ဝိမုတ္တိလွင်ပြင်၊ စာဖတ်ခန်း
လွတ်လပ်စွာ မွေးဖွားလာသော လူသားသည်
အချုပ်အနှောင် ခံနေရလေသည်။
(ရူးဆိုး၏ လူမှုပဋိညာဉ်ကျမ်းမှ)
အမိဝမ်းမှ ထွက်မြောက်လာသော လူသားအတွက် ဘာဖြစ်စေဟူသော အမိန့်စီရင်ချက် မပါရှိခဲ့။ လူသားသည် လွတ်လပ်သော စိတ်ဆန္ဒအပြည့်နှင့် မွေးဖွားလာခဲ့သူ ဖြစ်သည်။
သူဖြစ်ချင်သည့်ဘ၀ကို ဖန်တီးနိုင်ခွင့်၊ သူသဘောမကျသည့်ဘ၀ကို ငြင်းဆန်နိုင်ခွင့် သူ့မှာ အပြည့်ရှိ သည်။ ကောင်းမြတ်မှန်ကန်သော အပြုအမူများကိုလည်းကောင်း၊ ဆိုးယုတ်မှားယွင်းသော အပြုအမူများကို လည်းကောင်း၊ သူသဘောကျရာ လက်ခံကျင့်သုံးနိုင်ခွင့် ရှိသည်။
သူ့ဘ၀၏ အလားအလာများသည် သူ၏ရွေးချယ်ဆုံးဖြတ် ချက်အပေါ်တွင် မူတည်နေသည်။ ထိုကဲ့သို့ လွတ်လပ်သော စိတ်ဆန္ဒကို ရည်ညွှန်း၍ ပြင်သစ်တွေးခေါ်ရှင်ကြီး ယွန်းပေါဆာ့တ်က အကြွင်းမဲ့ လွတ်လပ်မှုဟု ဆိုခဲ့သည်။
သို့သော် လူသားသည်ကား မွေးဖွားသည်မှစ၍ပင် မိမိ၏ အသိတရားကို လွဲမှားသောအမြင်များဖြင့် အထပ်ထပ် ရစ်ပတ် တုပ်နှောင်ခဲ့သည်။ အလင်းရောင်ဖြင့် လင်းလက်တောက်ပနေသော လွတ်လပ်သည့် လွင်ပြင်မှသည် ကျပ်တည်းကျဉ်းမြောင်းသော မည်းမည်းမှောင်သည့် ထူးတွင်းထဲသို့ ကြောက် လန့်တကြီး ခုန်ဆင်းခဲ့သည်။
မိမိဘ၀ကို မိမိဖန်တီးနိုင်ခွင့် မရှိဟူသော သဘောတရားသည် လူသား၏ အညွန့်တလူလူ တက်နေ သည့် ဂုဏ်ရည်ကို ရက်ရက်စက်စက် ခုတ်ဖြတ် ချိုးဖျက်လိုက်သည်။ မိမိဟူ၍ ဖြစ်တည်လာခြင်း မရှိ သေးမီကပင် မိမိ၏ဘ၀ မိမိ၏ကြမ္မာကို လုံးဝဥဿုံ ပြဋ္ဌာန်းပြီး ဖြစ်သည်ဟု ထိုသဘောတရားက ဆိုသည်။
တကယ်ပင် မိမိတို့သည် မိမိတို့၏ဘ၀ကို မဖန်တီးနိုင်ပြီ လော။ မိမိတို့၏ကြမ္မာကို မရွေးချယ် နိုင်ပြီ လော။ ဤအချက်ကို သိမြင် ရန်အတွက် မိမိတို့၏ဘ၀သမိုင်းကို ပြန်လည်စေ့ငုရမည်။ မိမိတို့ ဖြစ်တည် နေရသော လက်ရှိဘ၀၏ အကြောင်းရင်းမြစ်တို့ကို ဖွေရှာ စူးစမ်းရမည်။
မွေးဖွားခြင်းလျှင် အစရှိသော မိမိ၏ဘ၀သမိုင်းကို ပြန် ပြောင်း ဆင်ခြင်ကြည့်လိုက်သော်ကား မိမိတို့၏ အနှောင်အဖွဲ့များကို မိမိတို့ပင် ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း အထင်အရှားတွေ့ရမည်။
လူသား ၏ အဖြစ်ဆိုးမှာ စားဝတ်နေရေးလိုအပ်ချက်တို့ အတွက် မွေးကင်းစမှသည် နှစ်အတန်ကြာ သည်အထိ ပတ်ဝန်းကျင်အပေါ်၌ မှီခိုအားကိုးခဲ့ရခြင်း ဖြစ်၏။
ယင်းသို့ အမှီခိုပြုရသည့် အခြေအနေတရပ်၌ အကျိုးသင့် အကြောင်းသင့် ရှင်းလင်းသွန်သင် ခြင်း မရှိဘဲ ပိတ်ပင်တားဆီးမှုများ ချမှတ်ခံရခြင်းသည်ကား တကယ့်အလွမ်းဇာတ် ဖြစ်ပေသည်။
ဓလေ့ထုံးစံများ၊ ရိုးရာအစဉ်အလာများ၊ ကိုးကွယ်ယုံကြည်မှုများ အစရှိသည့် ဒဿန ခြကောင်များသည် လူသား၏ ဦးနှောက်အတွင်းသို့ ၀င်၍ အုံဖွဲ့နေကြလေသည်။ ဤသည်ပင် အ၀ိဇ္ဇာ၏ အစနိဒါန်း ဖြစ်ပေသတည်း။
အကြောင်းအကျိုးကို မျက်ဝါးထင်ထင် မသိမြင်ဘဲနှင့် မျက်ကန်းတစ္ဆေမကြောက် လုပ်တတ်သည့် အကျင့်ဆိုးကြောင့် လူသားသည် ကိုယ့်ဘ၀၏ အလားအလာကောင်းတို့ကို လက်လွတ်ဆုံးရှုံးနေရသည်။
ကိုယ့်ဘ၀ ကိုယ်ဖန်တီးသည်၊ ယခုပစ္စုပ္ပန်ဆတ်ဆတ်တွင်ပင် ဖန်တီးနေသည်ဟူသော ကမ္မနိယာမကို မျက်စိလျှမ်းနေပြီး မျက်ရမ်း တွေးဆ ယုံကြည်ချက်တို့ဖြင့်သာ လက်ခံနိုင်စရာရှိသော အပြင်အပ တရား တို့ကို အကြောင်းမှတ်ထင်နေသည်။
သို့ဖြင့် မိမိဘ၀၏ အရင်းခံဇစ်မြစ်ကို ပိုးစုန်းကြူး အလင်းမျှပင် မရှိမဲ့ကင်းသည့် အမှောင်ထုကြီး အတွင်းသို့ လက်ညှိုးညွှန်ပြသော် ညွှန်ပြသည်။
ထိုသို့မဟုတ်လျှင်လည်း ဖြစ်ချင်သည့်အတိုင်း ဖြစ်နေသည့် ပရမ်းပတာလောကကြီးအတွင်း၌ ဘာအကြောင်းမှ အရင်းခံသည်မရှိဘဲ လူ့ဘ၀ဖြစ်လာခဲ့သည်ဟူသော အဟေတုက အကြောင်းမဲ့ဝါဒဆီ သို့ ချဉ်းကပ်သွားသော် သွားသည်။
လူဟူသည်ကား ဆင်ခြင်တတ်သော သတ္တ၀ါတည်းဟု လူသားများ ဂုဏ်ရည် ၀င့်ကြွားခဲ့ရာ လက်ရှိ အနေအထားအရမူ လူသား၌ ဆင်ခြင်ဥာဏ်ကင်းမဲ့နေပြီဟု ဆိုရမည်ဖြစ်သောကြောင့် လူ အဖြစ်မှ ဆုတ်ယုတ်ကျဆင်းပြီဟုပင် ဆိုနိုင်ကောင်း၏။ အဆင်ခြင်ဥာဏ်ကင်းမဲ့ခြင်းကြောင့် လူသားသည် ပြဋ္ဌာန်းရှင်ဘ၀မှ ပြဋ္ဌာန်းခံဘ၀သို့ ရောက်ရှိရလေသည်။
ဆင်ခြင်ကင်းမဲ့ ဝေဖန်ခြင်းချို့တဲ့မှုကြောင့် အမှန်နှင့်အမှား ကို ကိုယ်ကိုယ်တိုင် ဝေခွဲနိုင်ခြင်း မရှိတော့။ အမှန်အမှား ခွဲခြားရတော့ မည့် အခြေသို့ရောက်လျှင် မိမိ၏ခေါင်းအတွင်း ပတ်ဝန်းကျင်မှ သွတ် သွင်းပေးသည့် အချက်အလက်တို့ကို အားကိုးတကြီး ရှာရတော့သည်။
ဓလေ့ထုံးစံက ဘယ်သို့၊ ရိုးရာအစဉ်အလာက ဘယ့်နှယ်၊ ကိုးကွယ်ယုံကြည်မှုက ဘယ်ပုံ စသည်ဖြင့် လှေနံဓားထစ် အမှတ်သညာတို့ကို အားကိုးတတ်သောအကျင့်သည် အမြစ်တွယ်လာသည်။
မည်သည့် အကြောင်းပြချက်မှမပေးဘဲ ခြိမ်းခြောက်မှုဖြင့်သာ တားမြစ်ပိတ်ပင်သမှုပြုသည့် အရှောင်ဝါဒ(Taboo) သည် လူသားကုပ်ကို ခွစီးနေ၏။
ကိုယ့်ခြေထောက်ပေါ် ကိုယ်မရပ်နိုင်၊ ကိုယ့်ဦးနှောက်ကို ကိုယ်အားမကိုးနိုင်၊ ကိုယ့်ကိုယ်ကိုယ် မယုံကြည်နိုင်၊ ကိုယ်မှတစ်ပါး ကျန်သည့် အားလုံးကိုမူ မျက်စိမှိတ် ယုံကြည် ကိုးကွယ်လာခြင်းဖြင့် ဘာကိုမှ စောဒကမတက်ဝံ့သော ကျေးကျွန် စိတ်ဓာတ်များ ကိန်းအောင်းလာခဲ့သည်။
သည်လို လူသားများအတွက် ဗုဒ္ဓ၏ ကေသမုတ္တိသုတ်သည် ဘ၀အားတိုးဆေးတစ်လက် ဖြစ်ခဲ့ချေပြီ။
"ကာလာမမင်းတို့ သင်တို့သည် ယုံမှားခြင်းငှာ သင့်ပေ၏။ တွေးတောခြင်းငှာ သင့်ပေ၏။ ယုံမှားသင့်သောအရာ၌သာလျှင် သင်တို့သည် ယုံမှားခြင်း ဖြစ်ခဲ့လေပြီ။"
"သင်တို့သည် တစ်ဆင့်စကားကြားရုံမျှဖြင့် အမှန်ဟု မယူကြနှင့်ဦး။ ဘိုးစဉ်ဘောင်ဆက် လက်ဆင့်ကမ်းလာသော စကားတို့ကိုလည်း အမှန်ဟု မယူကြနှင့်ဦး။ ကောလာဟလစကားများဖြင့် အမှန်ဟု မယူကြနှင့်ဦး။ စာပေကျမ်းဂန်နှင့် ညီညွတ်ရုံမျှဖြင့်လည်း အမှန်ဟု မယူကြနှင့်ဦး။ မှန်းဆယူခြင်းအကြောင်းမျှနှင့်လည်း အမှန်ဟု မယူကြနှင့်ဦး။ အတွေးအကြံမျှနှင့်လည်း အမှန်ဟု မယူကြနှင့်ဦး။ နဂိုရှိနှင့်ပြီးအယူအစွဲနှင့် ကိုက်ညီကာမျှဖြင့်လည်း အမှန်ဟု မယူကြနှင့်ဦး။ ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်ဟူသော အကြောင်းမျှဖြင့်လည်း အမှန်ဟု မယူကြနှင့်ဦး။ မိမိကိုးကွယ်သည့် ရဟန်း သာမဏဟူသော အကြောင်းမျှနှင့်လည်း အမှန်ဟု မယူကြနှင့်ဦး။"
"အသင်တို့ကိုယ်တိုင် ကျင့်သုံး ဆောက်တည်အပ်သော တရားတို့သည် မသင့်မြတ် အပြစ်မကင်း ပညာရှိတို့ကဲ့ရဲ့၏။ အကျိုးမဲ့ ပျက်စီးသော ဆင်းရဲအကြောင်းတရားတို့သာ ဖြစ်သည်ဟု ကိုယ်တိုင် သိမြင်လာသည်ရှိသော် ယင်းတရားတို့ကို စွန့်ပစ်ကြကုန်လော့။ သင်တို့ ကိုယ်တိုင် ကျင့်သုံးဆောက်တည်အပ်သော တရားတို့သည် သင့်မြတ်၏။ အပြစ်ကင်း၏။ ပညာရှိတို့ ချီးမွမ်း၏။ အကျိုးရှိ၍ ချမ်းသာရာရစေ၏ဟု သင်တို့ကိုယ်တိုင် သိမြင် နားလည်လာသည်ရှိသော် ယင်းတရားတို့ကို အသက်ထက်ဆုံး ကျင့်သုံးဆောက်တည်ကြကုန်လော့။"
ကိုယ်တိုင်သိမြင်ရေးနှင့် ကိုယ်တိုင်သိမြင်သည့်အတိုင်း ကျင့်သုံးရေးကိုသာ ဗုဒ္ဓက အဓိက တိုက်တွန်းသွား၏။ သူတစ်ပါးပြောသည့်အတိုင်း လိုက်နာကျင့်သုံးကြပါဟု ဗုဒ္ဓက မည်သည့်အခါကမျှ မပြောခဲ့ပါ။
လူသား၏စွမ်းအားနှင့် လူသား၏အလားအလာကို ဗုဒ္ဓသည် အမှန်မြင်ခဲ့၏။ လူသား၏လုပ်ပိုင်ခွင့်နှင့် လူသား၏လွတ်လပ်မှုကို ဗုဒ္ဓသည် အလွန်လေးစားခဲ့၏။
သို့သော် လူသား၏လွတ်လပ်မှုကို ဗုဒ္ဓမြင်သည့်အတိုင်း မမြင်၊ ဗုဒ္ဓလေးစားသည့် အတိုင်း မလေးစားသော လူသားသည် မိမိကိုယ်ကို နှောင်ကြိုးများ အထပ်ထပ် ရစ်ပတ်မိလျက်သား ဖြစ်နေသည်။ ကျိုးကြောင်းမဲ့ ကွပ်ကဲမှုတို့ လက်အောက်သို့ ၀ပ်ဆင်းကျရောက်ခဲ့ပေပြီ။
ပညာမျက်စိ တိမ်သလာ စွဲနေသဖြင့် လူ့ဘောင်လောကကြီး၏ သာယာဝပြောရေး အတွက် လူသားအချင်းချင်း ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းရမည် ဆိုသည်ကိုလည်း မဖြစ်နိုင်ဖြစ်နေသည်။
ထို့ထက်ကား ငြိမ်းချမ်းမှု၊ လုံခြုံမှု၊ စိတ်ချမှုမရှိသော အနေအထားတွင် သူ့ကိုလည်း ကိုယ်မယုံ၊ ကိုယ့်ကိုလည်း သူမယုံဖြစ်ကာ မျှဝေသုံးစွဲ၍ မည်သို့မျှ မကုန်မခန်း နိုင်သော လူ့လောက ထုတ်ကုန် ပစ္စည်းတို့ကို ငါတကောကောကာ မောင်ပိုင်စီးချင်သော လောဘ မောဟတရားများ အညွန့်တက်လာတော့သည်။
ဘာမှန်းမသိသည်ကို ကြောက်လန့်ခြင်းနှင့် ဘာမှန်းမသိသည်ကို မျှော်လင့်ခြင်းတို့ဖြင့်ပြီးသည့် မရေရာ သောဘ၀တွင် မည်သူက မည်သူ့ကို ယုံကြည်နိုင်ပါမည်နည်း။ မည်သူက မည်သူ့ကို ချစ်နိုင်ပါမည် နည်း။ မည်သူက မည်သူ့ကို ပေါင်းစည်းညီညွတ်နိုင်ပါမည်နည်း။
ခေါင်းပုံဖြတ်ခြင်း၊ တစ်နပ်စား ဘ၀ကြံခြင်း၊ ဘယ်သူသေသေ ငတေမာ ပြီးခြင်း စသည်တို့သည်ကား လောဘဒေါသ နှောင်ကြိုးများ၏ အမည် ကွဲများပင် ဖြစ်ပေသည်။
ယင်းသို့ဖြင့် လူသားသည် ကြောင်းကျိုးမဲ့ ဓလေ့ထုံးတမ်း ကိုးကွယ် ယုံကြည်မှုတည်းဟူသော အကျဉ်းထောင်တွင် ကျရောက်ရာမှ လောဘ ဒေါသတည်းဟူသော တိုက်ပိတ်ခြင်းကို ထပ်မံခံယူသွား ပြန်သည်။
လူသားအချင်းချင်း ဆွေသားရင်းချာများ ဖြစ်ကြသည်ဟူသော အမှန်တရားကို မမြင်နိုင်တော့ဘဲ ရသာလျှင် ဘနဖူးသိုက်တူးမည် ဟူသော လောဘဇော ဒေါသဇောတို့ဖြင့် ဘ၀၏လုံခြုံမှုတို့ကို ရှာဖွေခဲ့လေရာ သက်မဲ့ ဥစ္စာ ပစ္စည်းတို့ဧ။် လွှမ်းမိုးမှုကြောင့် နေ့လည်း အလန့်လန့်၊ ညလည်း အထိတ်ထိတ် ဖြင့် အိပ်ကောင်းခြင်း မအိပ်ရ၊ စားကောင်းခြင်း မစားရ ဖြစ်နေရတော့သည်။
လူသားသည် နှောင်ကြိုးကြီးနှစ်ခုအောက် ရောက်နေပါသည်။ ကြောင်းကျိုးမဲ့ ပြဋ္ဌာန်းချက် တည်းဟူသော နှောင်ကြိုးနှင့် လူလူချင်း မထောက်မညှာ ငါတကောကောခြင်း နှောင်ကြိုးများဖြစ်၏။
ယင်းနှောင်ကြိုးများကို မိမိတို့ပင် ဖန်တီးထားခြင်း ဖြစ်ပါသည်။ မိမိတို့ပင် လက်ခံ သိမ်းပိုက် ထားခြင်း ဖြစ်ပါသည်။ ပညာ မျက်စိ မှိန်ဖျော့နေသောကြောင့် ယင်းနှောင်ကြိုးများကို ဖန်တီးမိခြင်း လက်ခံ သိမ်းပိုက်မိခြင်း ဖြစ်သည်။
သို့သော် လူသားသည်ကား လွတ်လပ်သောစိတ်ဆန္ဒ အပြည့်ရှိသူဖြစ်၏။ အရာရာကို ငြင်းဆန်နိုင်စွမ်းသူ ဖြစ်၏။ ယင်းအခွင့်အရေးကိုကား အဘယ်ဘုရားသခင် တန်ခိုးရှင်ကမှ ပယ်ဖျက်နိုင်စွမ်းမရှိ။ လက်ရှိနှောင်ကြိုးများကို မိမိတို့ပင် လက်ခံခဲ့ခြင်းကြောင့် ရရှိနေခြင်းဖြစ်သကဲ့သို့ ယင်းတို့မှ လွတ်မြောက်ရန် အတွက်လည်း မိမိတို့ပင် ငြင်းဆန်ရမည်ဖြစ်ပါသည်။
မည်သို့ ငြင်း ဆန်ရမည်နည်း။ မည်သို့ လွတ်မြောက်ရမည်နည်း။
ဗုဒ္ဓက ဒုက္ခကို သိလော့ဟု ဆိုခဲ့သည်။ မိမိတို့ စွဲလမ်း သိမ်း ပိုက်ထားသော နှောင်ကြိုးများကို ဒုက္ခဟု သိလော့၊ မမြင်မကမ်း ရမ်း လုပ်ထားသောကြောင့် မိမိ၌ဖြစ်နေသောဘ၀တို့ကို ဒုက္ခဟု သိလော့ဟု ပြောကြားခဲ့သည်။ ဤသည်ပင် လွတ်မြောက်ရေးတံခါးဝကို ဖွင့်ရမည့်သော့တံ ဖြစ်ပေသည်။
မိမိတို့သည် အုတ်နံရံအတွင်း၌ နေရသောဘ၀ကို အဟုတ် မှတ်ထင်နေကြသည်။ လက်ထိပ်များ၊ သံခြေကျင်းများနှင့် နေရသည့် ဘ၀ကို ကျေနပ်နေကြသည်။ အချုပ်အနှောင် ခံနေရသောဘ၀တွင် အစား၀၀စားရခြင်း၊ အ၀တ်လှလှဝတ်ရခြင်း၊ အနေချောင်ချောင်နေ ရခြင်းမျှကို သုခချမ်းသာ ထင်နေကြသည်။
ထိုလောကီချမ်းသာလေး အတွက် အကျဉ်းကျသူအချင်းချင်း ခိုက်ရန်ဖြစ်ပွားနေကြသည်။ တိုးဝှေ့ ရန်ထောင် နေကြသည်။ ခိုးဝှက် လုယက် လိမ်ညာလှည့်ပတ်နေ ကြသည်။ စင်စစ် ယင်းတို့သည် ကား ဆင်းရဲများသာဖြစ်ပေသည်။
မိမိတို့လူသားများသည် ဒုက္ခကို ဒုက္ခဟု သိရမည်ဖြစ်၏။ နှောင်ကြိုးကို နှောင်ကြိုးဟု သိရမည် ဖြစ်၏။ ဒုက္ခကို ဒုက္ခဟုသိမှ ဒုက္ခနိရောဓတည်းဟူသော လွတ်မြောက်ငြိမ်းချမ်းမှု အစစ်အမှန်ကို ရရှိမည်ဖြစ်သည်။
လွတ်လပ်သောစိတ်ဆန္ဒရှင် လူသား ဒေါင်ဒေါင်မြည်တို့အတွက် ငြိမ်းချမ်းရေးလေပြည်လေညင်းကို အားပါးတရ ရှုရှိုက်နိုင်မည့် ၀ိမုတ္တိလွင်ပြင်သည် လက်ရှိကျရောက်နေသော အကျဉ်းထောင် အုတ်နံရံ၏ ဟိုမှာဘက် လက်တစ်ကမ်းတွင်ပင် တည်ရှိနေပါသည်။ ။
မောင်သာမည
(အတွေးအမြင်စာစဉ် တွင် ဖော်ပြခဲ့ဖူးသော ဆောင်းပါး ဖြစ်ပါသည်)

0 comments:
Post a Comment