Monday, January 16, 2012

နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်မှု စုစည်းတင်ပြချက်

လွမ်းနေသူ
 
 နိုင်ငံတော်သမ္မတကြီး၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မြန်မာနိုင်ငံရေး အနာဂတ် ခရီးအတွက် အရေးပါသော ဦးခွန်ထွန်းဦး၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် နိုင်ငံရေးခေါင်းဆောင်များ ပြန်လည်လွတ်မြောက်လာ --- 
w7_16_16_4
နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မြန်မာ့နိုင်ငံရေးအနာဂတ်ခရီးအတွက် အရေးပါသော ဦးခွန်ထွန်းဦး၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် နိုင်ငံရေးခေါင်းဆောင်များ ဇန်န၀ါရီလ ၁၃ ရက်နေ့က ပြန်လည်လွတ်မြောက်လာခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အစိုးရသစ်လက်ထက် တတိယအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ၁၀ ရက်အကြာ အကျဉ်းသား ၆၅၁ ဦးအား ထပ်မံလွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းဖြစ်သည်။
အကျဉ်းသား ၆၅၁ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် နိုင်ငံတော်သမ္မတ၏ အမိန့်ကို ဇန်န၀ါရီလ ၁၂ ရက်နေ့ ညနေ ၆ နာရီအချိန်  နိုင်ငံပိုင် မြန်မာ့ရုပ်မြင်သံကြားမှတစ်ဆင့် ထုတ်ပြန်သွားခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ''ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် နိုင်ငံတော်တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းမှု ဖော်ဆောင်ရေးအတွက် လည်းကောင်း၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး အတွက် လည်းကောင်း၊ နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့် ရရှိစေရေးအတွက် လည်းကောင်း၊ လူသားချင်းစာနာ ထောက်ထားမှုကို အလေးပေးသောအားဖြင့် လည်းကောင်း နိုင်ငံတော်၏ မေတ္တာနှင့်စေတနာ ကို နားလည်ကြပြီး နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အ ထောက်အပံ့ဖြစ်စေသည့် နိုင်ငံသားများအဖြစ်သို့ ပြုပြင်ပြောင်းလဲနိုင်စေရေးအတွက်လည်းကောင်း ရည်ရွယ်ပြီး အကျဉ်းထောင် အသီးသီးမှ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား၊ အကျဉ်းသူ ၆၅၁ ဦးအား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မ ခွဲ(၁)အရ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့မှစပြီး လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်သည်''ဟု ဖော်ပြထားသည်။
w7_16_16 ဇန်န၀ါရီလ ၂ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုတ်ပြန်ပြီး  ၁၀ ရက်အကြာ ဇန်န၀ါရီလ ၁၂ ရက်နေ့တွင် ယခုကဲ့သို့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထပ်မံထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ယခုအကြိမ်ပေးသည့် လွတ် ငြိမ်းချမ်းသာခွင့်သည် နိုင်ငံတော်သမ္မတက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့်ပေးသည့် လွတ်ငြိမ်းချမ်းသာခွင့်မဟုတ်ဘဲ နိုင်ငံတော်သမ္မတ၏ သဘောဆန္ဒနှင့်ပေးခြင်းဖြစ်သည်ကို လွတ် ငြိမ်းချမ်းသာခွင့်ပေးသည့် အမိန့်ကြေငြာစာပါ ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁(၁)အရ သိရသည်။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ (၁)တွင် ဆိုထားသည်မှာ ပြစ်မှုတစ်စုံတစ်ရာအတွက် တစ်ဦးတစ်ယောက်အား ပြစ်ဒဏ်ချမှတ်ပြီးသည့်အခါ နိုင်ငံတော်သမ္မတသည် မည်သည့်အခါမဆို စည်းကမ်းချက်မထားဘဲဖြစ်စေ ပြစ်ဒဏ်စီရင်ခြင်းခံရသူ သဘောတူသည့် စည်းကမ်းချက် တစ်ခုခုထား၍ဖြစ်စေ ၎င်းအပေါ်ချမှတ်သည့် ပြစ်ဒဏ်အတည်ပြုလုပ်ခြင်းကို ဆိုင်းငံ့ ထားနိုင်သည်(သို့မဟုတ်) ၎င်းကိုစီရင်သည့် ပြစ်ဒဏ်အားလုံး (သို့မဟုတ်) အစိတ်အပိုင်းတစ်စုံတစ်ရာကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးနိုင်သည်ဟု ဖြစ်ပါသည်။ အကယ်၍ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းဖြစ်ပါက ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၄(ခ)အရ ပေးရမည်ဖြစ်ပြီး ယင်းပုဒ်မ မပါရှိသောကြောင့် သမ္မတကြီး၏ သဘောဆန္ဒဖြင့်ပေးခြင်းဖြစ်သည်ကို တွေ့ရပါသည်။ ဖွဲ့စည်းပုံ အခြေခံပုဒ်မ ၂၀၄ (ခ)မှာ ဆိုထားသည်မှာ ''အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်ရှိသည်''ဟူ၍ ဖြစ်ပါသည်။
w7_16_16_1 ယခုလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူအများစုမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ အများစုပါဝင်ပြီး ထောင်ဒဏ်ကျခံနေရသည့် အကောက်ခွန်ဝန်ထမ်းဟောင်းများနှင့် ထောက်လှမ်းရေး အဖွဲ့ဝင်ဟောင်းများလည်း ပါဝင်ခဲ့သည် ကို တွေ့ရသည်။
w7_16_16_2 ယခုတစ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့်တွင် သရက်အကျဉ်းထောင်မှ ကိုမင်းကိုနိုင်အပါအ၀င် ခုနစ်ဦး၊ စစ်တွေအကျဉ်းထောင်မှ အကျဉ်သားစုစုပေါင်း ၁၇ ဦး လွတ်မြောက်ပြီး ထိုအထဲတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ရှစ်ဦး ပါဝင်ခဲ့သည်။ အဆိုပါရှစ်ဦးမှာ ဒေါက်တာသက်လွင်၊ ကိုသန်းတင်(ခ) ကိုကြီးသန်း၊ ကိုပြည့်ဖြိုးလှိုင်၊ ကိုအောင်အောင်ကျော်(ဧရာဝတီ)၊ ကိုဇေယျာဦး(ဧရာဝတီ)၊ ဦးပုရစ်၊ ကိုကျော်ဇင်ဝင်း၊ ဒေါပုံနေနေတို့ ဖြစ်ကြသည်။
ဘူးသီးတောင် အကျဉ်းထောင်မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများဖြစ်ကြသည့် ကိုစည်သူမောင်၊ ကိုသန့်ဇင်မျိုး၊ ကိုကျော်မင်း၊ ကိုထွန်းညို၊ ကိုဌေးကြွယ်၊ ကိုအောင်ဇော်ဦး၊ ကိုပြေကျော်၊ ကိုဝဏ္ဏပံသ၊ ကိုကျော်ဝင်းဆန်း၊ ကိုမောင်မောင် လတ်တို့ ပြန်လည်လွတ်မြောက်ခဲ့သည်။ မြောင်းမြထောင်မှ အရှင်ဂမ္ဘီရ အပါအ၀င် ခြောက်ဦး ပြန်လည်လွတ်မြောက်လာပြီး အရှင်ဂမ္ဘီရလွတ်မြောက်လာပြီးပါက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ မဂ္ဂင်ကျောင်းတွင် ရဟန်းခံမည်ဖြစ်ကြောင်း အရှင်ဂမ္ဘီရ ၏မိခင် ဒေါ်ရေးက ပြောကြားခဲ့သည်။ အရှင်ဂမ္ဘီရသည် ၂၀၀၇ နိုဝင်ဘာလ ၄ ရက်တွင် အဖမ်းခံရပြီး ပုဒ်မ(၁၇) ခုဖြင့် ထောင်ဒဏ် ၆၈ နှစ် ကျခံထားရသူဖြစ်သည်။

နိုင်ငံတော်တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းမှု ဖော်ဆောင်ရေးအတွက် လည်းကောင်း၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးအတွက် လည်းကောင်း၊ နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့် ရရှိစေရေးအတွက် လည်းကောင်း . . .

ထို့ပြင် အရှင်ဂမ္ဘီရ၏ အစ်ကိုဖြစ်သူ ဦးကျော်အောင်သည်လည်း တောင်ကြီးထောင်မှ လွတ်မြောက်လာခဲ့သည်။ ထို့အပြင် မိုင်းဆတ်အကျဉ်းထောင်မှ ဦးကိုကိုကြီးလည်း လွတ်မြောက်လာခဲ့သည်။ ဇန်န၀ါရီလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းမှစတင်ပြီး နယ်ထောင်များမှ လွတ်မြောက်လာသူအချို့သည် လေကြောင်းဖြင့် ရန်ကုန်မြို့သို့ ပြန်လာသည့်အတွက် ရန်ကုန် လေဆိပ်တွင် စောင့်ဆိုင်းကြသူ အများအပြားရှိခဲ့သည်။
w7_16_16_3 
 
ဦးနေ၀င်း(ဗိုလ်ချုပ်ကြီးဟောင်း ကွယ်လွန်)၏ သားမက် ဦးအေးဇော်ဝင်းနှင့် မြေးဖြစ်သူ ဇွဲနေ၀င်းတို့လည်း ယခုလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာခဲ့သည်။
ကျောက်ဖြူအကျဉ်းထောင်မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နေရသူ ၁၀ ဦးလည်း လွတ်မြောက်လာပြီး ၎င်းတို့မှာ ဦးရွှေမောင်၊ ဦး ဖြိုးမောင်မောင်စိုး၊ ဦးဝင်းမော်၊ ဦး ဇော်မင်း၊ ကိုအောင်ကျော်ကျော်၊ ကို မျိုးမင်း၊ ကရင်လေး၊ ကိုတင်အောင် စိုး၊ ကိုစိုင်းလတ်အောင်နှင့် ကိုခင်မောင်အေးတို့ ဖြစ်ကြသည်။ နေအိမ်အကျယ်ချုပ်ကျခံနေရသူ ဦးခင်ညွန့်(ဗိုလ်ချုပ်ကြီးဟောင်း) လည်း လွတ်မြောက်လာခဲ့ပြီး ၎င်း၏ သားနှစ်ဦးဖြစ်သူ ဦးဇော်နိုင်ဦး (ဗိုလ်မှူးဟောင်း)နှင့် ဦးရဲနိုင်ဝင်းတို့လည်း လွတ်မြောက်လာခဲ့သည်။
ထို့ပြင် သာယာဝတီထောင်မှ မနီလာသိန်း အပါအ၀င် ၁၀ ဦး၊  ကော့သောင်းထောင်မှ ကိုပြုံးချို အပါအ၀င် လေးဦး၊ ဘားအံထောင်မှ ကိုနေဘုန်းလတ် အပါအ၀င် ၁၁ ဦး၊ မြစ်ကြီးနားထောင်မှ ခြောက်ဦး၊ ပခုက္ကူထောင်မှ နှစ်ဦး၊ ကျိုင်းတုံ ထောင်မှ သုံးဦး၊ ဗန်းမော်ထောင်မှ ၁၂ ဦး၊ ကသာထောင်မှ ငါးဦး စသည်ဖြင့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ ပြန်လည်လွတ်မြောက်လာခဲ့သည်။

EMG

ရွေဘိုထောင်မှလွတ်မြောက်လာသူ ၈၈မျိုးဆက်ကျောင်းသူ မမီးမီး(ခ) သင်းသင်းအေးနှင့် တွေ့ဆုံခြင်း


ယနေ့နံနက် ၁၂ နာရီ ၀န်းကျင်ခန့်တွင် ၈၈မျိုးဆက်ကျောင်းသား ကိုဋ္ဌေးကြွယ်နှင့်အခြားနိုင်ငံရေးအကျဉ်းသားများအား လာရောက်ကြိုဆိုခဲ့သောမမီးမီး(ခ) သင်းသင်းအေးကို ရန်ကုန်မြို့လေဆိပ်တွင် တွေ့ဆုံမေးမြန်းခဲ့ခြင်းဖြစ်ပါတယ်။

မေး။       ။ အစ်မ ကျခဲ့တဲ့ ပုဒ်မနဲ့ နေခဲ့ရတဲ့ နှစ်တွေအကြောင်းအရင်မေးပါရစေ။
ဖြေ။       ။၂၀၀၇ခုနှစ် အောက်တိုဘာလ ၁၃ရက်နေ့မှာ အဖမ်းခံ၇တယ်။ အမိန့်ချတာကတော့ ၂၀၀၈ခုနှစ် နိုဝင်ဘာလ ၁၁ရက်နေ့ သင်းဖွဲ့-၆ ရယ်၊ အီလက်ထရောနစ်  ၃၃-က ၊ အီလက်ထရောနစ် ၃၃-က  က လေးနှစ် အမှု တစ်မှု့ကို သီးခြားစီ (၁၅)နှစ် ရယ်၊ သင်းဖွဲ့ -၆က ၅နှစ်ရယ် အားလုံးပေါင်း ပြစ်ဒဏ် ၆၅နှစ် ခံခဲ့ရတယ်။

မေး။        ။ ထောင်တွင်းအတွေ့အကြုံလေးကိုလည်း သိပါရစေ။
ဖြေ။        ။ ရွေဘိုထောင်က ကျွန်မရောက်ဖူးတဲ့ထောင်တွေထဲမှာ ကျွန်တော်ဆိုရင် ရန်ကုန်၊ပုသိမ်၊ ရန်ကုန်၊ မန္တလေး၊
အဲ့ဒီကနေ ကသာ အဲ့ဒီကနေ ရွေဘို၊ ရွေဘိုထောင်ရဲ့ထောင်ပိုင်ဦးစောထွဋ် သူ့သဘောထားနဲ့ စာနာတက်တဲ့စိတ်က ထောင်အားလုံးထက်စာလို့ရှိရင် ရွေဘိုထောင်မှာကျင့်သုံးနေတဲ့စည်းစနစ်က အကောင်ဆုံးလို့ ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အကျဉ်းသူ/အကျဉ်းသားတွေအပေါ်လူသားချင်းစာနာမှုတွေ ပေးပြီး၊ အဓိကက ထောင်ထဲမှာ စိတ်ဒုက္ခက အဓိကပဲပေါ့၊ အဲ့ဒီ စိတ်ဒုက္ခတွေကို အရှင်းပျောက်မသွားတောင်မှ အတတ်နိုင်ဆုံး သက်သာအောင်ထောင်ပိုင်ကိုယ်တိုင် စည်းကမ်းတကျ လုပ်ပေးနေတာကိုမြင်ရတဲ့အတွက် အဲ့ဒါကြောင့်ထောင်တွေရဲ့ စီးဆင်းမှုမှာ ရွေဘိုထောင်ရဲ့ စီးဆင်းမှုက ပိုကောင်းပါတယ်၊ ထောင်ပိုင်လို လူမျိုးတွေလည်း အကျဉ်းဦးစီးမှာ အများကြီးလိုအပ်ပါတယ်၊

မေး။       ။ အခုပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေါ်မှာ ဘယ်လိုမြင်လဲခင်ဗျ။
ဖြေ။       ။ လွတ်ငြိမ်းချမ်းသာခွင့်ကတော့ အမှန်တကယ်တော့ ဖမ်းထားတဲ့ယုံကြည်ချက်အကျဉ်းသားတွေ အားလုံးကို ပြန်လွတ်ပေးသင့်တယ်။ ဒါပေမယ့် အခုဟာက အပြည့်အ၀လွတ်ငြိမ်းချမ်းသာခွင့်ရယ်လို့ သတ်မှတ်လို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့တစ်ချို့ထောင်တွေမှာကသီးခြားထားတဲ့အကျဉ်းသားတွေကျန်ခဲ့သေးတယ်လို့လဲသိရတယ်။
ရွှေဘိုထောင်မှာဆိုရင်လည်း ကိုးယောက်ကျန်ခဲ့တယ်။ သူတို့က မြေပေါ်နိုင်ငံရေးမဟုတ်ပဲ ဖောက်ခွဲရေးနဲ့ ဆက်စပ်တဲ့ လုတွေလို့ပြောတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ်သူတို့ဟာ တစ်ချိန်က အမှန်တရားလို့ သတ်မှတ်ပြီးလုပ်ခဲ့တယ် ခုချိန်မှာ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့အချိန် အကျဉ်းထောင်မှာ ဖောက်ခွဲရေးနှင့်ပတ်သတ်တာပဲဖြစ်ဖြစ် အဓိကက ကျောင်းသားတပ်မတော်ပေါ့နော်။ ABSDF နဲ့ပတ်သတ်တဲ့ရဲဘော်တွေ ကျန်ခဲ့ပါတယ်။ အဲလိုလူတွေကို ထပ်ပြီးတော့ လွှတ်ပေးသင့်ပါတယ်။ထပ်ပြီးတော့လွှတ်ပေးဖို့လည်းတောင်းဆိုပါတယ်။

မေး။        ။ လွတ်လာပြီဆိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းဖို့အစီစဉ်ရှိပါလား။
ဖြေ။        ။ နဂိုကတည်းက ၈၈ကျောင်းသားတွေကကျောင်းသားအဖြစ်နဲ့ပဲ ရပ်တည်ပြီးတော့ အယ်အန်ဒီရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို နောက်ကနေပြီးတော့ နဂိုကတည်းက ၀န်းရံပေးနေတာပါ။
အဲဒီ့အတိုင်းပဲ ဆက်လက်ပြီးတော့ရှိနေပါတယ်။

မေး။    ။အယ်အန်ဒီပါတီ ၀င်ဖို့လောက်ထိ ဖြစ်လာနိုင်လား။
ဖြေ။။    ။အဲဒီ့လောက်ထိတော့ မရှိပါဘူး။ ကျွန်မတို့ ကျောင်းသား Site ကပဲ ရပ်တည်ဖို့ ရှိပါတယ်။

မေး။      ။ နိုင်ငံရေးအကျဉ်းသား အများစုလွတ်မြောက်လာတော့ ဖြစ်ပေါ်လာနိုင်တဲ့ မြန်မာ့နိုင်ငံရေးအခင်းအကျဉ်း ကိုလည်းသုံးသပ်ပေးပါဦး။
ဖြေ။       ။ကိုယ်ပိုင်အမြင်ကတော့ ကိုယ်ပိုင်သုံးသပ်ချက်အရတော့ အခုလက်ရှိ ၈၈ကျောင်းသားတွေရဲ့ နဂိုရပ်တည်ချက်အရလည်း ကျောင်းသားအနေနဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးကိုအရင်ဆုံးဖော်ဆောင်ပြီးတော့
ပြည်တွင်းငြိမ်းချမ်းရေးရအောင် ဘေးကနေလုပ်နေတဲ့အဖွဲ့အစည်းတွေအားလုံးကို တတ်နိုင်သလောက် ကိုယ်စွမ်းအားရှိပါတယ်။ ၈၈မျိုးဆက်ကျောင်းသားအနေနဲ့လည်း လတ်တလောမှာ လိုအပ်တဲ့ဘက်ကနေပြီးတော့ ပြည်သူရဲ့ လိအပ်ချက်ကို မားမားမတ်မတ်ရပ်တည်ပေးဖို့ အစီအစဉ်ရှိပါတယ်၊

မေး။        ။ သမ္မတနဲ့ဒေါ်စုတွေ့ဆုံဆွေးနွေးမှုကရော ဘယ်လိုမြင်လဲ၊ ဒီမိုကရေစီလမ်းကြောင်းအတွက် ရလာဒ်ကောင်းတစ်ခုဖြစ်နိုင်မလားခင်ဗျ။
ဖြေ။          ။ ဖြစ်သင့်ပါတယ်၊ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဦးသိန်းစိန်တွေ့ဆုံတဲ့ကိစ္စကို ကျွန်တော့်အနေနဲ့ကြိုလည်းကြိုဆိုပါတယ်၊လက်လည်းလက်ခံပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံသားတွေဖြစ်တဲ့အတွက် ရန်သူတွေလည်းမဟုတ်ပါဘူး၊ အဲ့လိုပဲတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးမှာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အဖွဲ့အစည်းတစုံတရာ ကပဲဆောင်ရွက်လို့မရပါဘူး၊ အားလုံးလက်တွဲဆောင်ရွက်ပါမှ မြန်မာနိုင်ငံကြီးတိုးတက်မှာဖြစ်တဲ့အတွက် အခုလိုတွေ့ဆုံမှုကို ထောက်လည်းထောက်ခံပါတယ်၊ ဆက်လက်ပြီးတော့ ကောင်းကျိုးဖြစ်ထွန်းလာနိုင်မယ်လို့ ယုံကြည်ပါတယ်၊

မေး။         ။ ဒီမိုကရေစီနိုင်ငံသစ်မြန်မြန်အကောင်အထည်ဖော်နိုင်ဖို့အတွက် ပြုပြင်သင့်တဲ့ကဏ္ဍတွေ ရှိရင် အစ်မအမြင်လေးကို အကြံပေးပြောကြားပေးပါဦး
ဖြေ။          ။ မြန်မာနိုင်ငံကအခုမှ ဒီမိုကရေစီဆိုတာ လသားအဆင့်လောက်ပဲရှိသေးတယ်၊ တစ်တိုင်းတစ်ပြည်လုံးမှာရှိတဲ့ ပြည်သူတွေအားလုံးဟာ စည်းကမ်းရှိရှိ၊ ညီညီညွတ်ညွတ်နဲ့ ငြိမ်းချမ်းစွာနဲ့လက်တွဲဆောင်ရွက်ရမှာဖြစ်ပါတယ်၊ အခုခေတ်မျိုးဆက်သစ်လူငယ်လေးတွေကို ပြောချင်တာကတော့ စာများများဖတ်ကြပါ၊ စာဖတ်မှ စာထဲက အမှန်တရားတွေ့မှသာလျင် ပတ်ဝန်းကျင်ရဲ့အမှားနဲ့အမှန် တိုင်းပြည်အတွက်ဆိုးကျိုးကောင်းကျိုးကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်မို့ပညာရေးဆိုင်ရာမြှင်တင်မှုတွေ ကျမ်းမာရေးဆိုင်ရာမြှင့်တင်မှုတွေကို အဓိကထားလုပ်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။
မေး။         ။ ပါတီဝင်မဟုတ်ပဲနဲ့ နိုင်ငံရေးလုပ်နေတဲ့သူတွေကို အစ်မဘယ်လိုအကြံပြုပြောချင်ပါသလဲ
ဖြေ။          ။ ပါတီဝင်မဟုတ်ပဲနိုင်ငံရေးလုပ်နေတဲ့သူတွေကတော့ အဓိကက လက်ရှိ အန်အယ်လ်ဒီက ကြားဖြတ်ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲဝင်ပြီးတော့ လွတ်တော်ထဲကိုရောက်သွားမှာဖြစ်ပါတယ်၊ အဲ့တော့ ဒီ နီးစပ်ရာတွေကနေ ကိုယ့်တိုင်းပြည်ရဲ့ဖြစ်ပေါ်ပြောင်းလဲမှုတွေကို ကိုယ့်ရဲ့ နီးစပ်ရာကနေ လွတ်တော်ထဲကို ပြည်သူ့အသံ အမှန်အကန်ဆုံးရောက်နိုင်အောင် ကြိုးစားဆောင်ရွက်ကြပါလို့ ပြောချင်ပါတယ်။

မေး။        ။ ပြည်သူတွေရဲ့နိုင်ငံရေးရေချိန်က ဘယ်လောက်ရောက်နေပြီလဲခင်ဗျ။
ဖြေ။         ။ အခုရေစီးကြောင်းကိုကြည့်ရတာတော့ တော်တော်အားရပါတယ်၊ အရင်က တိုင်းပြည်မှာ လူတွေက အကြောက်တရားလွမ်းမိုးနေတယ်၊ အခုအချိန်မှာတော့ အကြောက်တရားတော်တော်များများကွယ်ပျောက်နေတာတွေ့နေရပါတယ်။ နောက်ပြည်သူတွေက အမှန်တရားဘက်မှာ လိုက်ပြီးတော့နိုင်ငံရေးသမားတွေနဲ့အတူ လိုက်ပါစီးဆင်းနေတာကို တွေ့ရတယ်၊ ဒါကြောင့် မြန်မာနိုင်ငံရဲ့ အနာဂါတ်အလားအလာက အရင်ကထက်စာရင်တော့ ပိုပြီးရောင်ခြည်ထွန်းလင်းတောက်ပလာတယ်လို့ ထင်ပါတယ်။

မေး။        ။ ကျန်ရှိနေတဲ့ နိုင်ငံေ၇းအကျဉ်းသားတွေ လွတ်မြောက်ဖို့ ဆက်လက်ဆောင်ရွက်သွားဖို့ အစီစဉ်ရှိလား။
ဖြေ။        ။ အဲ့ဒါကတော့ ဆက်လုပ်ပေးရမှာပါ၊ ကျန်ရှိနေသေးတဲ့ ဒီမိုကရေစီ စစ်ကိုရရှိနေတဲ့တိုင်းပြည်မှာ နိုင်ငံရေးယုံကြည်ချက်နဲ့ အဖဖ်းခံရတဲ့သူ မရှိသင့်ပါဘူး၊ အဲ့ဒီအတွက်ကြောင့် အားလုံးပြန်လည်လွတ်မြောက်ဖို့ ဆက်လက်ဆောင်ရွက်သွားမှာပါ၊

မေး။        ။ ကျင်းပနေတဲ့ လွတ်တော်အခင်းအကျင်းကိုရော ဘယ်လိုမြင်လဲခင်ဗျ။
ဖြေ။        ။ အရင့်အရင်လွတ်တော်တွေထက်စာရင် အခုဒီမိုကရေစီနိုင်ငံသစ်ရဲ့လွတ်တော်က ပွင့်လင်းတယ်၊လွတ်လပ်တယ်လို့ ထင်ပါတယ်၊

မေး။       ။ မီဒီယာရဲ့အခန်းကဏ္ဍကရော ဘယ်လိုရှိလဲ။
ဖြေ။        ။ ကောင်းပါတယ်၊ မီဒီယာလွတ်လပ်ခွင့်တွေပေးလိုက်တဲ့အတွက်ကြောင့်မို့လို့ မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူတွေ မျက်စိရောနားရော အလင်းရောင်ပေးလိုက်တာနဲ့ အတူတူပါပဲ။ မီဒီယာလွတ်လပ်ခွင့်ပေးတာကို အများကြီးကြိုဆိုပါတယ်။

မေး။      ။ အစ်မအနေနဲ့ ပြည်သူကို အာမခံပေးနိုင်တာရှိရင်ပြောပေးပါဦး။
ဖြေ။      ။ ကျွန်တော်တို့အတွက်ကတော့ ထောင်ထဲမှာပဲနေနေ၊ အပြင်မှာပဲနေနေ မြန်မာပြည်သူတွေအတွက်ကတော့ ထာဝရရှင်သန်နေမှာပါ၊ ဆက်ပြီးတော့ မြန်မာနိုင်ငံတိုးတက်ဖို့နဲ့ ပြည်သူတွေအတွက် အစစအရာရာကိုယ်တတ်နိုင်တဲ့ အပိုင်းကနေ တတ်နိုင်သလောက်တတ်စွမ်းသလောက် ဆက်ပြီးတော့လုပ်သွားမှာပါ။

ကျေးဇူးတင်ပါတယ်။
 by:ဗိုဟိန်(ရွှေမြစ်ခ)

ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်  ကောက်ကျစ်မှု အထ္တုပ္ပတိ ရုပ်ရှင်ရိုက်တော့မည်လော


ဦး​ခင်ညွန့်​နှင့်​ ကိုဇာဂနာ ​တွေ့​ဆုံ
သရုပ်​ဆောင် ဒါရိုက်တာ ကိုသူရ ​ခေါ် ဇာဂနာနဲ့​ မကြာခင်က ​နေအိမ်အကျယ်ချုပ်က လွတ်​မြောက်လာတဲ့​ ဝန်ကြီး​ချုပ်​ဟောင်း​ ဦး​ခင်ညွန့်​တို့​ ​တွေ့​ဆုံကြတာဟာ ကိုယ်​ရေး​ကိုယ်တာ ​တွေ့​ဆုံမှုမျိုး​ ဖြစ်ပြီး​ ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူး​ရေး
 ကိစ္စနဲ့​ မပတ်သက်ဘူး​လို့​ ကာယကံရှင် ကိုသူရက ​ပြောပါတယ်။
“ကျ​နော် ​ထောင်ကလွတ်လာတုန်း​က ကျ​နော်ကိုယ်တိုင်က ဗိုလ်ချုပ်ကြီး​ခင်ညွန့်​ကိုလည်း​ လွှတ်​ပေး​သင့်​ပါတယ်လို့​ သမ္မတကို ​တောင်း​ဆိုခဲ့​တယ်။ အဲဒါကိုလည်း​ သူ့​အ​နေနဲ့​ appreciate လုပ်တဲ့​သ​ဘောနဲ့​ ကျ​နော့်​ကို ​တွေ့​ချင်ပါတယ်ဆိုပြီး​ အ​ကြောင်း​ကြား​လာတဲ့​အတွက် သွား​တာဖြစ်ပါတယ်။”
ဦး​ခင်ညွန့်​ နဲ့​ သွား​ရောက်​တွေ့​ဆုံရာမှာ ဇာဂနာနဲ့​အတူ ဇင်ဝိုင်း​၊​ မင်း​ထင်ကိုကိုကြီး​နဲ့​ ကြည်ဖြူသျှင်တို့​ ပါဝင်ခဲ့​ကြပြီး​ သူတို့​ကလည်း​ ကိုယ်​ရေး​ကိုယ်တာ သ​ဘောမျိုး​ လိုက်လံ​တွေ့​ဆုံခဲ့​ကြတာပါ။
ပြီး​ခဲ့​တဲ့​ ဇန်နဝါရီလ ၁၃ ရက် ​သောကြာ​နေ့​က ​နေအိမ်အကျယ်ချုပ်က လွတ်​မြောက်လာတဲ့​ ဦး​ခင်ညွန့်​ဟာ အကျယ်ချုပ်က လွတ်​မြောက်ခါစမှာပဲ ပြည်တွင်း​ပြည်ပ မီဒီယာ​တွေနဲ့​ ​တွေ့​ဆုံခဲ့​ပြီး​ အခုလို အနုပညာရှင်​တွေနဲ့​ မ​နေ့​က ​တွေ့​ဆုံခဲ့​တာပါ။ 
ဒီဗွီဘီ
http://feeds.feedburner.com/thithtoolwin/yIWV

၈၈မျိုးဆက်ကျောင်းသား အံ့ဖွယ်ကျော်နှင့် တွေ့ဆုံခြင်း

from သစ်ထူးလွင် Myanmar News Now by သစ်ထူးလွင်

ဇန်န၀ါရီလ ၁၃ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူ ၊ ၈၈မျိုးဆက်သစ် ကျောင်းသား ကိုအံ့ဖွယ်ကျော်သည် ကိုမင်းဇေယျာ၊ ကိုဌေးကြွယ်တို့နှင့်အတူ ကိုဖုန်းမော်အရေးအခင်းတွင် ပါဝင်လှုပ်ရှားခဲ့သူတစ်ဦးဖြစ်သည်။
 
ထို့ပြင် ကိုအံ့ဖွယ်ကျော်သည် နိုင်ငံရေးလှုပ်ရှားမှုကြောင်း လေးကြိမ်တိုင် အထိန်းသိမ်းခံခဲ့ရဖူးပြီး ၂၀၀၇ခုနှစ်သြဂုတ်လ ၂၁ရက်နေ့တွင် နောက်ဆုံးကြိမ်အဖမ်းခံရပြီး အဖမ်းခံရစဉ်ကာလတွင် အသက် (၂၃)နှစ် အရွယ်ရှိပြီး မြန်မာစာ နောက်ဆုံးနှစ် တက်နေသော ကျောင်းသား တစ်ဦးဖြစ်ကြောင်း သိရှိရသည်။
 မေး။            ။ ခုနောက်ဆုံးအခေါက်ကို ဘယ်လိုထိန်းသိမ်းခံရတာလဲ ပြောပါဦး။
ဖြေ။            ။ နောက်ဆုံးအခေါက်ဖမ်းခံရတာတော့ ကျွန်တော်တို့ ၈၈မျိုးဆက်တွေ အားလုံးကို တစ်ညတည်း တစ်ချိန်တည်းမှာ ပြည်ထဲရေးရုံးကို ခေါ်သွားတယ်။ ပြီးတော့ ကျွန်တော်တို့ကို ရဲတပ်ရင်းတွေမှာခွဲပြီး ပို့ထားတယ် ၊ ကျွန်တော်ဆိုရင် ရဲတပ်ရင်း(၈)ကို ရောက်တယ် ရောက်ပြီး
နောက်တစ်နေ့ကျတော့ အင်းစိန် ထောင်ကိုပို့လိုက်တာပေါ့။ အင်းစိန်ထောင်မှာ စစ်ကြောရေးစတာ ပေါ့။

မေး။            ။ စစ်ကြောရေးစပြီးတော့ အကို့ကို တရားရုံးကနေ အမိန့်ချတာလား ၊
ဘယ်ကနေ အမိန့်ချလဲ။

ဖြေ။            ။ အမိန့်ချတာကြတော့ ကျွန်တော်တို့ကို တရားဆွဲဖို့လုပ်တာကိုက သုံးလေးလ လောက်ကြာ တယ်။ ကြာပြီးတဲ့နောက်မှာ တရားဆွဲထားပြီဆိုပြီးတော့ ရုံးမထုတ်တာ တစ်နှစ် လောက်ကြာတယ်။ ၂၀၀၈ ခုနှစ် ထဲရောက်သွားတယ်။ ရုံးထုတ်ပြီးအကျဉ်းချုံးနဲ့ အမြန်ဆုံး အမိန့်ချလိုက်တာကတော့ ၂၀၀၈ နိုဝင်ဘာ (၁၁) ရက် နေ့မှာပေါ့။

မေး။            ။ ဘာအမှုနဲ့ချတာပါလဲ။

ဖြေ။            ။ ကျွန်တော့်ကိုချတဲ့အမှုတွေကတော့ အီလက်ထရောနစ် ဆိုပြီးတော့ အင်တာနက် နဲ့ ဆက်သွယ်တဲ့ကိစ္စ အီလက်ထရောနစ်ပုဒ်မ (၃၃) ဆိုပြီး အဲ့ဒါနဲ့ (၄)မှု ၊ ပြီးတော့ တရားမ၀င် အသင်းအဖွဲ့ ပုဒ်မ (၆) ဆိုပြီးတော့ တစ်မှုဆိုပြီး တစ်မှု စုစုပေါင်း (၆၅)နှစ် ၊ အီလက်ထရောနစ် ပုဒ်မတွေက တစ်မှုကို (၁၅)နှစ်ဆီနဲ့ စုစုပေါင်း နှစ်(၆၀)  တရားမ၀င်အသင်းအဖွဲ့က (၅)နှစ် ခုနက တရားမ၀င် အသင်းအဖွဲ့ဆို တာ ကျွန်တော်တို့ ၈၈မျိုးဆက်ကျောင်းသားများ လှုပ်ရှားမှု အမှန်ကတော့ အဖွဲ့ဆိုတာထက် ကျွန်တော်တို့ သူငယ်ချင်းတွေဟာ အရင်ကတည်းကိုက တစ်ယောက်အကြောင်း တစ်ယောက် နားလည်တဲ့အတွက် အဖွဲ့အစည်းထက် ပိုပြီး လှုပ်ရှားလို့ရတယ်။ အဲဒီတုန်းက အဖွဲ့ဆိုတာထက် ၈၈ တုန်းကရှိနေတဲ့သူတွေအားလုံး လက်တွဲပြီးလုပ်ကြတယ် အဲဒီဟာကို သူတို့က အသင်းအဖွဲ့ဆိုပြီးတော့ အသင်းအဖွဲ့ ပုဒ်မချလိုက်တယ်။

မေး။            ။ ခုသမ္မတကြီးဦးသိန်းစိန်ကနေ လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ အပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။

ဖြေ။            ။ လွတ်ငြိမ်းချမ်းသာခွင့်ကိုတော့ နိုင်ငံရေးသဘောကို နိုင်ငံရေးနည်းနဲ့ ပြေလည်သွား ရင်တော့ ကောင်းတာပေါ့။ ခုလဲ အတတ်နိုင်ဆုံး ဖြေလျှော့တဲ့သဘောတွေလို့ ကျွန်တော်မြင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် တို့ကိုလွှတ်ပေးတဲ့အပေါ်မှာတော့ ဒါ လုပ်ထုံးလုပ်နည်းအတိုင်း သူတို့က
(၄၀၁/၁) နဲ့ပေါ့ ကျွန်တော်တို့ကို ကြွေးကျန်ဆိုပြီးတော့ လွှတ်ချလိုက်တာပေါ့။ တကယ်ကတော့ နိုင်ငံရေးလှုပ်ရှားခဲ့သူတွေကို နိုင်ငံရေးသမား အဖြစ် သတ်သတ်မှတ်မှတ် အသိအမှတ်ပြုပြီးတော့
နိုင်ငံရေးသမားတွေ အရင် စစ်အုပ်ချုပ်ရေးခေတ်တုန်းက နိုင်ငံရေးလှုပ်ရှားခဲ့သူတွေကို နိုင်ငံရေးသမားတွေ အဖြစ် သတ်မှတ်ပြီး ခုအရပ်သားအစိုးရလက်ထက်မှာ နိုင်ငံရေးသမားတွေအဖြစ် လွှတ်ပေးမယ်ဆို ပိုပြီးတော့ တန်ဖိုးရှိမယ်။ အစိုးရအတွက်လဲ ပြည်သူတွေရော နောက်ပြီး နိုင်ငံရေး လှုပ်ရှားကြသူတွေရော ယုံကြည်မှု ပိုရလာမယ်။

မေး။            ။ လက်ရှိအစိုးရနဲ့ လွှတ်တော်ပေါ်မှာရော အကိုဘယ်လိုမြင်လဲ။

ဖြေ။            ။ လက်ရှိအစိုးရနဲ့ လွှတ်တော်အပေါ်ကတော့ ကျွန်တော် အထဲမှာသတင်းစာဖတ်ရတယ် ဂျာနယ် ဖတ်ရတယ်။ အဲဒီအပေါ်မူတည်ပြီးတော့ ဒါအသွင်ကူးပြောင်းရေးကာလမှာ သိပ်ပြီးတော့ စမ်းသပ်ဆဲ လွှတ်တော်စံနပ် ကလေးလို့ပဲ ကျွန်တော်မြင်ပါတယ်။

မေ။             ။ အခု ကိုမင်းကိုနိုင် ၊ ကိုဌေးကြွယ်တို့လွတ်လာပြီ အကိုလဲ ပြန်လွတ်လာပြီဆိုတော့ အပြင်မှာ ၈၈မျိုးဆက်ကျောင်းသားတွေ တော်တော်စုံသွားပြီပေါ့ ။ အဲဒီတော့ ဒီအစုအဖွဲ့ကို ပြန်ဖွဲ့စည်းပြီးတော့ ရှေ့လျှောက်ရော နိုင်ငံရေးလုပ်သွားဖို့ အစီအစဉ်ရှိပါလား။

ဖြေ။            ။ ခုကျွန်တော်တို့လုပ်ခဲ့တာလဲ နိုင်ငံရေးလုပ်ခဲ့တယ် ၊ စဉ်ဆက်မပျက် လုပ်ခဲ့တယ်။ ထောင်တွေလဲကျခဲ့တယ်။ နောက်နောင်တော့ နှစ်ဦးနှစ်ဖက် အစိုးရဖက်ကရော ကျန်တဲ့ နိုင်ငံရေး ဒီမိုကရက်တစ် အင်အားစုတွေဖက်ကရော နှစ်ဦးနှစ်ဖက်က နိုင်ငံ့အကျိုးကို အတူတူရှေးရှု့နိုင်တယ် ဆိုရင်တော့ ဒီလို လုံးလည်ချာလည်လိုက်နေတဲ့ ထောင်ထဲ ထည့်လိုက်ဦးဟ ပြီးရင် ပြန်ဖြေ လျှော့လိုက်ဦးဟ ပြီးရင် ဖမ်းလိုက်ဦးဟ ဖြေလျှော့လိုက်ဦးဟနဲ့ လုံးလည်လိုက်နေတဲ့ ကိစ္စကြီးကတော့ ကင်းလွတ်သွားလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ အဲဒီအတွက်ကြောင့်မို့လို့ ကျွန်တော်တို့ ၈၈တွေ
မကြာခင်ပြန်ဆုံပါမယ်။ ဆုံပြီးတဲ့အခါကျတော့ တိကျခိုင်မာတဲ့ ကျွန်တော်တို့ရဲ့ ရှေ့ဆက်သွားမယ့် မူတစ်ရပ်ကို ပြောနိုင်ပါလိမ့်မယ်။ ခုချိန်မှာတော့ ကျွန်တော်ဟာ ကျွန်တော့်ရဲ့သူငယ်ချင်းတွေ
ဘယ်တစ်ဦး တစ်ယောက်နဲ့မှလဲ မတွေ့ရသေးဘူး လွတ်လာတာလဲ ဟိုနေ့ကမှထောင်ကလွတ်လာတာ ဖြစ်လို့ ကျွန်တော့်ရဲ့ရည်ရွယ်ချက်ဆိုတာကတော့ ကျွန်တော် နိုင်ငံရေးဆက် လုပ်မယ်။ နိုင်ငံရေး ၊ လူမှုရေးကိစ္စတွေနဲ့ပတ်သတ်တဲ့ စာပေတွေကို ကျွန်တော်ရေးသွားမှာ ဖြစ်ပါတယ်။

မေး။             ။ အကိုလွတ်မယ်ဆိုတာရော ကြိုတင်အကြောင်းကြားထားတာမျိုးရှိလား။
ဖြေ။            ။ ဒီတစ်ခါလွတ်တာမှာ ကြိုအကြောင်းကြားခြင်းမရှိပါဘူး။ ကျွန်တော်တို့ တီဗွီကြည့်ခွင့် မရဘူး ၊ သို့ပေမဲ့ တီဗွီကလာတဲ့ သတင်းကို အသံလွှင့်ပေးတယ်။ လွှင့်ပေးတဲ့ အခါမှာ သမ္မတကြီး ဦးသိန်းစိန်က အမိန့်ထုတ်ပြန်ချက်ဆိုတဲ့အခါမှာ သူကတော့ အမျိုးသားပြန်လည် စည်းလုံး ညီညွတ်ရေးဆိုတဲ့ အချက်တစ်ချက်ပါတယ်။ ပြီးတော့ နိုင်ငံရေးလှုပ်ရှားမှုများမှာ အားလုံး ပါဝင်နိုင်ရေး ဆိုတာ ပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ လွတ်မြောက်နိုင်တယ် ၊နိုင်ငံရေးသမားတွေကို နိုင်ငံရေး သိက္ခာနဲ့အညီ လွတ်မြောက်တော့မယ်လို့ ကျွန်တော်မျှော်လင့်တယ်။ သို့ပေမယ့် အဲ့ဒီ ကြေငြာချက် အဆုံးမှာတော့ (၄၀၁/၁)နဲ့ လွတ်တယ်ဆိုတဲ့ ကျွန်တော်တို့ကို ကြွေးကျန်အနေနဲ့ ပြစ်ဒဏ်တွေကို ကြွေးကျန် အနေနဲ့ထားခဲ့ပြီးတော့ လွတ်လာပါတယ်။ ဒီဥစ္စာကလဲ အရင့်အရင် တပ်မတော် အစိုးရလက်ထက်မှာ ကြွေးကျန် အနေနဲ့ အဲဒီလိုပဲ လွှတ်ပေးခဲ့တာလေးတွေ ရှိပါတယ်။ လွှတ်ပေးတဲ့အခါမှာလဲ ဒီဟာကြွေးကျန်တယ်ဆိုတဲ့ အကြောင်းကို သူတို့က ဒီဥပဒေက ဒီလိုဆိုတာကိုရှင်းပြတယ်။ လက်မှတ်တော့ထိုးခဲ့ရတာမရှိပါဘူး။ အပြင်မှာ ပြစ်ဒဏ်တစ်ရပ်ရပ်အရ
အရေးယူခံရရင် ဒီကျန်ရှိနေတဲ့ ပြစ်ဒဏ်ပါပေါင်းခံရမယ်ဆိုတဲ့ပုံစံမျိုးပါ။

မေး။            ။ အပြင်မှာတော့သတင်းတွေက အမျိုးစုံပါပဲ ၊ကျွန်တော်တို့ကြားဖူးတာ ကတော့ ၈၈မျိုးဆက် ကျောင်းသား တွေက သဘောထားတင်းမာတယ်ဆိုပြီးတော့ ကျွန်တော်တို့ ကြားဖူးတယ်။ အဲဒါကိုရော အကို့အနေ နဲ့ ဘယ်လို သုံးသပ်မလဲ။

ဖြေ။            ။ ခက်တယ်ဗျ။ ဒီဥစ္စာက တစ်ဖက်ပေါ့နော် အရင်ခေတ်တုန်းက ဒီကိစ္စပြောရမှာ နည်းနည်း ရှည်လျားပါတယ်။ တပ်မတော်အစိုးရလက်ထက်မှာကတည်းကိုက တပ်မတော် အစိုးရ ကလဲ ကျောင်းသားတွေဟာ အစွန်းရောက်ဖြစ်တယ် သဘောမျိုး အမြင်မျိုးရှိသလို အချို့သော ပါတီတွေကလည်း ကျွန်တော်တို့ကို ကျောင်းသားတွေဟာ အစွန်းရောက်တယ်ဆိုတဲ့ သဘောမျိုးတွေ မြင်တာရှိတယ်။ ဒါပေမဲ့ ကျောင်းသားတိုင်း အစွန်းရောက်တာတော့ မဟုတ်ပါဘူး။တစ်ချို့တွေကတော့ စိတ်ခံစားမှုအရ လုပ်ခဲ့ကြတာရှိတယ်။ ကျွန်တော် တို့လဲ ဒီ (၈၈) မတ်လ ဖုန်းမော်ကိစ္စမှာ ဒီမိုကရေစီနည်းလမ်းမကျတဲ့ သတင်းထုတ်ပြန်မှုတွေ ဆုံးဖြတ်မှုတွေ ကြောင့်မို့လို့ ကျွန်တော်တို့တွေ
ဒီမိုကရေစီစတောင်းပြီးတော့လုပ်လာခဲ့တာဟာ စိတ်ခံစားမှုလဲပါသလို နိုင်ငံရေး အသိတစ်ရပ်လဲ ပါတယ်။ အဲ .. နောက်ပိုင်းကျွန်တော်တို့ အသက်အရွယ်လဲ ရင့်လာတာနဲ့ အမျှ ကျွန်တော်တို့မှာ စိတ်ခံစားမှုထက် ကျွန်တော်တို့မှာ ဆင်ခြင်တုံတရားတွေနဲ့ နိုင်ငံရေးကို အများကြီးကျွန်တော်တို့ အစွန်းရောက်တဲ့ နိုင်ငံရေးမျိုးမဟုတ်တဲ့ နည်းတွေနဲ့ သုံးစွဲခဲ့တယ်။ အဲဒီမှာဘာတွေလဲဆိုတော့ အမျိုးသားပြန်လည်သင့်မြတ်ရေး ကိုပဲ ဦးတည်တဲ့လှုပ်ရှားမှုကိုပဲ ၈၈မျိုးဆက်သစ်ကျောင်းသားတွေ ဟာစတင်ပြီးတော့ လက်မှတ်ထိုးတဲ့ လှုပ်ရှားမှုတို့ ၊ ဆုတောင်းပွဲပြုလုပ်တာတို့ ၊အဖြူရောင် လှုပ်ရှားမှုတို့နဲ့ စခဲ့တယ်ဆိုတာ ဒီအချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။

မေး။            ။ လွတ်လာတဲ့အပေါ်မှာရော လွှတ်တော်ထဲသွားမယ့်နိုင်ငံရေးလုပ်မှာလား
ဒီလို Campaign တွေနဲ့ လှုပ်ရှားမှုတွေပဲ လုပ်မှာလား။

ဖြေ။            ။ Campaign တွေလုပ်တဲ့ လှုပ်ရှားမှုဆိုတာကတော့ ၊ လိုအပ်တဲ့ အခြေအနေ အချိန် အခါမှာ လိုအပ်ကောင်း လိုအပ်ပါလိမ့်မယ်။ လောလောဆယ်မှာတော့ မရှိသေးဘူးလို့ ကျွန်တော် ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ထင်တာလဲ မှားချင် မှားနေနိုင်ပါတယ်။ ကျွန်တော်ဟာ ထောင်ထဲမှာ လေးနှစ် ကျော်နေခဲ့ရတဲ့ လူတစ်ယောက်ဖြစ်တယ်။ ကျွန်တော့်မှာ စာတွေ့ အသိပဲ ရှိတယ်။ ကိုယ်တွေ့ထိတွေ့ရတဲ့ ဆက်ဆံရတဲ့အနေထားမျိုးတွေ ခုချိန်ထိမရှိသေးဘူး။ မနေ့ကမှ လွတ်လာတာဆိုတော့ အဲဒီအတွက် ကျွန်တ်ာရဲ့ သုံးသပ်ချက်အချို့ဟာ မှားနေနိုင်တယ် ဆိုတဲ့အတွက် ကျွန်တော် ကြိုတော့ မပြောနိုင်သေးပါဘူး။ သေချာတာ ကတော့ လွှတ်တော်နိုင်ငံရေးရှိသလို လွှတ်တော်ပြင်ပ နိုင်ငံရေးဆိုတာလဲ ရှိနေမှာပါပဲ။ တခြားမကြည့်ပါနဲ့ ပြီးခဲ့တဲ့ ဧရာဝတီကိစ္စ မြစ်ဆုံကိစ္စဆိုရင် လွှတ်တော်တွင်းကိစ္စတင်မကပါဘူး လွှတ်တော်ပြင်ပကပါ လှုပ်ရှားတောင်းဆိုမှု တွေကြောင့်မို့လို့ ထိရောက်ခဲ့တယ်လို့ ကျွန်တော်ကအဲဒီလိုကောက်ချက် ဆွဲယူပါတယ်။

မေး။            ။ အကိုတို့ ၈၈ ခေါင်းဆောင် ကိုမင်းကိုနိုင် သွားနေတဲ့လမ်းကြောင်းက
ဒေါ်အောင်ဆန်းစုကြည် သွားနေတဲ့လမ်းကြောင်းနဲ့ အတူတူသွားနိုင်တယ်လို့
အကိုထင်လား ။ ဒါမှမဟုတ် သူ့ရဲ့ဦးဆောင်မှုကပဲ သီးသန့် ဖြစ်နေတယ်လို့ထင်လား။

ဖြေ။            ။ အဲဒီလိုတော့ သီးသန့်ဖြစ်လိမ့်မယ်လို့ ကျွန်တော်မထင်ဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့တွေရဲ့ အဦးဆုံး အစောဆုံးကတည်းကိုက ကျွန်တော်တို့ တောင်းဆိုခဲ့တာက ပြန်လည် သင့်မြတ်ရေး တွေ့ဆုံဆွေးနွေးရေး ၊ တွေ့ဆုံဆွေးနွေးရေးမှာလဲ ပထမဆုံးကတော့ ဖြစ်နိုင်မယ်ဆိုရင်
သုံးပွင့်ဆိုင်ပေါ့ဗျာ တွေ့ဆုံဆွေးနွေးရေးကို ကျွန်တော်တို့က ဟိုးအစောကတည်းကိုက ကျွန်တော်တို့ တောင်းဆိုခဲ့တယ်။ အနိမ့်ဆုံး အဆင့် အရင်ဆုံး ဒီနိုင်ငံတော်အာဏာပိုင်အဖွဲ့အစည်းပေါ့လေ အကြီးအကဲတွေနဲ့ ဒေါ်စုနဲ့ တွေ့ဆုံဖို့ အမျိုးသား ပြန်လည်သင့်မြတ်ဖို့ ဆိုတဲ့ဟာကို ဟိုးအဦးအစ ကတည်းကိုက ကျွန်တော်တို့ မျှော်လင့်ခဲ့တယ်။ ခုလဲ နှစ်ဦးနှစ်ဖက် အတတ်နိုင်ဆုံးဖေါ်ဆောင်နေတဲ့ အခြေအနေဖြစ်တဲ့အတွက် ကျွန်တော်တို့တွေရဲ့သဘောထား ၊ မင်းကိုနိုင်ရဲ့သဘောထားနဲ့
ကွဲပြားသွားတယ်မရှိဘူးလို့ ကျွန်တော်မြင်ပါတယ်။

မေး။            ။ တပ်မတော်အစိုးရလက်ထက် လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့
ငြိမ်းချမ်းရေးရအောင် ကြိုးစားခဲ့တဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်လွတ်လာ တာကိုရော ဘယ်လိုမြင်လဲ
ဖြေ။            ။ အများကြီးကောင်းပါတယ် ၊ ကျွန်တော်လဲ အကျဉ်းထောင်ထဲမှာလဲ ဒီ
တစ်ခြားသော ထောက်လှန်းရေးက ဗိုလ်မှူးကြီးတွေနဲ့ သိခဲ့ရပါတယ်။ မည်သို့ပင်ဖြစ်စေကာမူ ပေါ့လေ သူတို့တွေဟာလဲ တစ်ဦးနဲ့တစ်ဦး စိတ်အခန့်မသင့်တဲ့ကိစ္စမျိုးကနေ ဖြစ်ခဲ့ရတယ်လို့ကျွန်တော်ကတော့ သုံးသပ်မိတဲ့အတွက် ဒီလို အခြေအနေမျိုးမှာ အားလုံးပြန်လည် သင့်မြတ်ရေးအတွက် ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို လွှတ်ပေးလိုက်ခြင်း ထောက်လှန်းရေးတွေကို လွှတ်ပေးလိုက်ခြင်း ဟာလဲ နိုင်ငံရဲ့ ရှေ့လျှောက်သွားမဲ့ ငြိမ်းချမ်းရေး ခရီးစဉ်မှာ အထောက်အကူ အများကြီးပြုမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။

မေး။            ။ အကိုထောင်ထဲမှာ နေရတဲ့အချိန်မှာ တွေ့ကြုံရတဲ့ အခက်အခဲလေးတွေကို ပြောပြပေးပါ။
 
ဖြေ။            ။ အကျဉ်းချုံးပြောရမယ်ဆိုရင် ကျွန်တော်တို့တစ်တွေကို စစ်ကြောတဲ့ အခါမှာ နည်းနည်း ပြင်းထန်တယ် ။ Breakdown ဆွဲပြီးတော့ စစ်ကြောတဲ့အခါတွေမှာ ကျွန်တော်လဲ သတိလစ်တာ မျိုးအခြေအနေတွေကြုံခဲ့ရတာတွေရှိတယ်။ နိုင်ငံရေးအရ ကျွန်တ်ာတို့ဟာ အဲဒီအချိန်မှာကျွန်တော် ဖြေခဲ့တဲ့ အခြေနေ မျိုးအရ ကျွန်တော်တို့ဟာ စိတ်ကောင်းစေတနာနဲ့ NLD နဲ့ တပ်မတော်အစိုးရ ညှိနှိုင်းဖို့အတွက် တတ်နိုင်တဲ့ ဖက်က ကျွန်တော်တို့ကြားကနေ တွန်းအားပေးခဲ့တာဖြစ်တယ်။
အဲဒီတွန်းအားပေးခဲ့တဲ့ အခြေအနေတုန်းက ဒါလုံးဝမဖြစ်နိုင်ဘူး ၊မင်းတို့လုပ်တာ အရူးလုပ်ကွက်ဆိုတဲ့ သဘောမျိုး အမြင်မျိုးရှိခဲ့တာကို ကျွန်တော်တို့ အဲဒီအချိန်တုန်းကပြန်သိခဲ့ရတယ်။ ယခုဒီနေ့ အခြေအနေ မှာတော့ ကျွန်တော်တို့တွန်းအားပေးခဲ့တဲ့အခြေအနေကို လမ်းကြောင်းပေးခဲ့တဲ့ အခြေအနေကို ရောက်နေပြီဖြစ်တဲ့အတွက် အဲဒီအခြေနေတုန်းက ကျွန်တော့စိတ်မှာ ခံစားခဲ့ရတဲ့ ကျွန်တော့်ကိုတုန့်ပြန်ခဲ့တဲ့ ကျွန်တော့်ကို စစ်ကြောရေးတွေသုံးသပ်ခဲ့တဲ့ အဲဒီအချိန်တုန်းကတော့
ကျွန်တော်တို့လုပ်ရပ်တွေဟာ အရူးလုပ်ရပ်တွေလို့ပြောပေမဲ့ ဒီနေ့ချိန်တွေဟာ ကျွန်တော်တို့ တွန်းအားပေးခဲ့တဲ့အတိုင်း မျက်ဝါးထင်ထင်ဖြစ်လာပြီဆိုတဲ့အခါကြတော့ ဘာပဲပြောပြော သူတို့အနေနဲ့လဲ အမြင်မှန်ရလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ တခြားထောင်တွင်း အခြေအနေနဲ့ ပတ်သတ်လို့ ယခင်ရှစ်နှစ်ကျော် ဖြတ်သန်း မှုရဲ့ကာလနဲ့စာရင် ခုဖြတ်သန်းခဲ့တဲ့ လေးနှစ်နဲ့
ငါးလကာလကတော့ သက်တောင့်သက်သာ ရှိတယ် ၊ စာဖတ်ခွင့်ရတာပေါ့ဗျာ ကျွန်တော်တို့ သက်တောင့်သက်သာ ရှိတယ်လို့ ခံစားရပါတယ် ၊ ပြီးတော့ထောင်တွင်း နေထိုင်ရခြင်းတွေဟာလဲ လွန်ခဲ့တဲ့ ၁၀နှစ်ထက်တိုးတက်လာပါတယ်။

မေး။            ။ နောက်ဆုံးဘာများဖြည့်စွက်ပြောချင်ပါသေးလဲ။

ဖြေ။            ။ ကျွန်တော့်အနေနဲ့ကတော့ ခုချိန်က ထောင်ကခုမှ ထွက်လာတဲ့ အခြေအနေဖြစ်တဲ့ အတွက် ကြောင့်မို့လို့ ၊ ကျွန်တော်ဟာ ထောင်ထဲမှာ သတင်းစာမှာဖတ်ခဲ့ရသလောက် ဂျာနယ်တွေမှာ ဖတ်ခဲ့ရ သလောက် စာသိပဲရှိပါတယ်။ အဲတော့ ကျွန်တော် အပြင်ရောက်ပြီး နိုင်ငံရေးထိတွေ့ မှုတွေရှိတော့မှ တကယ့် ကိုယ်တွေ့ကျနော့်ရဲ့သုံးသပ်မှု နောက်တစ်ခါ ကျွန်တော့်ရဲ့သူငယ်ချင်းတွေနဲ့
အားလုံးပြန်လည်တွေ့ဆုံ ဆွေးနွေး ပြီးတဲ့အခါကျမှ ကျနော်တို့ရဲ့ မူသဘောထား အဲဒီဥစ္စာာကိုတော့ အဲဒီကျမှ တိတိကျကျပြောနိုင်ပါလိမ့် မယ်။ ခုချိန်မှာ တော့ ကျနော်ပြောတဲ့ဟာတွေက ကျွန်တော် တစ်ဦးတည်းရဲ့ ဆုံးဖြတ်ချက်နဲ့သာပြောခြင်းဖြစ်ပါ တယ်။ ကျွန်တော်တစ်ဦးတည်းနဲ့သာပတ်သက် ပါတယ်။ ကျွန်တော်ပြောသွားခဲ့သမျှဟာ ၈၈မျိုးဆက် ကျောင်းသားများ အားလုံး ကိုယ်စားပြုထားပြီး ပြောခြင်းမဟုတ်ပါဘူးလို့ ကျွန်တော် ပြောချင်ပါတယ်။
 
မေးခွန်းများကို ဖြေကြားပေးခဲ့တဲ့ ကိုအံ့ဖွယ်ကျော်ကို ကျေးဇူးတင်ပါတယ်။

မင်းမင်းလတ်(ရွှေမြစ်မခ)http://feeds.feedburner.com/thithtoolwin/yIWV

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...