ဆုံမှတ်တစ်ခုမှတစ်ဆင့်……
by Yangon Press International on Tuesday, January 24, 2012 at 8:56pm
Started from a focal point (Opinion article)
ဇန်န၀ါရီ ၂၄၊ ၂၀၁၂ (YPI)-(ဆောင်းပါးရှင် အာဘော်အမြင်) မွန်မွန်မြတ်ရေးသားသည်။
ပြုပြင်ပြောင်းလဲမှုဆိုသည်ကိုင်တွယ်ထိတွေ့၍ရနိုင်ပါသလား၊ မည်သည့် အရာဝတ္တုကိုဆုပ်ကိုင်၍ ဤအရာသည် ပြုပြင်ပြောင်းလဲမှုဖြစ်ပါသည်ဟုပြောကြမည်နည်း…
မကြာသေးခင်က လာရောက်ခဲ့သည့် အမေရိကန်အထက်လွှတ်တော်အမတ် Joe Lieberman ကတော့ မြန်မာပြည်၏ လက်ရှိပြုပြင်ပြောင်းလဲမှုများအပေါ် “Remarkable Breakthrough" ဟုမှတ်ချက်ပေးခဲ့သည်။
အထက်လွှတ်တော်အမတ် John McCain ကတော့ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်တို့ လူပုဂ္ဂိုလ်နှစ်ဦးတွေ့ဆုံဆွေးနွေးခြင်းမှအစပြုပြီး မြင်သာ ထင်ရှားသည့်ပြုပြင်ပြောင်းလဲမှုများ ရှိလာခဲ့သည့်အပေါ် နှစ်ထောင်း အားရရှိလှသော်လည်း
စီးပွားရေးပိတ်ဆို့မှုများရုပ်သိမ်းဖို့ကိုတော့ လာမည့် ကြားဖြတ်ရွေးကောက်ပွဲကို တရားမျှတစွာကျင်းပနိုင်မှသာ စတင်သင့်သည် ဟုပြောဆိုခဲ့သည်။
အချို့ကဆိုလိမ့်မည်…. အပတ်စဉ်ထုတ် သတင်းဂျာနယ်များကိုကြည့်၍ သတင်းလွတ်လပ်ခွင့်အတန်အသင့်ရှိလာပြီ ပြောရေးဆိုခွင့် အတန်အသင့်ရှိလာပြီဟု မီဒီယာများကို နမူနာပေးပြောကြလိမ့်မည်။
အချို့ကတော့ ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသည့် ကျောင်းသားခေါင်းဆောင်များ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးလိုက်ခြင်းသည်ပင်လျှင် ပြုပြင်ပြောင်းလဲမှုစစ်မှန်သည့်သဘော၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် အပစ်အခတ်ရပ်စဲမှု ပြုရန်ဆောင်ရွက်နေခြင်းကသည်ပင်လျှင် အပြောင်းအလဲ စင်စစ်ဖြစ်သည်ဆိုသည့် သဘော ဆိုကြပေလိမ့်မည်။
ဤနေရာတွင် မေးရန်ရှိသည်က ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အမတ်အနည်းငယ် လွှတ်တော်ထဲရောက်ရုံနှင့် မြန်မာနိုင်ငံ တစ်ကယ်အပြောင်းအလဲဖြစ်ပြီလား ဆိုသည့်မေးခွန်းပင်…
ရာဂဏန်းရှိသည့် ထင်ရှားသည့် နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးလိုက်ခြင်း၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှု တွေဆောင်ရွက်နေသည်ဆိုရုံမျှဖြင့် သန်းချီသည့် လူမျိုးငယ်တိုင်းရင်းသား စစ်ပြေးဒုက္ခသည်များအတွက် ဘ၀လုံခြုံရေး အာမခံချက်ပေးနိုင်ပြီလား ဆိုသည့်မေးခွန်းများလည်း မေးစရာရှိနေသေးမည် ဖြစ်သည်။
သေချာပေါက်ဆိုနိုင်သည်တစ်ခုကတော့ မြန်မာ့နိုင်ငံရေးအပြောင်းအလဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီဝင်များ၊ ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသူ ကျောင်းသားပြည်သူနိုင်ငံရေးသမားများ တိုင်းရင်းသားလူမျိုးစုငယ်များ အားလုံးအတူတကွပါဝင်လာနိုင်ခွင့်ရှိပြီဆိုလျှင်နိုင်ငံသူနိုင်ငံသားများ နှစ်ပေါင်းများစွာငံ့လင့်နေခဲ့သည့် အမျိုးသားရင်ကြားစေ့ရေးဆိုသည့် ဆုံမှတ်တစ်ခုသို့ရောက်ရှိလာပြီဟုဆိုနိုင်မည်ဖြစ်သည်။
ယနေ့တော့ အဆိုပါဆုံမှတ်တစ်ခုသို့ရောက်ရှိကြပြီဟုဆိုပါစို့၊ စစ်မှန်သော ပြုပြင်ပြောင်းလဲမှုတစ်ခုပေါ်ထွန်းလာစေဖို့နောက်ထပ်ဘာတွေလိုအပ်အုန်းမည်လဲ…..
ဝါရှင်တန်ပို့(စ)သတင်းစာနှင့်ပြုလုပ်ခဲ့သည့်အင်တာဗျူးတွင် သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ရောက်ရှိနေခဲ့ပြီဖြစ်၍ နောက်ကြောင်း ပြန်လှည့်စရာမလိုတော့ကြောင်း အာမဘန္တေ္တခံထားခဲ့သည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီရှင်သန်ဖွံ့ဖြိုးရန် စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှုလိုအပ်သည်ဟုလည်း သမ္မတဦးသိန်းစိန်က ဆိုခဲ့၏။
“မြန်မာနိုင်ငံကိုဒီမိုကရေစီစနစ်ဆက်ပြီးကျင့်သုံးစေချင်တယ်၊ ဒီမိုကရေစီဆက်ပြီးရှင်သန်ဖွံဖြိုးစေချင်တယ်ဆိုရင် စီးပွါးရေးအရပိတ်ဆို့ တားဆီးထားမှုတွေကို ဖြေလျော့ပေးဖို့ခင်ဗျားတို့ဝိုင်းပြီး ဆောင်ရွက်ပေးသင့်ပါတယ်” ဟု သမ္မတဦးသိန်းစိန်က အမေရိကန်လူထုကိုတိုက်တွန်းခဲ့သည်။
အဆိုပါ အင်တာဗျူးတွင် စီးပွါးရေးပိတ်ဆို့မှုများက အစိုးရအပေါ်သက်ရောက်မှုမရှိပဲ ပြည်သူလူထု ဆင်းရဲနွမ်းပါးမှုကိုသာ ဖြစ်စေသည်ဟုလည်း သမ္မတကပြောကြားခဲ့သည်။
တိုင်းပြည်တွင်အလုပ်အကိုင်အခွင့်အလမ်းနည်းပါးမှုကြောင့် ရွှေ့ပြောင်းအလုပ်သမား (၃)သန်းကျော်လောက်ရှိလာခြင်း နှင့် ပြည်တွင်းတွင် ဆင်းရဲနွမ်းပါးမှုနှုန်း (၂၆ ) ရာခိုင်နှုန်းကျော်ရှိလာခြင်းမှာ အနှစ် ၂၀ကျော် စီးပွါးရေးပိတ်ဆို့မှုများ ကြောင့်သာဖြစ်သည်ဟုလည်း အတိအလင်း ပြောဆိုခဲ့၏။
၈၈မျိုးဆက်ကျောင်းသားတစ်ဦးဖြစ်သော ကိုကိုကြီး၏စီးပွါးရေးပိတ်ဆို့မှုနှင့်ပါတ်သက်သည့်အမြင်ကတော့ သမ္မတဦးသိန်းစိန်နှင့် မတူခဲ့ပေ။ မဆလအစိုးရလက်ထက်က ၂၆နှစ်လုံးလုံး ချမှတ်ကျင့်သုံးခဲ့သည့် တံခါးပိတ်စီးပွါးရေးစနစ်နှင့်နေသားကျခဲ့ပြီးဖြစ်သော မြန်မာလူထုအတွက် စီးပွါးရေးပိတ်ဆို့မှုသည်စိန်ခေါ်မှုတစ်ရပ်မဟုတ်ဟုဆိုခဲ့သည်။
“မကြာသေးသောကာလအထိ ကျွန်တော်တို့နိုင်ငံမှာ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံးတယ်လီဖုန်း ကမ္ဘာပေါ်မှာဈေးအကြီးဆုံး မော်တော်ကားတွေဖြစ်အောင် ဥရောပသမဂ္ဂက Sanction (စီးပွားရေးပိတ်ဆို့မှု) လုပ်ထားတာမဟုတ်ပါဘူး” ဟုထောက်ပြပြောဆိုခဲ့သည်။
“Sanction လုပ်တဲ့ ကာယကံရှင်နိုင်ငံတွေနဲ့အခုထိတွေ့ဆက်ဆံနေပြီပဲ၊ အဲဒီတော့ Sanction ဖြစ်ရတဲ့အကြောင်းရင်းကို ဖြေရှင်းရင် Sanction က သူ့ဟာသူပြေလည်သွားမှာပါ။ အဲဒီတော့ Sanction လုပ်ရတဲ့အကြောင်းရင်းတွေကို ကျွန်တော်တို့ပါပူးပေါင်းပြီးတော့ ဖြေရှင်းမယ်။ ပူးပေါင်းပြီးတော့ဆောင်ရွက်မယ်”ဟု ကိုကိုကြီးက ပြောဆိုခဲ့သည်။
မြန်မာ့စီးပွားရေး ဘာကြောင့် ကျဆင်းနေရသလဲ၊ စီးပွားရေး ပိတ်ဆို့မှုကြောင့်လား၊ အစိုးရရဲ့ မူဝါဒဆိုင်ရာ အားနည်းချက်၊ စီမံခန့်ခွဲမှု အားနည်းချက်တွေကြောင့်လား ဆိုသည့် အချက်ပေါ်တွင် အမြင်ကွဲလွဲမှုရှိနေကြသည်။ အစိုးရဘက်၊ အတိုက်အခံဘက်၊ နိုင်ငံတကာဘက် အသီးသီးအမြင်ကွဲပြားနေကြသည်ကို တွေ့ရမည်ဖြစ်သည်။ သို့ရာတွင် အချက်အလက်အရတော့ ဘယ်နေရာတွေ ထိခိုက်ပြီး ဘယ်နေရာတွေ မထိခိုက်၊ ဘယ်သူတွေထိခိုက်ပြီး ဘယ်သူတွေ မထိခိုက်ဆိုသည်ကို စေ့ငုကြည့်လျင် သိမည်ပင်။
စီးပွားရေး ခေတ်နောက်ကျခြင်းရဲ့ အကြောင်းကိုရှာရာဝယ်
မြန်မာနိုင်ငံအနေနှင့်၁၉၉၀ခုနှစ် နောက်ပိုင်းကာလများတွင် ဆိုရှယ်လစ်စီးပွားရေးစနစ်မှ ဈေးကွက်စီးပွားရေးစနစ်သို့ ကူးပြောင်းပြီဟု ပြောဆိုရေးသားနေခဲ့ကြသော်လည်း အနှစ်နှစ်ဆယ်ကျော် ကျင့်သုံးခဲ့သော ဈေးကွက်စီးပွားရေးစနစ်သည် အများရည်မှန်းထားသည့်ဈေးကွက်စီးပွားရေးစနစ်မဟုတ်ကြောင်းပြီးခဲ့သည့် စနေနေ့ကပြုလုပ်ခဲ့သည့် ၈၈မျိုးဆက်ကျောင်းသားများ၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
"ပြီးခဲ့တဲ့ ဈေးကွက်စီးပွားရေးစနစ်ကို တစ်ချို့ဝေဖန်ထောက်ပြနေတာတွေရှိပါတယ် Crony Economic Policy နဲ့ သွားနေတယ်ဆိုတာကို။ Macro Economic Policy ဖြစ်ဖို့ကိုလိုပါတယ်။ဈေးကွက်စီးပွားရေးစနစ်စစ်စစ် ရဲ့မူဝါဒအစစ်အမှန်ကိုလိုချင်ပါတယ်"ဟု ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုလှမျိုးနောင် ကတောင်းဆိုခဲ့၏။
လက်ရှိကာလအထိမြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးယန္တရားကိုအမှန်တကယ်မောင်းနှင်နေခဲ့သူမှာ စစ်အစိုးရလည်းမဟုတ်၊ ပြည်သူလည်းမဟုတ် အတိုက်အခံခေါင်းဆောင်များလည်းမဟုတ်၊ “လုပ်ပိုင်ခွင့်” တည်းဟူသော အာဏာတစ်ရပ်ကသာ တစ်လျှောက်လုံး မောင်းနှင်လာခဲ့သည်။
ထိုလုပ်ပိုင်ခွင့်အာဏာ တစ်ခုတည်းကြောင့်ပင် စစ်အုပ်ချုပ်ရေးကြိုးနီစနစ်အဓွန့်ရှည်ကြာစေခဲ့သလို၊ အကျင့်ပျက်လာဘ်စားမှုများဖြင့် ဆယ်စုနှစ်နှစ်ခုကျော်ကျော်ယက်ရှယ်ဖွဲ့တည်လာခဲ့သည့် ခြအိမ်ပျက်ကြီးက တစ်နိုင်ငံလုံးကိုပါလှိုက်စားနေခဲ့၏။
စစ်ခေါင်းဆောင်များ၏မိသားစုဝင်များ (သို့မဟုတ်) ဆွေမျိုးပေါက်ဖေါ်များ၏အစုရှယ်ယာများပါဝင်သော စီးပွါးရေးလုပ်ငန်းအများစုကိုစစ်အစိုးရနှင့်နီးစပ်သူ လုပ်ငန်းရှင်ကြီးများကသာ လက်ဝါးကြီးအုပ်ထားခဲ့သည့် ကိုယ့် အမျိုးကောင်းစားရေးစီးပွါးရေးမူဝါဒအောက်တွင် တစ်နိုင်ငံလုံးနလန်မထူနိုင်ဖြစ်ရသည်မှာ ယနေ့အထိဖြစ်သည်။
ဦးသိန်းစိန် အစိုးရလက်ထက်တွင် စီးပွားရေးပြုပြင်ပြောင်းလဲမှုအချို့ကို လုပ်ဆောင်ပေးခဲ့သော်လည်း အခြေခံ လူနေမှု ပြဿနာများအခက်အခဲများကို ပြေလည်အောင် ဖြေရှင်းနိုင်ခြင်းမရှိသေးပေ။
လျော့ပေါ့မှုများအနေဖြင့် ပို့ကုန် အခွန်အချို့ လျော့ပေါ့ပေးလိုက်ခြင်း၊ တရားဝင်ငွေလဲနှုန်းသတ်မှတ်ရန် စီစဉ်နေခြင်း ၊ဘဏ္ဍာရေး လုပ်ဆောင်ချက် အချို့ ပြုပြင်လာခြင်း ၊ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးအလုပ်ရုံဆွေးနွေးပွဲများပြုလုပ်လာခြင်း တို့လုပ်ဆောင်လာသည်ကိုတွေ့ရသော်လည်း အရှုံးဖြင့်ရင်ဆိုင်နေရသည့် ၀န်ဆောင်မှု လုပ်ငန်းများဖြစ်သည့် လောင်စာဆီရောင်းချခြင်း၊ လျှပ်စစ်ဓါတ်အားခ စသည့် အပိုင်းတွင် ဈေးနှုန်းမြှင့်တင်သည့်အဖြစ်ကိုပင် ကြုံတွေ့နေကြရသည်။
ပြည်သူ့ဝန်ထမ်းများဘက်မှာလည်း ပေးထားသည့်လစာက လုံလောက်ပြည့်မှီမှုမရှိသေးသ၍ အကျင့်ပျက်ခြစားမှုကင်းသည့် ကောင်းမွန်သန့်ရှင်းသော အစိုးရတစ်ရပ်ဖြစ်ရေး ဝေးနေဦးမည်သာ။
ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရက အမှန်တကယ်ပြုပြင်ပြောင်းလဲလိုသည်ဆိုလျှင် အတိုက်အခံနှင့် ဆွေးနွေးခြင်း၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ခြင်းတို့နှင့် မပြီးသေးပဲ တိုင်းရင်းသား လူမျိုးစုများနှင့် တိုက်ခိုက်နေသည့် စစ်ပွဲများရပ်ဆိုင်းကာ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာမှသာလျင် သုံးဦးသုံးဖလှယ် တိုင်းပြည်ကောင်းကျိုးကို ဆုံမှတ်တခုမှာ အခြေတည် ဆောင်ရွက်နိုင်မည် ထင်သည်။
လတ်တလောရောက်ရှိနေခဲ့သည့် အမျိုးသားရင်ကြားစေ့ရေးဆိုသည့် ဆုံမှတ်တစ်ခုမှတစ်ဆင့် တိုင်းရင်းသား ဒေသငြိမ်းချမ်းရေးနှင့် စစ်မှန်သော စီးပွါးရေးပြုပြင်ပြောင်းလဲမှုလမ်းကြောင်းတစ်ရပ်ပေါ်သို့ အားလုံးအတူတကွပါဝင်ကာ ဖြေရှင်းသောနည်းလမ်းဖြင့် တစ်ဆင့်တက်ကြရန် အမှန်တစ်ကယ်လိုအပ်နေခဲ့ပြီဖြစ်သည်။ ။

0 comments:
Post a Comment