Thursday, December 29, 2011

ဓါတုပစ္စည်းအန္တရာယ် သတိမမူမိ၍ မီးသတ်တပ်ဖွဲ့ဝင်များ ကျဆုံးရ

by Mizzima မဇ္ဈိမ on Thursday, December 29, 2011 at 8:37pm
ကျော်ခ | ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၂၉ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၄၉ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။        ။ ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင် မင်္ဂလာတောင်ညွှန့်မြို့နယ်၌ လူ ၂၀ ကျော် သေဆုံးခဲ့သော နိုင်ငံပိုင် ဓါတုပစ္စည်း သိုလှောင်ရုံ မီးလောင်ပေါက်ကွဲမှုတွင် ဂိုဒေါင်အတွင်းရှိ ဓါတု ပစ္စည်းများ၏ အန္တရာယ်ကို သတိမမူမိသဖြင့် မီးသတ်တပ်ဖွဲ့ဝင် ၅ ဦးကျဆုံးကာ ကျဆုံးခဲ့ရသည်ဟု သက်ဆိုင်ရာ ဌာနများကပြောသည်။

မီးသတ်တပ်ဖွဲ့ဝင်များမှာ လောင်ကျွမ်းမှု အရှိန်မြင့်နေသည့်မီးကို အမြန်ငြိမ်းစေလိုဇောဖြင့် ငြှိမ်းသတ်နေကြစဉ် ဂိုဒေါင်အတွင်းရှိ မီးကူးလောင်နေသည့် ဓါတုပစ္စည်းများမှ ပေါက်ကွဲကာ အရပ်သား ၁၇ ဦးနှင့်အတူ မီးသတ် တပ်ဖွဲ့ဝင် ၅ ဦးပါ သေဆုံးခဲ့ရဟု ရန်ကုန်တိုင်း ဗဟိုမီးသတ်ဌာန အရာရှိတဦးက မဇ္ဈိမကို ပြောသည်။


“မီးလောင်တယ်ဆိုတော့ဗျာ အခြားဘက်တွေကို မကူးအောင်ဆိုပြီး မီးကိုပဲ အဓိကထားပြီး ငြိမ်းသတ်နေတဲ့ အချိန်မှာပဲ ဒီဓါတုပစ္စည်းတွေက ထပေါက်ကွဲတော့ အဲဒီမှာ ထိကုန်တာ။ ဒါတွေ ရှိနေတယ်ဆိုတာကို ကျုပ်တို့က မသိဘူး။ ဂိုဒေါင်စောင့်တွေကတော့ တချို့က ပစ္စည်းသယ်နေတုန်းမှာ ထိကုန်တာ” ဟု ပြောသည်။

သေဆုံးသွားသည့် မီးသတ်တပ်ဖွဲ့များမှာ မင်္ဂလာတောင်ညွှန့်မီးသတ်ဌာနမှ ၄ ဦးနှင့် ရန်ကုန်တိုင်း ဗဟိုမီးသတ် ဌာနချုပ်မှ ၁ ဦးတို့ ဖြစ်ကြောင်းသိရပြီး ကြာသာပတေးနေ့ ညနေပိုင်းတွင်ပင် ရေဝေး သုဿန်၌ အခမ်းအနားဖြင့် မီးသဂြုင်္ိဟ်ပေးခဲ့သည်။

ကြာသာပတေးနေ့ ညနေ ၅ နာရီအထိ နောက်ဆုံး စုံစမ်းသိရှိမှုအရ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသည့် မီးသတ် တပ်ဖွဲ့ ၃၁ ဦး၊ အရန်မီးသတ် ၆ ဦးနှင့် အရပ်သား ၅၄ ဦး ပါဝင်သည့် စုစုပေါင်း ၉၁ ဦးကိုလည်း ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် ဆေးကုသမှုခံယူ နေရကြောင်း သိရသည်။ အခင်းဖြစ်ပွားချိန်တွင် မီးငြှိမ်းသတ်ရန် ရောက်ရှိလာ သည့် မီးသတ်ကား ၅၇ စီးအနက်မှ ၈ စီးမှာလည်း ပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့ရသည်ဟု ဆိုသည်။

အဆိုပါ မီးလောင်ပေါက်ကွဲမှုကြောင့် စီးပွားကူးသန်းဝန်ကြီးဌာနက ပိုင်ဆိုင်သည်ဆိုသော ဂိုဒေါင် ၁၆ လုံး ပျက်စီး ခဲ့သည်။ ထိုအထဲမှ ဂိုဒေါင်တခုတွင် သင်္ဘောဆေးနှင့် အမိုးနီးယား၊ ဆာလ်ဖြူရစ်အက်ဆစ်နှင့် ယမ်းစိမ်းတို့ ပါဝင်သော ဓါတုပစ္စည်းများ သိုလှောင်ထားခြင်းသည် ပေါက်ကွဲမှုဖြစ်ရခြင်း၏ အကြောင်းရင်းဟု နယ်မြေခံ ရဲအရာရှိများ က ယူဆနေကြသည်။

“သိုလှောင်ထားတဲ့ တချို့ဟာတွေက ရေပတ်ရင်တောင် ဓါတ်ပြုပြီးတော့ ဝုန်းကနဲ ထလောင်တာတွေ ရှိတယ်ဗျာ။ ကျနော်တို့ကတော့ အဲလို ယူဆထားတာပဲ။ ဓါတုတွေထားတဲ့ ဂိုဒေါင်ကတော့ တခုပဲဗျ။ သူက ပေါက်ကွဲမှုက များတဲ့အခါကျတော့ ဘေးက ဂိုဒေါင်တွေ၊ အိမ်တွေကို ထိသွားတဲ့သဘောပါ” ဟု အခင်းဖြစ်ပွားရာကို သွားရောက် စစ်ဆေးခဲ့သည့် မင်္ဂလာတောင်ညွှန့်မြို့နယ် ရဲအရာရှိတဦးက မဇ္ဈိမကို ပြောသည်။

အခင်းဖြစ်ပွားရာနေရာများမှ သိမ်းဆည်းခဲ့သည့် ဓာတုပစ္စည်းလောင်ကျွမ်းမှုမှ အကြွင်းအကျန်များကို လူအများ အား ထိခိုက်စေမည့် အန္တရာယ်ပေးနိုင်မှု ရှိမရှိ ဓါတ်ခွဲ စမ်းသပ်မှု ပြုလုပ်သွားမည်ဟု သူက ဆက်ပြောသည်။

အစိုးရအနေနှင့် ပေါက်ကွဲမှုဖြစ်စေနိုင်သည့် ဓါတုပစ္စည်းများကို လူနေထူထပ်သည့် မြို့တွင်းနေရာများ၌ သိုလှောင်ခြင်းကို လူအများက ပြစ်တင်ပြောဆိုနေကြသလို ပေါက်ကွဲမှုများကို ကြိုတင်ရှောင်ရှားနိုင်ရန် စံနစ်တကျ လေ့ကျင့်ပေးထားခြင်း မရှိဟုဆိုကာ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနကိုလည်း အလားတူပြောဆိုမှုများ ရှိနေသည်။

ပေါက်ကွဲမှုကတဆင့် ကူးတို့ဆိပ်ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ ကူးစက်လောင်ကျွမ်းခဲ့သဖြင့် အိမ်ထောင်စုပေါင်း ၁၄ဝ ကျော်မှ လူဦးရေ ၁ ထောင်ခန့်မှာ အိုးအိမ်မဲ့ဖြစ်ကာ မီးဘေးဒုက္ခအဖြစ်နှင့် အမှတ် ၂ဝ၊ ၂၄ မူလတန်းကျောင်းများနှင့် တာမွေမြို့နယ် ပုသိမ်ညွှန့်ရပ်ကွက်ရှိ မဟာဝိဇယရာမ ကျောင်းတိုက်တို့တွင် ခိုလှုံနေကြကြောင်း ကယ်ဆယ်ရေးလုပ်ငန်းတွင် တာဝန်ယူနေသည့် မင်္ဂလာတောင်ညွှန့်မြို့နယ် ဒုရဲမှုး ဦးမျိုးမြင့်ကြိုင်က ပြောသည်။

မီးဘေးဒုက္ခသည်များအတွက် အစားအစာ၊ အဝတ်အထည်၊ သောက်ရေနှင့် ဆေးများ ကူညီရန်အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအမျိုးသမီးသမီးအဖွဲ့များအပါအဝင်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းတို့နှင့် လူမှုကူညီရေးအဖွဲ့များ၊ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များက သွားရောက် ကူညီပေးမှုများ လုပ်ဆောင်နေကြသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...