ဆောင်နေသည်ကို သတိပြုမိကြရန် အထူးပင်လိုအပ်လှပါသည်။ မည်သို့အတိုက် အခံပြုလုပ်ခဲ့သည်ဖြစ်စေ တိုင်းပြည်နှင့်လူမျိုးကောင်းစားရေးကို တကယ်လိုလားနှစ်သက်မြတ်နိုးလျှင် အရာရာ ကို ပြောင်းလဲလက်ခံနိုင်ရမည်ဖြစ်ကြောင်း သိစေလိုပါသည်။
          ဗုဒ္ဓတရားတော်တွင် ကျေးဇူးတင်ထိုက်သူကို ကျေးဇူးတင်ခြင်းမှာ မင်္ဂလာတပါးဟု ဖွင့်ဆိုထားပါသည်။ ထို့ကြောင့် နိုင်ငံနှင့်လူမျိုးအတွက် ကိုယ်ကျိုးမဖက်ဘဲ အသက်နှင့်ခန္ဓာကိုပေးဆပ်တိုက်ပွဲဝင်ခဲ့ကြသည့် နိုင်ငံရေးအကျဉ်းသားများကို ပြန်လည်လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့သော နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နှင့် တကွ အစိုးရတာဝန်ရှိပုဂ္ဂိုလ်များကို ကျန်းမာချမ်းသာကြပြီး နိုင်ငံ့အကျိုး လူမျိုးအကျိုးကို ကိုယ်ကျိုးမဖက် တိုင်းပြည်အတွက် စေတနာအပြည့်ဖြင့် ဆထက်ထမ်းပိုးထမ်းဆောင်နိုင်ပါစေကြောင်း ပြည်သူပြည်သားများ ကိုယ်စား ဒုက္ခသည်စခန်းတစ်နေရာမှ ဗျို့ဟစ်၍ ဆုတောင်းပေးလိုက်ရပါသည်။
အမိမြန်မာနိုင်ငံတော်ကြီး အလျှင်အမြန် ငြိမ်းချမ်းသာယာ၍ ဖွံ့ဖြိုးတိုးတက်နိုင်ပါစေ.................။

အုပ်ကြီးဖေ
၁၃-၁-၂၀၁၂

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...