Thursday, January 12, 2012

13.11.2011 နေ့ဖတ်ရန်သတင်းများ

by Myanmar Journal on Friday, January 13, 2012 at 6:47am
 
 
KNU နဲ့ အစိုးရ အပစ်ရပ်ရေး သဘောတူ လက်မှတ်ထိုး

KNU ကရင်အမျိုးသား အစည်းအရုံးနဲ့ မြန်မာအစိုးရတို့ကြား ပထမဆုံးအကြိမ် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုး နိုင်ခဲ့တယ်လို့ မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် မီးရထား ဝန်ကြီး ဦးအောင်မင်းက ဘီဘီစီကို အတည်ပြု ပြောကြားပါတယ်။
ဒီသဘောတူညီချက်ဟာ ပမာဏအဆင့် ဖြစ်ပြီး၊ အချက်လေးချက် ပါဝင်တယ်လို့ သိရပါတယ်။

လက်မှတ်ထိုးလိုက်တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ထဲမှာ နှစ်ဘက် လက်နက်ကိုင် တွေအကြား အပစ်ရပ်ဖို့၊ နှစ်ဘက်အကြား ဆက်သွယ်ရေးရုံးတွေ ဖွင့်လှစ်ဖို့နဲ့ နှစ်ဘက် ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ တာဝန်ရှိသူ တွေ အပြန်အလှန် သွားလာခွင့် စတဲ့အချက်တွေ ပါဝင် ပါတယ်။
ဒီကနေ့ ဆွေးနွေးပွဲမှာပဲ KNU ဘက်က တောင်းဆိုထားတဲ့ အချက် ၁၁ ချက် ကို မူအားဖြင့် လက်ခံခဲ့ပြီး ပြည်ထောင်စု အဆင့်မှာ ဆက်လက် ဆွေးနွေးသွားဖို့ကို သဘောတူခဲ့ကြ ပါတယ်။
KNU တောင်းဆိုထားတဲ့ အချက် ၁၁ချက်ထဲက တချို့ကတော့ တပြည်လုံး အတိုင်းအတာ အထူးသဖြင့် တိုင်းရင်းသား ဒေသတွေမှာ အပစ်အခတ် အမြန်ဆုံး ရပ်စဲရေး၊ ပြည်သူတွေ အကြောက်တရား ကင်းရေး၊ ပြည်သူပြည်သားတွေအတွင်း ယုံကြည်ရတဲ့ အခြေအနေ တည်ဆောက်ရေး၊ ဒေသတွင်း ဖွံ့ဖြိုးရေးတွေ လုပ်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ သတင်းမီဒီယာတွေကို လွတ်လပ်စွာ သတင်းရယူခွင့် ပြုရေး၊ အတင်း အဓမ္မ လုပ်အားပေး ခိုင်းစေတာ၊ အဓမ္မ ငွေကြေး ကောက်ခံတာမျိုးတွေ မပြုရေး၊ အကျဉ်းသားတွေ လွှတ်ပေး ရေး စတဲ့ အချက်တွေ ဖြစ်ပါတယ်။
KNU ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ မြန်မာအစိုးရ စစ်တပ်ကြား လွတ်လပ်ရေး ရပြီး နောက်ပိုင်းကတည်းက တိုက်ခိုက် ခဲ့ကြတာမို့ နှစ်ပေါင်း ၆၀ ကျော်ကာလအတွင်း ပထမဆုံးအကြိမ် နှစ်ဘက်အကြား အခု သဘောတူညီမှုနဲ့ အပစ်ရပ်နိုင် တော့မှာ ဖြစ်ပါတယ်။
ဒီသဘောတူညီချက်တွေရဖို့ မြန်မာအစိုးရဘက်က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် မီးရထား ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း နဲ့ KNU ဘက်ကတော့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် မူတူးဆေးဖိုးတို့က ဦးဆောင် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
အရင်ကတယောက်နဲ့ တယောက် သံသယ ဖြစ်မှု၊ မယုံမကြည် ဖြစ်မှုတွေ ကြီးထွားခဲ့တဲ့ အတွက် နှစ်ဖက်အကြား သဘောတူတဲ့ အဆင့် မရောက်ခဲ့ကြောင်း၊ အခုတော့ ပြောင်းလဲ လာနေတဲ့ နိုင်ငံရေး အခြေအနေနဲ့ တယောက်နဲ့တယောက် ယုံကြည်မှု အနေအထားအရ ဆက်သွားချင်တဲ့ သဘော ဖြစ်ကြောင်း KNU ငြိမ်းချမ်းရေး အဖွဲ့ အတွင်းရေးမှူး စောဒေးဗစ်ထောက ဘီဘီစီကို ပြောပါတယ်။
ဒါပေမယ့်လည်း ယုံကြည်မှု ဆိုတာ အလုပ်ပေါ်မှာ သက်သေ ပြတာမို့ ခုချိန်မှာ အစိုးရအပေါ် လုံးလုံး ယုံတယ်လို့ ပြောရမှာ စောပါသေးတယ်လို့လည်း ဆိုပါတယ်။
စစ်ပွဲတွေကြောင့် နေရပ်ရင်းကို စွန့်ပြီး ထိုင်းဖက်ခြမ်း ဒုက္ခသည်စခန်းတွေမှာ နှစ်ပေါင်း ဆယ်နဲ့ချီ နေထိုင်နေကြရသူတွေက မြန်မာပြည်ဖက်ခြမ်းမှာ အေးချမ်းသွားပြီ ဆိုရင် သူတို့ရဲ့ နေရပ် မူလရွာတွေမှာ ပြန်အခြေချချင်တယ်လို့ ပြောပါတယ်။
ဒါပေမယ့် ကရင်ပြည်နယ်တွင်းမှာရှိတဲ့ ဒေသခံတချို့ကတော့ သူတို့ရဲ့ အတွေ့အကြုံတွေပေါ် အခြေခံပြီး အခု KNUနဲ့ အစိုးရကြား အပစ်အခတ် ရပ်ရေး သဘောတူချက်ကို သတိနဲ့ ကြိုဆိုတယ်လို့ ဘီဘီစီကို ပြောပါတယ်။

အမေရိကန်စစ်သားတွေရဲ့ လူမဆန်တဲ့လုပ်ရပ် စုံစမ်းစစ်ဆေးနေ
ဒီလုပ်ရပ်တွေဟာ လက်ခံနိုင်စရာမရှိဘူးလို့ ပင်တဂွန် စစ်ဌာနချုပ်ကပြောပါတယ်
အာဖဂန်နစ္စတန်မှာ သေဆုံးနေပြီ ဖြစ်တယ်လို့ ယူဆရတဲ့ တာလီဘန် တိုက်ခိုက်ရေး သမားတွေ အပေါ်ကို အမေရိကန် မရိန်းယူနီဖေါင်း ဝတ်ထားတဲ့ လူလေးဦး ကနေ ကျင်ငယ် စွန့်နေ တဲ့ ဗီဒီယို မှတ်တမ်းတခုနဲ့ ပတ်သက်ပြီး အမေရိကန်စစ်တပ်က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။
အခု ဗီဒီယို ကလစ်နဲ့ပတ်သက်ပြီး အလွန်တရာ စိတ်ပျက်မိကြောင်း ပင်တဂွန်စစ်ဌာနချုပ် ပြောခွင့်ရသူကပြောပြီး၊ အခုလို တွေ့မြင်ရတဲ့ လုပ်ရပ်တွေဟာ လက်ခံနိုင်စရာ မရှိဘူးလို့ ပြောပါတယ်။
နေတိုးအဖွဲ့နဲ့ အာဖဂန် သမ္မတ ဟာမစ် ခါဇိုင်းကလည်း ဒီလုပ်ရပ်အပေါ် ဝေဖန် ရှုတ်ချလိုက် ပါတယ်။
တာလီဘန် ပြောခွင့်ရသူကလည်း ဒီဗီဒီယိုကလစ်နဲ့ ပတ်သက်ပြီး ဒါဟာ ရှက်စရာ ကောင်းပြီး၊ လူမဆန်ဘူးလို့ ဖေါ်ပြပြောဆိုပါတယ်။
ဒါပေမယ့်လည်း ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေအတွက် ကြားဝင် ကြိုးပမ်းဆောင်ရွက် နေတဲ့ အပေါ် ထိခိုက်မှု မရှိပါဘူးလို သူကပြောပါတယ်။

အကျဉ်းသား ၆၅၁ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေး
နိုင်ငံရေး အကျဉ်းသား ဘယ်နှစ်ဦး ပါမယ် ဆိုတာ ကတော့ ရှင်းရှင်းလင်းလင်း မသိရပါ
အကျဉ်းသား ၆၅၁ ကို သောကြာနေ့က စပြီး လွတ်ငြိမ်း ချမ်းသာခွင့်ပြုလိုက် ကြောင်း သမ္မတ ဦးသိန်းစိန်ရဲ့ အမိန့်ကို အစိုးရ ရုပ်သံ သတင်းကနေ ကြာသပတေးနေ့ ညနေပိုင်းက ကြေညာ သွားပါတယ်။
အခုအကျဉ်းသားတွေကို ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ၄၀၁ ပုဒ်မခွဲ ၁ အရ သောကြာနေ့မှာ ပြန်လွှတ်ပေးမှာ ဖြစ်ပါတယ်။
နိုင်ငံတော်တည်ငြိမ်ရေးနဲ့ ထာဝရငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး၊ အမျိုးသားပြန်လည် စည်းလုံးရေး၊ နိုင်ငံရေးမှာ အားလုံးပါဝင်နိုင်ခွင့် ရရှိစေရေးနဲ့ လူသားချင်းစာနာ ထောက်ထားမှုကို အလေးပေးတဲ့အနေနဲ့ သမ္မတက အခုလို လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်တာ ဖြစ်ကြောင်း ကြေညာချက်မှာ ဖေါ်ပြ သွားပါတယ်။
ဒါပေမယ့်လည်း ပြန်လွှတ်ပေးမယ့် အကျဉ်းသားတွေထဲမှာ နိုင်ငံရေး အကျဉ်းသား ဘယ်နှစ်ဦး ပါမယ်ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရပါ။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ တိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးတို့အပါအဝင်၊ တခြား အထင်ကရ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွတ် လာနိုင်တယ်လို့ ပြည်တွင်း နိုင်ငံရေး အသိုင်းအဝိုင်းက ခန့်မှန်းပြောဆိုနေကြပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ ရက်နေ့က သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသား ၆၆၅၆ ဦးကို ပြန်လွှတ်ပေးရာမှာ နိုင်ငံရေးအကျဉ်းသား အနည်းအကျဉ်းသာ ပါခဲ့တဲ့ အတွက် ဝေဖန်ပြောဆိုမှုတွေ ရှိနေရာ၊ အခုတခါ နောက်ထပ် လွတ်ငြိမ်းချမ်းသာခွင့် ထပ်မံပေးခဲ့တာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးအတွက် ABSDF ကို အစိုးရကမ်းလှမ်း
ပြည်သူလူထုရဲ့ ဆန္ဒတွေကို အကောင်အထည် ဖေါ်မှာ ဖြစ်တယ်လို့ ABSDF ပြော
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ အစိုးရဘက်က ကမ်းလှမ်းခဲ့တယ်လို့ ABSDF ဒုဥက္ကဌ ကိုမျိုးဝင်းက ဘီဘီစီကိုပြောပါတယ်။
အစိုးရဘက်ကနေ စာအား၊ နှုတ်အားဖြင့် ABSDF ကို ဆက်သွယ်ဆောင်ရွက်မှုတွေ ရှိနေပြီ ဆိုတာကို၊ ပြည်သူလူထု တရပ်လုံးကို အသိပေးလိုပါကြောင်း ကိုမျိုးဝင်းက ပြောပါ တယ်။
နိုင်ငံတကာမှာ လှုပ်ရှားနေတဲ့ လူငယ်ထု၊ ကျောင်းသားထု အားလုံးကို ကိုယ်စားပြု ဖေါ်ဆောင်နိုင်ဖို့ ပြင်ဆင်ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။
အခုလိုဆောင်ရွက်ရာမှာ ပြည်သူလူထုရဲ့ ဆန္ဒသဘောထားတွေဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးကိစ္စ၊ တပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲ ရေးကိစ္စ၊ မတရားတဲ့ ဥပဒေတွေ ပြင်ဆင်နိုင်ရေးနဲ့ ပြည်သူလူထု လက်မခံနိုင်တဲ့ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကိစ္စတို့ကို ဆောင်ရွက်မှာ ဖြစ်တယ်လို့ဆိုပါတယ်။
KNU အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အစိုးရအကြား အပစ်အခတ် ရပ်စဲ ရေးဟာလည်း နိုင်ငံရေး ပြဿနာကို တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်ဖို့ အတွက် အစပြုတဲ့ ကြိုးပမ်းချက် တခုသာ ဖြစ်ကြောင်း သူကပြောပါတယ်။
အပစ်အခတ် ရပ်စဲရေး တခုတည်းနဲ့ နိုင်ငံရေး ပြဿနာတွေ ပြေလည်သွားမှာ မဟုတ် ကြောင်းနဲ့၊ တဖွဲ့ချင်း အပစ်အခတ်ရပ်စဲရေးကနေ တပြည်လုံး အတိုင်းအတာနဲ့ အပစ်ရပ်စဲဖို့ အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးကလည်း ဆက်လက် ကြိုးပမ်းလိမ့်မယ် လို့ မျှော်လင့်ကြောင်း သူကပြောပါတယ်။
KNU နဲ့ ABSDF တို့ဟာ နှစ်ပေါင်း ၂၃ နှစ်ကျော် အတူလက်တွဲ လှုပ်ရှားလာတာဖြစ်လို့၊ အခုလို KNU က အစိုးရနဲ့ အပစ်ရပ်ရေး သဘောတူလိုက်တာကြောင့် ABSDF အပေါ် ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ မရှိနိုင်ဘူးလို့ ဆိုပါတယ်။

အီရန်က ရေနံတင်သွင်းမှု ဂျပန်လျှော့ချမယ်
တခြားပင်လယ်ကွေ့ နိုင်ငံတွေက ဂျပန်ကို ရေနံပိုမို တင်သွင်းဖို့ မစ္စတာအာဇူမီက ပြော
အီရန်ရဲ့ ရေနံတင်သွင်းမှုကို ဂျပန်ကနေ လျှော့ချ ဝယ်ယူတော့မှာ ဖြစ်တယ်လို့ ဂျပန် ဘဏ္ဍာရေးဝန်ကြီး ဂျွန်အာဇူမီက ပြောကြား လိုက်ပါတယ်။
အီရန်ကနေ ဒုတိယအများဆုံး ရေနံ ရောင်းချ နေတဲ့ နိုင်ငံဟာ ဂျပန်နိုင်ငံ ဖြစ်ပါတယ်။
အခုလို ဂျပန်က ရေနံလျှော့ချဝယ်ယူမှာ ဖြစ်တဲ့အတွက် သူ့အနိုင်ငံ အတွက် ရေနံ လိုအပ်မှု မဖြစ်ရအောင် ပင်လယ်ကွေ့ အာရပ်နိုင်ငံတွေ အနေနဲ့ ဂျပန်ကို ရေနံပိုမို တင်သွင်းဖို့ မစ္စတာ အာဇူမီက တိုက်တွန်း လိုက်ပါတယ်။
မစ္စတာ အာဇူမီဟာ ဂျပန်ကိုအလည်အပတ်ရောက်ရှိနေတဲ့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး Timothy Geithner နဲ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံဟာ အီရန်ရဲ့ ရေနံထုတ်လုပ်မှုကို ပစ်မှတ်ထား ပိတ်ဆို့ အရေးယူဖို့ အရေး၊ ဂျပန်ရဲ့ ထောက်ခံမှုကို ရရှိအောင် ကြိုးပမ်းဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။
အီရန်ရဲ့ အငြင်းပွားဖွယ်ဖြစ်နေတဲ့ နျူးကလီးယား အစီအစဉ်နဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့ စိုးရိမ်မှုတွေကို အီရန်ဟာ မဖြေရှင်းနိုင်ခဲ့ဘူးလို့ အမေရိကန်ကပြောပါတယ်။

Debt Showdown Speaker of the House John Boehner, R-Ohio, left, and Senate Republican leader Mitch McConnell of Kentucky, appear at a news conference as the debt crisis goes unresolved on Capitol Hill in Washington, Saturday, July 30, 2011. (AP Photo/J. Scott Applewhite) AP2011အမေရိကန်အမတ် Mitch McConnell မြန်မာပြည်သွားမည်
By ဗွီအိုအေ(မြန်မာဌာန)
အမေရိကန်ပြည်ထောင်စုက ရီပတ်ဘလစ်ကန်ပါတီရဲ့ အထက်လွှတ်တော် ခေါင်းဆောင် Mitch McConnell ရှေ့တပတ်ထဲ မြန်မာနိုင်ငံကိုသွားဖို့ ရှိပါတယ်။
အမေရိကန် ပြည်ထောင်စုက မြန်မာအစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေအပေါ် အားပေးထောက်ခံခဲ့ သူလည်းဖြစ်၊ မြန်မာအစိုးရအပေါ် ပွင့်ပွင့်လင်းလင်း ဝေဖန်လေ့ရှိသူ တဦးလည်းဖြစ်တဲ့ အထက် လွှတ်တော်အမတ် McConnell ဟာ တနင်္ဂနွေနေ့ကနေ ဗုဒ္ဓဟူးနေ့အထိ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်တယ်လို့ ကြာသပတေးနေ့ကပဲ ကြေညာချက်တစောင် ထုတ်ပြန်ပြောဆို လိုက်တာပါ။
ခရီးစဉ်အတွင်းမှာတော့ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့သာမက မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ ဦးဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု တွေ လုပ်ဆောင်မယ်လို့ ကတိပြုထားတဲ့ မြန်မာအစိုးရနဲ့ အမေရိကန်အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀န်းက ဆက်ဆံရေးတွေ တိုးမြှင့်လာရာက နိုင်ငံတကာ သံတမန်တွေ မြန်မာနိုင်ငံတွင်း ဆက်တိုက်ဆိုသလို သွားရောက်နေတဲ့အထဲ အထက်လွှတ်တော်အမတ် McConnell ကိုလည်း နောက်ဆုံးအဖြစ်နဲ့ တွေ့ရတာပါ။
ဒီတပတ်ထဲမှာပဲ ဒီမိုကရက်ပါတီ အောက်လွှတ်တော် အမတ်တဦးဖြစ်တဲ့ Joseph Crowley လည်း မြန်မာနိုင်ငံကို သွားရောက်ပြီး ကြာသပတေးနေ့မှာတော့ နိုင်ငံရေး အကျဉ်းသားမိသားစုတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီကနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံဖို့ စီစဉ်ထားတာပါ။
တချိန်တည်းမှာပဲ အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံကိုယ်စားလှယ် Derek Mitchell လူကုန်ကူးမှုဆိုင်ရာ အမေရိကန် သံအမတ်ကြီး Luis CdeBaca တို့လည်း မြန်မာနိုင်ငံကို ရောက်ရှိနေပြီး အစိုးရတာဝန်ရှိသူတွေအပြင် ဒေါ်အောင်ဆန်းစုကြည် နဲ့လည်း တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့စီးပွားရေး မရေရာမှုကြောင့် စားကုန်ဈေးခန့်မှန်းရခက်
By ဗွီအိုအေ(မြန်မာဌာန)
ကုလသမဂ္ဂရဲ့ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) ရဲ့ ကြာသပတေးနေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ စားသောက်ကုန် ဈေးနှုန်းတွေ ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲ ၂.၄% ကျဆင်းသွားတဲ့အကြောင်း ဖော်ပြပါတယ်။
ဝယ်လိုအား ကျဆင်းမှုတွေနဲ့အတူ နှံစားသီးနှံ၊ သကြားနဲ့ စားသုံးဆီ ထုတ်လုပ်မှုတွေ တိုးတက်လာတဲ့အတွက် အခုလို ကျဆင်းရတာလို့လည်း ပြောခဲ့တာပါ။ ပျမ်းမျှ ကုန်ဈေးနှုန်း ပမာဏဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ အမြင့်ဆုံးတက်ခဲ့တဲ့ အချိန်နဲ့ယှဉ်ရင် ၁၁% အထိ ကျဆင်းသွားတာ ဖြစ်ပေမဲ့ ပုံမှန်ရှိသင့်တာထက်တော့ မြင့်မားနေဆဲပဲလို့လည်း FAO အစီရင်ခံစာက ဖော်ပြပါတယ်။ ကမ္ဘာ့စီးပွားရေး အခြေအနေ၊ စွမ်းအင်ဈေးနှုန်းတွေမှာ မရေရာမှုတွေကြောင့် ကုန်ဈေးနှုန်းတွေကို ခန့်မှန်းရတာဟာလည်း ပိုပြီး ခက်ခဲလာနေတယ်လို့ ပြောပါတယ်။
ကမ္ဘာတလွှားက အဓိကနိုင်ငံကြီးတွေမှာ စီးပွားရေး ဖွံ့ဖြိုးမှုတွေ ဆက်လက် နှေးကွေးနေဦးမှာ ဖြစ်ပေမဲ့ အမေရိကန်၊ ဂျပန်နဲ့ရုရှားနိုင်ငံတွေမှာတော့ တိုးတက်တဲ့ လက္ခဏာတချို့ တွေ့မြင်နေရတယ်လို့ နောက်ဆုံးထုတ်ပြန်လိုက်တဲ့ စီးပွားရေး အစီရင်ခံစာတစောင်က ဖော်ပြလိုက်ပါတယ်။
ပြင်သစ်နိုင်ငံအခြေစိုက် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးရေးအဖွဲ့ (OECD) က ကြာသပတေးနေ့မှာ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာတော့ ကမ္ဘာ့ဒုတိယ စီးပွားရေးအင်အား အကြီးဆုံး တရုတ်နိုင်ငံမှာ ဒီနှစ်ဆန်းပိုင်း ဖွံ့ဖြိုးမှုတွေ လျော့ကျခဲ့တာမို့ တိုးတက်မှုတွေ အားနည်းမယ့် လက္ခဏာတွေကို ညွှန်ပြနေတယ်လို့ ဖော်ပြခဲ့တာပါ။ ဥရောပမှာ စီးပွားရေး အင်အားအကောင်းဆုံး ဖြစ်တဲ့ ဂျာမဏီနိုင်ငံအပါအ၀င် ယူရိုငွေကြေးသုံး ၁၇ နိုင်ငံမှာ စီးပွားရေး အခြေအနေတွေ ကျဆင်းနေတယ်လို့လည်း နိုင်ငံပေါင်း ၃၄ နိုင်ငံက အဖွဲ့ဝင်အဖြစ် ပါဝင် ဖွဲ့စည်းထားတဲ့ OECD က ပြောပါတယ်။ ဒါပေမဲ့လည်း ကမ္ဘာပေါ်က စီးပွားရေး အင်အားအကောင်းဆုံး ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုသာမက ရုရှားနဲ့ဂျပန်နိုင်ငံတွေမှာ အပေါင်းလက္ခဏာကို ဦးတည်စပြုလာနေတယ်လို့လည်း အစီရင်ခံစာသစ်က ဖော်ပြခဲ့တာပါ။

လွတ်ငြိမ်းချမ်းသာခွင့်မှာ နိုင်/ကျဉ်းတွေပါဝင်မည်ဟု မျှော်လင့်
By မသင်းသီရိ

အင်းစိန်အကျဉ်းထောင်ရှေ့ကမှာ စောင့်မျှော်နေကြသည့် နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များ
မနက်ဖြန် ဇန်န၀ါရီ ၁၃ ရက်ကစလို့ အကျဉ်းသား ၆၅၁ ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်ပေးမယ်လို့ မြန်မာ့ရုပ်မြင်သံကြားမှာ ဒီကနေ့ ဇန်န၀ါရီ ၁၂ ရက် ညနေပိုင်းက ကြေညာသွားပါတယ်။ အခုတခေါက် ထုတ်ပြန်လိုက်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဟာ အရင်ထုတ်ပြန်ခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်လို ထောင်ဒဏ်လျော့ပေါ့တာမျိုးမဟုတ်လို့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေကြတဲ့ နိုင်ငံရေးအကျဉ်းသားအများစု ပါလာနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်တွေလည်း ရှိနေပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့   မသင်းသီရိက တင်ပြပေးထားပါတယ်။
ဇန်န၀ါရီ ၁၂ ရက် ကြာသာပတေးနေ့ ညနေ ၆နာရီ မှာ မြန်မာရရုပ်မြင်သံကြားကနေ  အကျဉ်းသား ၆၅၁ ယောက်ကို မနက်ဖန် ဇန်န၀ါရီ ၁၃ ရက်နေ့ကနေ လွှတ်ပေးမယ်လို့ ကြေညာခဲ့ပါတယ်။
. လူသားချင်းစာနာထောက်ထားမှုကို အလေးပေးသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်ရဲ့မေတ္တာနဲ့စေတနာကို နားလည်ကြပြီး နိုင်ငံတော်သစ်တည်ဆောက်ရေးမှာ တဘက်တလမ်းမှ အထောက်အပံ့ဖြစ်စေတဲ့ နိုင်ငံသားများအဖြစ်သို့ ပြုပြင်ပြောင်းလဲနိုင်စေရေး အတွက်လည်းကောင်း ရည်ရွယ်ပြီး အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်အသီးသီး ကျခံလျှက်ရှိသော အကျဉ်းသား အကျဉ်းသယ ၆၅၁ ဦးအား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ.
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ သူတို့ရဲ့စာရင်းအရ အကျဉ်းထောင်တွေအတွင်းမှာ နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော် ရှိနေတယ်လို့ NLD ပါတီရဲ့ သဘာပတိအဖွဲ့ဝင်တဦးဖြစ်တဲ့ သတင်းစာဆရာကြီးဦးဝင်းတင်က ပြောပါတယ်။
“ကျနော်တို့ကတော့ ဘာမှမသိဘူးဗျာ။ နိုင်ငံရေးအကျဉ်းသားတွေ ပါမလား၊ မပါမလားဆိုတာ ရင်တမမနဲ့ စောင့်ကြည့်နေပါတယ်။ ကျနော်တို့အဖွဲ့ချုပ်ရဲ့သတ်မှတ်ချက်ကတော့ နိုင်ငံရေးအကျဉ်းသားပေါင်း ၅၀၀ ကျော်ကျန်နေပါသေးတယ်လို့ ပြောချင်ပါတယ်”
ဒါကတော့ NLD ပါတီက သဘာပတိအဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးဝင်းတင်ပါရှင်။ ဒါဟာ မြန်မာအရပ်သားအစိုးရ တက်လာပြီး စတ္တုထအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာလည်းဖြစ်ပါတယ်။ အခုတခေါက်ထူးခြားချက်ကတော့ အရင် ၃ ကြိမ်ပေးခဲ့ဖူးတဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်တွေလို ကန့်သတ်ချက်တွေ လျှော့ပေါ့ချက်လို သတ်မှတ်ချက်တွေမပါတော့ အများတောင်းဆိုနေတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့  နိုင်ငံရေးအကျဉ်းသားတွေ အများစုပါလာနိုင်၊ မျှော်လင့် နိုင်တယ်လို့ ရန်ကုန်တိုင်းမ်ဂျာနယ်အယ်ဒီတာ ဦးကိုကို(စက်မှု)က သုံးသပ်ပါတယ်။ ဒီလိုထူးခြားမှုတွေ ဆက်စပ်မယ် ဆိုရင်လည်း ဒီကနေ့ဟာ ကရင်အမျိုးသားအစည်းအရုံး  KNUနဲ့ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးအဖွဲ့တို့ ပဏာမအဆင့် သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့အပြီး ညနေပိုင်းမှာ လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။
“အရင်ဟာတွေကတော့ ရက်လျှော့ပေါ့ပေးလိုက်တာ၊ ဘယ်နှစ်နှစ်၊ ဘယ်လိုလျှော့လိုက်တာ စသည်ဖြင့် ပါပါတယ်။ အခုကတော့ အဲလိုမဟုတ်ဘဲနဲ့ တကယ့်ကို totally ပါပဲ။ Absolute Amnesty လို့တောင် ပြောလို့ရပါတယ်။ တကယ့် လွတ်ငြိမ်းချမ်းသာခွင့်အစစ်၊ ကျနော်တို့အားလုံးမျှော်လင့်တောင့်တနေတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျသူများ ပေါ့လေ၊ နိုင်ငံရေးအကျဉ်းသားလို့ပဲခေါ်ခေါ် အဲဒီလူတွေ အများစုပါလာနိုင်မယ့် လွတ်ငြိမ်းချမ်းသာခွင့်လို့တော့ ကျနော်ကတော့ ထင်နေပါတယ်။ ယုံလည်းယုံကြည်ပါတယ်”
ဒီလိုသုံးသပ်ချက်တွေအပြင်  ရုတ်တရက်ထုတ်ပြန်လိုက်တဲ့  ဒီကြေညာချက်ကြောင့် သတင်းထောက်တွေကလည်း နံမည်ကြီး နိုင်ငံရေးအကျဉ်းသားတွေရှိတဲ့နယ်ထောင်တချို့ကို မနက်ဖြန်မှာ သွားစောင့်ကြမယ်လို့လည်း ပြောပါတယ်။ အခုလွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ချက်ထွက်အပြီး နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေဆီ ထောင်အာဏာပိုင်တွေ ဆက်သွယ်တာမျိုး မရှိပေမယ့် မိသားစုဝင်တွေကတော့ လွတ်လာကြမလားလို့ မျှော်လင့်နေကြတယ်လို့ သရက်ထောင်မှာ နှစ်ရှည်အကျဉ်းချခံထားရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့အမ ဒေါ်ကြည်ကြည်ညွန့်က ပြောပါတယ်။
“ကျမတို့မိသားစုဝင်တွေအနေနေ့တော့ ဘာမှ ထူးထူးခြားခြားသိရတာ မရှိပါဘူး။ ကိုယ်တဦးတည်းမဟုတ်ပါဘူး။ တခြားမိသားစုဝင်တွေရော အားလုံးအတူတူပါပဲ။ ဘယ်သူတွေပါတယ်၊ ဘယ်သူတွေမပါဘူးဆိုတာ အတိအကျ မသိသေးဘူးပေါ့နော်။ နောက်ပြီးတော့ ၁၃ ရက်နေ့မှ စလွှတ်မယ်လို့လည်း ပြောထားလို့ပေါ့လေ။ ဘာပဲဖြစ်ဖြစ် အားလုံးကတော့ ကိုယ့်လူ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ လွတ်လာတဲ့သူတွေအားလုံးအပေါ်မှာ မုဒိတာပွားပြီးတော့ ဝမ်းသာပေးကြရမှာပါပဲ”
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကို မင်းကိုနိုင်ရဲ့အမ ဒေါ်ကြည်ကြည်ညွန့်ပါ။ ဒီိလို ၈၈ မျိုးဆက် ကျောင်းသား မိသားစုတွေအပြင် တိုင်းရင်းသားခေါင်းဆောင်တွေလည်း လွတ်လာကြမလားလို့ စောင့်နေကြကြောင်း ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက ပြောခွင့်ရသူ ဦးစိုင်းလိတ်ကပြောပါတယ်။ ထူးခြားတဲ့ ဒီကြေညာချက်ကြောင့် ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦးနဲ့တခြားသူတွေရှိတဲ့ နယ်ထောင်တွေဆီ ဆက်သွယ်မေးမြန်းနေတယ်လို့ပြောပါတယ်။
“အခုချိန်ထိတော့ ထူးထူးခြားခြား ကျနော့်တို့ကို ဆက်သွယ်လာတာ မရှိသေးပါဘူး။ မျှော်လင့်သလားဆိုတော့ မျှော်လင့်တာပေါ့ဗျာ၊ အားလုံးကိုပဲ နိုင်ငံရေးအကျဉ်းသားတွေ အကုန်လုံးကိုလွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နိုင်ငံရေးကိစ္စတွေမှာ အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ဖို့အတွက် ရည်ရွယ်ပြီးတော့မှ လွှတ်တယ်ဆိုတဲ့ အသုံးအနှုန်းလေးတွေပါလာတာ တွေ့ရတဲ့အတွက်ကြောင့်မိုလို့ နိုင်ငံရေးအကျဉ်းသားတွေ အကုန်လုံးမဟုတ်တောင်မှ တော်တော်များများတော့ ပါလာလိမ့်မယ်လို့ ဒီအတိုင်းပဲ သုံးသပ်ပါတယ်”
SNLD ပါတီပြောခွင့်ရသူ ဦးစိုင်းလိတ်ပါ။ မြန်မာအစိုးရတက်လာပြီးတဲ့နောက် ၂၀၁၁ မေလ ၁၆ ရက်နေ့က လွတ်ငြိမ်း ချမ်းသာခွင့်တကြိမ် ၂၀၁၁ ထဲမှာပဲ အောက်တိုဘာ ၁၁ ရက်နေ့မှာ ဒုတိယအကြိမ်ထုတ်ပြန်ခဲ့သလို ၂၀၁၂ နှစ်ဆန်း ဇန်န၀ါရီ ၂ ရက်နေ့မှာ တတိယအကြိမ်ထုတ်ပြန်အပြီး အခု ၁၀ ရက်အကြာမှာ စတ္တုထအကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ခဲ့ပေမယ့် သာမာန်ရာဇ၀တ်မှုနဲ့ ကျနေသူတွေသူသာ အများစုလွတ်လာပြီး နိုင်ငံရေးအကျဉ်းသားတွေ မပါဝင်တာမို့ ဝေဖန်မှုတွေလည်း အတော်လေးရှိခဲ့ပါတယ်။

နိုင်/ကျဉ်း မိသားစုဝင်များအား အမေရိကန် အောက်လွှတ်တော်အမတ် တွေ့ဆုံ
လင်းသန့် on January 12,
အမေရိကန် ပြည်ထောင်စု အောက်လွှတ်တော် အမတ် မစ္စတာ ဂျိုး ခရိုလီနှင့် အဖွဲ့သည် ယနေ့ ညနေ ၄ နာရီက နိုင်ငံရေး အကျဉ်းသား မိသားစုဝင် တချို့နှင့် ရန်ကုန်တွင်တွေ့ဆုံခဲ့သည်။

အမေရိကန် အောက်လွှတ်တော် အမတ် မစ္စတာ ဂျိုး ခရိုလီ (ဓာတ်ပုံ - crowley.house.gov)
နှစ်ရှည် ထောင်ဒဏ်ကျခံနေရ သော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် များဖြစ်သည့်  ကိုပြုံးချို၊ ကိုမြအေး၊ ကိုမင်းဇေယျ၊ မမီးမီး (ခ) မသင်းသင်းအောင်၊ ကိုဒီငြိမ်းလင်း၊ ကိုစည်သူဇေယျ အစရှိသည်တို့၏ မိသားစုဝင်များနှင့် အတူ ရန်ကုန်မြို့က နိုင်ငံရေး အကျဉ်းသားဟောင်း ရှေ့နေ ဦးအောင်သိန်း အပါအ၀င် စုစုပေါင်း ၁၂ ဦးတို့အား မစ္စတာ ခရိုလီနှင့်အဖွဲ့က  ရန်ကုန်မြို့ အမှတ် ၁၄ တော်ဝင်လမ်းရှိ အမေရိကန် စင်တာ၌ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
“ကျနော်တို့ ၁ နာရီကျော် တွေ့ကြတယ်။ အဓိကသူက တရားဥပဒေ ကိစ္စတွေမေးတာဆွေးနွေးဖြစ်တယ်။ နိုင်ငံရေး အကျဉ်းသားကိစ္စတွေ လွတ်ရေးနဲ့ တိုင်းရင်းသားဒေသတွေမှာ ငြိမ်းချမ်းရေးရဖို့ ကိစ္စတွေကိုလည်း အဓိကထား ဆွေးနွေးတယ်” ဟု ရှေ့နေ ဦးအောင်သိန်းက ဧရာဝတီသို့ ပြောသည်။
အကျဉ်းကျ ၈၈ မျိုးဆက်ကျောင်းသားများ၏ မိသားစုဝင်များကလည်း လွတ်ငြိမ်းချမ်းသာရေးကိစ္စ၊ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ကိစ္စ၊ အကျဉ်းထောင်များရှိ နိုင်ငံရေးအကျဉ်းသားများ အခြေအနေ၊ ထောင်ဝင်စာ သွားရောက်တွေ့နေ ရသည့် ဒုက္ခများကို ဆွေးနွေးပြောဆိုခဲ့ကြောင်း ဒီငြိမ်းလင်း၏ မိခင် ဒေါ်ဌေးဌေးဝင်းက ဆိုသည်။
ဒီမိုကရေစီ နိုင်ငံထူထောင်ရာတွင် အတူပူးပေါင်း လက်တွဲ လုပ်ဆောင်နိုင်ရန်အတွက် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံး လွှတ်ပေးရေးသည် အရေးကြီးကြောင်း မစ္စတာ ခရိုလီက ပြောခဲ့သည်ဟု ဆွေးနွေးပွဲတွင် ပါဝင်သူများက ပြောသည်။
နိုင်ငံရေး အကျဉ်းသား၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များနှင့် ၎င်းတို့ အမြန်ဆုံး ပြန်လည်လွတ်မြောက်ရေး၊ တရားရင်ဆိုင်ရပုံ၊ ထောင်တွင်း နေထိုင်ရသည့် ပုံစံ စသည်တို့ကို ဥပဒေရှုဒေါင့်မှ အသေးစိတ် မေးမြန်းဆွေးနွေးခဲ့ကြသည်ဟု ဦးအောင်သိန်းက ဆိုသည်။
“သူကတော့ ထိတွေ့ ဆက်ဆံမှုကို လုပ်နေတာပဲဗျ။ ဘယ်လောက်အောင်မြင်မယ်၊ မအောင်မြင်ဘူး ဆိုတာ လောလောဆယ် ပြောလို့မရသေးဘူး။ အမေရိကန်အနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ ထိတွေ့ဆက်ဆံလာ တာ ကောင်းပါတယ်။ ဒါပေမယ့် ဘယ်လောက်အထိ ထဲထဲဝင်ဝင် ပြုပြင်ပြောင်းလဲရေးတွေကို တွန်းအားပေးနိုင်မလဲ ဆိုတာတော့ ကျနော်တို့ ပြောလို့မရပါဘူး” ဟု ဦးအောင်သိန်းက ဆက်ပြောသည်။
မစ္စတာ ခရိုလီနှင့်အတူ ရန်ကုန်ရှိ အမေရိကန်သံရုံးမှ တာဝန်ရှိသူတချို့လည်းပါဝင်းကြောင်း၊ ယခုကဲ့သို့ နွေးထွေးစွာ တွေ့ဆုံ ပြောဆိုခဲ့ရသည်ကို အားရကျေနပ် ကြကြောင်း ဆွေးနွေးပွဲတွင်ပါဝင်ခဲ့သူများထံမှ သိရသည်။
မစ္စတာ ဂျိုး ခရိုလီသည် ယနေ့ ဇန်န၀ါရီလ ၁၂ ရက်နေ့မှ စတင်ကာ ၂ ရက်တာ ခရီး အစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိနေခြင်း ဖြစ်သည်။
ယနေ့ညနေ မြန်မာ့ရုပ်မြင်သံကြား၏ ၆ နာရီသတင်းတွင် နိုင်ငံတော်သမ္မတ အမိန့်ဖြင့် အကျဉ်းသား ၆၅၁ ဦးကို မနက်ဖြန် ဇန်နဝါရီ ၁၃ ရက်နေ့မှ စတင်လွှတ်ပေးမည်ဟု ကြေညာခဲ့သည်။ ထိုအထဲတွင် နိုင်ငံရေးအကျဉ်းသား မည်မျှ ပါဝင်မည်ကို မသိရသေးပေ။

Copyright 2006ကချင်စစ်ဘေး ဒုက္ခသည်များအား ပရဟိတအသင်းများက ဒုတိယအကြိမ်လှူဒါန်း
ရန်ပိုင် on January 12, 2012
တိုက်ပွဲကြောင့် ထွက်ပြေးနေရသည့် ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ ဒုက္ခသည်များကို ရန်ကုန်နှင့် မန္တလေး အခြေစိုက် လူမှုရေး ပရဟိတ အသင်းများက ဒုတိယအကြိမ်အဖြစ် ယနေ့တွင် သွားရောက်လှူဒါန်းကြောင်း သတင်းရသည်။
ကချင်ပြည်နယ် လိုင်ဇာ ဒေသရှိ စစ်ပြေး ဒုက္ခသည် ကလေးများ (ဓာတ်ပုံ - Edith Mirante)
ယခုလှူဒါန်းမှုတွင် ဦးကျော်သူဦးဆောင်သည့် ရန်ကုန် နာမှုကူညီရေးအသင်း၊ မန္တလေးမြို့ရှိ ဘ၀အလင်း ပရဟိတ အသင်းနှင့် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ကြပြီး ငွေကျပ်သိန်း ၃၀၀ ကျော် နှင့် ဆန်အိတ် ၆၄ အိတ်၊ ကျပ် သိန်း ၁၀၀ နီးပါး တန်ဘိုးရှိသည့် အနွေးထည်၊ စောင်နှင့် အ၀တ်အထည်များအပြင် အစားအသောက်များ ပါဝင်ကြောင်းသိရသည်။
ဗန်းမော်မြို့ပေါ်ရှိ ခရစ်ယာန်ဘုရားကျောင်း ၆ ကျောင်းတွင် ဒုက္ခသည် စခန်းများ ဖွင့်လှစ်ထားပြီး ဦးတူးဂျာဦး စီးသည့် ရောဘတ် ဘုရားကျောင်းတွင် ဒုက္ခသည် ဦးရေ ၁၇၂၀ ရှိကြောင်း သွားရောက်ကူညီနေသည့် ဘ၀အလင်း ပရဟိတအသင်းမှ မယုက ပြော သည်။
“အဆုတ်၊ တီဘီ၊ ငှက်ဖျားရောဂါဖြစ်နေတဲ့ လူနာ ၈၀ လောက်ရှိတယ် ဆရာဝန်လုံးဝမရှိဘူး။ အစားအသောက်အတွက် အလှူရှင် နည်းနည်းပဲ လာတယ်။ စခန်းတာဝန်ခံကိုယ်တိုင်က အခြေအနေကို မထိန်းနိုင်တော့ဘူး” ဟု သူကဆိုသည်။
ဒုက္ခသည်များအတွက် နေ့စဉ် ဆန်နှင့်ဆီကိုသာ ပေးအပ်နိုင်ပြီး တနေ့လျှင် ဆန် ၁၄ အိတ် ကုန်ကျကြောင်း၊ လက်ရှိအခြေအနေ တွင် ဆန်ပြတ်လပ်မှုနှင့် ကြုံတွေ့နေရကြောင်း၊ ဒုက္ခသည် မိသားစုတချို့မှာ ဗန်းမော်မြို့ပေါ် ရပ်ကွက်များအတွင်း အ၀တ် လျှော်ခြင်း၊ ကာယလုပ်သားအဖြစ် ၀င်ရောက်လုပ်ကိုင်ခြင်းများ ပြုလုပ်နေရကြောင်း မယုကဆက်ပြောသည်။
ဒုက္ခသည်အများစုမှာ နမ့်ဆန်ယန်တောင်ပေါ် ဒေသမှ ဖြစ်ပြီး ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင် ပိုမိုများပြားကြောင်း၊ ယခုအခါ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ဗန်းမော်မြို့ရှိ ဒေသခံဆရာဝန်ကို အကူအညီတောင်းထားကြောင်း သိရသည်။
အဆိုပါ ဒုက္ခသည်စခန်းများသည် မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ စတင်တိုက်ပွဲ ဖြစ်ပွားခဲ့သည့် ဇွန်လနောက်ပိုင်းတွင် ဖွင့်လှစ်ခဲ့ရခြင်း ဖြစ်သော်လည်း ကချင်ပြည်နယ် အစိုးရနှင့် ဒေသဆိုင်ရာ အာဏာပိုင်များထံမှ ကူညီမှု အနည်းငယ်သာ ရရှိကြောင်းသိရသည်။
ဘ၀အလင်း ပရဟိတအသင်းမှ ဆရာတော် ဦးဥတ္တမသာရ ကလည်း “ဘာသာခြားတွေကို စည်းရုံးတဲ့အနေနဲ့ သာသနာပြုတဲ့ပုံစံမျိုး လှူဒါန်းတာ မဟုတ်ပါဘူး။ လူသားချင်း စာနာတဲ့အနေနဲ့ ကိုယ့်နိုင်ငံထဲမှာ ဒုက္ခရောက်နေသူကို အကူအညီပေးတဲ့ သဘောပါ” ဟု မိန့်သည်။
ယခုကဲ့သို့ လှူဒါန်းနိုင်ရန်အတွက် ဘ၀အလင်း ပရဟိတအသင်းသားများ အနေဖြင့် သန့်ရှင်းရေးနှင့် လုပ်အားပေးလုပ်ငန်းတချို့ကို ပြုလုပ်ပြီး ရန်ပုံငွေရှာဖွေ ခဲ့ရကြောင်း၊ လူမှုရေးလုပ်ကိုင်နေသည့် ပရဟိတ အသင်းများ အနေဖြင့် သဘာဝ ဘေးအန္တရာယ် ကျရောက်ခြင်းနှင့် ပတ်သက်သည့် ဒုက္ခသည်များကို ကူညီရသည်မှာ ပိုမိုသဘာဝကျသည်ဟု ထင်ကြောင်း၊ မိမိ အတ္တကို ရှေ့တန်းတင်၍ တိုက်ခိုက်နေသည့် တိုက်ပွဲများကို ရပ်ဆိုင်းစေလိုကြောင်း ဆရာတော်က ဆက်လက် ပြောဆိုသည်။
ဗန်းမော်မြို့နှင့် ၁၅ မိုင်ခန့်ကွာသည့် မန်စီဒေသတွင် လွန်ခဲ့သည့်နှစ်ရက်ခန့်က တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ ကူညီရေး ပစ္စည်းများ တင်ဆောင်လာသည့် ကားတန်းမှာ လမ်းတလျှောက်တွင် မီးဖွင့်မောင်းရခြင်း၊ ကားတံခါးမှန်များကို ချ၍ မောင်းနှင်ရခြင်း စသည့် စည်းကမ်းချက်များအား လိုက်နာခဲ့ရကြောင်း သိရသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...