အလွန်ပျော်ပါသည်၊ သို့သော်
မနက်ခင်း
အိမ်အပြင်ထွက်လိုက်သည်နှင့် မင်္ဂလာသတင်းများက စောင့်ကြိုနေပါသည်။နိုင်ငံရေး
အကျဉ်းသား များကို လွှတ်ပေးလိုက်သည်တဲ့။ ရှမ်းတိုင်းရင်းသားခေါင်းဆောင်
ခွန်ထွန်းဦး ၊စစ်ဖက်မှ ဗိုလ်ချုပ် ခင်ညွန့်၊ ဗိုလ်မှူးကြီးစန်းပွင့်၊
ရွှေဝါရောင် သံဃတော် အရှင်ဂမ္ဘီရ ၊ ၈၈မျိုးဆက်ခေါင်းဆောင်
မင်းကိုနိုင်၊ ကိုကိုကြီး အပါအဝင် လူပေါင်း ၆၅၁ဦး လွှတ်ပေးလိုက်သည့် သတင်း
နှင့်အတူ ကရင် အမျိုးသားအစည်းအရုံး(KNU)နှင့် နိုင်ငံတော်အစိုးရတို့
ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုသည့်သတင်းသည် တမျိုးသားလုံးတို့
မျှော်လင့်စောင့်စား နေသည့် မင်္ဂလာသတင်း ပင် ဖြစ်ပါသည်။
မြန်မာနိုင်ငံကြီး ချွတ်ခြုံကျနေသည်ကို တမျိုးသားလုံးအပြင် တကမ္ဘာလုံးက သိပါသည်။ ဝန်ကြီးဌာန အားလုံးလိုလို၏ အပုပ်နံ့သည်လည်း တထောင်းထောင်း၊ လာဘ်ပေးလာဘ်ယူ ကိစ္စများ သည်လည်း ထူး၍ မဆန်းသော ကိစ္စများပင် ဖြစ်ပါသည်။အချောင်သမားစိတ်ဓာတ်များရင့်သန်နေပြီး အခွင့်အရေး ရလျှင်ရသလို ယူကြသည့် ဖြစ်ရပ်များသည်လည်း မကြားချင်မှ အဆုံးပင်၊နိုင်ငံတော်၏ သယံဇာတ များသည်လည်း ဆန့်ငင် ဆန့်ငင်ဖြစ်နေပေပြီ၊မြန်မာပြည် အထက်ပိုင်းသည်လည်း ကိုရွှေတရုတ်တို့၏ မွေးရပ်မြေတောင် ဖြစ်ချေ တော့မည်။
အမှားပေါင်းများစွာတို့ကြောင့် ဖြစ်ပွားခဲ့ရသည့် ပြည်တွင်းစစ်ကြောင့် တမြေတည်းနေ တိုင်းရင်းသားတို့၏ သွေး စက်များလည်း မခြောက်သေးချေ။ဘဝပျက်ခဲ့ရသည်များ၊အိုးမဲ့အိမ်မဲ့များ၊တောထဲတောင်ထဲတွင် ဖြစ်သလို ရုန်း ကန်လှုပ်ရှားနေရသူများ၊အထက်လူကြီး၊ရပ်ကွက် လူကြီး၊မည်သည့်လူကြီးကိုမှ ဝေဖန်ဖို့ နေနေသာသာ၊စေ့စေ့ တောင် မကြည့်ရဲ ကြသည့် ပြည်သူများ၊ဒီလို အဖြစ်ဆိုးတွေ ကင်း ပျောက်စေဖို့ ကောင်းမွန်သည့်မည်သည့် လုပ်ရပ်ကိုမဆို လှိုက်လှဲစွာ ကြိုဆိုရမည်မှာ နိုင်ငံ့သားကောင်းတို့၏ တာဝန်ပင်ဖြစ်ကြောင်း ကျွန်တော် ရဲရဲကြီး ပြောလိုက်ပါသည်။
ကမ်းလင့်လာသော လက်များကိုဆွဲကိုင်ရင်း မလွဲမသွေ ပြုလုပ်ပေးရမည့် ကိစ္စတစ်ခုကို ပြောလိုပါသေးသည်။ ယင်းကိစ္စမှာ မတရားအသင်း ကြေညာထားသည်များကို ပြန်လည် ရုပ်သိမ်းပေးရန် ဖြစ်ပါသည်။ရိုးသားဖြူစင် သော စိတ်နှလုံးသားအမှန်ရှိပါမူ ငြိမ်းချမ်းရေးတည်ဆောက်ရုံသာမက ငြိမ်းချမ်းရေးယူသူများ စိတ်ဖြောင့်ဖြောင့် ဖြင့်နေနိုင်ရေးသည် လွန်စွာ အရေးကြီးလှပါသည်။မိမိ မလိုလားတော့သည်နှင့် တည်ရှိဆဲ ဥပဒေတစ်ခုခုကို ကောက်ကိုင်ပြီး လက်လွတ်စပယ် လုပ်သော လုပ်ရပ်များသည်လည်း မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သည့် လူကြီးမင်းများ၏ ရိုးရာ ဖြစ်နေပါသည်။ယင်းဓလေ့ထုံးစံကို လျှင်မြန်စွာ ရိုက်ချိုးပစ်ရန် အထူးပင် လိုအပ်နေပါ သည်။ရိုက်ချိုးပေးတော့မည်ဟုလည်း ယုံကြည်မိပါသည်။
မည်သို့ပင် ဖြစ်စေကာမှု လူမမာဖြစ်နေသည့် နိုင်ငံတော်ကြီး ပြန်လည် ကျန်းမာသန်စွမ်းလာရေးအတွက် စစ်ဖက်မှ လက်ရှိတာဝန်ရှိသူများ၊ လုပ်ငန်းရှင်အတု စစ်ဖက် အရာရှိဟောင်းများ၊ နိုင်ငံရေး သမားများ၊ပညာရှင်များ၊နည်းပညာကျွမ်းကျင်သူများ၊ပြည်သူများ အားလုံး အင်တိုက်အားတိုက် ပူးပေါင်း ပါဝင်ရန်မှာ လွန်စွာ အရေးကြီးသည့်အတွက် အစိုးရသစ်၏ ခြေလှမ်းများ၊လိုက်လျောမှုများကို လက်ခုပ်သြဘာတီး၍ ကြိုဆိုဂုဏ်ြ့ပုရင်း အရေးတကြီးလိုအပ်ချက်တစ်ခုအား ထောက်ပြလိုက်ရပါသည်။
သန့်စင်အောင်(ရန်ကင်း)
၁၄.၁.၂၀၁၂

0 comments:
Post a Comment