Sunday, January 1, 2012

ဥရောပငွေကြေး ပြဿနာ (အပိုင်း ၄)

by Tharchit Zaw on Sunday, January 1, 2012 at 4:06pm
 ဘိုဘိုကျော်ငြိမ်း | အင်္ဂါနေ့၊ ဒီဇင်ဘာလ ၂၇ ရက် ၂၀၁၁ ခုနှစ် ၁၃ နာရီ ၃၅ မိနစ်


ဟိုမရောက် ဒီမရောက် အရင်းရှင် ဆိုရှယ်လစ်စနစ်


အရင်းရှင်စနစ်ဆိုတာက “လောဘ” ကို တွန်းအားသဖွယ် အသုံးပြုတာကြောင့် ငါ ဆိုတဲ့ အခြေခံ ယူနစ်ကို ဦးစားပေး အဓိကထားတယ်။ Individualism တကိုယ်တော် စနစ်လို့ ပြောရမယ် ထင်တယ်။ ဆိုရှယ်လစ်စနစ် ဆိုတာက တရားမျှတမှုရှိအောင်  အများ ဆိုတဲ့ ယူနစ်ကို ဦးစားပေးလာတယ်။ Collectivism အများအကျိုးစနစ်လို့ပြောနိုင်ပါတယ်။

ဒါကြောင့် ဥရောပ စနစ်ဟာ အမေရိကန်စနစ်လို ကိုယ်လုပ်ရင်ကိုယ်ရမယ်ဆိုတဲ့ စနစ်မဟုတ်ဘဲ၊ များများရှာရရင် အစိုးရက အခွန်များများကောက်ပြီး အစိုးရကမျှတအောင် ဆိုရှယ်အစီအစဉ်တွေ များများလုပ်တာကြောင့် အလုပ် လုပ်ချင်စရာ Incentive လျော့နည်း သွားရတယ်။


ငွေများများရှာနိုင်တဲ့သူတွေ အခွန်နည်းတဲ့ဆီ ပြေးကြတော့ လူတော်တွေနည်း လာတာပေါ့။ ဥပမာ အင်္ဂလန်က အတော်ဆုံး ဆရာဝန်တွေဟာ အမေရိကားကို ပြောင်းပြေးကြတော့ နိုင်ငံခြားက ဆရာဝန်တွေနဲ့ ပြန်ဖြည့်ရတော့ အဆင့်မမီတဲ့ သူတွေလည်းပါလာပြီး မကြာခဏ ဆေးရုံဆေးခန်းက ပြဿနာတွေကို သတင်းစာတွေမှာ တွေ့ရ ဖတ်ရ ပါလိမ့်မယ်။

ဂရိနိုင်ငံရဲ့ အမျိုးသားထုတ်လုပ်မှု GDP ဟာ ဒေါ်လာ သန်း ၃၁ဝ လောက်ပဲရှိတယ်။ ချေးငွေက သန်း ၄ဝဝ ကျော် တယ်။ အစိုးရ အလုပ်သမားက ၄ဝ% ကျော်တယ်။ အစိုးရ အမှုထမ်းဆိုတာ ဘယ်နိုင်ငံ မှာမဆို အလှုပ်၊မရှုပ်။ မပြုတ်
တွေက များတာပဲ။ ခရီးသွားလုပ်ငန်းလို Service Sector က ထုတ်ကုန် အားလုံး GDP ရဲ့ ၇၈.၈ ရာခိုင်နှုန်းရှိပြီး စက်မှုလက်မှု ကဏ္ဍ Industrial Sector က ၁၇.၉ ရာခိုင်နှုန်းပဲ ရှိတယ်။ ထုတ်လုပ်မှုမှာ အစိုးရ အလုပ်သမားတွေက များနေပြီး သူတို့က Union အလုပ်သမားအဖွဲ့ အစည်းတွေက ဥရောပမှာ  အား  ကောင်းတာကြောင့်၊ အခွင့်အရေး
တွေ တအားပိုတောင်း၊ အစိုးရကလည်း (မဲ) ရအောင် လွယ်လွယ်ခွင့်ပြု၊ နောက်ဆုံး ဖင်မနိုင် ခေါင်းမနိုင်ဖြစ်ကြမှ ကူညီကြပါ ဖြစ်ကြရတာပဲ။


အရင်းရှင်စနစ် ဆိုတာ

အရင်းရှင်စနစ်ကို တကယ်ကျင့်သုံးချင်ရင် သနားတာတခုတည်းကို ကြည့်နေလို့ မရတာတွေရှိတယ်။  ဥပမာ လူငါးယောက်ရှိတဲ့ ဌာနအုပ်စုတခုမှာ လူတယောက်က အချောင်ခိုတယ်။ ဒါမှမဟုတ် ကျန်တဲ့သူတွေကို လိုက်မမီဘဲ အလုပ်မပြီး ဘူးဆိုပါတော့။

ကျန်တဲ့ လူလေးယောက်က ပိုအလုပ်လုပ်ရတော့မယ်။ မလုပ်ရင် အလုပ်မပြီးရင် အားလုံးအလုပ် ပြုတ်ကြမှာကိုး။ ကြာတော့လည်း ကျန်တဲ့သူတွေပါ စိတ်ဓာတ်ကျဆင်း လာနိုင်တယ်။ ဒီတော့ အလုပ်မတွင်တဲ့သူကို ဖြုတ်ပြစ်ရမှာပဲ။ Individualism ဆိုတာဒါပဲ။ လူတိုင်း ကိုယ့်အတွက် ကိုယ်တာဝန် ယူကြရမှာပဲ။

ထိုနည်းတူစွာပဲ တိုင်းပြည်နဲ့ ဆိုင်တဲ့ မက်ကရို စီးပွားရေးမှာလည်း ပြဿနာဖြစ်ရင် ပိုနေတာတွေကို လျော့ချ၊ ခြိုးခြံ
ကြ၊ ပြီးရင်တခါပြန်ထ ရုန်းကန်လှုပ်ရှားပြီး နလန်ထူလာကြပြီး စီးပွးရေး ကျန်းမာလာတော့ ထပြေးကြပြန်တာပေါ့။ သဘာဝတောမီးလောင် သလိုပေါ့။ ခြောက်နေတဲ့ ရွက်အိုသစ်ပင်အိုတွေ လောင်ပြီးသွားရင်၊ ရွက်နုတွေ ပေါက်လာပြီး သစ်စိမ်းတွေနဲ့ နုပျိုလန်းဆန်းတဲ့ သစ်တောတခု ပြန်ပေါ်လာသလိုပဲပေါ့။

ရောနယ်ရီဂင် လက်ထက်မှာ အဆောက်အဦး Real Estate Boom ပူဖေါင်းလို တရှိန်ထိုး တိုးတက်မှု (Boom)
ဖြစ်တယ်။ တချိန်တည်းမှာ သမဝါယမလို အသေးစား ငွေချေးဌာန Savings and Loans တွေ Boom ဖြစ်တယ်။ ထုံးစံအတိုင်း Boom ဖြစ်တော့ အလွန်အကျွံတွေ၊ ပြုန်းတီးမှုတွေ ပါလာတာပေါ့။ Boom ဖြစ်ရင် ပူဖေါင်းကွဲသလို Bust ဆိုတာ လာတာပဲ။ သမ္မတ ရီကင်ပြီးတော့ ပထမ ဂျော့ဘုရှ် (၄၁) က သမ္မတဖြစ်တော့ ရီပတ်ဘလီကင် ဆိုတော့ အရင်းရှင်ဆန်ဆန် ငွေချေးဌာနတွေကို ကိုင်တွယ်တာပေါ့။

Resolution Trust Corporation (RTC) ဆိုပြီး ကွန်ကရက်က ငွေမတည်ပြီး ထောင်ပေးလိုက်တယ်။ အသေးစိပ် ကတော့ အတော် ရှုပ်ထွေးပါတယ်။ ဒါပေမယ့် လွယ်လွယ်ပြောရရင် မှန်မှန်ကန်ကန်လုပ်ပြီး ရပ်တည်နိုင်တဲ့ အဖွဲ့အစည်းတွေကို ထားခဲ့တယ်။ မနိုင်မနင်း ပြဿနာတက်နေတဲ့ အဖွဲ့အစည်းတွေကို ရွေးပြီး ဘဏ်ကြီးတွေကို
ရောင်းပစ်လိုက်တယ်။ အစိုးရက အစိုးရ အာဏာနဲ့ မကောင်းသူပယ်၊ ကောင်းသူကယ် လုပ်ပစ်လိုက်တာပဲ။ အဲရီဇိုးနားပြည်နယ်က နာမည်ကျော် ကီးတင် (Keating) ဆိုရင် ထောင်ကျသွားတယ်။ ဒီကဏ္ဍမှာရှိနေတဲ့ သူတွေ ကတော့ (ငရဲ) ပေါ့။ အလုပ်ပြုတ်သူပြုတ်၊ ဘဝပျက်သူပျက်ကြပေါ့။ ဒါပေမယ့် ပြဿနာက ဒီလို မလုပ်ရင်လည်း တခြားစီးပွားရေး ကဏ္ဍတွေကို ကူးစက်တော့မှာကိုး။ ပြီးတော့ (RTC) ကိုဖျက်ပြီး တခြား အစိုးရဌာနက ဆက်တာဝန် ယူသွားရတယ်။ ဒါကြောင့် ကလင်တန်တက်ကာစမှာ  စီးပွားရေးပြန် ဦးမော့လာတာ။

အဆောက်အဦး ကဏ္ဍ (Real Estate) မှာလည်း Bust ဖြစ်တော့ ဈေးတွေကျ။ ဆောက်လုပ်သူတွေ ဒုက္ခရောက်၊ ဘဏ်တွေ အကျပ်အတည်း ဖြစ်ကြပေါ့၊ ထုံးစံအတိုင်း ဗဟိုဘဏ်က အတိုးလျော့၊ အစိုးရက အခွန်လျော့ပြီး ဈေးကွက် မှာ ငွေလည်ပတ်မှု Liquidity ရှိအောင် အစိုးရက ဝင်ထိန်းပေးပြီး ဈေးကွက်ကပဲ အပိုအလျှံတွေကို ရှင်းထုတ်ပြီး တခါရွက်သစ်တွေပေါက်၊ ရွက်ဟောင်းတွေကြွေပေါ့။ ဒီဒုက္ခ ပင်လယ်ထဲမှာ နဖူးကွဲသူကွဲ၊ ထိပ်ပေါက်သူပေါက်ပေါ့။


မရက်စက်ရင် ဘာဖြစ်မှာလဲ

အမေရိကားမှာ အဆောက်အဦး တိုးပွားမှု Real Estate Boom ဖြစ်တဲ့အချိန် ၁၉၈ဝ ခုနှစ်တွေမှာ ဂျပန်မှာလည်း အဆောက်အဦတိုးပွားမှု Real Estate Boom ဖြစ်တယ်။ ဂျပန်စနစ်က အပြင်လူ မဝင်ရအောင် အချင်းချင်းရဲ့စတော့ (Stocks) တွေကို ပိုင်ဆိုင်ထားကြတယ်။ Cross Ownership လို့ ခေါ်ပါတယ်။ အာရှသားတွေရဲ့ အကျင့်အရ  အားနာတာ ၊ မျက်နှာနာတာ ပါတယ်။ ဂျပန်စနစ်က ဘဏ်ကိုမှီပြီး အုပ်စုလိုက် တည်ဆောက်ကြတယ်။

ဥပမာ မစ်ဆူဘီရှီအုပ်စု၊ မစ်ဆူအီ (Mitsui) ဆိုပြီး ရှိကြတယ်။ အတိုးမရတဲ့ ချေးငွေဆိုရင် ဘဏ်အတွက် ဘာမှ အကျိုးမရှိတော့ဘူး။ ဒါကို Toxic Loans လို့ ခေါ်ပါတယ်။ ဒါတွေကို အမေရိကန်လို၊ အရင်းရှင် ပီပီသသ ရှင်းရင် ကိုင်တွယ်ရင် လူတွေဖြုတ်ရမယ်။ လူအများ ဒုက္ခရောက်ကြမယ်။ ဒီလို မရှင်းချင်တော့ ဂျပန်စီးပွားရေးဟာ တအိအိ ရွာလည်နေတာ ခေါင်းမထောင်နိုင်တာ အနှစ် (၂ဝ) ဖြစ်သွားတယ်။ ဒါကို ဆုံးရှုံးသွားသော ဆယ်စုနှစ်များ Lost Decades လို့ တင်စားကြပါတယ်။ ရွက်ဟောင်းတွေကို မလောင်စေချင်တော့ ရွက်သစ်တွေမထွက် နိုင်ဘူးပေါ့။ လူတစုအပေါ် မရက်စက်ချင်တာကြောင့် လူအားလုံး  ခံကြရတာပဲ။


ဥရောပ ပြဿနာကို ဘယ်လိုရှင်းမလဲ

အခု ယူရိုပြဿနာမှာ အစိုးရငယ်တွေက မတရားသုံးကြပြီး မနိုင်မနင်းဖြစ်တော့ နိုင်ငံကြီးတွေနဲ့ IMF ကမ္ဘာ့ငွေကြေး ရန်ပုံငွေအဖွဲ့ International Monetary Fund တို့က ဝင်ကူရတယ်။ IMF ဆိုတာက အမေရိကန်နဲ့ ဥရောပနိုင်ငံတွေ
ငွေအများဆုံးထည့်ပြီး အုပ်စီးထားကြတော့ အမေရိကန်နဲ့ အင်္ဂလန်တို့လို နိုင်ငံတွေက IMF ကို ငွေထပ်ဖြည့်ကြပေါ့။ ဒါ့အပြင် နောက်နိုင်ငံတွေကို ကူးစက် လာနိုင်တဲ့ ပြဿနာ (Contagion) ကို ကြောက်တာကြောင့် အိုင်အမ်အက်ဖ်လို ဥရောပ ရန်ပုံငွေထောင်ပြီး ဒုက္ခရောက်တဲ့ နိုင်ငံတွေ ငွေချေးနိုင်အောင် စီမံရပြန်တယ်။

ဒီအဖွဲ့အစည်းကို European Financial Stability Facility (EFSF) ဥရောပ ငွေကြေးတည်ငြိမ်ရေး အဆောက်အအုံ လို့ နာမည်ရပါတယ်။ အီးယူ အဖွဲ့ဝင်တွေက အချိုးကျ ထည့်ဝင်ပြီး ဂျာမန်အကြွေးအုပ်စိုးရေးဌာနရဲ့ ထောက်ခံမှုနဲ့ Bonds ဘွန်းတွေထုတ်ပြီး ငွေချေးနိုင်တယ်။ အိုက်အမ်အက်ဖ် IMF က ယူရို ၂၅ဝ ဘီလျံ ထောက်ပံ့ဖို့ ကတိအာမခံနဲ့ ယူရို ၇၅ဝ ဘီလျံအထိ ချေးနိုင်တယ်လို့ လျာထားခဲ့ကြပါတယ်။ နောက်ဆုံး ဥရောပ ပါပါကြီး ဂျာမန်နဲ့ မလှိမ့်တပတ်နဲ့ ကမ္ဘာက လှည့်ချေးနေရတဲ့ တချိန်က ကိုလိုနီသမား ဥရောပတိုက်သားတွေရဲ့ ဘဝပါပဲ။ ရှက်စရာက ငွေပုံအပေါ် ထိုင်နေတဲ့ တရုတ်ကြီးကိုကယ်ဖို့ ဥရောပတိုက်သားတွေ မျက်နှာချိုသွေးနေရပြီ။

အမှန်က ဥရောပဘွန်း Euro Bond  ကိုထုတ်။ သုံးမရတော့တဲ့ ဂရိဘွန်း Greek Bonds လို ဘွန်းတွေကို ယူရိုဘွန်းနဲ့ အစားထိုး။ ဒါမှမဟုတ် ဒီသုံးမရတော့တဲ့ ဒီဘွန်းတွေကို အီးစီဘီ (ECB) ဥရောပဗဟိုဘဏ်က လိုက်ဝယ်ပစ်မှ
ငွေကြေးဈေးကွက်က ပြန်လည်ယုံကြည်လာနိုင်တယ်။ ဒါမှမဟုတ် အမေရိကန် ဗဟိုဘဏ်လို (ငွေ) ရိုက်ထုတ်ရတော့ မယ်။ ဒါမှ ပုံမှန်လည်ပတ်မှုကို ပြန်ဖေါ်ဆောင်နိုင်မယ်။ ဒီလိုဝယ်ရာမှာ တချို့က ဝယ်ထားတဲ့ ဘဏ်တွေလည်း အချိုး ကျ အရှုံးခံစေမှ မျှတမယ်၊ နောင်ကျဉ်မယ်ဆိုတဲ့ အဆိုပြုချက်တွေရှိတယ်။

ဒါပေမယ့် ဥရောပမှာ “ငွေရှင်၊ ကြေးရှင်” က ဂျာမဏီပဲ။ ဂျာမဏီက ရဲရဲတာဝန်ခံမှ ဈေးကွက်က ယုံကြည်မယ်။
ပြဿနာက ဂျာမဏီက ဥရောပရဲ့ ဖယ်ဒရယ် အစိုးရမဟုတ်။ နိုင်ငံရေး အမိန့်ပေးလို့မရ။ ဘသားချောတွေက အသုံး မရပ်နိုင်ဘဲ ဆက်သုံးလို့ ဆက်ဒုက္ခတွေ့ရင် ဂျာမဏီက တာဝန်ခံရရင် ဂျာမဏီ ဒေဝါလီခံ ရတော့မယ်။ ဒီအကြွေးတွေ
ကြောင့် ဂျာမဏီမှာလည်း ချွေတာရမှာမို့ ပင်စင်သက်တွေ တိုးရတော့မယ်။ ဥပမာ ဂျာမဏီမှာ အသက် ၆၇ မှ ပင်စင် ယူနိုင်မယ်၊ ဂရိက လောလောဆယ် ၅ဝ ကျော်ရင် ပင်စင်ယူနိုင်ပြီ။ တရားပါ့မလား။ ဒါကြောင့် ဂျာမဏီက အီးစီဘီ ဘွန်းထုတ်ရောင်းတာရော၊ အီးစီဘီက သုံးမရတဲ့ ဘွန်းတွေကို အလုံးအရင်းနဲ့ လိုက်ဝယ်မယ့် အစီအစဉ်ကို လက်မခံ ဘူး။ ပြင်သစ်က ဂျာမဏီ ပိုက်ဆံနဲ့ ဒီအစီအစဉ်တွေကို လုပ်ချင်တယ်။ လူလည်လုပ်တာပါ။


နိုင်ငံရေး အားနည်းချက်

ဒီမှာ အဓိက အားနည်းချက်ပေါ်လာတယ်။ အမေရိကန်နိုင်ငံက ပြည်နယ် ၅ဝ ပေါင်းစုထားတဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး အမေရိကန်ဖက်ဒရယ် အစိုးရက ပြည်နယ် ၅ဝ လုံးကို ကိုယ်စားပြုတဲ့အစိုးရ။ ဒါကြောင့် ပြည်နယ် ၅ဝ ကိုယ်စား အမေရိကန် ဖက်ဒရယ် အစိုးရမှာ လုပ်ပိုင်ခွင့် (Authority) အပြည့်ရှိတယ်။ Fiscal Policy ငွေကြေးသုံးစွဲမှု ပေါ်လစီ ဟာ အစိုးရတာဝန်။ ထိုနည်းတူ အမေရိကန် ဗဟိုဘဏ်ဟာလည်း နိုင်ငံ့အကျိုးတွက် လုပ်ပိုင်ခွင့် (Authority) အပြည့်ရှိတယ်။ Monetary ငွေသားပေါ်လစီက ဗဟိုဘဏ်ရဲ့တာဝန်။ ဒါကို နိုင်ငံရေးပေါင်းစပ်မှု Political Integration လို့ခေါ်ပါတယ်။

ဒီပေါင်းစပ်မှုကြောင့် ရသုံးငွေပေါင်းစပ်မှု Fiscal Integration ကို ဖြစ်ပေါ်စေတယ်။ ဖက်ဒရယ်အခွန် Federal Tax
ကောက်ခွင့်ရှိပြီး နိုင်ငံကို ကိုယ်စားပြုခွင့်ရှိတယ်။ တနည်းအားဖြင့် နိုင်ငံ့ဘတ်ဂျက် အသုံးငွေဟာ ပြည်နယ်တွေနဲ့ မဆိုင်တော့၊ ဗဟိုအစိုးရနဲ့သာ ဆိုင်တော့တယ်။ ဒီအတွက် ပြည်နယ်တွေဟာ ဖက်ဒရယ် အောက်ရောက်ပြီး သီးခြား လွပ်လပ်ပိုင်ခွင့် Sovereign Right မရှိတော့၊ ကိုယ်ပိုင်လွပ်လပ်ခွင့်ကို စွန့်လွှတ်လိုက်ကြရတယ်။ ဒီဟာက ဥရောပ ပိုင် နိုင်ငံတွေအတွက် အတွက်  အဓိက  ပြဿနာပဲ။

ဥရောပ နိုင်ငံတွေက ကိုယ်ပိုင် အုပ်ချုပ်ခွင့် (Sovereign Right) ကို မစွန့်လွှတ် ချင်ကြ။ ထို့အတွက် ဥရောပသမ္မတနဲ့ တာဝန်ခံ (ဝန်ကြီး)၊ အမတ်မင်း တရားသူကြီးတွေဟာ ရာထူးသာရှိကြပြီး လုပ်ပိုင်ခွင့်အာဏာ တကယ်မရှိကြ။ မလို အပ်တဲ့ ထပ်ဆင့်အမိန့်တွေသာထုတ်ပြီး ထိန်းချုပ်မှု (Regulation) တွေသာ ထပ်ဆင့်ထုတ်နေကြတာ။ အစိုးရတွေရဲ့ အသုံးစရိတ် ဘတ်ဂျက်ကို မထိန်းနိုင်။  ဒီအာဏာပေးလိုက်တာနဲ့ ကိုယ်ပိုင်လွပ်လပ်ခွင့် Sovereign Right ကို စွန့်လွှတ်ရတော့မယ်။ ဒါကို ဥရောပ နိုင်ငံတွေက အလိုမရှိ။

ဝ မရှိဘဲ ဝိ လုပ်ချင်ကြတာ။  အမေရိကန်ပြည်ထောင်စုလို အင်အားကြီးမားတဲ့ ဥရောပပြည်ထောင်စု၊ ဥရောပတိုက် ထူထောင်ဖို့ စိတ်ကူးယဉ်ကြတာ။ အမှန်က တချိန်က ရွှေထီးဆောင်ခဲ့ကြတဲ့ ကိုလိုနီခေတ်က ဘဝကို ပြန်အိမ်မက် မက်ကြတာပါ။ အနှစ်သာရပါတဲ့ ပေါင်းစုခြင်း မဟုတ်ဘဲ အပေါ်ယံပေါင်းစုခြင်းကြောင့် ဒီတောင်ကို မောင်တို့ မကျော်နိုင်ကြ။

ECB  ဆိုတာကလည်း အမေရိကန် ဗဟိုဘဏ် (Federal Reserve) လို ပြည့်ပြည့်ဝဝ လုပ်ပိုင်ခွင့် မရှိရှာ။ မလုပ်ရဲ။ ဒီတော့ အမေရိကန် ဗဟိုဘဏ် အကူနဲ့ နိုင်ငံတွေ အမေရိကန်ဒေါ်လာ လွယ်လွယ်ကူကူ လဲနိုင်အောင် ဗဟိုဘဏ်
တွေစုပြီး ကြေငြာချက် ထုတ်ရတယ်။


အစိုးရမှန်ရင်

နောက်ဆုံး ဆန်းစစ်လိုက်ရင် အစိုးရတိုင်းမှာ တာဝန်ရှိတာ နှစ်ခုရှိတယ်။  အခွန်ကောက်ပြီး တိုင်းပြည် အကျိုး အတွက် ငွေသုံးရတယ်။ အသုံးများလာရင် ဝင်ငွေနဲ့ သုံးငွေ မမျှတော့ရင် ငွေချေးရမယ်။ ငွေချေးတာ များလာရင် ယုံကြည်မှု ကျလာရင် အတိုးနှုန်း တက်မယ်။ ဝင်ငွေများအောင် အခွန်တိုးကောက်။ ဒါဆို လုပ်ငန်းရှင်တွေက စီးပွားရေးကျပ်လာတော့ လူတွေလျော့။ အစိုးရကို ဝန်ပိ။

ဒီမိုကရေစီရဲ့ အားနည်းချက်က မဲရအောင် လူတွေကိုလိုက်လျောရတယ်။ လူတွေက ဒါဟာ ငါတို့ရဲ့ ရပိုင်ခွင့်လို့ ထင်ပြီး ရပိုင်ခွင့်တွေ မလျော့ချင်။ အစိုးရက မလျော့ရဲ။ နောက်ဆုံး အစိုးရတွေမှာ ငွေ မရှိဘဲ လုံးပါးပါး။ ဒါမှမဟုတ် လူထု တော်လှန်ရေး ဖြစ်ဖို့ပဲရှိတယ်။ လူ့အလို နတ်မလိုက်နိုင်တာပါပဲ။


လက်ရှိ အမေရိကန် ပြဿနာလည်း ဒါပဲ

အမေရိကားမှာ အိုဘားမား ရင်ဆိုင်နေရတာလည်း ဒီပြဿနာပဲ။ အမေရိကန်လို နိုင်ငံ့ ဗဟိုဘဏ်တွေက ငွေ ကို ကြိုက်သလောက် ရိုက်ထုတ်နိုင်တယ်။ ဒါပေမယ့် ဘယ်အစိုးရမှ (အလုပ်) မထွင်ပေးနိုင်ဘူး။ မာ့က်စ်ရဲ့ ဆိုရှယ်လစ် စီးပွားရေး စနစ်ကရှုံးရတာ သက်သေပဲ။ အစိုးရတွေက စီးပွားရေးသမားတွေ တိုးတက်ကြီးပွားနိုင်အောင် အခွန် မျှမျှတတကောက်၊ မျှမျှတတသုံး၊ ( ဖြုန်းတာမဟုတ်)၊ ငွေကြေး တန်ဖိုး ချိန်ခွင်လျှာ မှန်အောင် ကြိုးစား Growth တိုးတက်မှု ကပဲ စီးပွားရေကျဆင်းမှု ကို ရပ်တန့်နိုင်တယ်။ ကယ်တင်နိုင်တယ်။

ဒါကြောင့် ဥရောပနိုင်ငံတွေက အဓိကကျတဲ့ ရပိုင်ခွင့် Entitlement တွေကို မလျော့ဘဲ၊ အသုံးစရိတ်ကို မလျော့နိုင်။ ဒီလိုလျော့ဖို့ စည်းကမ်းရှိဖို့နဲ့ တိုင်းပြည်ကိုချစ်တဲ့ ခေါင်းဆောင်တွေ လိုလာတယ်။ ဆိုရှယ်လစ် စိတ်ဓါတ်နဲ့ အားလုံးကို  ရပိုင်ခွင့် လို့ မထင်မှတ်မိကြဖို့က ပထမခြေလှမ်းပဲ။


အဖြေရှိသောနိုင်ငံ

ဒီပြဿနာတွေ အစောကြီးတက်ခဲ့ပြီး ဖြေရှင်းနိုင်ခဲ့တဲ့ နိုင်ငံရှိပါတယ်။ အဲဒါက ကနေဒါ နိုင်ငံ။ ကနေဒါမှာ တချိန်က တနှစ်မှာ ရှစ်ပတ်ပဲ အလုပ်လုပ်ပြီး ကျန်တဲ့ရက်တွေမှာ အစိုးရဆီက ငွေလက်ခံပြီး ဇိမ်ယူနိုင်လောက်အောင် ရပိုင်ခွင့်
တွေ လွန်ကဲခဲ့ကြတယ်။ နောက်ဆုံး ဒီရပိုင်ခွင့်တွေကို လျော့၊ အသုံးစရိတ်တွေလျော့။ ဝင်ငွေ/ထွက်ငွေ မျှတအောင် ကျင့်ကြံပြီး ချွေတာလိုက်ကြတာ ငါးနှစ် အတွင်း စီးပွားရေးဦးထောင်လာပြီး ယနေ့ ကနေဒါ ဒေါ်လာဟာ အမေရိကန်
ဒေါ်လာနဲ့ တန်ဖိုးယှဉ်လာနိုင်ပြီ။


နောက်ဆုံးကြိုးစားမှု

၂ဝ၁၁ ဒီဇင်ဘာလ ခြောက်ရက်နေ့က Standard & Poor လို့ ခေါ်တဲ့ ကရက်ဒစ်သတ်မှတ်ရာ အေဂျင်စီက ဂျာမဏီအပါအဝင် ဥရောပ ခြောက်နိုင်ငံကို သတိပေးလိုက်ပြီ။ ဒီယူရိုပြဿနာကို မကိုင်နိုင်ရင် အကောင်ဆုံး (စံ) သတ်မှတ်ခံရတဲ့ နိုင်ငံတွေကို တဆင့်လျော့ချဖို့ အကြောင်းရှိတယ်ဆိုပြီး သတိပေးလိုက်ပြီ။ ဒါကြောင့် ဒီဇင်ဘာ ရှစ်ရက်နေ့မှာ ကျင်းပဖို့ရှိတဲ့ ထိပ်သီးဆွေးနွေးပွဲဟာ နောက်ဆုံးအခွင့်အရေးပဲလို့ သတိပေးလာသူတွေ ရှိလာတယ်။

ဒီဇင်ဘာလ ရှစ်ရက်နေ့ ထိပ်သီးအစည်းအဝေးပွဲမှာ ဥရောပ အက်ကြောင်းဟာ အထင်းသား ပေါ်လာပါတယ်။ ယူရိုဇုံ
နိုင်ငံတွေနဲ့ အီးယူးအဖွဲ့ဝင် သို့သော်လည်း ယူရိုဇုံ မဟုတ်သောနိုင်ငံများ အကြား သဘောတူညီမှု မရနိုင်ကြဘူး။ အထူးသဖြင့် ဥရောပကြီး နှစ်ကြီးဖြစ်ကြတဲ့ ပြင်သစ်နဲ့ ဂျာမဏီတို့ ဦးဆောင်တဲ့ အများစုကတဘက်၊ အင်္ဂလန်က တဘက် လာဖြစ်ကြတယ်။ ဥရောပ စိတ်ကူးယဉ် ဆရာကြီးတွေဖြစ်လိုတဲ့ အင်အားကြီးတဲ့ ဥရောပပြည်ထောင်စုကြီး (United States of Europe) ဖြစ်ဖို့ရာ အဆင့်သုံးဆင့် လိုပါတယ်။
(၁) ငွေသားပေါင်းစည်းမှု (Monetary Union)
(၂) ငွေကြေးပေါင်းစည်းမှု (Fiscal Union)
(၃) နိုင်ငံရေးပေါင်းစည်းမှု (Political Union)
အဆင့် (၃) မဖြစ်ဘဲ အဆင့် (၂) က ဖြစ်ရန် မလွယ်ကူလှ။
သို့သော် ပြင်သစ်နဲ့ ဂျာမဏီက ဉာဏ်ဆင်လာတာက
(၁) အီးယူ အတွင်းရှိ နိုင်ငံတိုင်း မိမိတို့၏ အစိုးရအသုံးငွေ ဘတ်ဂျက် ဝင်ငွေ၊သုံးငွေ မျှတရမည်။ Balance Budget
ဖြစ်ရမည်။
(၂) ဘတ်ဂျက်လိုအပ်ငွေ (Budget Deficit) သည် GDP ၏ ၃ ရာခိုင်နှုန်းထက် မပိုရ။
(၃) ပိုခဲ့သော် ပြစ်ဒဏ်ပေးခြင်း (Sanctions) ခံကြရမည်။
(၄) တိုင်းပြည်များ ဒုက္ခရောက်သော် အိုင်အမ်အက်ဖ် (IMF) ဝင်သူ ရန်ပုံငွေ လုံလောက်စေရေးအတွက် ယူရို ၂ဝဝ ဘီလျံ ထပ်ဖြည့်ပေးမည်။
(၅) ESFS လို့ခေါ်တဲ့ ယာယီ ဥရောပကယ်တင်ဖို့ရာ ရန်ပုံငွေကို ယူရို ၄၄ဝ ဘီလျံ တည်ထောင်ပြီး စပိန်၊ အီတလီတို့
ပြဿနာပေါ်သော် ကူရန် အဆင်သင့် ရှိစေမည်။
(၆) တချိန်တည်းမှာ ESM လို့ခေါ်တဲ့ European Stability Mechanism အမြဲတမ်း ဥရောပကယ်တင်ဖို့ရာ ရန်ပုံငွေ ကို ယူရို ၅ဝဝ ဘီလျံနဲ့ မတည်ပြီး တနှစ်စောဖွဲ့ကာ ယာယီရန်ပုံငွေ နှင့်အပြိုင် ရှင်သန်စေမည်။
(၇) ပုဂ္ဂလိက ငွေရှင်များ စိတ်သက်သာရစေရန် ပုဂ္ဂလိက ငွေရှင်တွေ ယူရိုဇုံ နိုင်ငံများကို ငွေချေးလျှင် အလိုအ
လျောက် ငွေရှုံးစရာ ငွေမလိုဟု ခေါင်းဆောင်များက သဘောတူကြသည်။ ဂရိနိုင်ငံအတွက် ဒုတိယအကြိမ် ငွေကူရာ တွင် ပုဂ္ဂလိက ငွေရှင်များ အရှုံးခံကြရသောကြောင့် တခြားနိုင်ငံများကို ငွေချေးရန် ကြောက်ရွံ့လက်တွန့်နေကြ၍ အာမခံချက်ပေးခြင်း ဖြစ်သည်။
(၈) ငွေကြေးဈေးကွက်မှာ အရောင်း၊အဝယ်လုပ်တိုင်း ကောက်ခံသည့်အခွန် (Transaction Tax) ကောက်ရန်
ယေဘုယျသဘောအရ သဘောတူခဲ့ကြတယ်။

ဒီသဘောတူညီချက်တွေကို ထိန်းကွပ်ကြီးကြပ်ရန် အီးယူ အဖွဲ့အစည်းများက ကြီးကြပ်ပေးရတယ်။ ရန်ပုံငွေ နှစ်ခုကို  ECB  ဗဟိုဘဏ်ကကြီးကြပ်ပြီး ကျန်ကြီးကြပ်မှုများကို အီးယူ ဗြူရိုကရက်များက ဦးစီးခွင့်ရတော့မယ်။ ဒါ့ကြောင့် ယူရိုဇုံ နိုင်ငံတွေဟာ ဘတ်ဂျက်နဲ့ ပတ်သက်လာရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဆုံးရှုံးကြရတော့မယ်။ ဒါ့ကြောင့် အင်္ဂလန် က ကင်းလွတ်ခွင့် တောင်းဆိုလာသော်လည်း မရခဲ့။ ထိုနည်းတူ ဆွီဒင်လို ယူရိုဇုံမဟုတ်တဲ့ နိုင်ငံများကလည်း ကနဦးက သဘောမတူကြ။ သို့သော် နောက်ဆုံး တခြားနိုင်ငံများ၏ ဖိအားပေးခြင်းကို မခံနိုင်ကြဘဲ၊ (၂၇) နိုင်ငံ အနက် (၂၆) နိုင်ငံကတဘက် အင်္ဂလန်က တဘက် ဖြစ်ခဲ့ကြရတယ်။

ဒါ့ကြောင့် ဒီပြဿနာကိုကျော်ဖို့ အင်္ဂလန်ရဲ့ ဗီတိုကို ရှောင်နိုင်ရန်၊ အီးယူ တခုလုံးရဲ့ သဘောတူညီချက် အစား နိုင်ငံ အချင်းချင်း သဘောတူညီမှု အနေနဲ့ ခရီးဆက်ကြဖို့ ဆုံးဖြတ်ကြတယ်။ ဒီလို (မူ) အားဖြင့် သဘောတူခဲ့ကြပြီး ဖြစ်ပေ မယ့် အသေးစိပ်ကို ဆွေးနွေးကြရပါဦးမယ်။ အနည်းဆုံး သုံးလကြာနိုင်ပါတယ်။ ဒီလိုလုပ်တာက ငွေကြေးဈေးကွက် ယူရိုကို ယုံကြည်မှုရစေဖို့ ဖြစ်ပါတယ်။


နောက်ဆုံးတော့

ပြဿနာက ယူရိုဇုံ ၁၇ နိုင်ငံများရဲ့ အကျိုးအတွက် ကျန်အီးယူ နိုင်ငံတွေက ခေါင်းဝင်ခံပေးရ တော့မယ်။ ဒီမှာ အမျိုးသားစိတ် Nationalism ပေါ်လာကြပြန်ပါတယ်။ ဥရောပနိုင်ငံများဟာ ပါးစပ်က ဥရောပကွလို့ အော်နေကြပေ မယ့် တကယ့်လက်တွေ့မှာ မိမိအမျိုးအုပ်စု စိတ်ဓာတ် (Tribalism) ကို လက်တွေ့မှာ မကျော်နိုင်သေးကြပါ။ နောက် ဆုံးတော့ ဂျာမဏီနဲ့ ပြင်သစ်တို့ရဲ့ အကျိုးနဲ့ ဗြိတိသျှ အင်္ဂလိပ်တို့ရဲ့အကျိုး အရင်ကိုလိုနီ ခေတ်ကလို လာအားပြိုင် ကြရပြန်ပြီ။ အခုကြိုးစားမှုဟာ ယူရိုကို အပျက်မခံဆိုတဲ့ စိတ်ဓါတ်နဲ့ ငွေကိုငွေနဲ့ လိုက်ခြင်းသာလျှင်ဖြစ်ပါတယ်။ ဖဲဝိုင်းတွင် အရှုံးကြီးရှုံးရတဲ့ ဖဲသမား အရှုံးကိုကာမိစေရန် ကြေးတိုးပြီး လောင်းကစားတာနဲ့ ဆင်ဆင်တူတယ်။

ပြုန်းတီးမှုကိုမလျော့၊ ရပိုင်ခွင့်တွေလည်း မလျော့ချင်၊ လူ့အခွင့်အရေးဆိုပြီး နိုင်ငံခြားသားတွေကို လွယ်လွယ် ဝင်ခွင့်
ပြုကာ အခွင့်အရေးတွေပေး၊ ကမ္ဘာ့အလယ်မှာ လူအထင်ကြီးအောင် ကမ္ဘာ့ရာသီဥတု ထိန်းသိမ်းဖို့အတွက်ကလည်း ဝိုင်းကူချင်ကြသေး၊ လုပ်ချင်တာ၊ လိုချင်တာတွေက များပြီး ပေးဆပ်မှုကျတော့ မပေးဆပ်ချင်ကြ။ ဘယ်က ငွေ ရ ကြမှာလဲ။

ဂရိမှာ လူတွေကစုငွေတွေ ထုတ်ပြီး အိမ်မှာပဲထား၊ တတ်နိုင်သူတွေက နိုင်ငံခြားပို့ ကြတာကြောင့် ဘဏ်တွေမှာ
ငွေလည်ပတ်မှု နည်းလာပြီ။ ဘဏ်စနစ်ပျက်ရင် တိုင်းပြည်စီးပွားရေး ဘယ်လိုမှ ခေါင်းထောင်နိုင်မှာ မဟုတ်။ အလုပ်လုပ်နိုင်တဲ့ ဂရိလူငယ် ပညာတတ်တွေက ဂျာမဏီ ပြောင်းပြေးကြပြီ။

တလတခါ အီးယူဌာနချုပ်ရှိရာ ဘရပ်ဆယ်မြို့ကနေ ဥရောပ ပါလီမန် အမတ်မင်း ၇၃၆ ယောက်နဲ့ ထောင်ပေါင်း များစွာသော အရာရှိမင်းတို့ဟာ ပြင်သစ်နိုင်ငံ စတောဘတ်ဂ်မှာ တခါ ရုံးပြန်ထိုင် ကြရတယ်။ ပြင်သစ်က မြို့နှစ်မြို့ လုံးမှာ ပါလီမန်ခေါ်ရမယ်လို့ တောင်းဆိုတဲ့အတွက် ဖြစ်တယ်။ ဒါပြင်သစ်တွေရဲ့ အမျိုးသားရေးစိတ်ကို အလိုလိုက်ဖို့ သက်သက် ကလွဲလို့ ဘာမှ အဓိပ္ပါယ် မရှိပါ။ ပြုန်းတီးမှုသက်သက်သာလျှင် ဖြစ်တယ်။

ဒီလိုစိတ်ဓါတ်၊ ဒီလိုပြုန်းတီးမှုတွေနဲ့ အမေရိကန်နဲ့ တရုတ်တို့လို နိုင်ငံတွေနဲ့ ဘယ်လို ယှဉ်ပြိုင်နိုင်ကြမှာလဲ။  အမေရိကန်ရော တရုတ်နိုင်ငံရောဟာ ငါအမေရိကန်ကွ၊ ငါတရုတ်ကွဆိုတဲ့ အမျိုးသားစိတ် ပြင်းထန်ကြတယ်။ ဥရောပမှာက ငါဥရောပကွ ဆိုတဲ့ မိမိအမျိုးသား စိတ်ဓါတ်အစား၊ ငါ ဂျာမန်ကွ၊ ငါ ပြင်သစ်ကွ၊ ငါ အင်္ဂလိပ်ကွ ဆိုတဲ့၊ နိုင်ငံကိုမီတဲ့ ကိုလိုနီခေတ် အမျိုးသားစိတ်ဓါတ် နယ်ပယ်ကရုန်း မထွက်နိုင်ကြသေးဘူး။

ဆွစ် နိုင်ငံသားတယောက် ပြောစကားကို ပြန်လည်ကြားယောင်မိသေးတယ်။ ငါတို့ ဥရောပတိုက်သားတွေ သက်သက်စိတ်ကူးယဉ်ကြတာပါတဲ့။ အမေရိကားလို National Identity လို့ ခေါ်တဲ့ ငါဘယ်သူလဲ ဆိုတဲ့ အမျိုးသားပုံဖေါ်မှုကို အဖေါ်ဆောင်မှုမှ မရှိဘဲတဲ့။ ဒီပုံဖေါ်မှုက နိုင်ငံရေးပေါင်းစပ်မှု မရှိဘဲနဲ့ မရနိုင်ပါ။

ဒါ့အပြင်၊ Good Governance လို့ခေါ်ကြတဲ့ အစိုးရ၏အုပ်ချုပ်မှု ကောင်းလိုသလို၊ လူတွေကလည်း အားလုံးကို ရပိုင်ခွင့်လို့ ထင်မိရင် တနိုင်ငံစီသာမက တိုက်ကြီးတတိုက်လုံး ဒုက္ခတွေ့ နိုင်ပါတယ်။ ဆိုရှယ်လစ် စိတ်ဓါတ် အသုံးမှားရင် ဒုက္ခတွေ့နိုင်တယ်ဆိုလည်း မမေ့လိုက်ကြပါနဲ့ဦး။ စာရေးသူအမြင်အရ၊ နောက်ဆုံး အလွန်အကျွံ
ဖြစ်မှုတွေကို နိုင်ငံကိုချစ်စိတ်၊ အမျိုးကိုချစ်စိတ် တိုင်းပြည်ထူထောင်ချင်တဲ့စိတ် တွေနဲ့ပဲ ထိန်းနိုင်မှာပါ။ သို့သော် မျိုးချစ်စိတ်ဟာ အစွန်းရောက်သွားရင်လည်း အန္တရယ် ရှိတတ်ပါတယ်။ ဒါကြောင့် စာရေးသူက ဒီမိုကရေစီဘောင် အတွင်းမှ မျိုးချစ်စိတ် Democratic Nationalism လို့ အမည်တပ်ချင်ပါတယ်။

ဒီထက် နက်နက်တွေးရင် မိမိတယောက်အတွက်အကျိုး၊ Individualism နဲ့ အများအကျိုး Collectivism တို့ဟာ လည်း အားပြိုင်လျက် ရှိကြတာကို တွေ့နိုင်ပါတယ်။ နောက်အချိန်ရမှ အသေးစိပ် ဆွေးနွေးပါ့မယ်။ တိုင်းပြည် အတွက် စေတနာရှေ့ထားလျက်၊ လူငယ်လေးတွေ တိုင်းပြည်အကျိုးကို ထမ်းဆောင်နိုင်ကြပါစေ။

ဘိုဘိုကျော်ငြိမ်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...