Sunday, January 1, 2012

အပျိုကလေးလိုနေ


by Moenge Aung on Sunday, January 1, 2012 at 5:40pm
HR Journal

စီးပွားရေး လုပ်ငန်းတွေ လုပ်ကြတဲ့အခါ လှေကြီးထိုး ရိုးရိုးကြီးလုပ်ပြီး အောင်မြင်တိုးတက်အောင် လုပ်ဖို့ဆိုတာ အင်မတန် ခက်ခဲပါတယ်။  အောင်မြင်ကြသူတွေ မရှိဘူးလားလို့ မေးရင် မလွှဲမရှောင်သာ ရှိတော့ရှိပါတယ်။ ဒါပေမဲ့ အရေအတွက် အင်မတန် နည်းပါတယ်လို့ ဖြေရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲ စီးပွားရေး ဝဲသြကထဲမှာ အားသွန်ခွန်စိုက် ကူးခတ်နေကြသူတွေ အများစုဟာ လူညံ့တွေ မဟုတ်ကြလို့ပါပဲ။ ရေကူးပြိုင်ပွဲ ဝင်နေတဲ့သူတွေ ဖြစ်တဲ့အတွက် ရေထဲမဆင်းဝံ့တဲ့သူ၊ ရေနစ်မှာ ကြောက်တဲ့သူ၊ ရေမွန်းမှာ ထိတ်လန့်နေတဲ့သူတွေ တစ်ယောက်မှ ပါလိမ့်မယ် မထင်ပါဘူး။
သူတို့ဟာ ဒီပြိုင်ပွဲကိုဝင်ဖို့ လိုအပ်တဲ့ ခွန်အားနဲ့ ကြံ့ခိုင်မှုလည်း ရှိကြပါလိမ့်မယ်။ ဝင်ရောက် ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုနဲ့ ကျွမ်းကျင်မှုလည်း ရှိနေကြမှာ အမှန်ပါ။ လုံ့လ၊ ဝီရိယနဲ့ အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်ကိုလည်း တည်ဆောက်ထားကြလိမ့်မယ် ဆိုတာ ယုံမှားသံသယ ဖြစ်စရာမလိုတဲ့ ကိစ္စပဲ ဖြစ်ပါလိမ့်မယ်။ ဒီတော့ အဲဒီလို ပြိုင်ပွဲမျိုးမှာ ဝင်ရောက်ယှဉ်ပြိုင်သူ အားလုံးဟာ သမားရိုးကျသာ ယှဉ်ပြိုင်နေလို့ကတော့ သူမသာ ကိုယ်မသာတွေချည်းမို့ ဘယ်တော့မှ ကိုယ့်ဖက်က သေချာပေါက် အနိုင်ရလိမ့်မယ်လို့ ပြောနိုင်ကြမယ် မဟုတ်ပါဘူး။
 ဒီတော့ ပရိယာယ်နဲ့ လှည့်စားမှု (Deception) ရှိမှသာ ပြိုင်ဖက်တွေကို ကျော်လွှား အောင်နိုင်မှာပါ။ စီးပွားရေး လောကမှာ “လှည့်စားမှု” ရှိမှသာ အောင်မြင်မှုရရှိဖို့ ပိုမိုနီးစပ်နိုင်မယ် ဆိုပေမဲ့ “လူ့ကျင့်ဝတ်” ကို ထိခိုက်တဲ့အထိ ဖော်ဆောင်ကြဖို့တော့ မဟုတ်ပါဘူး။ လှည့်စားမှု ပရိယာယ်ကို လက်တွေ့အသုံးချ ဆောင်ရွက်တဲ့ အခါမျိုးမှာ ခက်ခဲရှုပ်ထွေးမှုတွေ၊ ထိခိုက်ရှနာမှုတွေ တွေ့ကြုံနိုင်ပေမဲ့ မိမိရဲ့အတ္တမာနကို ရှေ့တန်းတင်ပြီး ပြိုင်ဖက်ကို လူမှုရေး စည်းကမ်းတွေ ဖောက်ဖျက်ပြီး ဘုံးဘုံးလဲတဲ့အထိ အနိုင်ယူဖို့တော့ မကြိုးပမ်းသင့်ဘူး ဆိုတာ ပထမဆုံး သဘောပေါက်ကြဖို့ လိုပါလိမ့်မယ်။ စီးပွားရေး လုပ်တာဟာ စစ်တိုက်နေတာနဲ့ တူတယ်ဆိုပေမဲ့ မတူကွဲပြားတဲ့ အချက်တွေကလည်း အများအပြား မဟုတ်လား။ မိမိပြိုင်ဖက်ကို လှည့်စားပြီး မိမိရဲ့ရည်မှန်းချက် ပေါက်မြောက်အောင် လုပ်ဖို့ဆိုရင် “အပျိုကလေးလိုနေ” ဖို့ လိုပါလိမ့်မယ်။ အပျိုကလေး ဆိုတာတောင် ရှက်တတ်တဲ့ အပျိုကလေးလို သရုပ်ဆောင်နိုင်ရင် ပိုပြီး ကောင်းတာပေါ့။ ဘာကြောင့်လဲ၊ ရှက်တတ်တဲ့ အပျိုမဆိုတာက ကိုယ်က စိတ်ဝင်စားနေပေမဲ့ စိတ်မဝင်စားသလို ဟန်ဆောင်တတ်တယ်၊ ကိုယ်က ကြိုက်နေပေမဲ့ မကြိုက်သလို ပြုမူတတ်တယ်။ အိမ်နောက်ဖေးကို ထွက်မလိုလိုနဲ့ အိမ်ရှေ့ကို ထွက်လာတတ်တယ်။ မချစ်ပေမဲ့ ချစ်ယောင်ဆောင်တတ်တယ်။
 တကယ်ချစ်နေတာ ဆိုရင်လည်း (Sign) အနေနဲ့ သူတစ်ပါးရဲ့ ကလေးကိုချီပြီး ချစ်သလို မြှူပြတတ်တယ်။ ရွာအရှေ့ပိုင်းကို သွားမယ်ဆိုပြီး ရွာအနောက်ပိုင်း ရောက်သွားတတ်တယ်။ ဒီတော့ ဘေးက အကဲခတ် နေတဲ့လူမှာ သူ့သဘောထား အမှန်ကို ခန့်မှန်းရ ခက်နေတတ်တယ် မဟုတ်လား။ စစ်ရေးမှာလည်း ဒီလိုပါပဲ။ ကိုယ်က ရန်သူ့စစ်တပ်ကို နိုင်အောင် တိုက်နိုင်စွမ်း ရှိပေမဲ့ မတိုက်နိုင်သလို ဟန်ဆောင်ထားတာ၊ လှုပ်ရှားနိုင်စွမ်း ရှိပေမဲ့ မလှုပ်ရှားနိုင်သလို ဟန်ဆောင်တာ၊ ကိုယ့်ရည်မှန်းချက်နဲ့ နီးနေပေမဲ့ ဝေးနေသေးသလို ဟန်ဆောင်တာ၊ ရည်မှန်းချက်နဲ့ အလှမ်းဝေး နေသေးပေမဲ့ ရည်မှန်းချက်ကို ရောက်ရှိတော့မယောင် ဟန်ဆောင်တာ စသဖြင့် လှည့်စားမှု နည်းပရိယာယ်တွေကို ကျင့်သုံးကြရပါတယ်။ ဒါကို တရုတ်သုခမိန် “ဆွန်ဇူး” က သူ့ရဲ့ သေနင်္ဂဗျူဟာကျမ်းမှာ ဖော်ပြပြီးသားပါ။ ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်တာ၊ လှည့်စားတာ၊ အတုလုပ်ပြတာတွေဟာ စစ်ရေးမှာရော စီးပွားရေးမှာပါ အမှန်တကယ်ပဲ လိုအပ်ပါတယ်။
 စစ်ရေး၊ စီးပွားရေးဆိုတာ ကိုယ်နဲ့ယှဉ်ပြိုင်ဖက်ကို အနိုင်ရဖို့၊ ကိုယ့်ခြေကုတ်ရဖို့၊ မြဲနေအောင် ကာကွယ်ဖို့အတွက် ကြိုးစားနေကြတာ မဟုတ်လား။ ဒီတော့ အမှန်တကယ်ပဲ Illusion ဆိုတဲ့ ထင်ယောင်ထင်မှား ဖြစ်အောင်လုပ်တာ၊ Fakery ဆိုတဲ့ အတုလုပ်တာ၊ Deception ဆိုတာ ပရိယာယ်နဲ့ လှည့်စားတာတွေဟာ အစဉ်အမြဲကို လိုအပ်နေပါလိမ့်မယ်။ စစ်ရေး၊ စီးပွားရေး ဆိုတဲ့ မျက်နှာစာ နှစ်ရပ်လုံးမှာ ကာလကြာရှည်စွာ တည်တံနေဦးမှာ ဖြစ်ပြီး ရှောင်လွဲမရတဲ့ ကိစ္စတွေ ဖြစ်နေဦးမှာပါ။ ဒီတော့ စီးပွားရေး လုပ်ငန်းရှင်တွေဟာ တကယ်ပဲ ရှက်ကြောက်တတ်တဲ့ အပျိုမလေး စတိုင်နဲ့ ချီတက်ကြရမှာပါ။ စိတ်ဝင်စားတဲ့ လုပ်ငန်းကို စိတ်မဝင်စားတဲ့ပုံ ဆောင်တာ၊ အရေးကြီးတဲ့ ဈေးကွက်ကို အရေးမကြီးသလို ပေါ့ပေါ့တန်တန် ပစ်ထားပြတာ။ အရေးမကြီးတဲ့ ကိစ္စတွေကို အရေးတကြီး သွက်သွက်လက်လက် လှုပ်ရှားပြနေတာ စတဲ့ နည်းပရိယာယ်တွေနဲ့ ကိုယ့်ရဲ့ယှဉ်ပြိုင်ဖက်ကို အတွေးမှား၊ အမှတ်မှားအောင် လုပ်ပြီး ဈေးကွက်အုပ်စီးမှု ရအောင် မိမိဈေးကွက် ခြေကုတ်မပြုတ်ရေး လုပ်ကြရမှာပါ။ ကြည့်ပါ၊ ရှက်တတ်တဲ့ အပျိုမလေးလို နေတတ်တဲ့ ဂျပန်ကုမ္ပဏီတွေဟာ အလွန်သိမ်မွေ့ပါတယ်။
 ထိပ်တိုက်ရင်ဆိုင်ရမယ့် ကိစ္စ၊ ပြိုင်ဖက်တွေနဲ့ ပဋိပက္ခတွေ ဖြစ်ရမယ့် ကိစ္စမျိုးတွေကိုလည်း ရှောင်တတ်ပါတယ်။ “အင်အားကြီးတဲ့ ရန်သူကို တိုက်ရမယ့် တိုက်ပွဲမျိုးကို ရှောင်ပြီး ရန်သူရဲ့ အားပျော့တဲ့ အစိတ်အပိုင်းကို ဝင်တိုက်ပြီး အောင်ပွဲယူ” တတ်တဲ့ “ဆွန်ဇူး”  ရဲ့ နည်းပရိယာယ် အတိုင်းလည်း ကျင့်သုံးတတ်တယ်။ ရှက်တတ်တဲ့ အပျိုမဟာ အိမ်နီးနားချင်း လူပျိုအပျိုတွေနဲ့ ခွန်းကြီးခွန်းငယ် မပြောဘဲ ရှောင်သလိုမျိုးပါ။ ဥပမာအားဖြင့် အနောက်က အင်အားကြီးတဲ့ မော်တော်ယာဉ် ကုမ္ပဏီကြီးများနဲ့ ရင်ဆိုင်ပြီး ဈေးကွက်ရှာကြတာထက် အနောက်ကထုတ်တဲ့ ဒီဇိုင်းပုံစံနဲ့ ကွဲကွဲပြားပြား ဖြစ်အောင် မော်တော်ကား အသေးစားကလေးတွေ ဈေးနှုန်းချိုသာစွာ ထုတ်ပြီး စီးပွားရေး တိုးတက်အောင် လုပ်ခဲ့ကြတာကို ကြည့်ရင် သိနိုင်ပါလိမ့်မယ်။ ဒါဟာ စီးပွားရေး အင်အားကြီးများနဲ့ ထိပ်တိုက်တိုးမှုကို ရှောင်ပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ ချီတက်တတ်တဲ့ ဂျပန်ရဲ့ အပျိုမလေးလို နေတတ်မှုလို့ ပြောရင် ရပါလိမ့်မယ်။ တကယ်တော့ ဒီလို နည်းပရိယာယ်မျိုးကို ဂျပန်ကုမ္ပဏီ အတော်များများဟာ အင်မတန် ကျွမ်းကျွမ်းကျင်ကျင်ကိုပဲ တတ်မြောက်ကြပါတယ်။ ကိုယ့်အလုပ်ကို သိုသိုသိပ်သိပ်နဲ့ လုပ်တယ်။
 အိမ်တွင်းပုံး အပျိုမ အိမ်ထဲမှာ အလုပ်တွေ ကြုံးလုပ်သလိုမျိုးပါ။ အဲဒီလိုလုပ်ရင်းက အောင်မြင်မှု ရလာတော့လည်း အဲဒီအလုပ်ရဲ့ အောင်မြင်မှု အတွက် လူတကာသိအောင် မဏ္ဍပ်တိုင် တက်ပြတာမျိုး၊ ကြွားဝါတာမျိုး မလုပ်ကြဘူး။ တစ်ဖက်လူ မထင်တာတွေကို ကြိတ်လုပ်ကြပြီး အောင်မြင်မှု ယူသွားတဲ့ပုံစံလို့ ဆိုရင်ရပါတယ်။ ၁၉၈၀ ပြည့်နှစ် ပတ်ဝန်းကျင်လောက်က ဂျပန်ကုမ္ပဏီ အတော်များများဟာ ပြည်ပနိုင်ငံတွေမှာ မြေတွေ၊ အဆောက်အဦးတွေ အတော်များများကို သိုသိုသိပ်သိပ် ဝယ်ခဲ့ကြတယ်။ ၁၉၉၀ ပြည့်နှစ်ကျော်တော့ ဂျပန်ဟာ အစောပိုင်းက သူတို့ဝယ်ယူထားတဲ့ နိုင်ငံများမှာ သူတို့ရဲ့ စက်ရုံအလုပ်ရုံတွေ ပေါ်လာပြီး ဈေးကွက်တွေ ချဲ့ထွင်နိုင်ခဲ့ကြတယ်။ သက်ဆိုင်ရာ နိုင်ငံက ကုမ္ပဏီတွေရော ပြိုင်ဖက်နိုင်ငံများက ကုမ္ပဏီတွေပါ အလစ်အငိုက် ခံလိုက်ရပြီး ဈေးကွက်ထဲမှာ ကမောက်ကမတွေ ဖြစ်ကုန်ကြရုံမက ဂျပန်ရဲ့ ခြေလှမ်းကို မှီအောင် မလိုက်နိုင် ကြတော့ပါဘူး။ သိုသိုသိပ်သိပ်နဲ့ ရှက်တတ်၊ ကြောက်တတ်တဲ့ အပျိုမလေးလို နေထိုင်ရှင်သန်တဲ့ ဂျပန်ရဲ့ စီးပွားရေး စတိုင်လ်ကို တချို့ဖွံ့ဖြိုးစ နိုင်ငံတွေနဲ့ စက်မှုနိုင်ငံ အဖြစ် တည်ဆောက်နေတဲ့ နိုင်ငံတွေကပါ အတုယူလေ့လာပြီး ဆောင်ရွက်လုပ်ကိုင် နေကြပါပြီ။
 ကိုယ့်လို သူလိုလူတွေ ကိုယ့်ထက် အင်အားကြီးသူတွေကို ထိပ်တိုက် ယှဉ်ပြိုင်တာထက် သူတို့နဲ့ ပဋိပက္ခ မဖြစ်ရအောင် ပရိယာယ်နဲ့ လှည့်စား ရှောင်ကြဉ်ပြီး ကိုယ့်အောင်မြင်မှုကို လက်ဝယ်ပိုင်ပိုင် ရအောင် ယူနိုင်တာဟာ ဂျပန်ရဲ့ပညာရပ် တစ်ခုပဲ ဖြစ်ပါတယ်။ ရေကူးကြတာခြင်း အတူတူ မိမိပြိုင်ဖက်ရဲ့ အားနည်းချက်ကို မြင်တဲ့သူ၊ မိမိပြိုင်ဖက်ရဲ့ အားသာချက်ကို လျော့နည်းသွားအောင် ဆောင်ရွက်နိုင်သူ၊ အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်နဲ့ ယှဉ်ပြိုင်နိုင်သူ အဲဒီလို ရေကူးသမားမျိုးဟာ ပန်းတိုင်ကို အရင်ရောက်သွားမှာ သေချာပါတယ်။ ဒီနေရာမှာ Deception ဆိုတဲ့ ပရိယာယ်နဲ့ လှည့်စားတတ်ရမယ် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကိုယ့်ပြိုင်ဖက်ရဲ့ အခြေအနေ၊ ကိုယ်မျှော်မှန်းထားတဲ့ ပန်းတိုင်နဲ့ ကိုယ့်ရည်ရွယ်ချက်များ အရ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့တော့ လိုပါလိမ့်မယ်။ “ရှက်တတ်တဲ့ အပျိုလေး” လို နေရမယ့် အချိန်မျိုး ဆိုရင်လည်း အဲဒီလိုပဲ နေလိုက်ကြတာပေါ့။

 ထက်ကျော်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...