Monday, January 23, 2012

“ကျနော်တို့ နိုင်ငံတွင်းမှာ ပြေလည်ရင် နိုင်ငံတကာ ဆက်ဆံရေး ပြဿနာတွေ အားလုံးဟာ လက်အောက်ခံ ပြဿနာသာ ဖြစ်တယ်”လို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ပြောကြား

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုကိုကြီး
By ဇာဏီ ၊ ဇန္နဝါရီလ ၂၃ ရက်နေ့ ၊ ၂၀၁၂ ခုနှစ်။

ဇန္နဝါရီလ ၂၂ ရက်နေ့ နေ့လည် ၃ နာရီအချိန်တွင် အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း (John McCain) နှင့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ကိုကိုကြီး၊ကိုဌေးကြွယ် တို့ ရန်ကုန်မြို့ရှိ အမေရိကန် သံအမတ်ကြီးနေအိမ်မှာ အချိန် မိနစ် လေးဆယ်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အဆိုပါတွေ့ဆုံဆွေးနွေးခဲ့ကြတဲ့ ကိစ္စနှင့်ပတ်သတ်ပြီး ပါဝင်ဆွေးနွေးခဲ့သူတဦးဖြစ်သည့် ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးကို ဘားမားဗီဂျေ မီဒီယာမှ ဆက်သွယ်မေးမြန်းထားပါတယ် ။
မေး – မနေ့က ဂျွန်မက်ကိန်း(John McCain)နဲ့ အကိုတို့ ၈၈ ကျောင်းသားတွေနဲ့ တွေ့ကြတယ်ဆိုတာ မေးချင်လို့ပါခင်ဗျ။
ဖြေ – ဟုတ်ကဲ့ ။
မေး – အကိုတို့ မနေ့က ၈၈ ကျောင်းသား ဘယ်နှယောက်နဲ့ တွေ့တာလဲ ခင်ဗျာ။
ဖြေ – ကျနော်တို့ ၃ယောက်ပါ ။ ကိုမင်းကိုနိုင်ရယ် ၊ ကျနော်ရယ် ၊ ကိုဌေးကြွယ်ရယ် ပါ။

မေး – အဓိကအားဖြင့် အကိုတို့ တွေ့ဆုံတဲ့အခါမှာ ဘယ်အကြောင်းအရာပေါ်မှာ ဆွေးနွေးသွားတာလဲ ခင်ဗျ။
ဖြေ – သူတို့က ထောင်အကြောင်း ၊ နောက်တခါ လွတ်လာတဲ့အကျဉ်းသားတွေနဲ့ ကျန်ခဲ့တဲ့ အကျဉ်းသားတွေ အကြောင်း ၊ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သတ်တဲ့ issue တခုပါ။ နောက် sanction နဲ့ ပတ်သတ်တဲ့ အမြင် ၊ သူတို့က တော်တော်တော့ ကျယ်ကျယ်ပြန့်ပြန့်တော့ ပြောဖြစ်ပါတယ်။ နောက် ကျနော်တို့ လက်ရှိနိုင်ငံရေးအပေါ်မှာ အမြင် စသဖြင့် ပေါ့လေ။
မေး – ၈၈ ကျောင်းသားတွေ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံရေး အင်အားစုတွေရော ၊ အပြင်က တော်တော်များများရော ၊ လူထုကရော လက်ခံကြတယ်။ အဲအပေါ်မှာရော John McCain အနေနဲ့ တစုံတရာ မှတ်ချက်ပေးတာမျိုး ရှိလား ခင်ဗျ။
ဖြေ – သူကတော့ ကျနော်တို့ ဒီထောင်ဖြတ်သန်းမှုရော ၊ လွတ်လွတ်ချင်းမှာ တခါတည်း ချက်ချင်း နိုင်ငံရေးထဲမှာ ဆက်ပြီးပါဝင်လှုပ်ရှားနေတာကို သူတို့က အလေးအနက် အသိအမှတ်ပြုပါတယ်။
မေး – အကိုတို့ မနေ့က တွေ့တဲ့ဟာကို ဘယ်နေရာမှာ သွားတွေ့တာလဲ။ အကိုတို့က သွားတွေ့တာလား။ ဒါမှမဟုတ် သူက လာတွေ့တာလား ခင်ဗျ။
ဖြေ – သူတို့အစီအစဉ်နဲ့ပါ။ ကျနော်တို့ အမေရိကန် သံအမတ်ကြီးနေအိမ်မှာ သွားတွေ့တာပါ။
မေး – အချိန် ဘယ်လောက်လောက် ကြာအောင် သွားတွေ့တာလဲခင်ဗျ။
ဖြေ – ကျနော်တို့ မိနစ် လေးဆယ်လောက် ကြာပါတယ်။ ညနေ ၃ နာရီကနေ ၃း၄၀ လောက်အထိ တွေ့တာပါ။
မေး – အကိုတို့ ၈၈ ကျောင်းသားတွေ အနေနဲ့ ပြည်ပကို ထွက်ပြီး နိုင်ငံရေး လေ့လာမှုတွေ လုပ်ဖို့ အစီအစဉ်ရှိလား ခင်ဗျ။
ဖြေ – အဲတာကတော့ ကျနော်တို့ ကိုယ်နှိုက်က အခုလိုမျိုး ဒီGlobalizationခေတ်မှာ ပွင့်လင်းလာတဲ့ ပြင်ပကမ္ဘာနဲ့ ကျနော်တို့ အတွေ့အကြုံတွေ အများကြီး လိုပါတယ်။ အဲတော့ ဒါလဲ ကျနော်တို့ လက်ရှိအစိုးရ အဖွဲ့ကနေပြီးတော့ ကျနော်တို့ ထောင်ကနေ ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို နိုင်ငံကူးလက်မှတ် ထုတ်ပေးမှု အခြေအနေနဲ့ ပတ်သတ်ပြီးတော့လဲ ကျနော်တို့ လေ့လာပါဦးမယ်။ ကျနော်တို့ထဲကနေပြီးတော့ တခြား လေ့လာရေးခရီးတွေ ၊ ဒါမှမဟုတ် သီးခြားပညာသင်ဖို့ ကိစ္စတွေကို ကျနော်တို့ စဉ်းစားထားတာတွေ ရှိပါတယ်။
မေး – ၈၈ ကျောင်းသားတွေ အနေနဲ့ လက်ရှိအစိုးရကို နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သတ်တာတို့ ၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သတ်တာတို့ အကို့အနေနဲ့ ဘာများ ထပ်ပြီး ဖြည့်စွက်ပြောဖို့ ရှိလဲ။
ဖြေ – အဓိက ကျနော်နိုင်ငံမှာ ဖြေရှင်းရမယ့် ကိစ္စတွေက “ဆန်စင်ရာ ကျည်ပွေ့လိုက်”သလိုမျိုးပေါ့လေ။ ဟိုတခု ဒီတခု လိုက်ပြီးတော့ ဖြေရှင်းလို့ရမယ်လို့ ကျနော်တို့ မမြင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အများကြီးက ဆက်စပ်နေတယ်။ ဥပမာ နိုင်ငံရေး အကျဉ်းသားကိစ္စဆိုရင် ဂျွန်မက်ကိန်း (John McCain)တို့နဲ့ တွေ့တဲ့အခါမှာလဲ ကျနော် ပြောပါတယ်။ အထူးသဖြင့် တိုင်းရင်းသား ဒေသတွေမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်လို့ဆိုပြီး အဖမ်းအဆီး ခံထားရတဲ့ အင်မတန် ရိုးသားတဲ့ တိုင်းရင်းသားတွေ အများကြီး ရှိပါတယ်။ တော်တော်များများက မသိကြဘူး။ သူတို့ကို သူတို့ကိုယ်နှိုက်ပင်လျှင် နိုင်ငံရေးအကျဉ်းသားလို့ မသိဘူး။ အဲတော့ ဆိုလိုတာက နိုင်ငံရေးအကျဉ်းသား ဘယ်လောက်ကျန်သလဲ ပြောရင် အဲဒီကိစ္စကိုယ်နှိုက်က ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဆက်စပ်နေပါတယ်။ အဲတော့ တကယ်လို့သာ ကျနော်တို့က ပြည်တွင်းငြိမ်းချမ်းရေးကိစ္စကို ဒီထပ်ထာဝရပြေလည်မှုရအောင် မဖြေရှင်းနိုင်ဘူးဆိုရင် အဲဒီ နယ်စပ်ဒေသတွေမှာ ဒီလိုမျိုး ၁၇/၁ ၊ ၁၇/၂ ဆိုတဲ့ပုဒ်မတွေနဲ့ ဖမ်းဆီးခံနေရတဲ့ လူမသိသူမသိ နိုင်ငံရေး အကျဉ်းသားတွေ ပြဿနာကလဲ ဆက်ရှိနေမှာပါ။ ဒါကြောင့် ဒီကိစ္စဟာ နိုင်ငံရေး အကျဉ်းသား ကိစ္စနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ၊ ပြည်တွင်းစစ် ရပ်စဲရေး ကိစ္စတွေဟာ ဆက်စပ်နေတဲ့အကြောင်းကို ကျနော် ပြောဖြစ်ပါတယ်။
မေး – ကျနော် မေးတဲ့အထဲမှာ လိုအပ်တာလေး ရှိရင် ဖြည့်စွက်ပြောပေးပါ။
ဖြေ – အဓိကကတော့ ကျနော်တို့ဟာ ဒီနိုင်ငံရေးလုပ်တယ်ဆိုတာ ကျနော်တို့ပြည်သူတွေကို မျက်နှာမူဖို့ပါ။ အဲတော့ ပြည်ပက sanctionတွေကို ပိတ်ဖို့ပဲ ပြောပြော ၊ နိုင်ငံတကာနဲ့ ဒီဥရောပ သမဂ္ဂတို့ ၊ အမေရိကန်တို့နဲ့ ဆက်ဆံရေး မြှင့်တင်ဖို့ပဲ ပြောပြော ၊ အဲတာတွေအားလုံးက ကျနော်တို့နိုင်ငံသားတွေ လက်တွေ့ကျကျ အကျိုးခံစားနိုင်ဖို့ဆိုတဲ့ စိတ်ကောင်းစေတနာပေါ်မှာ အခြေခံပြီးတော့ပဲ ဆောင်ရွက်သင့်တယ်။ အဓိကက ကျနော်တို့ နိုင်ငံတွင်းမှာ ပြေလည်ရင် နိုင်ငံတကာဆက်ဆံရေး ပြဿနာတွေ အားလုံးဟာ လက်အောက်ခံ ပြဿနာသာ ဖြစ်တယ်လို့ ကျနော်မြင်ပါတယ် ။

အဆိုပါတွေ့ဆုံဆွေးနွေးခဲ့ကြတဲ့ ကိစ္စနှင့်ပတ်သတ်ပြီး ပါဝင်ဆွေးနွေးခဲ့သူတဦးဖြစ်သည့် ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးကို ဘားမားဗီဂျေ မီဒီယာမှ ကိုမင်းထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...