Tuesday, January 3, 2012

(ဆရာဝန်နဲ့လူနာ) “ရောင်းသူဝယ်သူ အသံတူဖို့”

by Maung Maung Oo on Sunday, January 1, 2012 at 1:57am

လူနာရဲ့ concern နဲ့ ပါတ်သက်လို့ ကျနော်တို့ ငယ်ငယ်က ဆေးကျောင်းမှာ မသင်ခဲ့ရပါဘူး။ လူနာကို ဆေးကုပေးလိုက်ယင် ပြီးတာပဲလို့ ထင်ခဲ့တာပါ။ ခုတော့ အင်္ဂလန်က ဆေးကျောင်းတွေရဲ့ OSCE စာမေးပွဲမှာ လူနာနဲ့ ဆက်ဆံရေး ကို အရေးတကြီးနေရာထားပြီး ထည့်မေးလာတယ်လို့ သိရပါတယ်။
@@@ @@@ @@@ @@@ @@@ @@@ @@@ @@@ @@@ @@@ @@@ @@@
၁၉၉၅ မှာ ကံကောင်းချင်တော့ ပျဉ်းမနားက ဆရာDrပေါ်မြင့်ဦးဆေးခန်းမှာ အကူအဖြစ်ဝင်လုပ်ခွင့်ရတယ်။ အဲဒီတုန်းက တစ်ရက်မှာ မိန်းခလေး အသက် ၂၀ လောက် လူနာတစ်ယောက် လက်မှာ ပွေးကွက်ဖြစ်လို့ လာပြပါတယ်။ ဆရာက လိမ်းဆေး ညွှန်းပေးပါတယ် (စိတ်ဝင်စားစရာ မရှိလှသေး)။ လူနာမိန်းခလေးက မျက်နှာ အမူအရာ မပြောင်းဘူး။
ဒီမှာဆရာက လူနာဘာလို့ လာပြလဲ ဆရာဦးသိလားလို့ English လို တိုးတိုးလေး လာမေးပါတယ်(ကျနော့်ကို ဆရာဦးလို့ ခေါ်သဗျ)။ ပွေးကုဖို့ လို့ ကျနော်ပြန်ဖြေလိုက်ပါတယ်။ ဆရာက ပြုံးပြီး လူနာမိန်းခလေးဖက် ပြန်လှည့်ပြီး ဒီလို ပြောပါတယ်။ “သမီးကြားချင်ကြားဖူးမယ်။ ပွေးဆိုတာ အနူ ၁၀ ပါး ၁ ပါးအပါအ၀င်ပဲ လို့ အရပ်ထဲမှာ ပြောတတ်ကြတယ်။ အဲဒါ မဟုတ်ပါဘူးကွယ်။ ပွေးက အရေပြားမှိုစွဲတာပါ။ အနူရောဂါက သတ်သတ် တခြားစီပါလို့။” ပြောလိုက်တော့မှ လူနာမိန်းခလေးက ပြုံးလာပြီး ကျေးဇူးတင် နုတ်ဆက်စကားပြောပြီး ပြန်သွားပါတော့တယ်။ လူနာမိန်းခလေးက သူနူတော့မယ်ထင်ပြီး စိုးရိမ်နေတာကိုး၊ မေးလည်း မမေးရဲ။ ကဲ.. အဲဒီတော့မှ ကျနော်လည်း  ဆရာဝန်ဟာ ဆေးကုရုံနဲ့ မလုံလောက်ဘူး ဆိုတာ စပြီး ရိပ်စားမိပါတော့တယ်။ ဒီလို လူနာရဲ့ concern ကို သိနိုင်ဖို့အတွက် လူနာရဲ့ နေရာမှာ ကိုယ်စားဝင်ခံစား (ကိုယ်ချင်းစာ) တတ်ဖို့ လိုကြောင်း သိလာပါတော့တယ်။

အသက် ၈၄ နှစ် အမေကြီးတစ်ယောက် ခွဲစိတ်ဖို့ ပုဂ္ဂလိကဆေးရုံတက်တယ်။ အရေးပေါ်မဟုတ်ဘူး။ ခွဲစိတ်အထူးကု ဆရာဝန်ကြီးက လာကြည့်တယ်။ ရင်ဘတ်ဓါတ်မှန်နဲ့ တခြားလိုတဲ့ သွေးစစ်တာတွေ လုပ်ခိုင်းတယ်။ ဓါတ်မှန်မှာက နှလုံးကြီးနေတယ် (သွေးတိုးမှန်းသိရက်နဲ့ ကုမထားတာ။ ခုတော့ ၁၄၀/၉၀၊ ဒါဆို သိပ်မကောင်းတတ်ဘူး)။ အသဲရောင်ရောဂါ စီပိုးတွေ့တယ်။ ဒါနဲ့ သမားတော်ပြခိုင်းပါတယ်။ အဲဒီညမှာ ကျနော်သွားကြည့်ပါတယ်။ လိုအပ်တဲ့ သွေးစစ်မှု တချို့ ထပ်လုပ်ရပြန်တယ်။ လူနာရှင်တွေဖက်ကိုလှည့်ပြီး နှလုံးသွေးကြောကျဉ်းရောဂါနဲ့ သွေးတိုးရဲ့ ဒါဏ်တွေ တွေ့ရကြောင်း၊ စီပိုး ရှိနေလို့ သွေးတိတ်မတိတ် နဲ့ အသဲ ကောင်းမကောင်း စစ်ချင်ပါသေးတယ်လို့ ပြောခဲ့မိပါတယ်။

နောက်နေ့ မနက်မှ အဖြေတွေက စုံပါတယ်။ အဲဒီဆေးရုံ ရောက်ရောက်ခြင်းပဲ လူနာမှတ်တမ်းယူဖတ်ပြီး ညွှန်ကြားချက်ပေးပါတယ်။ အဖြေက ပိုတက်ဆီယမ်နည်းနေတယ်။ ဒါကြောင့် ကျနော်က ပိုတက်ဆီယမ်ကို အရည် ၁၀၀၀ စီစီနဲ့ ရောသွင်းဖို့ မှာကြားရပါတယ်။ (အရည်တွေ သွင်းလိုက်တဲ့ အတွက် သွေးတိုးချင်တိုးလာမယ်၊ ဒါမမဟုတ် နှလုံးဖေါက်ချင် ဖေါက်လာမယ်၊ ဒီတော့ ဒီနေ့တစ်ည စောင့်ကြည့်ပြီးမှ ခွဲတာပေါ့.... ဒါက ကျနော့်ခေါင်းထဲမှာ တွေးနေတာ၊ ဘယ်သူ့မှ မပြောဖြစ်ဘူး၊ လူနာရှင်တွေကို ခေါ်ပြောခဲ့မိယင် အကောင်းသား)။  နောက်ပြီးတော့ ဒီနေ့ မခွဲဖို့နဲ့ နောက်နေ့မှ ခွဲဖို့ ခွဲစိတ်ဆရာဝန်ကြီးဆီ ဆက်သွယ်ခိုင်းရပါတယ်။ ပြဿနာက အဲဒီအချိန်မှာ ပြင်ပလူနာ တချို့ရောက်နေလို့ ကျနော် အဲဒီအမေကြီးကို တက်မကြည့်ဖြစ်သေးပဲ လူနာမှတ်တမ်းထဲမှာ ညွှန်ကြားလိုက်တာပါ။ အဲဒါပြီးပြန်တော့ ကျနော်လည်း တက်မရှင်းပြဖြစ်ပဲ ပြည်သူ့ဆေးရုံအရင်သွားပါတယ်။

နေ့လည်ထမင်းစားနေတုန်းမှာ ပုဂ္ဂလိက ဆေးရုံက တာဝန်ခံဆရာဝန်က ဖုန်းဆက်တယ်။ လူနာရှင်တွေက “ခုတိခွဲမပေးသေးဘူး။ စီပိုးတွေ့လို့ ခွဲမပေးချင်တာလား။ ဘာအကျိုးအကြောင်းမှလည်း မသိရဘူး၊ ဘယ်ဖြစ်တယ်လဲ မသိရလို့ ဆေးရုံပြောင်းမယ်” လို့ လာပြောနေလို့ပါတဲ့။ ဟာ.. ဟုတ်တယ်ဟ.. ငါတို့တော့ လိုသွားပြီ ဆိုပြီး ထပြေးရပါတယ်။ ဒီအချိန်ကျမှ လူနာရှင်တွေ ဒီလိုတွေးနေမှာပဲလို့ စဉ်းစားမိပါတယ်။ လူနာရှင်တွေက  ခွဲချင်လို့ လာတက်တယ်။ ခွဲမယ်မပြောသေးပဲ သမားတော်ကို ပြပြန်တယ်။ သမားတော်ကလည်း ခွဲဖို့ ကိစ္စကို ဘာမှသိပ်မပြောသေးပဲ ရှိတဲ့ ရောဂါတွေပြောပြီး ပြန်သွားပြန်တယ်။ စီပိုးရှိလို့ မခွဲပေးချင်လို့ နေ့ရွှေ့ ညရွှေ့ လုပ်နေတာနဲ့ တူတယ်။ တကယ်တော့ ခွဲစိတ်ဆရာဝန်ကလည်း သမားတော်ဆီ ဘာကြောင့် လွှဲကြောင်းကို လူနာရှင်တွေကို ရှင်းပြဖို့ကောင်းတယ်။ ကျနော်ကလည်း တွေ့တွေ့ချင်း ကျနော်ဟာ နာမည်ဘယ်သူ သမားတော်ဖြစ်ကြောင်း၊ ခု ခွဲစိတ်ခံနိုင်စွမ်း ရှိမရှိ လာရောက်စစ်ဆေးပေးတာ ဖြစ်ကြောင်း မိတ်ဆက်ခဲ့သင့်တယ် (ဆရာဝန်လေးတွေက မိတ်ဆက်ပေးရင်လည်း ရတာပဲ)။ ခွဲစိတ်ဖို့ နောက်ရွှေ့လိုက်တာ ဘာကြောင့်ဖြစ်ကြောင်း ကျနော်က လေးလေးစားစား တက်ရှင်းပြပေးခဲ့သင့်တယ်။ လူနာရှင်ဖက်က မြန်မြန်လည်း ခွဲချင်တယ်၊ အကျိုးအကြောင်းစုံစုံလင်လင်လည်း သိချင်တယ်။ ကျနော်တို့ဖက်ကလည်း မြန်မြန်ခွဲချင်တယ်ဆိုတာ ရိပ်မိပေမဲ့ ဘေးကင်းရန်ကင်း ခွဲပေးချင်ခဲ့တယ်။ အကျိုးအကြောင်း သိချင်ယင် လူနာရှင်တွေ လာမေးလိမ့်မယ် လို့ ထင်မှတ်ထားခဲ့တယ်။ လူနာရှင်ဖက်ကလည်း မမေးပဲ စိတ်မှန်းနဲ့ ထင်ချင်ရာထင်နေခဲ့တယ်။  တွေ့တဲ့အတိုင်းပဲ ရောင်းသူနဲ့ ၀ယ်သူ အသံမတူတာတွေ။

တခါကလည်း လူနာရှင်ဖက် ခေါင်းထိခိုက်မိလို့ သတိလစ်နေတဲ့ သားအတွက် သိပ်ပူပန်နေတယ်။ ဆရာဝန်ကြီးဖက်ကလည်း တွေ့နေကျ မြင်နေကျ ခေါင်းကို ထိခိုက်မိလို့ သတိလစ်တာမျိုးဖြစ်လို့ ပူလည်း မပူပန်ဘူး။ ပူပန်ဖို့ မလိုကြောင်း ကောင်းသွားမှာ ဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။ သို့သော လူနာရှင်တွေဖက်က ပူပန်မှု့ သိပ်ကြီးလွန်းတဲ့ အခါ နိုင်ငံခြားကို အရေးပေါ်ထပြေးပြတာတွေ ဘာတွေ ဖြစ်လာခဲ့ပါတယ်။  လူနာနဲ့ ဆရာဝန်ကြားမှာ ပူပန်မှု့ခြင်း တူဖို့လိုပါတယ်။

နောက် ဖြစ်လေ့ ရှိတာကတော့ လူနာမှာ သွေးတိုး ဆီးချိုတွေနဲ့။ လူနာက ဆေးသေချာမသောက်။ ပြချင်မှ လာပြ။ ဒီတော့ ဆရာဝန်ဖက်က ပူလာပြီ။ ခင်ဗျား လေဖြတ်နိုင်တယ်။ ကျောက်ကပ်ပျက်နိုင်တယ်။ စသည်ဖြင့် ပြောပါတော့တယ်။ သို့သော် မအောင်မြင်။ လူနာက မမှုပဲ နေချင်သလိုနေ၊ စားချင်သလိုစား။ ခဏနေတော့ လေဖြတ်သွားရော။ ဒီလိုမျိုး ဆရာဝန်က ပူသလောက် လူနာ ပူပန်လာအောင် မစွမ်းနိုင်ယင်လည်း ဆေးကုသမှုမှာ မအောင်မြင်တတ်ပါဘူး။

ဒါကြောင့် ဆရာဝန်နဲ့ လူနာကြားမှာ ရောင်းသူနဲ့ ၀ယ်သူလို အသံတူနေဖို့ ၂ ဖက်လုံးက ကြိုးစားသင့်ပါကြောင်း။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...