Thursday, December 22, 2011

ဒီမိုကရေစီပြောင်းလဲရေးကာလတွင် ဆရာ ဆရာမများ ကြုံတွေ့ရသည့် အခက်အခဲများ။ ချက်နိုင်ငံ ပညာရေးပြုပြင်ပြောင်းလဲမှု အတွေ့အကြုံ



ချက်နိုင်ငံ ပရာဟာမြို့ အခြေစိုက် နိုင်ငံတကာကူညီရေး အဖွဲ့တစ်ခုဖြစ်သည့် People in Need ၏ ဖိတ်ကြားချက်အရ ကျွန်တော်သည် ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလအတွင်းက ချက်နိုင်ငံပညာရေး ပြုပြင်ပြောင်းလဲမှု အတွေ့အကြုံများကို သွားရောက်လေ့လာခွင့် ရခဲ့ပါသည်။
ဤဆောင်းပါးတွင် ပညာရေးပြုပြင်ပြောင်းလဲမှုများ၌ ဆရာ ဆရာမများ၏ အရေးပါသောအခန်းကဏ္ဍနှင့် တွေ့ကြုံရသည့် အခက်အခဲများကို ရေးသားဖော်ပြထားပါသည်။

ချက်ကိုစလိုဗက်နိုင်ငံတွင် ၁၉၈၉ခုနှစ်၌ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ပြုလုပ်ပြီးနောက် ချက်သမ္မတနိုင်ငံ နှင့် စလိုဗက်သမ္မတနိုင်ငံအများအဖြစ် တည်ထောင်ခဲ့ကြပါသည်။ ချက်ကိုစလိုဗက်နိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုသည် သွေးထွက်သံယိုမှုမရှိသော ညင်သာသည့် ပြုပြင်ပြောင်းလဲမှု ဖြစ်ပါသည်။ 'ကတ္တီပါ တော်လှန်ရေး' ဟု တင်စားခေါ်ဝေါ်ကြပါသည်။
ချက်ကိုစလိုဗက် ကွန်မြူနစ်အစိုးရ အုပ်ချုပ်နေစဉ် ကာလအတွင်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုသည် ၁၉၇၇ ခုနှစ်၊ ဇန်န၀ါရီလ၌ ထုတ်ဝေခဲ့သည့် ''ချာတာ-၇၇´´ ကြေငြာစာတမ်းဖြင့် ထင်ရှားလာခဲ့ပါသည်။ တက္ကသိုလ် ကျောင်းသားများ၊ စာပေအနုပညာနှင့် ဂီတပညာရှင်များတက်တက်ကြွကြွ ပါဝင်ခဲ့ကြပြီး အစိုးရအဖွဲ့အတွင်းမှ နိုင်ငံရေးပြုပြင်ပြောင်းလဲရန် လိုလားသူများနှင့် ပူးပေါင်း၍ ကွန်မြူနစ် အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အောင်မြင်စွာကူးပြောင်းနိုင်ခဲ့ကြပါသည်။
နိုင်ငံရေးစနစ်ပြောင်းလဲလာသည်နှင့်တပြိုင်နက် ပညာရေးကဏ္ဍတွင်လည်း ဒီမိုကရေစီ ပညာရေးစနစ်သို့ ပြောင်းလဲလာခဲ့ပါသည်။ ပညာရေးစီမံခန့်ခွဲမှုတွင် ဗဟိုမှချုပ်ကိုင်မှုကို လျှော့ချ၍ ကျောင်းများ၏ တာဝန်ရှိမှု ပိုများလာပါသည်။
သင်ရိုးညွှန်းတမ်း ပြုပြင်ပြောင်းလဲမှုတွင် ဗဟိုပညာရေးဌာနမှ ရေးဆွဲအတည်ပြုထားသည့် သင်ရိုးညွှန်းတမ်း လမ်းညွှန်ကိုအခြေခံ၍ ကျောင်းအသီးသီးမှ ဆရာ၊ ဆရာမများ ကိုယ်တိုင်ပါဝင်ရေးဆွဲရပါသည်။ သင်ကြားနည်းစနစ်ကိုမူ ဆရာ၊ ဆရာမများကိုယ်တိုင် သင့်တော်ရာ နည်းစနစ်ဖြင့် သင်ကြားခွင့်ရှိပါသည်။ ပညာရေးဌာနမှ ဆရာ၊ ဆရာမများအတွက် သင်ကြားနည်းစနစ် သင်တန်းများ ဖွင့်လှစ်ပေးပါသည်။ တက်ကြွစွာ သင်ယူခြင်းနှင့် ဝေဖန်ပိုင်းခြားစဉ်းစားခြင်း နည်းစနစ်များကို အားပေးပါသည်။
ပညာရေးပြုပြင်ပြောင်းလဲမှုတွင် "အခက်ခဲဆုံးအရာကဘာလဲ" ဟု ပြုပြင်ပြောင်းလဲမှုတွင် ဦးဆောင် ပါဝင်ခဲ့သူတစ်ဦးကို ကျွန်တော် မေးကြည့်ပါသည်။ "လူတစ်ဦးနှင့်တစ်ဦး ဆက်ဆံရတာ အခက်ဆုံးပဲ" ဟုပြောပါသည်။
ယခင်အစိုးရအဖွဲ့ဟောင်းတွင်ပါဝင်ခဲ့ကြသောဆရာ၊ ဆရာမများနှင့် ဒီမိုကရေစီ အစိုးရ ပြုပြင်ပြောင်းလဲမှုတွင် တက်ကြွစွာပါဝင်ခဲ့ကြသောဆရာ၊ ဆရာမများအကြား ဆက်ဆံရေးများ မပြေမလည် ရှိကြသည်။ စနစ်သစ်သမားများက စနစ်ဟောင်းသမားများကို ဝေဖန်လေ့ရှိသဖြင့် ပြုပြင်ပြောင်းလဲမှုတွင် စနစ်ဟောင်းနှင့် နီးစပ်ခဲ့သည့် ဆရာ၊ ဆရာမများပါဝင်ရန် နောက်တွန့်ကြပါသည်။ တစ်ဖက်ကလည်း အလုပ်ပြုတ်မှာစိုးရိမ်သဖြင့် အလုပ်တွင် ပျော်ရွှင်မှုနည်းလာကြပါသည်။
"နောက်ထပ်အခက်အခဲတွေကောဘာတွေရှိသလဲ" ဟု ကျွန်တော် မေးကြည့်ပါသည်။ စနစ်တစ်ခုမှ အခြားစနစ်သို့ ပြောင်းလဲရာတွင် ဆရာ၊ ဆရာမများ၏ စနစ်သစ်အပေါ် သဘောထားအမြင် (perception) နှင့် စနစ်သစ်အတွက် လိုအပ်သောကျွမ်းကျင်မှုများ (skills) မှာလည်း ခက်ခဲသည့်အရာများ ဖြစ်ပါသည်။
အာဏာရှင်များကြီးစိုးခဲ့သည့် ခေတ်ကာလများတွင် ဖြတ်သန်းကြီးပြင်းလာရသည့်အတွက် ဆရာ၊ ဆရာမများကိုယ်တိုင် အာဏာရှင်များ၏ စရိုက်လက္ခဏာများ စိမ့်ဝင် နေကြပါသည်။ ဒီမိုကရေစီစနစ်၏ အခြေခံကျလှသည့် တစ်ဦးနှင့်တစ်ဦး သဘောထားအမြင် ကွဲပြားမှုကိုနားလည်နိုင်စွမ်းမရှိကြသေးပါ။ စနစ်သစ်အတွက် လိုအပ်သော ကျွမ်းကျင်မှုများကိုပေးရန် တာဝန်ရှိသူများက သင်တန်းများ စီစဉ်သော်လည်း လုံလောက်မှု မရှိသေးပါ။
စနစ်အပြောင်းအလဲတွင် အလုပ်တာဝန်ပိုများလာသဖြင့် ဆရာ၊ ဆရာမများကိုယ်တိုင် သင်တန်းတက်ရန် အချိန်မပေးနိုင်ကြပါ။ စိတ်ဝင်စားစရာကောင်းသည့် အချက်တစ်ခုမှာ အသက်အရွယ်ရ၍ အတွေ့အကြုံ များသော ဆရာ ဆရာမများက ငယ်ရွယ်သည့်ဆရာ၊ ဆရာမအသစ်များနှင့်အတူ သင်တန်း မတက်ချင်ကြပါ။
ချက်နိုင်ငံ စာသင်ကျောင်းများတွင် ဆရာ ဆရာမများ လတ်တလောရင်ဆိုင်နေရသည့် အခက်အခဲတစ်ခုမှာ ဆရာနှင့်ကျောင်းသားဆက်ဆံရေးဖြစ်ပါသည်။ အသက် ၂၀ ထက်ငယ်သော ကျောင်းသား များသည် ဒီမိုကရေစီခေတ်ကာလတွင် မွေးဖွားကြီးပြင်းလာကြသူများဖြစ်၍ ဒီမိုကရေစီအလေ့အထများ အလိုအလျောက် ပါဝင်လာကြပါသည်။
ဆရာ၊ ဆရာမများကို မေးခွန်းထုတ်ခြင်း၊ ကျောင်းသား အချင်းချင်းသာမက ဆရာ၊ ဆရာမများနှင့်ပါ ကွဲလွဲသောအမြင်များကို တင်ပြလာခြင်းတို့ကြောင့် "ငါပြောတာနားထောင်" ၊ "ဒီအတိုင်းရေး"၊ "ဒါကိုအလွတ်ကျက်" အလေ့အထကို ကျင့်သားရနေသည့် ဆရာ ဆရာမများ အခက်ကြုံနေရပါသည်။
သင်ရိုးညွှန်းတမ်းရေးဆွဲရာတွင် ဆရာ ဆရာမများကိုယ်တိုင် ပါဝင်ရမည်ဆိုသောအခါ အဆင်သင့် မဖြစ်ကြပါ။ နိုင်ငံရေးစနစ်ပြောင်းသွားပြီဖြစ်၍ ပညာရေးစနစ်သစ်တစ်ခုကို တစ်စုံတစ်ယောက်က ယူဆောင်လာလိမ့်မည်ဟု မျှော်လင့်နေကြပါသည်။ ကိုယ်တိုင်ပါဝင်၍ အသစ်ဖန်တီးရန်အရေးတွင် နှောင့်နှေးနေကြပါသည်။
ဒီမိုကရေစီစနစ်အောက်တွင် သင်ကြားမှုနှင့် သင်ယူမှုပုံစံများလည်း သိသိသာသာပြောင်းလဲသွားပါသည်။ ယခင်စနစ်ဟောင်းတွင် ဆရာက သူသိသမျှ တပည့်ကို နှုတ်တိုက် အာဂုံရရန် သင်ပေးခဲ့ကြပါသည်။ စနစ်သစ်ကကျောင်းသားကိုယ်တိုင် လေ့လာသင်ယူနိုင်ရန် ဆရာက စီစဉ်ညွှန်ကြားရပါသည်။ ဆရာ၏ အဆင့်နေရာနှင့် သင်ကြားမှုပုံစံ မပြောင်းလဲနိုင်ပါက စာသင်ခန်းတွင် အခက်ကြုံရပါမည်။
ကျောင်းသားများ၏ တတ်မြောက်မှုကိုတိုင်းတာသည့် စာမေးပွဲစနစ်လည်းပြောင်းပါသည်။ ယခင်စနစ် ဟောင်းမှ စစ်ဆေးသည့် စနစ်သည် သင်ထားသမျှ စာတွေ ဘယ်လောက်မှတ်မိသလဲ ဆိုတာကိုသာ အဓိကထား စစ်ပါသည်။ စနစ်သစ်၏စစ်ဆေးမှုသည် မှတ်မိခြင်းကို စစ်ဆေးခြင်း မဟုတ်ပါ။ သင်ယူမှုတွင် ဘယ်လိုပါဝင်သလဲ၊ ဘယ်လောက်နားလည်သလဲ၊ ဘယ်လိုစဉ်းစားတွေးခေါ် သလဲဆိုတာတွေကို စစ်ပါသည်။ ချက်နိုင်ငံမှ ဆရာ၊ ဆရာမများ စစ်ဆေးသည့် နည်းစနစ်အသစ်အတွက် အဆင်သင့် မဖြစ်ကြပါ။ ပုဂ္ဂလိက တည်ထောင်သည့် စစ်ဆေးရေးဌာနများက တာဝန်ယူစစ်ဆေးမှုများ ပြုလုပ်ပေးရပါသည်။
ကျောင်းသားမိဘများကလည်း ပညာရေးစနစ်ပြောင်းလဲမှုကို နားမလည်ကြပါ။ မိမိကလေး ကျောင်းမှ ပြန်လာလျှင် စာဘယ်လောက်ရွတ်နိုင်သလဲဆိုတာကိုသာ အာရုံစိုက်နေသေးသဖြင့် ကျောင်းသားကိုယ်တိုင် အားထုတ်လေ့လာရမည်ဆိုသည်ကို သဘောမပေါက်ပါ။ ဆရာက သင်မပေးရကောင်းလားဟု ဆရာ ဆရာမများကို အပြစ်ဖို့ကြပါသည်။
ပညာရေးစနစ်အပြောင်းအလဲတွင် ဆရာ၊ ဆရာမနှင့် မိဘများဘက်ကသာ အားနည်းနေသည် မဟုတ်ပါ။ စီမံခန့်ခွဲသည့် အစိုးရဘက်ကလည်း အားနည်းပါသည်။ စီးပွားရေး၊ ဘဏ္ဍာရေး၊ လုံခြုံရေး၊ နိုင်ငံတကာ ဆက်ဆံရေးစသည်တို့တွင် အချိန်ပေးနေရသဖြင့် ပညာရေးကို အနည်းငယ်မျှသာ အာရုံစိုက်နိုင်ပါသည်။
ကျွန်တော် တွေ့ဆုံခဲ့ရသည့် ပညာရေးသမားများက ဘဏ္ဍာငွေမလုံလောက်ကြောင်း တညီတညွှတ်ထည်း ပြောပါသည်။ နိုင်ငံရေးစနစ်ပြောင်းပြီးနောက် ဆရာ၊ ဆရာမများလစာ အထိုက်အလျောက် တိုးလာသော်လည်း အခြားအသက်မွေးဝမ်းကြောင်းအလုပ်များနှင့် နှိုင်းစာလျှင် ဆရာ၊ ဆရာမများ လစာမှာ နည်းနေဆဲပင် ဖြစ်ပါသည်။ ပို၍ဆိုးသည်မှာ အမျိုးသမီးဆရာမများ၏ လစာမှာ အမျိုးသားဆရာများထက် နည်းနေသဖြင့် ဝေဖန်ထောက်ပြမှုများကို အစိုးရ ရင်ဆိုင်နေရပါသည်။
ဗဟိုအစိုးရကချမှတ်သည့် ပညာရေးမူဝါဒများသည် ဒီမိုကရေစီနည်းကျ ပညာရေးပြုပြင် ပြောင်းလဲမှုကို အခြေခံသော်လည်း ဟာကွက်များရှိနေကြောင်း ပညာရှင်များက ဝေဖန်ထောက်ပြကြပါသည်။ အထူးသဖြင့် ချက်နိုင်ငံတွင် နေထိုင်သည့် အခြားလူမျိုးများ (ဥပမာ - ဂျာမန်၊ ပိုလန်၊ စလိုဗက် အစရှိသည့် အခြားဘာသာစကားပြောဆိုသည့် လူနည်းစုများ၏ ဘာသာစကား၊ ဓလေ့ထုံးစံ ယဉ်ကျေးမှုများအတွက် စဉ်းစားလုပ်ဆောင်မှု နည်းပါးသည်။ ခန္ဓာကိုယ်တည်ဆောက်မှု ချွတ်ယွင်း သောကလေးများနှင့် ဆင်းရဲ၍ ပညာအခြေခံနည်းသော မိဘများမှ ပေါက်ဖွားလာသော ကလေးများ၏ ပညာရေးအတွက်လည်း ဆောင်ရွက်ချက်များ အားနည်းလျက်ပင် ရှိပါသည်။
အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရာတွင် နိုင်ငံရေးစနစ်ပြောင်းသွားရုံမျှဖြင့် မလုံလောက်ပါ။ အာဏာရှင်စနစ်အောက်တွင် နိုင်ငံ (State) ၏ ရည်မှန်းချက်သည် အဓိကကျပြီး လူတစ်ဦးချင်း၏ အခန်းကဏ္ဍက နိုင်ငံ၏ အရေးပါမှုအောက်တွင် ချေဖျက်ခံရပါသည်။
ဒီမိုကရေစီစနစ်တွင် နိုင်ငံသားတစ်ဦးချင်း၏ ပါဝင်မှုကဏ္ဍသည် ကြီးမားလာပါသည်။ လူတစ်ဦးချင်း (individual) ၏ ပါဝင်မှုနှင့် အဆုံးအဖြတ်သည် အရေးပါလာသည်နှင့်အမျှ တစ်ဦးချင်း၏ အမြင်သဘောထားနှင့် ကျွမ်းကျင်မှုသည် အရေးကြီးသောလိုအပ်ချက်များ ဖြစ်လာပါသည်။
ပညာရေးကဏ္ဍတွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ တစ်ဦးချင်းပါဝင်မှုနှင့် အဆုံးအဖြတ်သည် ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးကြီးသောအချက်များ ဖြစ်ပါသည်။ ပညာရေးပြုပြင်ပြောင်းလဲမှု ကာလအတွက် ဒီမိုကရေစီအလေ့အကျင့်များကို စာသင်ခန်းများအတွင်း ကျင့်သုံးရန်နှင့် စနစ်သစ်အတွက် ကျွမ်းကျင်မှုများကို လေ့လာဆည်းပူးကြရန် ဆရာ ဆရာမများကို တိုက်တွန်းအပ်ပါသည်။
ပညာရေးစနစ်ပြုပြင်ပြောင်းလဲမှုတွင် ဆရာ ဆရာမများသည် အရေးကြီးသောအခန်းကဏ္ဍများမှ ပါဝင်နေသည်ဖြစ်၍ မြန်မာနိုင်ငံ ဒီမိုကရေစီပညာရေး ပြုပြင်ပြောင်းလဲမှုကို ပိုမိုထိရောက် မြန်ဆန်စေရန်အတွက် မြန်မာနိုင်ငံဒေသအသီးသီးမှ ဆရာ၊ ဆရာမများအဆင်သင့်ရှိကြစေရန် ဤဆောင်းပါးဖြင့် အကြံပြုအပ်ပါသည်။
ဒေါက်တာသိန်းလွင်
၂၀၁၁၊ နိုဝင်ဘာ ၂၆ ရက်
http://www.maukkha.org/index.php/universities-maukkha/thesis-maukkha/409-2011-11-27-01-51-25 မှ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...