ပူတာအိုအကျဉ်းထောင်မှ လွတ်မြောက်လာသူ ဒေါ်ဝင်းမြမြနှင့် အင်တာဗျူး (ဈေးချိုသူ တစ်ဦးမို့ပါ)
၀၁၂ ဇန်န၀ါရီလ ၁၃ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ပူတာအို အကျဉ်းထောင်မှလွတ်မြောက်လာ သူ ဒေါ်ဝင်းမြမြကို ၎င်း၏နေအိမ်တွင် သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါတယ် အဆိုပါမေးမြန်းမှုကို တင်ပြပေး လိုက်ပါတယ်။
မေး။ ။ လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့တဲ့အပေါ် ဒေါ်ဝင်းမြမြအနေနဲ့ ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ ဒီနေ့လွတ်ငြိမ်းချမ်းသာခွင့်ပေးတယ်ဆိုတာ ကိုယ်တင်မကပါဘူး တစ်နိုင်ငံလုံးပေါ်မှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးတယ်ဆိုတာ ဒါက လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ကို လုပ်ရမဲ့အလုပ်ကို သမ္မတကြီး အနေနဲ့ ခေါင်းထဲမှာထည့်ပြီး စဉ်းစားပြီးတော့မှ ရဲရဲဝင့်ဝင့်နဲ့ ပီပီပြင်ပြင် ပေါ်ပေါ်လွင်လွင် ထင်ထင်ရှားရှား မြင်သာထင်သာလုပ်ပေးလိုက်တယ်။ ဒါကိုကျေနပ်တယ် ရှေ့လဲပဲနောက်ထပ်ပြီးတော့ ၀န်ထမ်းတွေကျန်ပါသေး တယ် အင်မီဂရေးရှင်းတွေ ၊ ကာစတန်တွေ ၊ ထောက်လှမ်းရေးတွေ သူတို့ကိုလဲ လွှတ်ပေးဖို့လိုပါတယ်။ ဒီနေ့လွှတ်ပေးတာကိုလဲ လုပ်သင့်လုပ်ထိုက်တဲ့အလုပ် လုပ်ကိုလုပ်ရမဲ့အလုပ်ကို လုပ်တယ်လို့မြင်ပါတယ်။ ကျေနပ်မိတယ် ၊ ကျေးဇူးလဲတင်ပါတယ်။
မေး။ ။ လက်ရှိအစိုးရအဖွဲ့အပေါ်ရော ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ ကုန်ခဲ့သော နှစ်ပေါင်း(၂၀)အတွင်းကတော့ မြန်မာနိုင်ငံရေးဟာ တော်တော်ကို အကျည်း တန်ခဲ့တာပါ။ ဒီအကျည်းတန်ခဲ့တဲ့ ကုန်ခဲ့တဲ့ကိစ္စတွေကို ပြည်ဖုံးကားချပြီးတော့မှ လက်ရှိအစိုးရအနေနဲ့က တိုင်းပြည်အတွက်ကို သူတို့လုပ်သင့်လုပ်ထိုက်တာကိုလုပ်မယ် လုပ်ကိုလုပ်ရမဲ့အလုပ်တွေကို လုပ်မယ် ၊ ပြည်တွင်းငြိမ်းချမ်းရေး ၊ နိုင်ငံရေးသမားတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို စေတနာနဲ့ လုပ်တယ်လို့ မြင်ပါ တယ်။ လက်ရှိအစိုးရအနေနဲ့လဲ ဒီကိစ္စတွေကို ပိုပြီး မြန်မြန်ဆန်ဆန် ထက်ထက်မြက်မြက် ပိုပြီး လုပ်သွားဖို့ လိုပါတယ်။ (၁)နှစ်လောက်အတွင်းမှာ အခြေအနေတွေပြောင်းလဲသွားတယ် ၊ မြင်သာထင်သာပြောင်းလဲသွား တယ်ဆိုတော့ ပိုကောင်းတာပေါ့။ ပြည်သူတွေရဲ့ရင်ထဲမှာလဲ ယုံကြည်မှု ပိုရှိသွားမယ် ၊ ခုနကတိုင်းရင်းသား ခေါင်းဆောင်တွေ ဒီလက်နက်ကိုင်တွေပေါ့နော် ဒီတိုင်းရင်းသားခေါင်းဆောင်တွေကလဲ နိုင်ငံရေးသမားတွေ ပါပဲ။ ကိုယ့်အမျိုးသားရေးအတွက် ကိုယ်လုပ်ကြတာပါ။ အလွန်ကိုလေးစားပါတယ်။ ဒီနေ့ တိုင်းရင်းသားခေါင်း ဆောင်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးတယ် နိုင်ငံရေးသမားတွေလွှတ်ပေးနေတယ် ၊ ဒီမိုကရေစီကိုလဲ တရွေ့ရွေ့ ပိုပြီးထင်သာမြင်သာဖြစ်အောင်ပေးနေတယ်ဆိုတာတွေကို တွေ့ရတဲ့အခါ ကျေနပ်ပါတယ်။ ဒါကို ပိုပြီးတော့ သွက်သွက်လက်လက်လေး ဖြစ်စေချင်ပါတယ်။
မေး။ ။ ခုပြန်လွတ်လာတော့ရော နိုင်ငံရေးကိုဆက်လုပ်ဖို့ အစီစဉ်ရှိပါလား။
ဖြေ။ ။ နိုင်ငံရေးကတော့ မသေ မခြင်းလုပ်မယ်။ အဖွဲ့ချုပ်အလုပ်ကိုလဲ မသေမခြင်းလုပ်မယ်။ သို့သော် အဖွဲ့ချုပ်ရဲ့တာဝန်တွေကိုတော့ လူလတ်ပိုင်းတွေ လူငယ်တွေကို တာဝန်ပေးခြင်တယ်။ ကိုယ်က ဘယ်လိုနေရာမှာရှိရှိ ကိုယ်ကဒီအလုပ်ကို တာဝန်ကျေနေမှာပဲ။ နောက်ထပ် လူငယ်တွေ လူလတ်ပိုင်းတွေ ဒီအနှစ်(၂၀)ကျော်အတွင်းမှာ အဖွဲ့ချုပ်ရဲ့အလုပ်လုပ်ပေးချင်သူတွေ အနောက်ထဲမှာရှိတယ်။ သူတို့လေးတွေကို နေရာပေးချင်တယ်။ အဲဒီအပေါ်မှာ အဖွဲ့ချုပ်တာဝန်ကိုတော့ မယူတော့ဘူး အဖွဲ့ချုပ်အလုပ်ကိုတော့ တောက်လျှောက်စဉ်ဆက်မပြတ်လုပ်နေမယ်။ နိုင်ငံရေးကိုလဲ စဉ်ဆက်မပြတ်လုပ်သွားမယ်။ နေရာမယူပဲနဲ့ လုပ်မယ်။ နေရာကိုတော့ လူငယ်တွေနဲ့ လူလတ်ပိုင်းတွေကို တာဝန်ပေးခြင်တယ်။
မေး။ ။ နေရာမယူပဲလုပ်မယ်ဆိုတာက NLD ပါတီကို ပြန်ဝင်မှာလား မ၀င်ဘူးလား။
ဖြေ ။ ပါတီကိုပြန်ဝင်မယ် ပါတီရဲ့တာဝန်ပေါ့နော် တိုင်းစည်းတာဝန် မြို့နယ်စည်းတာဝန်ကိုတော့ မယူတော့ဘူး၊ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ အဖွဲ့ချုပ်ကို သိုင်းမယ် ၀ိုင်းမယ်၊ အလုပ်လုပ်လို့ရတယ်။ နေရာက တော့ လူငယ်တွေ လူလတ်ပိုင်းတွေကိုပေးခြင်တယ်။ ကိုယ်ကတော့ ဘယ်လိုမဆို ပါမှဖြစ်မယ်ဆိုတာသိတယ်၊ ကိုယ့်ကိုလဲပဲ မပါလို့မဖြစ်ဘူးဆိုတာ လူတိုင်းသိတယ်။ သို့သော်နေရာလေးတွေကိုတော့ ကျန်တဲ့သူတွေကို ပေးခြင်တယ်။ အဲဒီဆန္ဒရှိတယ်။
မေး။ ။ နိုင်ငံရေးသမားတော်တော်များများမှာ နိုင်ငံရေးကြောင့်ကျတယ်ဆိုပေမဲ့ အခြားပုဒ်မတွေ တပ်တာမျိုးရှိတယ်၊ ဥပမာပုံနှိပ်အက်ဥပဒေတို့ ဆက်သွယ်ရေးဥပဒေတို့ ဆိုပြီး ပုဒ်မတွေ အမျိုးစုံတပ်ပြီး ချခဲ့တာပေါ့ ။ ဒေါ်ဝင်းမြမြကိုရော ဘယ်ပုဒ်မနဲ့ချပါသလဲ။
ဖြေ။ ။ (၅ည) နဲ့ပါပဲ။ နိုင်ငံရေးပုဒ်မနဲ့ ချပါတယ်။ အမှန်တော့ ဘာအပြစ်မှ မရှိပါဘူး။ ရွေးကောက်ပွဲ မတိုင်ခင်မှာ အပြင်မှာမထားခြင်လို့ ထည့်တယ်လို့ပဲ ခံယူတယ်။ ဘာလို့လဲဆိုတော့ အမေရိကန် သံတမန်တွေ သံအရာရှိတွေနဲ့ တွေ့တယ် ၊ တွေ့တဲ့အခါမှာ သံအရာရှိတွေက အဖွဲ့ချုပ်ဗဟိုကို ခွင့်တောင်းပြီးမှ တွေ့တာ။ တရားဝင်တွေ့တာပဲ တိတ်တိတ်ပုံးခိုးတွေ့တာမဟုတ်ဘူး။ ဒါပေမဲ့ ဒီသံတမန်တွေနဲ့တွေ့တဲ့အခါမှာ သူက ဘာတုန်းဆိုတော့ NLD မှာ ခုလိုမီဒီယာတွေက ပွင့်ပွင့်လင်းလင်းလုပ်လို့ မရဘူး မီဒီယာအခွင့်အရေးတွေ မရသေးဘူးဆိုတော့ လုပ်လို့မရဘူးဖြစ်နေတယ် ၊ သတင်းစာထဲမှာပါတဲ့ကိစ္စတွေ ဥပမာ စဥ့်ကူးမြို့နယ် ရွှေပြည်ရွာက NLD ( ၆၈ ) ဦးနှုတ်ထွက်တယ်။ ရွှေပြည်ရွာမှာ (၆၈)ဦးနှုတ်ထွက်တာ မဟုတ်ဘူး အဖွဲ့ချုပ်ဝင်မှ (၈)ဦးပဲရှိတယ်။ အဲဒါမျိုးကို သံတမန်နဲ့တွေ့တဲ့အခါ သူတို့ကမေးတယ် သတင်းစာထဲမှာ NLD က (၆၈)ဦးနှုတ် ထွက်တယ်မေးတော့ အမှန်အတိုင်းပြောရတယ်လေ။
ကျွန်မရွှေပြည်ရွာကို သွားခဲ့တယ်။ သွားပြီးတော့ ချက်ချင်းမေးတယ်။ မေးတော့ အဖွဲ့ချုပ်ဝင် (၈)ဦးပဲရှိတယ် (၆၈)ဦးနှုတ်ထွက်တယ်ဆိုတာ သတင်းမှားတယ် လို့ပြောတယ်။ နောက်ပြီးကျတော့ အနောက်မြောက်မြို့နယ် ဆိုင်းဘုတ်တွေဖြုတ်ခံရတယ်။ ကျွန်မတို့ NLD ဆိုင်းဘုတ်တွေ ညသန်းခေါင်မှာ လိုက်ပြီး အဖြုတ်ခံရပါတယ် ၊ ဒါတွေပြောတယ် ၊ ( ၁၇ )နှစ်နှစ်အတွင်း နိုင်ငံရေးအခြေအနေတွေကိုပြောပြတယ်။ ဒါက နိုင်ငံခြားသံတမန်တွေက ပြည်တွင်းထဲမှာဖြစ်နေတဲ့ အခြေအနေတွေကိုသုံးသပ်ချင်တဲ့အခါမှာ တာဝန်ရှိတဲ့ NLD ကိုမေးတယ် ၊ ပြောရမှာပဲ။
နိုင်ငံရေးအဖွဲ့အစည်း ဆိုတာ သံတမန်ဆက်ဆံရေးတွေရှိတယ်။ ဒါအပြစ်မရှိပါဘူး။ ပြောတာလဲပဲ ဒါတွေပဲပြောတာပါ အဲဒီဟာက တစ်ခု။ နောက်တစ်ခုက မြို့နယ် (၃၀)အစည်းအဝေးတက်ရောက်မှုတဲ့။ မြို့နယ်(၃၀) အစည်းအဝေးဆိုတာ စက်တင်ဘာဆို အဖွဲ့ချုပ်ထူထောင်တာ နှစ်ပတ်လည်နေ့ ၊ အဲဒီမတိုင်ခင်ကြရင် ဗဟိုရုံးချုပ်က စာထွက်တယ်မြို့နယ်မြို့နယ်တွေမှာ ၊ နိုင်ငံရေးစီးပွားရေးကျန်းမာရေး အစစအရာရာတွေကို တင်ပါဆိုတော့ ဒါမြို့နယ်တွေ ကိုအစည်းအဝေးခေါ်ရတယ်။ မြို့နယ်တိုင်းမှာရှိတဲ့ နိုင်ငံရေး ၊ ကျန်းမာရေး ၊ စီးပွားရေး အဲဒါတွေကို တင်ပြတယ်။ ဒါတွေကို ဗဟိုကို ပြန်တင်ပေးရတယ်။ ဒါပဲ အစည်းအဝေးဆိုတာက။ ဒါကြောင့်မို့လို့ စစ်ကြောရေး မှာပြောတယ်။ ဒီမြို့နယ်(၃၀) အစည်းအဝေးကို ကျွန်မတို့သွားတက်တာမဟုတ်ဘူး ၊
ကျွန်မတို့တိုင်းစည်းတွေ က ဒီမြို့နယ်(၃၀)အစည်းအဝေးကို ခေါ်လိုက်တာ။ ကျွန်မတို့တိုင်းစည်းတွေက ဦးဆောင်ပြီးခေါ်လိုက်တာ။ ကျွန်မတို့ရဲ့ စက်တင်ဘာ ၂၇ရက်နေ့မှာ မြို့နယ်တိုင်းရဲ့ အခြေခံကျန်းမာရေး နိုင်ငံရေး စီးပွားရေးတွေကို ဗဟိုကို တင်တာ။ ဒါပဲ ။ အဲဒါနဲ့ဖမ်းခံရတာ။
မေး။ ။ထောင်ဒဏ်ဘယ်နှစ်နှစ် ချခံရပါလဲ။
ဖြေ။ ။ချခံရတာတော့ (၁၂)နှစ် ၊ အယူခံ(၄)နှစ်နိုင်တယ် (၈)နှစ်ကျတယ်။ ၂၀၀၇ခုနှစ် စက်တင်ဘာ (၂၇)ရက်နေ့မှာ စပြီးထိန်းသိန်းလိုက်တယ်။ စစ်ဆေးရေးစခန်းမှာ (၈)ရက် နေ့ညမအိပ်ရပါဘူး။ စစ်ကြောပါ တယ်။ အောက်တိုဘာ (၅)ရက်နေ့မှာ ထောင်ကိုပို့လိုက်တယ်။ ထောင်ကိုပို့လိုက်ပြီးတော့ နောက်နှစ် စက်တင်ဘာကြတော့မှ ရုံးတင်တယ် တစ်လတိတိနေပြီးအောက်တိုဘာကျတော့မှ ပြစ်ဒဏ်တွေချလိုက်တယ်။ ပြစ်ဒဏ်တွေချပြီး မတ်လ(၂၃)ရက်နေ့ကျမှ မြစ်ကြီးနားပို့လိုက်တယ် (၂၈)ရက်နေ့ကျတော့ ပူတာအိုကိုဆက်ပို့ လိုက်တာပါ။ အဲဒီတော့ လေးနှစ်ကျော်ကျော်နေခဲ့ရပါတယ်။ သို့သော်လဲပဲ သူတို့တစ်နှစ်ကျော်ကျော်ချုပ်ထား တာကို လျှော့ရက်မပေးဘူး ၊ ပေးတာမပေးတာတော့ ထားလိုက်တော့လေ။ သူတို့ လွှတ်ချင်လွှတ်မှာပဲ ထားခြင် ထားမှာပဲ အဲဒါကိုတော့ ဘယ်လိုမှ မအောင့်မေ့ပါဘူး။ လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာအကြုံးဝင်ပြီးလွတ်လာတာပါ။
မေး။ ။ နေခဲ့ရတဲ့အတွေ့အကြုံကိုရော ပြောပြပေးနိုင်မလား။
ဖြေ။ ။ နေရတဲ့အတွေ့အကြုံဆိုတာကတော့ ထောင်တိုင်းထောင်တိုင်းမှာက မနက်မုန့် ၊ နေ့လည်ထမင်း ၊ ရေ ၊ မီး ပေးနိုင်ရင်ကတော့ ဒါထောင်တာဝန်ကကျေပြီလေ။ ကျန်တဲ့ပြည့်စုံမှု ဆိုတာကတော့ အိမ်ကလာရင် လာသလောက် အစဉ်ပြေကြရတာပါပဲ။ အထဲထဲမှာကတော့ ကျန်းမာရေးကို ဂရုစိုက်တယ် ၊ ကိုယ့်အိမ်မှာနေသလိုပဲ ကျန်းမာရေးဂရုစိုက်တယ်။ ရောက်တဲ့ထောင်မှာတော့ ကိုယ့်အိမ်မှာနေသလိုပဲ ရောက်တဲ့အရပ်မှာပဲ ဘုရားဝတ်ပြုချိန်ဝတ်ပြုတယ်။ ကျန်းစာဖတ်ချိန်ဖတ်တယ် ။ စားချိန်စား သောက်ချိန်သောက် ဒီလိုပဲနေလိုက်တယ်။ သောကသိပ်မထားဘူး ။ မန္တလေးထောင်ရောက်တော့လဲ သြော်ငါဒီမှာနေရမှာပဲ ဆိုပြီး ကိုယ့်ကိုကိုယ်အောက်မေ့တယ်။ မြစ်ကြီးနားထောင်ရောက်တော့လဲ ဒီမှာနေရမှာပဲ ဒါပဲ ၊ အေးအေးလေးပဲ နေလိုက်တယ်။ ပူတာအိုရောက်တော့လဲ ဒီမှာနေရမှာပဲ ဒီလိုပဲနေလိုက်တယ်။ ဘာကြောင့်မို့လို့လဲဆိုတော့ အကျင့်သီလကောင်းပြီး ကောင်းတဲ့အလုပ်လုပ် လုပ်တာပဲလေ။ အိမ်မှာနေတာနဲ့ ဟိုထဲမှာနေတာနဲ့ ဒီလိုပဲနေလိုက်တယ်။ တစ်ခြားခေါင်းထဲမှာ ဘာမှ မထားဘူး။ ထောင်ကျနေတယ်လို့လဲ မထားဘူး ဘာလို့လဲဆိုတော့ ကောင်းတဲ့အလုပ်ကိုလုပ်ပြီး ထောင်ထဲ ထည့်ထားတာပဲလေ ဟုတ်တယ်မလား။ အဲဒီအခါကျတော့ ဘယ်အရပ်မှမဆို ကိုယ်ရောက်တဲ့နေရာမှာ ကိုယ်အကျိုးရှိအောင်နေမှာပဲ။ အဲဒါပဲ။
မေး။ ။ ဒီလေးနှစ်အတွင်းမှာ ဘယ်နှစ်နေရာပြောင်းခဲ့ရသေးလဲ။
ဖြေ။ ။ ဘယ်နှစ်နေရာလဲဆိုတော့ မန္တလေးကနေ ပူတာအိုကိုပြောင်းတဲ့အခါကျတော့ မြစ်ကြီးနားမှာ ခဏ၀င်ရတယ်။ ထရန်စစ်ပေါ့။ မန္တလေးကနေမှ လေယဉ်နဲ့ မြစ်ကြီးနားကိုပို့တယ်။ မြစ်ကြီးနားကနေမှ လေယဉ်နဲ့ ပူတာအိုသွားတယ်။
မေး။ ။ ဒီနေ့ပြန်လွှတ်မယ်ဆိုတာရော ကြိုတင်ပြီးအကြောင်းကြားထားတာရှိလား။
ဖြေ။ မနက်က (၈)နာရီလောက်မှာ ထောင်မှူးမလေးက လာပြောပါတယ်။ ထောင်မှူးတစ်ပွင် လေးက။ အဘွားတဲ့ အဘွားလွတ်မယ်ထင်တယ်တဲ့။ အဖွားပစ္စည်းလေးတွေသိမ်းထားပေးပါလားတဲ့။ အဖွားကတော့ လွတ်ပြီဆိုမှသိမ်းမယ် ။ မဟုတ်လဲ ကိုယ့်ပစ္စည်းက စံနစ်တကျထားထားတာလေ။ သို့သော်လည်း ကိုယ့်ရှိတဲ့ပစ္စည်းတွေက ဟိုမှာရှိတဲ့ အကျဉ်းသူတွေကို ပေးခဲ့ဖို့စီမံဖို့လိုတယ်လေ။လွတ်ပြီ ဆိုမှပဲသိမ်းမယ်ဆိုတော့ ။ ခဏနေကြတော့ အဖွား အဖွားနာမည်ပါတယ်ဆိုတော့မှ ပေးစရာရှိတာတွေ ပေးလိုက်တယ်။ အဲဒီမှာတင် ရုံးကလာခေါ်တယ်။ ရုံးမှာ ၆၁ယောက် ရောက်နေပြီ။ ထောင်မှူးလဲ ရောက်နေပြီ။ သူတို့လဲ မြန်မြန်ဆန်ဆန်လုပ်တာပါ။ လေယဉ်ကွင်းရောက်တော့ လေယဉ်ကရောက်နေပြီ။ အဲဒီလေယဉ်စင်းလုံးနဲ့ ရန်ကုန်ကလူရန်ကုန်။ မန္တလေးကလူ မန္တလေးပေါ့။ နိုင်ငံရေးသမားတော့ တိုက်ထဲမှာရှိတဲ့သူ အကုန်ကုန်သွားပါပြီး ကျန်တာကတော့ အင်မီဂရေးရှင်း ၊ ကာစတန်ပါမယ် ၊ ရဲပါမယ် ၊ ထောက်လှန်းရေးပါမယ်။ အကုန်လုံး လူကြီးလူကောင်းပါပဲ (၁၀၅)ကိစ္စတုန်းကပေါ့ နိုင်ငံရေးသမားကတော့ (၃၀) ၀န်းကျင်ဖြစ်ပါလိမ့်မယ်။ အားလုံး (၆၁)ယောက်ပါ။
မေး။ ။ ဗိုလ်ချုပ်ခင်ညွန့်ပြန်လွတ်လာတဲ့အပေါ်မှာရော ဘယ်လိုမြင်လဲ။
ဖြေ။ ။ ကောင်းပါတယ်။ အကုန်လုံးကိုလွှတ်တယ်ဆိုတာ ဒီနေ့လက်ရှိအစိုးရအပေါ် လူတွေရဲ့ရင်ထဲ မှာယုံလာမယ်လေ။ ကောင်းတာတွေလုပ်တယ်ဆိုပြီး ။ လူတွေက အစကတည်းက နိုင်ငံရေးလုပ်တယ်ဆိုတာ လူပုဂ္ဂိုလ်စွဲနဲ့ လုပ်နေတာမဟုတ်ဘူး ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့တွဲပြီး လုပ်တယ်ဆိုတော့ အလုပ်လုပ်နိုင်တဲ့ပုဂ္ဂိုလ်ကို လက်ခံတယ်ဆိုတာ ချီးကျူးတယ် ။ လုပ်နိုင်တဲ့ပုဂ္ဂိုလ်ကို ခုလို လက်ခံတယ်ဆိုတော့ တိုင်းပြည်တိုးတက်တယ်လေ။ လုပ်နိုင်တဲ့ပုဂ္ဂိုလ်ကိုဘေးဖယ်ထားရင်တော့ မတိုးတက်ဘူး။ ဒီကိစ္စက လွန်ခဲ့တဲ့အနှစ်(၂၀)က စပြီးတော့ ဒီလိုအစိုးရမျိုးနဲ့လုပ်ခဲ့ရင် ဒီနေ့မြန်မာနိုင်ငံဟာ အများကြီးတိုးတက်နေပြီ။ ခုဟာ နိုင်ငံရေးသမားတွေ နိုင်ငံရေး ဒီမိုကရေစီရေးဆိုတာပြောခွင့် မရှိဘူး ။ ပြောရင် အကုန်ဆွဲထည့်လိုက်တာ အဲဒါတွေက ဆုတ်ယုတ်ကုန်တာ။
မေး။ ။ ရှေ့လုပ်ငန်းစဉ်တွေမှာရော ဗိုလ်ချုပ်ခင်ညွန့်ကို အလုပ်လုပ်ဖို့ ပြန်လည် လက်တွေခေါ်ယူမယ်ဆိုရင် ဘယ်လိုများ ဖြစ်နိုင်ပါလဲ။
ဖြေ။ ။ အဲဒါကတော့ အာဏာပိုင်တွေရဲ့အပိုင်း ဗိုလ်ချုပ်ခင်ညွန့်ရဲ့အပိုင်းဖြစ်နေတော့ ကိုကိုယ်တိုင် မဟုတ်တဲ့အတွက်မဖြေနိုင်ပါဘူး။
မေး။ ။ နောက်ထပ် ဘာများဖြည့်စွက်ပြောခြင်ပါသေးလဲ။
ဖြေ။ ။ ဒီနေ့အစိုးရဟာ လုပ်သင့်လုပ်ထိုက်တာကို လုပ်တယ်။ ဒီအလုပ်ကိုပဲ ဒီ့ထက်ပိုပြီး ပေါ်လွင်ထင်ရှားအောင် သွက်သွက်လက်လက်လေးနဲ့ လုပ်ပေးဖို့လိုပါတယ်။ ဒီနိုင်ငံဟာ အနှစ်(၂၀) ကျော်ကြီး ဆုတ်ယုတ်လာခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ ပြည်သူရော အာဏာပိုင်ရော တိုင်းရင်းသားခေါင်းဆောင်တွေရော နိုင်ငံရေး အင်အားစုတွေရော အားလုံးဟာ တော်တော် ပင်ပန်းလာကြပါပြီ။ ဒီအစိုးရအသစ်အနေနဲ့ကတော့ အရင်တုန်းကကိစ္စတွေကို လက်ခံပါတယ် ။ ရွေးကောက်ပွဲဆိုလဲ ဘယ်လိုရွေးကောက်ပွဲဖြစ်ခဲ့တယ်။ ဘယ်လိုအရေးယူခဲ့လဲ။ ဒါကိုသမိုင်းကောင်းခြင်လို့ လက်ရှိအစိုးရကလုပ်တယ်လို့မြင်ပါတယ်။ သမိုင်းကောင်းအောင် လုပ်ဖို့ လူတိုင်းမှာ တာဝန်ရှိပါတယ်။ ဒါပေမဲ့ ဒီထက်ကပိုပြီးသွက်သွက်လေး လုပ်ဖို့ လိုပါတတယ်။ ကြိုလဲ ကြိုဆိုပါတယ်။ ခုလိုလွှတ်ပေးတာကိုလဲ ကျေနပ်ပါတယ်။ ဒါကြောင့်မို့လို့ သမ္မတကြီး ဦးသိန်းစိန်ကို ရဲရဲဝံ့ဝံ့နဲ့ ပြတ်ပြတ်သားသားနဲ့ ဆက်ပြီးလုပ်ပါလို့ တိုက်တွန်းခြင်ပါတယ်။
ခုလိုဖြေကြားပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။
မင်းမင်းလတ်(ရွှေမြစ်မခ-မန္တလေး)
သစ်ထူးလွင်
0 comments:
Post a Comment