ဟယ်လို.. ၂၀၁၂၊ ဂွတ်ဘိုင်… ၂၀၁၁
- Published on Tuesday, 27 December 2011 09:17
- Written by ညီစောလွင်
တနေ့က မိတ်ဆွေတယောက်နှင့် တွေ့တော့ ထုံးစံအတိုင်း သူက အခုလို စကားစပါတယ်၊
“၂၀၁၁ တနှစ်လုံးကတော့ နှစ်စကနေ နှစ်ဆုံးအထိ ပြောမယ်ဆို ပြောစရာကြီးပဲ၊ နှစ်ကုန်ခါနီးလေးတောင် ကင်ဂျုံအီ တယောက် သေသွားသေးတယ်”
မှန်ပါတယ်၊
အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကဒေသတခုလုံး ပွတ်လောရိုက်
ကသောင်းကနင်းဖြစ်ခဲ့တဲ့ အာရပ်နွေဦး၊ ၁၀ နှစ်ကြာ ပုန်းအောင်းခဲ့တဲ့
အကြမ်းဖက်သမား ဂိုဏ်းချုပ်ကြီး အိုစမာဘင်လာဒင်ကို အသေဖမ်းမိလိုက်တဲ့
အဖြစ်အပျက်၊ ဂျပန်ငလျင်နှင့် နျူးကလီးယား နောက်ဆက်တွဲ၊ “ငါတို့အားလုံး
၉၉ ရာခိုင်နှုန်း” လှုပ်ရှားမှု၊ ဥရောပ စီးပွားရေးအကျ၊ တောင်အာဖရိက
ကမ္ဘာ့ရာသီဥတုညီလာခံ၊ အမေရိကန်တပ်တွေ အီရတ်က အပြန် … စသဖြင့် ၂၀၁၁ မှာ ဒရမ်မာဆန်တဲ့ဖြစ်ရပ်တွေ အတော်များပါတယ်။
စာရေးမလား၊ ဖိနပ်ချုပ်မလား
တနေ့က မိဘလိုလည်း ဖြစ်လိုဖြစ်နေတဲ့ ဆရာသမားတယောက်က အင်ထရိုလည်းမပါ၊ ခြေဆင်းလည်းမပါဘဲ စာရေးဆရာကြီးတယောက်ရဲ့ အဆိုအမိန့်တခုကို အီးမေးလ်ပို့လိုက်ပါတယ်။
It
is my belief that the writer, the free-lance author, should be and must
be critic of society in which he lives. It is easy enough, and always
profitable, to rail away at national enemies beyond the sea, at foreign
powers beyond our borders who question the prevailing order. But natural
duty of the free writer is to begin his work at home: to be a critic of
his community, his own country, his own culture. If the writer is
unwilling to fill this part, then the writer should abandon pretense and
find other line of work: become a shoe repairman, a brain surgeon, a
janitor, a cowboy, a nuclear physicist, a bus driver. (Edward Abbey,
naturalist and author- 1927-1989 )
အထက်ပါစာကို ကျနော်က အခုလို နားလည်လိုက်ပါတယ်။
==“စာရေးဆရာတယောက်ဟာ
သူနေထိုင်တဲ့ လူ့အဖွဲ့အစည်းကို ဝေဖန်သင့်တယ်၊ ဝေဖန်ရမယ်၊ ပင်လယ်ရပ်ခြားက
ရန်သူတွေကို လက်သီးလက်မောင်းတန်းရတာက လွယ်ကူပါတယ်၊ အကျိုးများတဲ့ ကိစ္စပါပဲ။
ဒါပေမယ့် လွတ်လပ်တဲ့ စာရေးဆရာတယောက်က ကိုယ့်တိုင်းပြည်ကိစ္စကနေ စလုပ်ရမှာက
ဓမ္မတာပါပဲ၊ ကိုယ့်လူ့အဖွဲ့အစည်း၊ ကိုယ့်တိုင်းပြည်၊ ကိုယ့်ယဉ်ကျေးမှုကို
ဝေဖန်ရမယ်၊ အကယ်၍ စာရေးဆရာက အဲ့ဒီကွက်လပ်ကိုမှ မဖြည့်ချင်ဘူးဆိုရင်
ဟန်ကိုယ့်ဖို့ လုပ်မနေပါနဲ့တော့၊ ဖိနပ်ပြင်သမား၊ ဦးနှောက်ခွဲစိတ်ဆရာဝန်၊
ခြံစောင့်၊ နွားကျောင်းသား၊ နျူးကလီယား ရူပဗေဒပညာရှင်၊ ဒရိုင်ဘာ
ကြိုက်ရာတခုခုပြောင်းလုပ်လိုက်ပါ၊ ==
ဆရာသမားက
ဟိုနားဒီနားမှာ စာတိုပေစတွေ ရေးနေတဲ့ကျနော့်ကို စာရေးဆရာအမှတ်နဲ့
(အားပေးတဲ့ အနေနဲ့) စာရေးပို့လိုက်တာ။ ပြောရဆိုတာ လက်ဝင်လွန်းတဲ့
မြန်မာပြည်အကြောင်း အများအားဖြင့် လက်ရှောင်ပြီး၊ ကိုယ်မရောက်ဖူးတဲ့
တိုင်းပြည်အကြောင်း၊ ဟိုဆောင်းပါးဖတ်၊ ဒီဆောင်းပါးဖတ်ပြီး မမှီမစမ်းနဲ့
ဝေ့ကာဝိုက်ကာ၊ တောင်ရေးမြောက်ရေး၊ ရေးနေတာကို အားမရလို့ တနည်းအားဖြင့်
အမြင်ကပ်လို့ သတိပေးလိုက်တာလား၊ မသေချာပါ။
သူ့စာအရ ကိုယ့်တိုင်းပြည်အကြောင်းမရေးရင် တခြားအလုပ် တခုခုကို ပြောင်းလုပ်ရမယ့် ကိန်းပါပဲ၊ တခြားအလုပ်တွေကို ကြည့်လိုက်တော့လည်း …
ဦးနှောက်ခွဲစိတ်ဆရာဝန်… လုံးဝ မဖြစ်နိုင်ပါဘူး….
နျူးကလီးယားပညာရှင်… ပိုဝေးပါတယ်….
ဒရိုင်ဘာ… ကားမောင်းသင်ရဦးမယ်၊
ဒါဖြင့်…. ဖိနပ်ချုပ်သမား…. နွားကြောင်းသား….ခြံစောင့် .. တခုမှလည်း မဖြစ်ချင်ပါ။
ဒါကြောင့် အောက်ပါအတိုင်း မြန်မာပြည်အကြောင်းရေးချလိုက်ပါတယ်၊ အစီအစဉ်တကျတော့ မဟုတ်၊ ခေါင်းစဉ်တွေ ခွဲထားတာက ဖတ်ချင်တဲ့ ခေါင်းစဉ်ကို ကျော်ခွဖတ်နိုင်ဖို့ ဖြစ်ပါတယ်။ တချို့ကိစ္စတွေမှာ မေးခွန်းတွေပဲ ချရေးထားတာပါတယ်။
အက်ဖ်ဘီ … ဟုတ်လား၊
တနေ့မှာ
ကျနော့် မိတ်ဆွေတယောက်က ဂျီတော့ကနေ “ဟေ့ ဟိုအကြောင်းလေး အက်ဖ်ဘီ (FB) မှာ
တင်ထားတာ သိပြီးပြီလားလို့ မေးတော့ ကျနော် ကြောင်သွားပါတယ်။
FB
… ဘာကြီးတုန်း၊ ??? လို့ ပြန်မေးလိုက်တော့ ဒါလေးတောင် မသိရကောင်းလားဆိုတဲ့
သဘော (ကျနော်ထင်တာ) ဘာမှ ပြန်မပြောတော့ပါဘူး။ ခေါင်းခြောက်အောင်
စဉ်းစားတော့မှ အော် facebook ကို ပြောတာဖြစ်မယ်ဆိုပြီး သိသွားပါတယ်။
အမှန်အတိုင်းပြောရင်
ဘလော့ဂ်တချို့မှာ ကိုယ်ရေး ကိုယ်တာတွေ၊ တချို့ ကိုယ်ရည်သွေးတာကြတာတွေ၊
သူများမကောင်းကြောင်း၊ ကိုယ်ကောင်းကြောင်းတွေ ရေးကြ၊ ဖွကြလွန်းအားကြီးလို့
ဘလော့ဂ်လောကကနေ ခွာပြီး facebook လောကနဲ့လည်း ခပ်ကင်းကင်း နေခဲ့ပါတယ်
(ဒါလည်း သူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်း ပြောနည်း နောက်
တမျိုးပါပဲ)။
နောက်တနေ့မှာ
နောက်မိတ်ဆွေတယောက်က “ ဖေ့ဘုတ်ခ်ကတော့ အသုံးမတတ်ရင် ကိုယ် “ငပေါ”
ဖြစ်တယ်ဆိုတာ လူလုံးထွက်ပြသလိုပဲ” လို့ပြောတော့ ပိုလန့်သွားပါတယ်၊
နွားကျောင်းသားကနေ ဘုရားလောင်းအထိ
တခါမှာတော့ “ခင်ဗျားတို့
facebook သုံးကြ၊ facebook မှာမှ သတင်းစုံတာ၊ သတင်းစတွေရတာ” လို့
ပြောလည်းပြော၊ ဖေ့ဘုတ်ခ်က ရယ်စရာမောစရာလေးတွေကို ပြန်ပြောပြတော့
နည်းနည်းစိတ်ဝင်စားသွားပြီး ကိုယ်ပိုင် ဖေ့ဘုတ်ခ်လေး တခု ဖွင့်လိုက်ပါတယ်။
သုံးရင်းသုံးရင်းနဲ့
အမြင်လည်းပြောင်းသွားပါတယ်။ ဖေ့ဘုတ်ခ် ကွန်ယက်က သတင်းအချက် အလက်တွေနဲ့
အမြင်တွေကို ဘက်စုံထောင့်စုံက၊ နွားကျောင်းသားကနေ ဘုရားလောင်းအထိ
ဝင်ဆွေးနွေးခွင့် ပေးထားပါတယ်။ ဒါဟာ ကောလဟလတွေနဲ့ ကျင်လည်နေခဲ့ရတဲ့
မြန်မာပြည်လို ရှေးရိုးစွဲ လူ့အဖွဲ့အစည်းအတွက် အစပိုင်းမှာ
ရှော့ခ်ရစရာတွေဖြစ်နိုင်ပေမယ့်၊ အသားကျလာရင် အလွန် အကျိုးများမယ်လို့
ယုံကြည်လာပါတယ်။
တဖက်သတ်အမြင်တွေ၊ ၀ါဒဖြန့်မှုတွေ၊ လိုရာဆွဲပြောတာတွေ၊ ကောလဟလတွေရဲ့ သက်တမ်းကို တိုပစ်လိုက်နိုင်လို့၊ လူဆိုးလူကောင်း ခွဲနိုင်လို့ အလွန်အရေးပါပါတယ်။
ဘယ်သူက တောင်စဉ်ရေမရတွေပြောတတ်တယ်၊ ဘယ်သူ့ ဖေ့ဘုတ်ခ်ကတော့ဖြင့်
သိက္ခာရှိတယ်၊ ရွေးနိုင်လာပါတယ်။ ရေသန့်ဘူးမှာ စွယ်တော် ကွန်းဝပ်တယ်ဆိုလို့
ရှိခိုးဦးခိုက်ကြတဲ့ ကိစ္စမျိုးတွေ၊ သိန်းရာချီတဲ့ တောက်တဲ့
ကိစ္စမျိုးတွေကို ခဏအတွင်းမှာ အဖြေပေါ်သွားပါတယ်။
လင်စိတ်သားစိတ်ကုန်သလို
မနှစ်က
ရွေးကောက်ပွဲမတိုင်ခင်က ဆောင်းပါးတွေ ရေးတန်သလောက်ရေးခဲ့တဲ့အတွက်
ရွေးကောက်ပွဲပြီးတဲ့နောက် ဘာစာမှ မရေးဖြစ်ခဲ့ပါဘူး၊ ရွေးကောက်ပွဲအကြောင်း
ပြောစရာတွေ ကုန်သွားတာ၊ ရွေးကောက်ပွဲကို အစိုးရက ထင်တိုင်းကျဲခဲ့တဲ့အတွက်
မွန်ပါတီက ခေါင်းဆောင် တစ်ဦး ပြောသလို၊ မပြောချင်တော့ပါဘူးဗျာလို့
ဆိုသလိုပြောချင်စိတ်ကုန်ခမ်း သွားတာလည်း ပါဝင်ပါတယ်။
အတိုက်အခံလှုပ်ရှားမှုကို
ပြင်းပြင်းထန်ထန်ဝေဖန်တဲ့ ဆောင်းပါးတွေနဲ့ပတ်သက်လို့ ဘယ်လိုမြင်လဲလို့
မိတ်ဆွေတယောက်က တခါက မေးဖူးပါတယ်။ စိတ်ကုန်လွန်းလို့ ဘာမှ
မပြောတော့ပါဘူးဗျာလို့ ကျနော်က ပြန်ဖြေတော့ အဲဒီ ကဗျာဆရာက “အပျိုကြီးတွေ
လင်စိတ်သားစိတ်ကုန်တယ် ဆိုတာမျိုးဖြစ်မယ်” လို့ ပြောတာမျိုးပါပဲ။
ရွေးကောက်ပွဲအပြီးမှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတဲ့နောက် ဘာမှ ထူးထူးခြားခြား မပြောင်းလဲခဲ့ပါဘူး၊
ဂိုဘာ့ချော့ကို ပြန်တွေ့ခြင်း
ဒီလိုနဲ့
ပျင်းပျင်းရိရိ မတ်လတရက်မှာ ဂိုဘာ့ချော့ကို ဖျက်ကနဲ့ ပြန်တွေ့လိုက်ရပါတယ်။
သမ္မတဦးသိန်းစိန်ရဲ့ သမိုင်းဝင်မိန့်ခွန်းမှာ ဘယ်လိုမှ
မယုံနိုင်စရာစကားလုံးတွေ တိတိကျကျ၊ ဒိုးဒိုးဒေါက်ဒေါက် ကြားရပါတယ်။
စစ်အစိုးရ၀န်ကြီးချုပ်ကနေ သမ္မတဖြစ်လာတဲ့ ဦးသိန်းစိန် တယောက် ဘယ်က ဘယ်လို
ဂိုဘာချော့ဖြစ်သွားရတာလဲလို့ မယုံနိုင်အောင်ဖြစ်ခဲ့ရပါတယ်။
တချို့က
အလကားတွေပါလို့ ပြောပြီး တခါတည်း ပယ်ချလိုက်ပါတယ်၊ ကိုယ် အတ္တနောမတိနဲ့
ကိုယ့်ကတော့ မိန့်ခွန်းက မဆိုးဘူး၊ ဒီအတိုင်းဆို အပြောင်းအလဲက ဖြစ်နိုင်
(သေး) တယ်၊ ဒီမိုကရေစီ တန်ဖိုးတွေကို အမွှမ်းတင်ပြောလာတာ တနည်းအားဖြင့်
ဒီမိုကရေစီ တော်လှန်ရေးကြီးရဲ့ နှလုံးရည်နည်းနဲ့ အောင်ပွဲခံသွားတာပဲ။
အနည်းဆုံး ဒီမိန့်ခွန်းက တသွေး တသံတမိန့်နှင့် ခရီးဆက်ခဲ့တဲ့ သူ့တပ်ထဲမှာ
စနစ်ဟောင်းအတိုင်း ဆက်သွားရမလား။ သမ္မတပြောတဲ့ အတိုင်းလုပ်ရမလားဆိုတဲ့
ရှုပ်ထွေးမှုတွေ စဖြစ်တော့မယ်၊ စသဖြင့်…၊
စောင့်ကြည့်ရဦးမယ်
တနေ့မှာ ဒေါ်အောင်ဆန်းစုကြည်က အစိုးရသစ်ကို အရှိအတိုင်းလက်ခံပါတယ်လို့ ပြောလိုက် ပါတယ်။ ကျနော် မိတ်ဆွေ ဘလော့ဂါကြီးရဲ့ စကားအတိုင်းဆိုရင် ဒီစကားအပေါ်မှာ ကျနော်က အတိတ်စိမ်းတွေကောက်၊ ချဲတွက်သလို တွက်နေခဲ့ပါတယ်။ အဲဒီနောက် အာရပ်နွေဦးနဲ့ မြန်မာပြည်အခြေအနေတွေကို နှုင်းယှဉ်ပြီး စတုထ္ထလှိုင်းလာနေပြီလော့၊ ငါတို့အရေးအသို့နည်း ဆိုတဲ့ ဆောင်းပါးရှည်ကြီးတပုဒ်ရေးပြီး ပြောစရာစကားကုန်ခမ်းသွားပြန်ပါတယ်။
အဲဒီ
ဆောင်းပါးရေးပြီး တလလောက်အကြာမှာ ဘလော့ဂါကြီးနဲ့ လူချင်းတွေ့ကြပါတယ်။
တယောက်နဲ့ တယောက် ပြောမနာဆိုမနာ ရင်းနှီးတဲ့အတိုင်းပဲ သူက “ငြိမ်ချက်သား
ကောင်းလှချည်လား၊ မြန်မာ့အရေးကျွမ်းကျင်သူရဲ့၊ လက်ရှိနိုင်ငံရေး
အခင်းအကျင်းလေး ဘာလေး မရေးတော့ဘူးလား” လို့ နောက်သလိုလို ခနဲ့သလိုလို
မေးပါတယ်။
ကျနော်ကလည်း
မြန်မာ့အရေးကျွမ်းကျင်သူလို့ အခေါ်ခံရလည်း နည်းလားဆိုတဲ့ သဘောနဲ့
နှိုင်းနှိုင်းချိန်ချိန်သုခမိန် လေသံအတိုင်း “ စောင့်ကြည့်ရဦးမယ်ဗျာလို့
ပြန်ပြောခဲ့ပါတယ်၊ အဲဒီနောက် အိုစမာဘင်လာဒင် သေတဲ့အကြောင်း တောင်စဉ်ရေမရတွေ
ပြောပြီး လမ်းခွဲခဲ့ကြပါတယ်။
အာရပ် အခက်၊ ဗမာအချက်
ကျနော့်အမြင်ကတော့ အာရပ်နွေဦးက ကောင်းတယ်၊ အိုစမာဘင်လာဒင် သေတာကောင်းတယ်၊ ဒါဟာ
ဘယ်လောက်ပဲ ပထ၀ီအနေအထားအရ ဝေးတယ်ဆိုဆို အခြေမကျသေးတဲ့ (အနည်းဆုံး
နာမည်ကောင်းလိုချင်နေတဲ့) အစိုးရသစ်ကို တစုံတရာ ခြိမ်းခြောက်နိုင်မယ်လို့ ထင်ခဲ့ပါတယ်။ ပြည်တွင်းမှာ လူထုလှုပ်ရှားမှုတွေ အစိုးရက မိုးပေါ်ကို ထောင်မပစ်ဘဲ၊ တည့်တည့်ပစ်လွန်း အားကြီးလို့ လူတွေက လန့်နေပြီး၊ ဒေါ်အောင်ဆန်းစုကြည်လည်း ဒီသဘောပြောခဲ့တယ်ထင်တာပဲ။ ("The Tunisian army did not fire on their people, the Burmese army did,")
ဇွန်လထဲမှာ ဂျွန်မက်ကိန်းက မြန်မာပြည်မှာ အပြောင်းအလဲ မလုပ်ရင် အာရပ်ကမ္ဘာက တော်လှန်ရေးမျိုးကြုံမယ်လို့ သတိပေးခဲ့ပါတယ်၊ (“The
winds of change are now blowing, and they will not be confined to the
Arab world. Governments that shun evolutionary reforms now will
eventually face revolutionary change later,”)။
ဒီစကားနဲ့ပတ်သက်လို့ သူရဦးရွှေမန်းကလည်း “အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်း မြန်မာပြည်လာတုန်းကပြောသွားသလိုပဲ အရှေ့အလယ်ပိုင်း ဒေသတွေမှာလို လူထုအုံကြွမှုတွေ မဖြစ်အောင်အားလုံး ဝိုင်းဝန်းကြိုးပန်းရမယ်” လို့ ချက်ချင်း ပြန်တုံ့ပြန်တာကို ထောက်ရင် အစိုးရက လန့်နေတာ သေချာပြီ၊ ကိုယ့်တွက်ကိန်းနဲ့ ကိုယ်ပဲ။
ဒီကြားထဲမှာ
ဒေါ်အောင်ဆန်းစုကြည်ကလည်း ဘီဘီစီက စီစဉ်တဲ့ လက်ချာတခုမှာ မြန်မာပြည်သူတွေက
အာရပ်လှုပ်ရှားမှုအပေါ်မှာ စိတ်လှုပ်ရှားနေကြပါတယ်၊ လွတ်လပ်မှုကို
တောင့်တနေကြပါတယ်လို့ ပြောလိုက်တော့ ပိုအားတက်သွားပါတယ်။ ("The
Burmese are as excited by these events as peoples elsewhere ... The
similarities between Tunisia and Burma are the similarities that bind
people all over the world who long for freedom,")
နောက်လိုက်လော ခေါင်းဆောင်လော
ဒီကြားထဲမှာပဲ
ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်မှာ အာရပ်မှာလို
လူထုလှုပ်ရှားမှုမျိုးမလိုအပ်ပါဘူး လို့ ပြောလိုက်တော့
နည်းနည်းအားလျှော့သွားပါတယ်။ ဒေါ်စုက ဘာဖြစ်လို့ ကိုယ့်အိတ်ထဲက မစိုက်ရတဲ့
ကိစ္စတခုကို ကြားထဲက ၀င်ပြောနေပါလိမ့်။ အစိုးရက အာရပ်နွေဦးကို လန့်နေတာ၊
သူ့စရိတ်နဲ့ သူလွှတ်ထားလိုက်ရင် ရရဲ့သားနဲ့ သူများဝန်ကို ၀င်ထမ်းနေပြန်ပြီး
စသဖြင့် တွေးမိပါတယ်။
အဲဒီအချိန်မှာပဲ
တချို့က ကိုယ့်ဟာကိုယ် ဘယ်နေရာမှာ မယ်မှန်းမသိတာလား၊ ခေါင်းဆောင်လား
နောက်လိုက်လား မကွဲတဲ့ ခေါင်းဆောင်တွေ လုပ်နေတာကို နားမလည်တာလား၊ ကိုယ့်
လူ့အဖွဲ့အစည်းတခုလုံးအရေးထက်၊ ကိုယ့်မိသားစုအရေး၊ ကိုယ့်အဖွဲ့အစည်း အရေးကို
ပိုစိုးရိမ်နေလို့လား၊ နည်းနည်းပါးပါး လူဝင်ဆံ့လာတာကို စိတ်ကြီးဝင်လား၊
ထင်ရာမြင်ရာတွေ ရေးချင်ရာ ရေးတာ ဖတ်ရ တော့လည်း စိတ်ပျက်ရပါတယ်။ အန်အယ်ဒီက ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်တော့ ပိုဆိုးကုန်ကြပါတယ်၊ ကျနော်မြင်တာက ခေါင်းဆောင်က ခေါင်းဆောင် အလုပ်လုပ်ရင် နောက်လိုက်က နောက်လိုက်အလုပ်လုပ်ရုံပါပဲ။
တချို့ကလည်း ခေါင်းဆောင်ပြောတိုင်း လိုက်လုပ်ရမယ်ဆိုရင် မင်း- မှားနေပြီလို့ အငေါ်တူးပါတယ်။ ကျနော်လည်း ဘာမှ ထပ်မရှင်းပြတတ်တော့လို့ ဘာမှ မငြင်းတော့ပါဘူး။
ဒီကြားထဲမှာ ဒေါ်စုကို ထောက်ခံတယ်လည်းဆိုသေး၊ ဒေါ်စုက ဒဏ်ခတ်ပိတ်ဆို့မှုကိစ္စကို ဘာအပြောင်းအလဲမှ မလုပ်ဖို့ ပြောနေတာကို မသိတာလား (“Aung San Suu Kyi herself has stated, without concrete actions by this government that signal a deeper commitment to democratic change, there should be no easing or lifting sanctions,” … McCain) ကယ်တင်ရှင်ဝင်လုပ်တဲ့ သဘောလား၊ ဘာမှန်းမသိဘဲ ဟိုပိတ်ဆို့မှုလေး ပယ်လိုက်ရင် ပြည်သူတွေ ဘယ်လိုဖြစ်မယ်၊ ဘာညာ ၀င်ရွှီးတဲ့ လူတွေကို တွေ့ရတော့၊ ဒီလူတွေလည်း တမှောက်လို့ ညှဉ်းမိပါတယ်။ ဒီကြားထဲ သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့တာ၊ ဧရာမြစ်ဆုံရပ်သွားတဲ့ ကိစ္စတွေက အပ်ကြောင်းထပ်နေလို့ ထည့်မပြောတော့ပါဘူး။
ညီအစ်ကို မသိတသိအချိန်
တနေ့ကတော့
မြန်မာပြည်က ဂျာနယ်တစောင်မှာ ဆောင်းပါးတွေ ရေးနေတဲ့ မိတ်ဆွေ တယောက်က
အခုတလော ပြည်တွင်းမီဒီယာလောကမှာ ခေတ်စားနေတဲ့ စကားတခွန်း ရှိတယ်လို့
စကားစပါတယ်၊ ဘာစကားများလဲလို့ ကျနော်ဆက် နားထောင်နေ လိုက်ပါတယ်။
အခုအချိန်က
နိုင်ငံရေးမှာညီအစ်ကို မသိတသိအချိန်တဲ့၊ (အတိုက်အခံ နိုင်ငံရေးသမားတချို့
မြန်မာပြည်ပြန်တော့လည်း တချို့က နွားရိုင်းသွင်းချိန်လို့ ဆိုပါတယ်။၊
နိမိတ်ပုံတွေဖြစ်လို့
မှန်တယ်မှားတယ် မပြောချင်ပါဘူး၊ ဒါပေမယ့် ကျနော် နားလည်သလောက် ညီအစ်ကို
မသိတသိအချိန်ဖြစ်ဖြစ်၊ နွားရိုင်းသွင်းချိန်ဖြစ်ဖြစ်
ညနေမှောင်စပျိုးချိန်ကို ရည်ညွန်းတယ်လို့ ထင်ပါတယ်။ ဒီအတိုင်းဆို
ကျနော်တို့ သန်ခေါင်းအချိန်ထိ ဖြတ်သွားရဦးမလားလို့ စဉ်းစားမိတော့
သဘောမကျလှပါ။ ဖြစ်ခြင်းဖြစ် ဝေလီဝေလင်း (ငယ်ငယ်က
ကြည့်ဖူးတဲ့ရုပ်ရှင်ကားနာမည်) ဆိုရင် မဆိုးပါဘူး။ အလင်းရောင်နဲ့ ပိုနီးတယ်၊ နေ၀င် ညတွေကို ကူးဖြတ်စရာမလိုတော့ဘူးမဟုတ်လား။
ဒီမိုကရေစီစနစ်က မလည်ရှုပ်ပဲ
နိုင်ငံရေး
ရာသီဥတု ၀န်းကျင်ကောင်းမကောင်းကို လူတွေ ဘယ်လောက်များများ နိုင်ငံရေးနှင့်
ပါဝင် ပတ်သက်လာသလဲဆိုတာနဲ့ တိုင်းရမယ်ထင်ပါတယ်၊
တခါက
ပေါ်လစီသီချင်းတွေ ဆိုကြတဲ့ အကြောင်းရောက်သွားတော့ စီနီယာတယောက်က
ပြောဖူးပါတယ်။ “ ဒီလူတွေက ဒီလိုပါပဲကွာ၊ ဒီမိုကရေစီရလာရင်လည်း
ဒီမိုကရေစီနိုင်ငံတော်ကြီး ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုပြီး သီချင်းတွေ တီးကြ၊
ဆိုကြဦးမှာပဲလို့ ပြောရင်း ရယ်မိကြပါတယ်၊ လွန်ခဲ့တဲ့ ၇ နှစ်လောက်က။
အခုတလော့
ရုပ်ရှင်၊ ဂီတလောကသားတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့တဲ့ ဓာတ်ပုံတွေကို
တွေ့တိုင်းမှာ အဲဒီစကားလုံးကို သတိနေပါတယ်၊ (ဒီကြားထဲမှာ သူရဦးရွှေမန်းက
သူ့ကိုယ်သူ ဒီမိုကရေစီဘက်တော်သားလို့ ဆိုလိုဆို၊ ဗိုလ်ချုပ်ဟောင်းတွေရဲ့
ဒီမိုကရေစီဒေသနာကို နာကြားပြီးသကာလ ဒီမိုကရေစီရေးအတွက် တသက်လုံး
ထောင်ကျတန်း ကျခံလုပ်လာတဲ့ လူတွေက စိတ်ချဉ်ပေါက်ပြီး ငါတို့က အာဏာရှင်
ဘက်တော်သားတွေလို့ ပြောပြီး၊ အာဏာရှင်တရားတွေ ဟောမှာကို စိုးရိမ်မိပါတယ်
××× စကားချပ်)
စောစောကလူတွေနဲ့
ဒေါ်အောင်ဆန်းစုကြည်တို့ ရယ်ရယ်မောမော ဓာတ်ပုံတွဲရိုက်တာကို တွေ့ရတော့
ထောင်ကျတန်းကျ၊ မိသားစုတကွဲတပြားစီဖြစ်၊ ဘ၀ပျက်ခဲ့ရတဲ့ လူတချို့က အခဲမကျေ
အမြင်ကတ်ကြပါတယ်။
တယောက်က စိတ်ပျက်ပြီး “ ငါတို့ မလိုတော့ဘူး၊ ဒီလူတွေနဲ့ ဒေါ်စု နိုင်ငံရေးဆက်လုပ်တော့မယ်” လို့ ပြောရှာပါတယ်။
ဒီခံစားချက်ကို
လူတိုင်း နားလည်နိုင်ပါတယ်။ ဒါလည်း ဒီမိုကရေစီစနစ်ရဲ့
အားနည်းချက်တခုပါပဲ။ ဒီခံစားချက်တွေကို ဒေါ်အောင်ဆန်းစုလည်း နားမလည်ဘဲ
မနေပါဘူး။ ဒါပေမယ့် ဒေါ်စုခမျာမှာ သူတောင်းစားကနေ သံတမန်အလယ်၊ သမ္မတအထိ
သူတယောက်တည်းတွေ့နေရ၊ လုပ်နေရာတာ သနားစရာ၊ တခြားရွေးချယ်စရာလည်းမရှိ။
ရုပ်ရှင်သမား၊
ဂီတသမားတွေ (အများစု) ဟာ အချောင်သမားတွေလား။ စကားမစပ် အလံနီခေါင်းဆောင်
သခင်စိုးရဲ့ စကားလို့ ထင်ပါတယ်၊ စကားလုံး အတိအကျတော့ မဟုတ်ပါ။ လူထုကို
စည်းရုံးလို့ မရတဲ့အခါမှာ စိတ်ချဉ်ပေါက်ပြီး လူထုဆိုတာ အပါးနပ်ဆုံး
အချောင် သမားတွေဖြစ်တယ်လို့ ပြောခဲ့တယ်လို့ ကြားဖူးပါတယ်။
အတိအကျစကားလုံးမဟုတ်ပါ၊ သူ့ အသုံးအနှုန်းအတိုင်းဆိုရင် လူထုနှင့်
နိုင်ငံရေးအပြောင်းအလဲ လုပ်တဲ့သဘောတရားက အချောင်သမားတွေနဲ့ အပြောင်းအလဲ
လုပ်တယ်လို့ အဓိပ္ပါယ် ထွက်သွားနိုင်ပါတယ်။
နိုင်ငံရေးအပြောင်းအလဲဖြစ်ဖို့
လူလတ်တန်းစားတွေလိုတယ်လို့တော့ ပြောကြပါတယ်။ ဒါဖြင့်
ဒေါ်အောင်ဆန်းစုကြည်နှင့် ဓာတ်ပုံရိုက်နေတဲ့ လူတွေက လူလတ်တန်းစာတွေလို့
မခေါ်နိုင်ဘူးလား၊ သို့မဟုတ် ရေပေါ်စီတွေလား၊ မော်ဒရိတ်တွေကို ခေါ်သလား၊
ဘယ်လိုလူတွေပဲဖြစ်ဖြစ် ဒီမိုကရေစီအပြောင်းအလဲလုပ်ဖို့ ဒီလူတွေ
မလိုအပ်ဘူးလား၊ ဘယ်နားသွားထားရမလဲ။
ဒီမိုကရေစီဆိုတာ
အောက်ကလူတွေက အရင်ရပြီးမှ အပေါ်က လူတွေကဆီ ရောက်ရမယ်လို့ သတ်မှတ်ထားသလား၊
သို့မဟုတ် အပေါ် လူတွေဆီက အောက်က လူတွေဆီ စီးဆင်းတာလား၊ ခါးလယ်ကနေ ဖြတ်ပြီး
အပေါ်အောက်မျှပြီး စီးသွားသလား၊ ဒီမေးခွန်းတွေကို နောက်နှစ်ကျမှ
မဖြေရှာနိုင်တော့မယ် ထင်ပါတယ်၊
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ- ဗီလိန်လား၊ ဟီးရိုးလား
ကားလိပ်နောက်ကို
ဝင်သွားတဲ့ (လုံးဝအနားယူသွားတယ်လို့ မထင်ပါဘူး၊ ကိုယ့်အိမ်က ကိစ္စ၊
အဖွဲ့အစည်းကိစ္စတွေနဲ့ပဲ စဉ်းစားကြည့်လို့ရပါတယ်။ နှစ်ပေါင်းများစွာ
သူ့ခြေသူ့လက် အစစအရာရာ ထိန်းချုပ်လုပ်ကိုင်ခဲ့တဲ့ လူကြီးတယောက်က
ချက်ချင်းလက်ငင်း အနားယူ သွားတယ်ဆိုတာ လက်တွေ့မဖြစ်နိုင်တဲ့ ကိစ္စမဟုတ်လား)
အခု အစိုးရအဖွဲ့ကို ဦးဆောင်ခဲ့တဲ့ လူတွေကလည်း ဗိုလ်ချုပ်မှူးကြီး
ခိုင်းတာကို နှစ်ပေါင်းများစွာလုပ်ခဲ့သူတွေပဲ မဟုတ်လား၊
တနေ့က
မြောက်ကိုရီးယား ကင်ဂျုံအီနဲ့
ဗိုလ်ချုပ်မှူးကြီးသန်းရွှေဘယ်သူပိုတော်သလဲဆိုတဲ့ ဘာသာပြန်ဆောင်းပါး
တပုဒ်ရေးရင် စိတ်ထဲမှာ ထပ်ဖြည့်ချင်စရာတွေ ရှိပေမယ့် နဂိုဆောင်းပါးရဲ့
အသွားအလာ ပျက်သွားမှာစိုးလို့ သီးသန့်ရေးဦးမယ်လို့ တေးထားလိုက်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးဟာ အာဏာနိုင်ငံရေးကို အင်မတန်ကျွမ်းကျင်တဲ့
ထိပ်တန်းနိုင်ငံရေး သမားတယောက် ဆိုတာ လူတိုင်း ၀န်မခံချင်လည်း သိနေတဲ့
ကိစ္စပါပဲ (ကျွမ်းကျင်တာနဲ့ ကောင်းတာ မဆိုင်ပါဘူးလေ)။
အဓိကပြောချင်တာက
တချို့ပြောသလို အစိုးရအဖွဲ့ထဲမှာ လိုင်းအပျော့နဲ့ လိုင်းအမာ
နှစ်မျိုးစလုံး ရှိတယ်ပဲဆိုဆို အားလုံး ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့
လူတွေပါပဲ။ ဒီလူတွေ အားလုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အကျိုးကို
လိုလားသူတွေဆိုရင် ကြိုက်သည်ဖြစ်စေ၊ မကြိုက်ဘူးဖြစ်စေ - ရွေးစရာ တချက်ပဲ
ရှိပါတယ်။ အဲဒါကတော့ မြန်မာပြည်မှာ ဒီမိုကရေစီ အပြောင်းအလဲကို
ဦးတည်လုပ်ကြဖို့ပါပဲ။
ဒီဆိုရင်
လူထုရဲ့ ဆန္ဒနဲ့လည်းကိုက်သွားလို့ မြစ်ဆုံကြီး ရပ်လိုက်သလို
နာမည်ကောင်းလည်း ရမှာသေချာပါတယ်။ အကယ်၍ လက်ရှိ မြန်မာပြည် အပြောင်းအလဲ
အောင်မြင်သွားရင် နောက်နှစ်တွေကြာတဲ့အခါ မြန်မာပြည်က အပြောင်းအလဲကို
အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ် အကူးအပြောင်းရဲ့ အရေးကြီးတဲ့
သင်ခန်းစာအဖြစ် နိုင်ငံတကာတက္ကသိုလ်တွေမှာ လေ့လာကြပါလိမ့်မယ်။
တပ်မတော်ပြုပြင်ပြောင်းလဲရေးလုပ်ဖို့
အသက်ကြီးကြီး ဗိုလ်ချုပ်တွေကို အနားပေးခဲ့တာ၊ ဗိုလ်ချုပ်ခင်ညွန့်ကို
ဖမ်းပြီး ထောက်လှမ်းရေးအဖွဲ့ကို အပြစ်ပုံချခဲ့တာ စစ်တပ်နာမည်ကို
အဖက်ဆယ်ဖို့၊ စစ်တပ်ကို နောက်ပြန်ဆုတ်ဖို့ ဗိုလ်ချုပ်မှူးကြီး တကယ်ပဲ
ဆုံးဖြတ်ထားခဲ့သလား။
ရွှေဝါရောင်သံဃာလှုပ်ရှာမှုနှင့်
လမ်းပြမြေပုံ ကြားထဲက ဆက်ထုံးက ဘာလဲ၊ အမျိုးသားညီလာခံ ဥက္ကဌ ဦးသိန်းစိန်က
သမ္မတဖြစ်လာပြီး၊ ဗိုလ်ချုပ်ခင်ညွန့်ရဲ့ ထောက်လှမ်းရေး အဖွဲ့ကို တရားခံလို့
ဖွင့်ချခဲ့သူ သူရဦးရွှေမန်က ပြည်သူ့လွှတ်တော် ဥက္ကဌဖြစ်လာတာ ဘာသဘောလဲ။
ဒေါ်အောင်ဆန်းစုကြည်နှင့်
ဦးသိန်းစိန်တို့ တွေ့ပြီး၊ ပြုပြင်ပြောင်းလဲမှုတချို့လုပ်လာတာ
ဦးသိန်းစိန် သဘောနဲ့လား၊ အားလုံးကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့
သဘောတူညီချက်နဲ့ စနစ်တကျ အကောင်အထည်ဖော်နေတာလား၊
ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ
ဗီလိန်လား၊ ဟီးရိုးလား။ စတာတွေကို လက်ရှိ ဒီမိုကရေစီ အပြောင်းအလဲတွေ
ဘယ်လောက်အောင်မြင်သလဲဆိုတဲ့ အချက်တွေက အဓိက အဆုံးအဖြတ် ပေးပါလိမ့်မယ်။
သမိုင်းဆိုတဲ့သဘောက တခါတလေ လူဆိုးနှင့် လူကောင်းကို
ပြောင်းပြန်ဇောက်ထိုးတွေ လုပ်တတ်ပါတယ်၊ ဥပမာ ဇင်ဘာဘွေသမ္မတကြီး၊ လစ်ဗျား
ခေါင်းဆောင်ကြီးကဒါဖီ၊ မြောက်ကိုရီးယားခေါင်းဆောင်ကြီး ကင်အီဆွန်း၊
ကင်ဂျုံအီတို့ သားအဖတတွေလည်း တချိန်က ဟီးရိုးတွေဖြစ်ပြီး နောက်ပိုင်းမှ
ဗီလိန်ဖြစ်ကုန်ကြတာမျိုးပါ၊ နောက်ထပ် ဥပမာတွေ အများကြီးရှိပါတယ်။
ဥပမာ
တရုတ်ပြည်က ခေါင်းဆောင်ကြီး မော်စီတုန်းတို့၊ တိန့်ရှောက်ဖိန်တို့ကို
ကြည့်ရင်း ဟီးရိုးလား၊ ဗီလိန်လား ဆိုတာ သမိုင်းရဲ့
ဘယ်အချိုးအကွေ့ပြောနေတာလဲဆိုတာနဲ့ ဆိုင်ပါတယ်။ ဗီလိန်ဖြစ်သွားလိုက်၊ ဟီးရိုးဖြစ်သွားလိုက် ပြောဖို့ အတော်ခက်ပါတယ်၊
ညီစောလွင်
ဒီဇင်ဘာ ၂၇၊ ၂၀၁၁
0 comments:
Post a Comment