Thursday, January 19, 2012

ရင့်ကျက်မှု

by Lwin Aung Soe on Thursday, January 19, 2012 at 4:38am

http://www.niteo.com/SEICMMFramework.html

ရင့်ကျက်မှုနဲ့ အသက်အရွယ် ကြီးရင့်တာ မတူပါဘူး။ ဒီ ၂ မျိုးက ရောထွေးသွားတတ်ပါတယ်။ သတ္တဝါတိုင်းမှာ များသောအားဖြင့် အသက်အရွယ် ကြီးရင့်လာရင် ရင့်ကျက်မှု ရှိလာကြတာ သဘာဝပါပဲ။ သဘာဝက ပေးထားပေမယ့် ဒီနေရာမှာ လူက သာလွန်သွားတာ ရှိပါတယ်။ အဲဒါ ဘာလဲဆိုတော့ စဉ်းစားဆင်ခြင်နိုင်စွမ်း ရှိတာနဲ့ စာဖတ်နိုင်တာပဲ ဖြစ်တယ်။

တရက်ပြီးတရက် လူတွေဟာ အရွယ်ရင့်လာတာပါပဲ။ အိုလာတာပေါ့။ ဒါပေမယ့် အသက်အရွယ် ရင့်လာတိုင်းလည်း ရင့်ကျက်မှု မရှိသူလည်း ရှိနေကြတာပါပဲ။ တချို့လူတွေ ရင့်ကျက်မှု နောက်ကျနေတယ်။ တချို့ စောနေတာလည်း ရှိတယ်။

ဥပမာ ပေးရင် ဗိုလ်ချုပ်အောင်ဆန်း။ ပိုက်ဆံချေးတာ မတရားဘူးလို့ လက်တောက်လောက်ရှိတဲ့ ခလေးက အမေကို ပြန်ပြောတာ အားလုံးသိကြမယ်။ သေဆုံးတော့ အသက် ၃၂ နှစ် ဆိုပေမယ့် တတိုင်းပြည်လုံးကို ဦးဆောင်နိုင်တဲ့ ရင့်ကျက်မှုကောင်းကောင်း ရှိခဲ့တယ်။ ဒါကြောင့် ရင့်ကျက်မှုဟာ အသက်အရွယ်နဲ့ မဆိုင်ဘူးလို့  သဘောထားရမှာ ဖြစ်ပါတယ်။

ဒီတော့ ရင့်ကျက်မှုကို အဓိပ္ပာယ်ဖွင့်ကြရအောင်။ ရင့်ကျက်မှု ဆိုတာ ကိစ္စတခုခု အပေါ်မှာ ဖြေရှင်းနိုင်လောက်အောင် စဉ်းစားသုံးသပ် ဆင်ခြင်နိုင်စွမ်းရှိတာပဲ ဖြစ်တယ်လို့ ဆိုနိုင်တယ်။

နေ့စဉ်နေ့တိုင်း ဘဝမှာ တခုပြီးတခု လုပ်နေရ၊ ကြုံတွေ့ရတာက မနည်းလှပါဘူး။ များသောအားဖြင့်မှာတော့ အကျင့်ပါနေလို့ ပြီးစလွယ် လုပ်နိုင်ကြပါတယ်။ ဒီအချိန်မှာ ပုံမှန်မဟုတ်တဲ့ ကိစ္စတခုခု ဖြေရှင်းဖို့ ပေါ်ပေါက်လာပြီ ဆိုပါတော့။ ဥပမာ- သူငယ်ချင်းတယောက်က ပိုက်ဆံလာချေးတယ် ဆိုပါစို့။ ဘာမှ စဉ်းစားမနေဘဲ “ရော့..အင့်” ဆိုပြီး ပေးလိုက်မှာလား။ ဒါမှမဟုတ် “လုံးဝ မချေးနိုင်ဘူး” ဆိုပြီး တခါတည်း ခပ်ပြတ်ပြတ် ငြင်းမလား။ ဒါမှမဟုတ် အချိန်ဆွဲထားမလား။ မယုတ်မလွန် ပြန်ပြောမလား။  

ဒီလိုကိစ္စမျိုးမှာ စဉ်းစားသုံးသပ်ရမယ်။ ဆင်ခြင်တုံတရားနဲ့ ပြုမူရမယ်။ ရင့်ကျက်မှု အားကောင်းတာနဲ့အမျှ ဒီကိစ္စအပေါ် ကိုင်တွယ်ဖြေရှင်းတာ အဆင်ပြေပါမယ်။ အောင်မြင်သွားပါလိမ့်မယ်။

လုပ်ငန်းခွင်မှာ stress ရှိတတ်ပါတယ်။ အဓိကအကြောင်းရင်းကတော့ စီမံခန့်ခွဲသူနဲ့ စီမံခန့်ခွဲတဲ့ စနစ်ကြောင့် Stress ဆိုတာ မလိုအပ်ဘဲ ပေါ်ပေါက်လာရတာ ဖြစ်ပါတယ်။ ဒီလိုညည်းညူသံတွေကို အမြဲကြားနေရမှာလည်း ဖြစ်ပါတယ်။ ဒါကို မဆန်းတဲ့ကိစ္စလို သဘောထားရပါမယ်။ အဲဒီအပေါ်မှာ အဖြစ်နိုင်ဆုံး မှန်ကန်အောင် သုံးသပ်ပါ။  အလွန်အကျွံ မတရားကြီး လုပ်ထားတာကလွဲလို့ သာမန်အားဖြင့် ရှိလာတတ်တဲ့ လုပ်ငန်းခွင် ဖိစီးမှု ပြဿနာမျိုးတွေကို အကြံပေးကြည့်ပါမယ်။

အဲဒါကတော့ ရင့်ကျက်မှုကို အသုံးချဖို့ပဲ။ လုပ်ငန်းသဘောကို ကျေညက်အောင် လေ့လာပါ။ လုပ်ငန်းခွင်မှာ ဆက်စပ်နေရသူတွေရဲ့ သဘောကို ရသလောက် လေ့လာပါ။ အဆင်ပြေနိုင်ဆုံး နည်းလမ်းကို ရှာဖွေပါ။ တဦးတည်း ရှာလို့ မရရင် စိတ်ဓါတ်အတူနိုင်ဆုံးသူနဲ့ ပူးပေါင်း အဖြေရှာပါ။ လိုအပ်ရင် လူအများနဲ့ လက်တွဲ လုပ်ဆောင်ပါ။ အဲဒါမှ မရသေးရင် လူအများစုပြီး အထက်အရာရှိတွေကို တောင်းဆိုပါ။

လုပ်ငန်းခွင် မဟုတ်ဘဲ ဘဝနေထိုင်မှုအပေါ်၊ ဘေးအန္တရာယ် ခြိမ်းခြောက်နေမှုအပေါ် စိတ်ဖိစီးမှုမျိုးတွေလည်း ရှိကြပါတယ်။ အခြေခံကတော့ စောစောက လုပ်ငန်းခွင်နဲ့ ခပ်ဆင်ဆင်ပါပဲ။  

ရင့်ကျက်မှုကို ရယူနိုင်တဲ့ နောက်တနည်းကတော့ မုဆိုး စိုင်သင်သလိုပါပဲ။ ကျောင်းခန်းထဲမှာ စာသင်ယူတာလည်း အပါအဝင် ဖြစ်ပါတယ်။ အတွေ့အကြုံနဲ့ ပညာ မြင့်မားပြီး ရင့်ကျက်သူတွေထံမှာ နည်းနာခံယူတာလည်း ရှိပါတယ်။ သြဝါဒပေးနိုင်သူ (Mentor) ဆီကနေ ရယူနိုင်ရင် ရင့်ကျက်မှုကို မြန်မြန်ဆန်ဆန် တည်ဆောက်နိုင်ပါတယ်။

နောက်ထပ် ထင်ရှားတဲ့ နည်းလမ်းတခုကတော့ စာတွေဖတ်ပြီး စဉ်းစားသုံးသပ်ယူတာပဲ ဖြစ်ပါတယ်။ “အလိမ္မာ စာမှာရှိ” ဆိုတာ တကယ့်ကိုမှန်တဲ့ လမ်းညွှန်ချက်ပါ။   

ရွှင်လန်းချမ်းမြေ့ကြပါစေ။
လွင်အောင်စိုး
၁၉-၁-၂ဝ၁၂

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...