မီးလောင်ပြင်မှ ပြည်သူများနှင့် တွေ့ဆုံခြင်း
by General Knowledge on Thursday, January 5, 2012 at 1:33pm
By Envoy News Originally posted 05/01/2012 12:06PM
၂၀၁၁ ကုန်ဆုံးကာနီး အချိန်တွင် အကြီးမားဆုံးနှင့် သေဆုံးမှု အများဆုံး မီးလောင်ပေါက်ကွဲမှုကြီး တစ်ခု မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ် ရပ်ကွက်တွင် ဖြစ်ပွားခဲ့ရာ ယင်းဖြစ်ရပ်ကို မျက်မြင်ကြုံတွေ့ခဲ့ရသော မီးလောင်ပြင်မှ ပြည်သူ တချို့နှင့် တွေ့ဆုံ မေးမြန်းခဲ့သည်များကို ကောက်နုတ်တင်ပြ လိုက်ရပါသည်။
“ကျွန်တော်တို့က မီးစလောင်ကတည်းက မီးဝိုင်းငြှိမ်းနေတာ။ ပထမ မီးက နည်းတော့ အမျိုးသမီးတွေနဲ့ ကလေးတွေတောင် အိမ်ထဲမှာပဲ နေကြတယ်။ ဒီလိုနဲ့ မီးငြှိမ်းနေရင်း ဝုန်းကနဲ ဆိုပြီး ပေါက်ကွဲတော့ ကျွန်တော့် သူငယ်ချင်းတွေ အများကြီး သေသွားတယ်။ ကျန်တဲ့လူတွေက နားထိခိုက်ပြီး လွင့်ထွက်သွားတယ်” ဟု ကူးတို့ဆိပ် ရပ်ကွက်ရှိ ကိုမောင်မောင်က ပြောသည်။”
“ကျွန်မတို့က မီးစလောင်တော့ အိမ်ထဲမှာ နေနေတာ။ ကျွန်မမောင်လေးတွေ ကာလသားအဖွဲ့ မီးငြှိမ်းနေတယ်။ မီးသတ်တာ လူအင်အားနဲ့ မရတော့ဘူးဆိုပြီး မီးသတ်ဌာနတွေကို ဖုန်းလှမ်းဆက်၊ အစောဆုံး ရောက်တဲ့ မီးသတ်ကား တစ်စီးကလည်း လမ်းကျဉ်းထဲ ဝင်သွားပြီး ပေါက်ကွဲမှုဖြစ်တော့ ပြန်ကွေ့လို့ မရတော့ဘူး။ အဲဒီမီးသတ်က လေးယောက်သေတယ် ကျွန်မတို့မိသားစုက မီးစလောင်တည်းက ကလေးတွေကို ပြေးခိုင်းထားတယ်။ ကျွန်မနဲ့ ကျွန်မညီမက သေတ္တာပြန်ယူပြီး ပြေးတဲ့ အချိန် ပေါက်ကွဲမှုကြီး ဖြစ်ပြီး သဲတွေ၊ ခဲတွေမိုးရွာချသလို ရွာချတယ်။ သူ့မမြင်ကိုယ့်မမြင် ဖြစ်ရတဲ့ အချိန်မှာ ညီမက အရေးပေါ်ကားနဲ့ ပါသွားတယ်။ ညီမက နောက်စေ့ကွဲသွားလို့ အခုဆေးရုံကြီးက ဦးနှောက်နဲ့ အာရုံကြောမှာ ဆေးကုသမှု ခံယူနေရတယ်။ စိုးရိမ်ရသေးတယ်လို့ ပြောတယ်။ အစ်ကိုဝမ်းကွဲက သေတဲ့စာရင်းမှာ ပါတယ်။ တူမတစ်ယောက်က ခေါင်းပြတ်ပြီး ၆ လသားရှိတဲ့ ကလေးငယ်ပါ ရင်ဘတ်ပေါ်မှာ သေဆုံးသွားတယ်။ အဒေါ်ကတော့ ဆေးရုံမှာ အသဲအသန် ဖြစ်နေတယ်။ ကျွန်မတို့ မိသားစုက ၁၃ ယောက် ရှိတယ်။ ကျွန်မက နံရိုးအောင့်သွားတယ်။ ကိုယ်က လူနာလုပ်လို့ မရတော့ဘူး ဆွေမျိုးတွေက ကိုယ့်ထက်ဆိုး နေတော့ဟု” သူမ မိသားစုအကြောင်းနှင့် တွေ့မြင်ခဲ့ရသည်များကို ရင်နှင့်တကွ ပြောကြားခဲ့သည်။
“အသံကြားလို့ သွားကြည့်တာ မီးလောင်တာက နည်းနည်း ပေါက်ကွဲမှုက များများ ကယ်ဆယ်ရေး အဖွဲ့တွေကတော့ ဖြစ်တယ် ဆိုတာနဲ့ ရောက်လာကြတာပဲ။ အိမ်တွေက မီးလောင်မှုကြောင့် ပျက်စီးတာ မဟုတ်ဘူး ခဲမှန်တာကြောင့် ပျက်စီးပြိုကျကုန်တာ” ဟု မဟာဝိဒေယာ ရာမကျောင်းတိုက်မှ ဘုန်းတော်ကြီး တစ်ပါးက တွေ့မြင်ခဲ့ကြသည်များကို မိန့်ကြားတော်မူသည်။
“ကျွန်တော်က အလုပ်မှာ ဂျူတီကျလို့ သွားနေတာ။ ကူးတို့ဆိပ် မီးလောင်တယ်ဆိုတာနဲ့ ထပြေးတာ ပစ္စည်းယူတဲ့ အချိန်မှာ ထပေါက်တာ မိသားစုဝင်တွေ ကတော့ ဘာမှမဖြစ်ပါဘူး ကျွန်တော်ကတော့ ခြေထောက်ထိလို့ ညတွင်းခြင်း ရွှေဗဟိုရ် ဆေးရုံကိုသွား မနက်ကြ ခြေထောက်က ရောင်လို့ ထပ်ပြီးလာရောက် ဆေးကုသပေးတဲ့ အဖွဲ့တွေဆီမှာ ဆေးကုသမှု ထပ်မံခံယူထားတယ်” အိမ်ကတော့ ပြိုကျပျက်စီးသွားပြီဟု မင်္ဂလာတောင်ညွန့် ABC ကူးတို့ဆိပ်လမ်း ကူးတို့ဆိပ် ရပ်ကွက်မှ ဦးတူးတူးက သူ့မိသားစုနှင့် ဖြစ်ပျက်ပုံများကို ဆိုသည်။
အဆိုပါ မီးလောင် ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၁၇ ဦးနှင့် ဒဏ်ရာရရှိသူ ၈၃ ဦး၊ အိမ်ထောင်စု ၁၄၀ မှ အမျိုးသား ၄၅၈ ဦးနှင့် အမျိုးသမီး ၅၉၂ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ရကြောင်း၊ မီးသတ်ယာဉ် ၄ စီး ပျက်စီးပြီး ဂိုဒေါင် ၄၂ လုံးရှိသည့် အနက် ၁၆ လုံး မီးလောင် ဆုံးရှုံးခဲ့ရကြောင်း၊ ဂိုဒေါင် ၂၆ လုံး အနီးရှိ အရုဏ်ဦး တန်းလျား ၂ လုံးရှိ အခန်းငယ် ၁၈ ခန်း ပျက်စီးဆုံးရှုံး ခဲ့ကြောင်း၊ ကူးတို့ ဆိပ်လမ်းရှိ လူနေအိမ် ၇၆ လုံး၊ ခေမာသီဝံ ဘုန်းတော်ကြီး တစ်ကျောင်း၊ ဆောက်လုပ်လျက်ရှိ ဘုန်းတော်ကြီး တစ်ကျောင်း၊ ဓမ္မာရုံတစ်ခု ပြိုကျ ပျက်စီးခဲ့ကြောင်း၊ ကယ်ဆယ်ရေးစခန်း အဖြစ် အမက (၂၀)၊ အမက (၂၁) နှင့် မဟာဝိဇယာရာမ ကျောင်းတိုက်တို့တွင် ဖွင့်လှစ်ထားကြောင်း လတ်တလော ထုတ်ပြန်ချက်အရ သိရှိရသည်။
0 comments:
Post a Comment