သဘာဝပတ်ဝန်းကျင်နဲ့ လူ့အဖွဲ့အစည်း
by General Knowledge on Thursday, January 12, 2012 at 7:43pm
Written by ဒေါက်တာဇော်မြင့်နီ Wednesday, 11 January 2012 13:51
၁၉၉၂ခုနှစ်က ဘရာဇီးလ်နိုင်ငံ Rio dejaneiro မှာ ကမ္ဘာမြေထိပ်သီး ညီလာခံတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဒါဟာ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး UN က ကြီးမှူးကျင်းပတဲ့ ၂ ကြိမ်မြောက် ညီလာခံကြီးဖြစ်ပါ တယ်။ UN အဆင့် ပထမဆုံး သဘာဝပတ်ဝန်းကျင် ညီလာခံကြီးကို ၁၉၇၂ ဇွန် ၅ ရက်နေ့က ဆွီဒင်နိုင်ငံမှာ ကျင်းပခဲ့ခြင်းပါ။
ဒီနှစ် ၂၀ အတွင်းမှာ သဘာဝပတ်ဝန်းကျင် ပြဿနာတွေက ပိုမိုရှုပ်ထွေးပြီး လူနေမှုဘ၀တွေကို ခြောက်လန့် လာကြပါတယ်။ ဒါကြောင့်ပဲ Rio မှာ ကမ္ဘာ့ထိပ်သီးတွေစုပြီး အဖြေရှာကြတဲ့ သဘောပါ။ အဲဒီညီလာခံမှာ လူအဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ဖို့ ရည်ရွယ်ချက်တွေ ထားရှိခဲ့ကြပါတယ်။ အစည်းအဝေး တက်ရောက်တဲ့ အရေးပါသူ အများစုကလည်း အဲဒီရည်ရွယ်ချက်ကို အောင်မြင်မယ်လို့ ယုံကြည်ထားခဲ့ကြပါတယ်။ ထိရောက်တဲ့ နည်းပညာတွေ၊ ပိုမိုပြည့်စုံတဲ့ ဥပဒေတွေ၊ သဘာတူညီမှုတွေနဲ့ စာချုပ်စာတမ်းတွေရဲ့ ကူညီမှုတွေလည်း ပါမယ်ဆိုရင်ပေါ့။
ဒါပေမဲ့ လက်တွေ့မှာတော့ သူတို့မျှော်လင့်သလို ဖြစ်မလာခဲ့ဘူး။ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဆိုတာ မရနိုင်ခဲ့ဘူး။ ဘာကြောင့်လဲ။ တွေးစရာတောစရာ ရှိလာပါတယ်။ တကယ်တော့ ညီလာခံတက်ရောက် ဆွေးနွေးခဲ့ကြ သူများဟာ ကမ္ဘာမြေရဲ့ အခန်းကဏ္ဍ၊ ကမ္ဘာမြေရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေရဲ့ သဘောသဘာဝတွေကို မေ့လျော့ထားကြလို့ပါပဲတဲ့။ ဒီနေ့ ကျွန်တော်တို့ရဲ့ လူအဖွဲ့အစည်းမှာ အရေးတကြီး ဖြေရှင်းရမယ့် ပြဿနာတွေ ရှိနေတယ်။ သစ်တောတွေပြုန်းနေတာ၊ မြစ်ချောင်း အင်းအိုင်တွေ တိမ်ကောနေတာ၊ သယံဇာတရင်းမြစ်တွေ ပြုန်းတီးနေတာတွေ၊ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုပြဿနာတွေ ရှိနေကြပါတယ်။ များပြားလှတဲ့ အမှိုက်တွေဟာ ခုဆိုရင် ဇီဝထုရဲ့ ပုံမှန် လည်ပတ်မှုတွေကို ပြောင်းလဲအောင် စတင်တွန်းအားပေးနေပါပြီ။ ဇီဝ ပြောင်းလဲတာနဲ့အမျှ ကျွန်တော်တို့ဟာ ပြောင်းလဲမှုရဲ့ သားကောင်တွေဖြစ်ကြရမှာ မလွဲပါဘူး။ ရာသီဥတု ပြောင်းလဲခြင်းတွေ၊ အိုဇုန်းလွှာပျက်စီးမှုတွေ ကလည်း ကျွန်တော်တို့ ဘ၀တွေကို ထိခိုက်ပျက်စီးစေခဲ့ပါပြီ။
ကျွန်တော်တို့ဟာ မရည်ရွယ်ဘဲ ပတ်ဝန်းကျင်ပျက်စီးရာ ပျက်စီးကြောင်းကို ဦးတည်နေတဲ့ လူ့အဖွဲ့အစည်းတစ်ခု စနစ်တကျ ဖန်တီးမိခဲ့ကြပါပြီ။ စီမံကိန်းနဲ့ ရည်ရွယ်ချက်နဲ့ စနစ်တကျ ဖန်တီးထားတဲ့ လူ့အဖွဲ့အစည်းတွေမှာ အဲဒီရည်ရွယ်ချက်တွေ အောင်မြင်အောင် ဆောင်ရွက်တဲ့အခါ သံယံဇာတ အရင်းအမြစ်ပြုန်းတီးမှုတွေ၊ သဘာဝအရည်အသွေး လျော့နည်း ကျဆင်းသွားတာတွေ၊ စွန့်ပစ်ပစ္စည်းတွေကြောင့် သက်ရှိတွေ အဆိပ်သင့်ခံရတာတွေနဲ့ ဇီဝထုရဲ့လုပ်ဆောင်မှုကို ထိခိုက်စေတာတွေကို ဘယ်လိုမှ မရှောင်တိမ်းနိုင်ပါဘူး။ ဒီလမ်းကြောင်းကို ပြောင်းလဲပစ်ဖို့ အခြားရွေးချယ်စရာ လမ်းလည်း မရှိဘူး။
ဒါဆို ကျွန်တော်တို့ ‘သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရင်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေတဲ့ လူ့အဖွဲ့အစည်း Sustainable Society တစ်ခု’ ကို ဘယ်လိုပြောင်းလဲရမလဲ။ ဘယ်လိုပြောင်းလဲနိုင်မလဲ။ ဒီအတွက် အဖြေကတစ်ခုတည်းသာရှိတယ်လို့ ယုံကြည်ပါတယ်။
ဒါက ကျွန်တော်တို့ သွားရမယ့်၊ ရှေ့ဆက်ရမယ့်လမ်းကို လေ့လာသင်ယူဖို့ပဲ ဖြစ်ပါတယ်။
စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်တဲ့ လူ့အဖွဲ့အစည်းအသစ် တစ်ခုဆီ သွားတဲ့လမ်းကြောင်းကို လေ့လာတဲ့အခါမှာ သဘာဝတရားကြီးနဲ့ သူ့ရဲ့ ဖြစ်စဉ်တွေ၊ နိယာမတွေဟာ ကျွန်တော်တို့ရဲ့ မဟာဂုရုဆရာကြီးတွေ ဖြစ်လာပါ တယ်။ ခုအချိန်မှာ ကျွန်တော်တို့ဟာ တန်ဖိုးထားမှုတွေနဲ့ ပတ်သက်ပြီး ဘယ်လိုစဉ်းစားဆုံးဖြတ်ရမယ်ဆိုတာ မဖြစ်မနေ လေ့လာကြရပါလိမ့်မယ်။ ဒါအရေးကြီးဆုံးအချိန်ပါ။
Sustainable Society ရဲ့ အတွင်းပိုင်း အနှစ်သာရဟာ ရှင်သန်နေတဲ့ ဂေဟဗေဒစနစ်ရဲ့ သက်ရှိတွေပဲဖြစ်ပါတယ်။ လူအပါအ၀င် သက်ရှိအားလုံးပေါ့။ တစ်ခုတော့ သတိပြုရမယ်။ လူမရှိလည်း ဂေဟဗေဒစနစ် ကြီးက သူ့သဘာဝနဲ့သူ ပြောင်းလဲနေတယ်။ ဂေဟဗေဒစနစ်ကြီး မရှိဘဲနဲ့တော့ လူ့အဖွဲ့အစည်းဆိုတာ မရှိနိုင်ဘူး။ ဒါဟာ သေချာမှုတစ်ခုပါ။
လူတစ်ယောက်စီရဲ့ စံဘ၀အရည်အသွေးဆိုတာလည်း ကောင်းမွန်စွာ ရှင်သန်နေတဲ့ လူ့အဖွဲ့အစည်းတစ်ခုအပေါ်မှာ အခြေခံတာ။ ဒါကလည်း ကောင်းမွန်တဲ့ ရှင်သန်နေတဲ့ ဂေဟဗေဒစနစ်ကြီး ရှိနေဦးမှ။ ဒါကြောင့် ကျွန်တော်တို့က ဂေဟစနစ်ကြီးကို အကောင်းဆုံးတွေ ပေးကိုပေးကြရမယ်။ ဂေဟစနစ်ကြီးကပဲ ကျွန်တော်တို့ကို အသက်ရှင် ရပ်တည်နိုင်အောင် ပံ့ပိုးပေးနေတာမို့လား။ ပြီးတော့မှ ဒုတိယ ဦးစားပေးအနေနဲ့ လူ့အဖွဲ့အစည်းကို အကောင်းဆုံးတွေ ပေးကြရမှာ။
Sustainable Society ရဲ့ အခြား အခြေခံအနှစ်သာရတစ်ခုက ချစ်ခြင်းဖြစ်ပါတယ်။ လူတွေကို ချစ်ခင်ဖို့၊ မျိုးဆက်သစ်တွေကို ချစ်ခင်ဖို့၊ ပြီးတော့ အခြားသက်ရှိတွေကိုလည်း ချစ်ခင်ဖို့ လိုပါတယ်။ ဒီလူ့အဖွဲ့အစည်းမှာ သီးခြားနေထိုင်မှုတွေထက် မိတ်ဆွေဖွဲ့မှုတွေကို ပိုအလေးထားတယ်။ ပြိုင်ဆိုင်မှုတွေထက် ပူးပေါင်းပါဝင်မှုတွေကို ပိုဂရုစိုက်တယ်။ မာန်မာနတွေ ထက် မေတ္တာစေတနာကို ပိုရှေ့တန်းတင်တယ်။ ညီညွတ်မျှတမှု၊ လုံခြုံစိတ်ချ ရမှုတွေဟာ Sustainable Society ရဲ့ တရားကိုယ် အနှစ်သာရတွေပဲ ဖြစ်ပါတယ်။
လူတွေကို ချစ်ခင်ဖို့၊ မျိုးဆက်သစ်တွေကို ချစ်ခင်ဖို့၊ ပြီးတော့ အခြားသက်ရှိတွေကိုလည်း ချစ်ခင်ဖို့လိုပါတယ်။ ဒီလူ့အဖွဲ့အစည်းမှာ သီးခြားနေထိုင်မှုတွေထက် မိတ်ဆွေဖွဲ့မှုတွေကို ပိုအလေးထားတယ်။ ပြိုင်ဆိုင်မှုတွေထက် ပူးပေါင်းပါဝင်မှုတွေကို ပိုဂရုစိုက်တယ်။ မာန်မာနတွေထက် မေတ္တာစေတနာကို ပိုရှေ့တန်းတင်တယ် . . .
သိပ္ပံနဲ့နည်းပညာတွေကို Sustainable Society က ဆက်လက်ဖွံ့ဖြိုးစေပါလိမ့်မယ်။ သိပ္ပံနဲ့နည်းပညာနဲ့ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ရှည့်လဲလျှောက်သာ ပျားလည်းစွဲသာဆိုသလို ဖြေရှင်း ပံ့ပိုးနိုင်အောင် စီမံကြရမှာပါ။
သဘာဝပတ်ဝန်းကျင်လည်း အခြေခိုင်မာစေ၊ စီးပွားရေးအရလည်း အခွင့်သာစေဆိုတာမျိုးဖြစ်အောင် သိပ္ပံနည်းပညာတွေကို ထိန်းချုပ်ကြရမှာ။ ကျွန်တော်တို့ဟာ Sustainable Society ဖြစ်အောင်လုပ်နိုင်မယ့် သိပ္ပံနည်းပညာတွေ ပိုမိုဖွံ့ဖြိုးအောင် မဖြစ်မနေ သင်ယူလေ့လာကြရဦးမယ်။ ဒါပေမဲ့ စီးပွားရေးပုံသဏ္ဍာန်တွေ၊ ဘ၀နေဟန်တွေ၊ တန်ဖိုးထားမှုတွေကို မြန်မြန် ဆန်ဆန်ကြီး ပြောင်းလဲစေတဲ့ အစွမ်းထက်လှတဲ့ နည်းပညာတွေကိုတော့ ကျွန်တော်တို့ ခွင့်မပြုသင့်လှပါဘူး။
Sustainable Society ဆီသွားတဲ့ လမ်းကြောင်းမှာ ကျွန်တော်တို့ဟာ သဘာဝရဲ့ ဖြစ်စဉ်တွေနဲ့ သက်ရှိအားလုံးအပေါ် အလေးထားမှုတွေကို သင်ယူလေ့လာဖို့ ပတ်ဝန်းကျင်ဆိုင်ရာ ပညာရေး Environmental Education ကို မဖြစ်မနေ ဂရုစိုက်ကြရမှာ ဖြစ်ပါတယ်။ စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်နေဖို့ သင်ယူမှု လူ့အဖွဲ့အစည်းကို ပျိုးထောင်ကြရမှာပါ။ လူအားလုံးဟာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိတွေပြည့်ဝပြီး ရှောင်စရာ ဆောင်စရာတွေကို လိုအပ်သလို လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ လူတိုင်းသိ၊ နားလည်၊ လိုက်နာပါဝင်ကူညီကြရမယ့် သဘောပါ။ အဲဒီလိုနဲ့ ‘သဘာဝပတ်ဝန်းကျင် ယဉ် ကျေးမှု’တွေ မြင့်မားလာတာပဲ မို့လား။ (ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ သဘာဝပတ်ဝန်းကျင် ‘ယဉ်ကျေးမှု ရောင်နီပျိုးချိန်’ လို့ ဆိုနိုင်မယ် ထင်ပါတယ်။)
ကျွန်တော်တို့မှာရှိတဲ့ သဘာဝရဲ့ အထူးလက်ဆောင်မွန်ကတော့ ‘အတိတ်ကို ဝေဖန်ဆန်းစစ်နိုင်ပြီး အနာဂတ်ကို မျှော်တွေးနိုင်စွမ်းရှိခြင်း’ ပါပဲ။ ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်တဲ့ လူ့အဖွဲ့အစည်းအတွက် ဆန်းစစ်မျှော်တွေး တဲ့အခါ သဘာဝပတ်ဝန်းကျင်ကို ရှေ့တန်း တင်ရမှာ ဖြစ်ကြောင်း တွေ့လာရပါတော့တယ်။
(၂၀၁၂ နှစ်သစ်ဆီသို့)
0 comments:
Post a Comment