Thursday, January 5, 2012

ငြိမ်းချမ်းရေးတာဝန်

by Moenge Aung on Thursday, January 5, 2012 at 12:26pm
 
 အနာရောဂါကင်းခြင်းသည် အလွန်ကဲဆုံး လာဘ်တည်း။ ရောင့်ရဲမှုသည် အလွန်ကဲဆုံး ဥစ္စာတည်း။ ချစ်ကျွမ်းဝင်သူသည် အလွန်ကဲဆုံး ဆွေမျိုးတည်း။
နိဗ္ဗာန်သည် အလွန်ကဲဆုံး ချမ်းသာတည်း၊ ဟု ဓမ္မပဒ သုခ၀ဂ်မှာ လာသည့်အတိုင်း မိမိတို့၏ ဖြူစင်လှသော ငွေကြေးများကို တပ်မက်သောတဏှာ ရောဂါကင်းအောင်၊ လျော့အောင် ကြိုးစားလှူဒါန်းကြသည်။ ရရှိသောငွေကြေးများကို အတတ်နိုင်ဆုံး ခြွေတာသုံးစွဲကာ ရောင့်ရဲမှုဖြင့် ကြိုးစားလှူဒါန်းကြသည်။

လိုအပ်လျှက်ရှိသော နေရာများတွင်လည်း မေတ္တာကရုဏာ သက်ဝင်စွာဖြင့် စေတနာအထွတ်မြတ်ထားကာ လှူဒါန်းခဲ့ကြသည်။ နိဗ္ဗာန်တည်း ဟူသော ချမ်းသာကို
 ရလိုသော ဆန္ဒဖြင့်လည်း လှူဒါန်းကြသည်။ ဤသည်ပင် ချမ်းသာခြင်းသုခဖြစ်သကဲ့သို့ မြင့်မြတ်သော ဒါန ဟုလည်းခေါ်ဆိုနိုင်ပေမည်။
မြင့်မြတ်သည်ဆိုသည်မှာလည်း မိမိတို့ လုပ်ဆောင်လိုက်သော အလုပ်တွေ၊ ပြောဆိုမှုတွေ၊ ကြံတွေးမှုတွေသည် တစ်စုံ တစ်ရာသော အကျိုးတွေကို မမျှော်ကိုးပဲ
ကိုယ့်မှာကျရောက်လာတဲ့ တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်မယ်လို့ အားခဲ လျှက် စေတနာအရင်းခံ သက်သက်ဖြင့် လုပ်ဆောင်ခြင်းကို မြင့်မြတ်သူတို့လုပ်ရပ်၊
 မြင့်မြတ်တယ်လို့ ခေါ်ဆိုနိုင်မှာဖြစ် သည်။ ထိုသို့ဆိုလျှင် မြင့်မြတ်သောဒါနဆိုသည်မှာလည်း အမှန်တကယ်လိုအပ်လျှက်ရှိသော နေရာများကို ကာယကံ
မေတ္တာထား၍ မိမိတတ်အားသရွေ့ လှူဒါန်း၊ ပေးကမ်း၊ စွန့်ကြဲခြင်းအမှုတွေကို စေတနာအရင်းခံထားပြီး တာဝန်ကျေ အောင် ဆောက်ရွက်ခြင်းဖြစ်သည်။
တာဝန်ဆိုသည်မှာလည်း နေရာယူလိုခြင်းသဘော မဟုတ်ပဲ ရရာ ရောက်ရာမှာ ထမ်းရွက်ခြင်းဖြစ်သည်။ ခေါင်းဆောင်မှ တာဝန်ရှိသည်မဟုတ်
လက်အောက်ငယ်သားတွင်လည်း ဆိုင်ရာတာဝန်ရှိသည်။ လူသားတိုင်းတွင်လည်း ဆိုင်ရာတာဝန် ရှိသည်။ ၀ိသယှဇာတ်တော်မှ ၀ိသယှသူဋ္ဌေး၏
တာဝန်သိမှု၊ တာဝန်ကျေမှုမှာ အံ့လောက်ဖွယ်ရာဖြစ်၏။ အနည်းငယ်ဖော်ပြ ရလျှင် ၀ိသယှသူဋ္ဌေးသည် သူ့မှာရှိသော စည်းစိမ်ဥစ္စာများကို
နေ့စဉ်လှူဒါန်းလိုက်သည်မှာ နောက်ဆုံး ပစ္စည်းဥစ္စာတွေ အကုန်စင်အောင် လှူဒါန်းခဲ့သည်။ ဥစ္စာမရှိသော်ငြားလည်း မြက်ရိတ်ရောင်းစားပြီး
 မြက်ရိတ်ခကို မစားဘဲ ဆက်၍လှူခဲ့ သည်။ ခုနှစ်ရက်တိုင်တိုင် မယားနှင့်တကွ အစာငတ်အခံ၍ မူးမေ့သည်တိုင်အောင် လှူဒါန်းခဲ့ကြသည်။
ထိုသို့သော မြင့်မြတ်သူတို့လုပ်ရပ်၊ ဆောင်ရွက်ချက်ကြောင့်ပင် သိကြားမင်း ဗိမာန်တောင် တုန်ခါနိုင်လောက်အောင် စွမ်းအားတွေ ဖြစ်ခဲ့ရသည်။
ဝိသယှသူဋ္ဌေး၏ ရင်ထဲတွင် တပ်မက်မှုတဏှာ အဘယ်မျှလောက် ကုန်ခမ်းနေမည်ဆိုတာ တွေးဆကြည့်လျှင် ကြက်သီး များပင် ထလောက်ပါ၏။
 တပ်မက်မှုတဏှာဆိုသောအရာသည်လည်း ပယ်သတ်ဖို့ရာ အတော်ပင် ခက်ခဲသည်မှာ မှန်ပေ သည်။ တဏှာကို တရားကိုယ်ကောက်လျှင် လောဘဖြစ်သည်။
လောဘဆိုသော လိုချင်မှုရမ္မက်သည်လည်း ရသလောက်နှင့်သာ ကျေနပ်ပါပြီ၊ တင်းတိမ်ပါပြီဟူ၍ မရှိပဲ ရသလောက်ကို လက်ခံတတ်သော သဘောရှိပေသည်။
 ထို့သို့ လောဘကို ပယ်သတ်ရန်မှာ လိုချင်လျှင်ဆင်းရဲ၊ မလိုချင်လျှင် ချမ်းသာဟု နှလုံးမူ၍ အကြမ်းနုအားဖြင့် ဒါနပြုခြင်း၊ သီလဆောက်တည်ခြင်း၊
သမထ၀ိပဿနာပွားများခြင်း အမှုတို့ဖြင့် ပယ်သတ်ရမည်ဖြစ်သည်။ တက်မက်မှု၊ လိုချင်မှု ကင်းမှသာလျှင် မိမိ၏နှလုံးသား၊ မိမိ၏နိုင်ငံမှ အစပြု၍
လောကကြီး ငြိမ်းချမ်းနေမည် ဖြစ်သည်။ တပ်မက်မှု အားကြီးနေသမျှ ကာလပတ်လုံး လောကကြီး ဘယ်သောအခါမှ ငြိမ်းချမ်းလိမ့်မည်မဟုတ်ပေ။
လောကကြီး ငြိမ်းချမ်းအောင် ဆောင်ရွက်ရာတွင်လည်း လူသားတိုင်းတွင် တာဝန်ရှိသည်။ လူသားတိုင်း ဆောင်ရွက် သင့်သောအရာဖြစ်သည်။
ဤသည်မှာလည်း သမိုင်းကပေးသော မိမိတာဝန်ပင်ဖြစ်သည်။ ထိုကဲ့သို့ တာဝန်တွေ ဆောင်ရွက်ရာမှာ မိမိရင်ထဲမှာ ကိန်းအောင်းနေသော
တပ်မက်မှုတဏှာ နည်းအောင်၊ မိမိ၏ ကိုယ်ကျိုးကို ပဓာနမထားပဲ အများအကျိုးဆောင်ရွက်လိုသော စေတနာ၊ ဆန္ဒတွေကို တတ်အားသရွေ့
ဆောင်ရွက်ရင်း မိမိတာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ရမည်ဖြစ်သည်။
လောကကြီး ငြိမ်းချမ်းရေးကို ဦးတည်၍ မိမိနိုင်ငံ မိမိလူမျိုး ငြိမ်းချမ်းသာယာရေးအတွက် အမှန်တကယ်လိုအပ်လျှက်ရှိ သော နေရာများကို ရွေးချယ်
လှူဒါန်းစေလိုသည်။ တာဝန်ကိုယ်စီ ရှိသည်ဟု မှတ်ယူစေလိုသည်။ မိမိအတ္တနှင့်ယှဉ်သော အရာများကို ချိုးနှိမ်၍ အများအတွက် ဆောင်ရွက်လိုသော
စိတ်ထားများကို မွေးမြူစေလိုသည်။ မိမိသဏ္ဍာန်တွင် ကိန်းအောင်းလျက်ရှိသော တပ်မက်မှု၊ တွန့်တိုမှု၊ နှမြေမှု၊ မပေးကမ်းလိုမှု စသော တရားများကို
 တစ တစ စွန့်လွှတ် စေချင်သည်။ ဤသို့သော တရားများကို ကျင့်ဆောင်ခြင်း၊ ဆောင်ရွက်ခြင်းသည်ပင်လျှင် လောကကြီး ငြိမ်းချမ်းအောင် မိမိကိုယ်တိုင်
တာဝန်ယူဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း တင်ပြရင်း မိမိတို့လှူဒါန်းခဲ့သော လှူဒါန်းမှုအစုအစုတို့ကို သာဓုခေါ်ဆို၍ စာဖတ်သူများ အသိတရား
တိုးပွားရရှိကြပါစေ။
ရေးသည့်စာမူ၊ ရေးသည့်ကြောင်းရာ၊ ရေးပုံဟန်သွင်၊ ယူထားသုံးနှုန်း၊ မနှစ်ဦးက၊ သီးခံပြုရန်၊ ဦးစွာပန်၏။
ငါဘိတတ်ခြင်း၊ ငါသိခြင်းနှင့်၊ ကျော်ဇော်ဂုတ်သတင်း၊ မရှိဧကန်၊ ဖြစ်ရိုးမှန်၏။
ဆိုသည့်စကား၊ သစ္စာထား၍၊ များသည့်ဝေနေ၊ သတ္တာဝါထွေ၊ ကာယသုခ၊ ပြည့်စုံလှ၍၊ ဒုက္ခဘယ၊ ကင်းစင်လှစေသောဝ်။
လူဘုံရိပ်နန်း ပယ်ခွာလှမ်း၍
သာသနာကျိုး ရွက်သယ်ပိုးမည့်
လောင်းလျာအရှင် ဆရာသခင်ကို
ကဆုန်လပြည့် ကျော်သည့်နေ့ရက်
ခြောက်ရက်မြောက်တွင် မယ်တော်ဝမ်းမှ
ဖွားတော်မူသည် ဇာနည်တစ်ပါး ပေါ်တယ်လေး။
ဖွားမြင်မြောက်ကာ ဆယ့်တစ်နှစ်ရွယ်
ချိန်ခါရယ်၌ လူဘုံရိပ်နန်း
ပယ်ခွာလှမ်း၍ သာသနာ့ဘောင်
သွတ်သွင်းဆောင်၏ စာပေကျမ်းဂန်
ဆည်းပူးမှန်သည် နတ်လူအကျိုး ဆောင်တယ်လေး။
သာမဏေကျော် ဘွဲ့တော်နှင့်တူ
သာသနာဓဇ ဓမ္မာစရိယဟု
အပ်နှင်းခံယူ အောင်တော်မူ၍
သီရိလင်္ကာ မြေမဟာ၌
ထပ်ဆင့်ကွန့်မြူး အောင်ကာထူးသည် ဆီမီးရောင်သို့ ထွန်းတယ်လေး။
လောကုတ်လောကီ နှစ်လီဋ္ဌာန
ပြည့်ဝအကျိုး သယ်ပိုးသည့်ရှင်
မြတ်သခင်၏ မွေးနေ့ခါ၌
ရေနံ့သာမောင် ကာရံဆောင်၍
ညွှန်းဆိုဖွဲ့သီ ဂုဏ်ကိုရည်သည် နတ်လူသာဓု ခေါ်တယ်လေး။
၂၇.၅.၂၀၀၉တွင်ကျရောက်မည့်-အရှင်တိက္ခဉာဏလင်္ကာရ (Yaw Community) ၏ (၃၁) နှစ်မြောက်မွေးနေ့မှာ သံဃာဂုဏ်ကိုရည်၍ ရေးသားအပ်ပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...