ငွေကြေးတန်ဖိုး မြင့်နေသည့်ကိစ္စ
by Moenge Aung on Sunday, January 1, 2012 at 5:35pm
ဟားဗတ် ပညာရှင်အဖွဲ့က မြန်မာငွေကြေး တန်ဖိုး မြင့်တက်နေမှုကြောင့် စီးပွားရေး ပတ်ဝန်းကျင်တစ်ခုလုံး ထိခိုက်စေသည့် အတွက် ဗဟိုဘဏ်မှ ကိုင်တွယ် ဖြေရှင်းပေးရန် တိုက်တွန်းသည့် သတင်းတစ်ပုဒ်ကို ဖတ်လိုက်မိသည်။ မြန်မာငွေကြေး မြင့်တက်ပြီး အမေရိကန် ဒေါ်လာဈေးနှုန်း ကျဆင်းနေမှုကြောင့် မြန်မာ့စီးပွားရေး ပတ်ဝန်းကျင်တစ်ခုလုံး ထိခိုက်စေသည့် အကြောင်းအရာကို ဟားဗတ်တက္ကသိုလ်မှ စီးပွားရေးပညာရှင် Mr. Thomas J Vallely က တင်ပြခဲ့သည်ဟု ဆိုပါသည်။
မြန်မာငွေတန်ဖိုး မြင့်တက်ရခြင်း အကြောင်းသည် အမေရိကန် ဒေါ်လာနှင့် နှိုင်းယှဉ်ပြီး ပြောခြင်းသာ ဖြစ်သောကြောင့် မြန်မာငွေတန်ဖိုး မြင့်တက်ရခြင်း အကြောင်းကို အရင်လေ့လာမှသာ ပိုအဆင်ပြေနိုင်သော သဘောရှိမည်။ မြန်မာငွေတန်ဖိုး မြင့်တက်မှုကြောင့်ဟူသော အကြောင်းအရာသည် အကျိုးသက်ရောက်မှု (Effect) သာ ဖြစ်သည်။ နောက်ဆက်တွဲ ရလဒ်များ Consequences များသာ ဖြစ်သည်။ မြန်မာငွေတန်ဖိုး မြင့်တက်မှုကြောင့် ဖြစ်သည်ဟူသော အကျိုးတရားထက် မြန်မာငွေတန်ဖိုး မြင့်တက်ရခြင်း အကြောင်းတရားကို သေချာစွာ ရှာနိုင်မည်ဆိုလျှင် ထိုပြဿနာသည် ကိုင်တွယ်ဖြေရှင်းရ ပိုမိုလွယ်ကူမည့် သဘောရှိပါသည်။
မြန်မာငွေတန်ဖိုး မြင့်ရသည့် အကြောင်းအတွက် သတင်း အချက်အလက်များ
ပထမဦးဆုံး ဆန်းစစ်ရမည့် အကြောင်း အချက်အလက်တွင် မြန်မာငွေတန်ဖိုး မြင့်ရသည့်အကြောင်းရင်းတွင် US ကျပ် နှင့် ယှဉ်လျှင် မြန်မာငွေသည်သာ တန်ဖိုးမြင့်နေခြင်းလား၊ အမေရိကန် ဒေါ်လာအပါအဝင် အခြားငွေကြေးများနှင့် ယှဉ်လျှင်လည်း မြန်မာငွေကသာ တန်ဖိုးမြင့်တက်နေသည့် အခြေအနေလားဟူသော အချက်အလက်ကို ဆန်းစစ်ရန် လိုပါသည်။ အကြောင်းမှာ အခြေအနေ နှစ်ရပ်သည် မတူသောကြောင့် ဖြစ်သည်။ ဥပမာ- ငွေကြေး အားလုံးထက်စာလျှင် မြန်မာကျပ်ငွေ တန်ဖိုးမြင့်တက်နေသည်ဟု ဆိုလျှင် အနေအထား တစ်မျိုးဖြစ်ပြီး အမေရိကန်ဒေါ်လာနှင့် ယှဉ်မှသာ မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်နေသည်ဟု ဆိုလျှင် အခြေအနေ တစ်မျိုးဖြစ်နေသောကြောင့် ဖြစ်သည်။ မည်သည့် နိုင်ငံတကာ ငွေကြေးနှင့်မဆို ယှဉ်လိုက်မည်ဆိုလျှင် မြန်မာ့ငွေကြေး တန်ဖိုးကသာ မြင့်တက်နေမည်ဆိုလျှင် မြန်မာ့စီးပွားရေး ခိုင်မာသည့် သဘော၊ မြန်မာ့စီးပွားရေး တည်ငြိမ်သည့် သဘော ပိုသက်ရောက်သည်။ ကောင်းသော အလားအလာဟုပင် ဆိုနိုင်သည်။ သို့သောလည်း အမေရိကန် ဒေါ်လာနှင့်ယှဉ်မှသာ တန်ဖိုးမြင့်တက်နေမည်ဆိုလျှင် ဆန်းစစ်မှုကို သေချာစွာလေ့လာသင့်သည်။
အမေရိကန် ဒေါ်လာနှင့် မှသာ
ဆိုသည့် အတိုင်း အမေရိကန် ဒေါ်လာနှင့်မှသာ မြန်မာ့ကျပ်ငွေ တန်ဖိုး မြင့်တက်နေမည်ဆိုလျှင် ငွေကြေးဈေးကွက်ကို ပြန်လည်ဆန်းစစ်ရန် လိုလာပါလိမ့်မည်။ ပထမဦးစွာ ငွေကြေးဈေးကွက်ကို ဆန်းစစ်ပြီးမှ ဖြစ်နိုင်ခြေရှိသော အကြောင်းအရာများကို ထပ်ဆင့်နောက်ကြောင်းခံပြီး လိုက်ရပါလိမ့်မည်။ ဝေါဟာရအခေါ်အရတော့ Demand ထက် Derived Demand အကြောင်းကို နောက်ကြောင်းခံလိုက်မှသာ စီးပွားရေး မတည်ငြိမ်မှုကို ကုစားနိုင်ပါလိမ့်မည်။
ငွေကြေးဈေးကွက်တွင် ငွေကြေးလဲလှယ်နှုန်းနှင့် ငွေကြေးတန်ဖိုးသဘော မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်မှု အပိုင်းတွင် ဈေးကွက် သဘောတရားအရ မည်သည့်အတွက်ကြောင့် တန်ဖိုးမြင့်တက်ရသည့် သဘောကို ဦးစွာ ဆန်းစစ်သင့်သည်။ ထိုသို့ဆန်းစစ်ရာတွင် ရိုးစင်းသော အခြေခံအချက်အလက်မှ စတင်စဉ်းစားရန် လိုပါသည်။ မြန်မာ့ကျပ်ငွေတန်ဖိုးသည် အမေရိကန် ဒေါ်လာနှိုင်းယှဉ်မည် ဆိုလျှင် တန်ဖိုးမြင့်တက်ရသည့် အကြောင်းရင်းများတွင်
၁။ အမေရိကန် ဒေါ်လာများ ဈေးကွက်အတွင်း ဝင်ရောက်လာမှုများလာခြင်း (Sup-ply curve shifts to the right)
၂။ မြန်မာကျပ်ငွေပမာဏ (Money Supply in term of Kyat) ဈေးကွက်အတွင်း ဝင်ရောက်မှုနည်းနေခြင်း
၃။ အမေရိကန် ဒေါ်လာဖြင့် ပေးချေရမများ နည်းလာခြင်း။ (Demand Curve Shifts to the Left)
၎။ ဈေးကွက်အတွင်းတွင် အမေရိကန် ဒေါ်လာ ဝင်ရောက်လာမှုကလည်း များနေသည့် အခြေအနေတွင် အမေရိကန် ဒေါ်လာ အသုံးပြုနိုင်သော အခွင့်အလမ်း နည်းပါးနေသော အခြေအနေတွင် ပြိုင်တူဖြစ်ပါကလည်း အခြေအနေသည် “ဒွေးရောဂါ်ဥပါတ်ပါ” ရော ဖြစ်တတ်ပါသေးသည်။
တစ်နည်းအားဖြင့် အမေရိကန် ဒေါ်လာ တန်ဖိုးများကျဆင်းပြီး မြန်မာ့ငွေကြေး တန်ဖိုးများမြင့်တက်သွားမှု အပိုင်းတွင် ဈေးကွက်အတွက် အမေရိကန် ဒေါ်လာ ဝင်ရောက်လာမှုက များသည့် အခြေအနေသည် သာ၍ ဖြစ်နိုင်သော အခြေအနေရှိမည် ဆိုလျှင် များလာရသောအကြောင်းရင်းကို ပြန်လည် ဆန်းစစ်ရန်တော့ လိုမည်ထင်ပါသည်။ အမေရိကန် ဒေါ်လာများသည် မြနမာ့ငွေကြေး ဈေးကွက်အတွင်းသို့ လေတိုက်ရင်း အလိုလိုဝင်လာသည့် သဘောမရှိတတ်ရာ သူ့အလိုလို များလာသည်ဟူသော သဘောကိုလည်း ပြောမရနိုင်ပါ။ များလာရသည့် အကြောင်းရင်းသည် အဓိက အချက်အလက်ပင် ဖြစ်သည်။ ထိုအဓိက အချက်ကို ဆန်းစစ်နိုင်ရမည်သာ ဖြစ်သည်။
အတွေးဟောင်းနှင့် အတွေးသစ်
ငွေကြေးဈေးကွက်တွင် ငွေကြေး အရေအတွက်များသူ အမျိုးအစားသည် ငွေကြေးတန်ဖိုးကျဆင်းမည်မှာ သေချာသော သဘော ဖြစ်သည်။ ယင်းသည် Monetary Theory, Money Supply Concept ဖြစ်သည်။ ထို Money Supply Concept လောက်နှင့် ရပ်၍မဖြစ်တော့ ထိုငွေကြေးပမာဏ ဘာကြောင့်များရသလဲ၊ ဘာကြောင့် နည်းနေသလဲဟူသော နောက်ဆက်တွဲ အကြောင်းအရာများကိုပါ ဆက်စဉ်းစားနိုင်ရမည် ဖြစ်သည်။ ယင်းအတွေးသည် အတွေးသစ် ဖြစ်လာသည်။ ပို၍လည်း သဘာဝကျသည်။ Money Supply များလိုက်ရခြင်း အကြောင်းသည် Money Supply များရခြင်းထက် ပိုအခြေခံကျကျ တွေးလာသည်။
Money Supply များသည့် အကြောင်းတွေးလျှင် အရပ်တွေးတွေးသည်ဟု ပြောသည်။ ဘာကြောင့်များလာသလဲ၊ Money Supply များရသည့် အကြောင်းရင်းကို ရှာတွေးလျှင် ယင်းကို ပေါ်လစီအတွေးဟု ခေါ်ကြသည်။ ယင်းသည် အတွေးသစ်ဖြစ်သည်။ ထိုအတွေးသစ်ကို ထုတ်ဖော်သင့်သည်။ ဆိုလိုသည်မှာ အနာကို အရင်ကြည့်သင့်သည်။ ပြီးမှ ဆေးကုသင့်သည်။ ဆေးကုပြီးလို့ ပျောက်သွားပြီဆိုလျှင် နောက်ထပ် မဖြစ်အောင် ကြိုတင်ကာကွယ်ထားဖို့လည်း လိုသည်။ အနာလည်းသိ၊ ဘယ်ဆေးနှင့် ကုရမှန်းလည်းသိပြီ ဆိုလျှင် ကုချက်တော့ လိုမည်ဖြစ်သည်။
ဒေါက်တာမောင်မောင်စိုး (ဘောဂဗေဒ)
0 comments:
Post a Comment