အားကစား သူရဲကောင်းများကို ဂုဏ်ပြုပါ
by Moenge Aung on Thursday, December 29, 2011 at 5:17pm
ပြည်နယ်တောင်တန်း ဒေသတွင်ရှိသော သာမန် မြို့တစ်မြို့မှ သာမန် မိန်းကလေး တစ်ဦးက မြန်မာနိုင်ငံသား ပြည်သူ သန်း (၆၀) ၏ ဂုဏ်သိက္ခာနှင့် သူ့နိုင်ငံ၏ ဂုဏ်ကို မြှင့်တင်ပေးလိုက်ပြီဟု ရင်မှာ လှိုက်လှဲ ကျေနပ်သော၊ ဂုဏ်ယူ ဝမ်းမြောက်မှု အပြည့်နှင့် e-mail တစ်ခုကို အဝေး၌ အလုပ်လုပ်နေသည့် ကျွန်တော့်သမီးထံ ပို့ပေးလိုက်မိပါသည်။ အဆိုပါ e-mail ကို ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့ ညနေ ၃ နာရီ အချိန်က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ (၂၆) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ မြားပစ်ကွင်းမှ ပို့ပေးလိုက်မိခြင်း ဖြစ်ပါသည်။
ထိုနေ့၊ ထိုရက်၊ ထိုအချိန်က ကျွန်တော် လှိုက်လှဲ ဝမ်းမြောက်စွာ ဂုဏ်ယူနေမှုများကို ပြည်သူများထံ ပို့ပေးဖို့ (သို့တည်းမဟုတ်) အားကစား ဝန်ကြီးထံ ပို့ပေးဖို့ စသည့် မည်သို့ ဖော်ပြရမည်ကို ကျွန်တော် ဂဃနဏ သေချာမစဉ်းစား၊ မစီစဉ်နိုင်ခဲ့တော့သည်ကို ဝန်ခံလိုပါသည်။ (၂၆) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးကို အင်ဒိုနီးရှားနိုင်ငံ ဆူမတြားကျွန်း ပါလန်ဘန်မြို့ ဂျကာဗာရင်း အားကစား မြို့တော်ကြီးတွင် ၁၁-၁၁-၂၀၁၁ ရက်နေ့ ည ၇ နာရီ၌ စတင် ဖွင့်လှစ်ပြီးသည်မှ စ၍ ပြိုင်ပွဲဝင် (၁၁) နိုင်ငံလုံးရှိ အားကစားသမားများသည် မိမိ၏ စွမ်းရည် အမြင့်ဆုံး ယှဉ်ပြိုင်ခဲ့ကြပါသည်။ အိမ်ရှင်ဖြစ်သော အင်ဒိုနီးရှားနိုင်ငံက စတင် ဖွင့်လှစ်သည်မှစ၍ ရွှေတံဆိပ် အများဆုံးသော အောင်မြင်မှုများနှင့် ရှေ့ကပင် ဦးဆောင်လာခဲ့ပါသည်။ ပထမဆုံးသော ရွှေတံဆိပ်ကို ထိုင်းနိုင်ငံ ကယက်လှေလှော် အားကစားမှ ရယူသွားခဲ့ပါသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံသည် နောင်အိမ်ရှင်အဖြစ် လက်ခံကျင်းပရမည့် (၂၇) ကြိမ်မြောက် SEA Games ကြီးကို အောင်မြင်စွာ ကျင်းပနိုင်ရန် ရည်မှန်းလျက် အကြိုနှစ်ဖြစ်သော (၂၆) ကြိမ်မြောက် SEA Games တွင် အားကစားသမား အင်အား ၅၉၀ ဖြင့် အများဆုံး ပါဝင် ယှဉ်ပြိုင်ခဲ့ပါသည်။ ပြိုင်ပွဲ မသွားမီကပင် အားကစား ဝန်ကြီးဌာန၏ ကြိုးပမ်းမှု၊ လှုပ်ရှားမှုများကို သတင်းစာနှင့် ဂျာနယ်များတွင် ကျယ်ပြန့်စွာ Publicity ယူ၍ ဖော်ပြခဲ့ကာ ပြည်သူများအကြား 26th SEA Games မှာ ဘယ်လိုလဲ၊ ဘယ်ကိုလဲ၊ ဘာယူမှာလဲ၊ ဘောလုံးရမှာလားဆိုသော စိတ်ဝင်စားမှုများ၊ အားမာန်တင်းပေးမှုများ ဖြစ်အောင် လှုံ့ဆော်နိုင်ခဲ့ပါသည်။ မြန်မာနိုင်ငံသားတို့သည် အားကစားကို စိတ်ဝင်စားမှုထက်ပိုကာ ခုံမင်၍ ချစ်မြတ်နိုးမှု ရှိကြပါသည်။ ဘောလုံးမှ ဘောလုံးဟု ပြောနေပြီး ဘောလုံး Crazy တွေဟု ဆိုနေစေကာမူ အားကစား အားလုံးကို စိတ်ဝင်စားကြ၊ ယှဉ်ပြိုင်လိုကြ၊ အနိုင်ယူလိုကြ၊ အနိုင်ရမှ ကျေနပ်ကြဆိုသော လူမျိုး ဖြစ်ပါသည်။
SEA Games မသွားမီကပင် “သည်နှစ် တအားပြင်ဆင်ထားတာပဲ၊ ရွှေဘယ်လောက်လောက်ရမယ် မှန်းထားလဲ” ဆိုသော မေးခွန်းများကို ကျွန်တော်တို့ လူကြီး အသိုင်းအဝိုင်း၊ သက်ကြီး အသိုင်းအဝိုင်းတွင် ဖြေကြားနေရပါသည်။ အင်ဒိုနီးရှားတွင် 26th SEA Games ကို ဂျကာတာမြို့တော်နှင့် ပါလန်ဘန်မြို့၌ နှစ်နေရာခွဲ ကျင်းပခဲ့ရာ မြန်မာတို့ အားသာသော၊ ရွှေရနိုင်သော အားကစားနည်းမျိုးများသည် ဂျကာတာ၌ ရှိသည်ကို အားကစားနှင့် ကာယပညာဦးစီးဌာနမှ အတွေ့အကြုံရှိသူများက သိရှိပြီး ဖြစ်ပါသည်။ ပြိုင်ပွဲကြီး စပြီး တစ်ရက်၊ နှစ်ရက် ကျွန်တော်တို့ ရွှေဆု မရသေးပါ။ မည်သည့် အားကစား ပြိုင်ပွဲတွင်မှ ရွှေနား မကပ်နိုင်သေးပါ။ ပြိုင်ပွဲအစရက်များ ယှဉ်ပြိုင်ဆဲ ကာလများဖြစ်၍ အဖြေမသိသေးတာ မဟုတ်ပါ။ Final Round အဖြစ် ယှဉ်ပြိုင်နေရသော ပြေးခုန်ပစ်၊ ရေကူးအပါအဝင် ကနူးလှေ၊ နိုင်ငံတကာလှေ စသည်ဖြင့် အဆင့်ဆင့်ပြီးခဲ့သော ပြိုင်ပွဲများတွင် ကျွန်တော်တို့ လက်ရွေးစင်များ အောင်မြင်မှု မရခဲ့ပါ။ တစ်ချိန်က ကျွန်တော်တို့ နောက်တွင် များစွာ ချန်ထားခဲ့သော ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့ ရွှေတံဆိပ်ဆု စတင် ယူလိုက်သောအခါ ကျွန်တော်တို့ သိမ်ငယ်စပြုလာပါပြီ။ သတင်းစာများတွင် SEA Games ဆုတံဆိပ်ဇယား ဖော်ပြပြီး မြန်မာနောက်ဆုံး၌ ရောက်နေမည်ကို စိတ်မှန်းဖြင့် မြင်နေရပြီး ရှုံးနိမ့်လာသော မျက်နှာများနှင့် တိုင်းပြည်ကို မည်သို့ ပြန်ရမည်နည်းဟု တကယ်ပင် စိတ်ချောက်ချားခဲ့ရပါသည်။ အောင်မြင်မှုများရှိချိန် ကြိုဆိုမှုများအကြား လေဆိပ်၌ အလံထူ လျှောက်လှမ်းခဲ့ရသည့် ပုံများမှသည် လေယာဉ်ဘေးပေါက်မှ ဆင်း၍ ကုပ်ကုပ်၊ ကုပ်ကုပ်နှင့် ကိုယ့်ပစ္စည်းကိုယ်ဆွဲ ပြန်လည်ဝင်ရောက် လျှောက်လှမ်းနေသည့် တိုက်ပွဲရှုံး မိမိကိုယ်ကိုယ်၏ ပုံများကိုလည်း မြင်ယောင်ကြည့်နေမိပါသည်။ အားကစားပြိုင်ပွဲ တစ်ခု၏ သဘာဝဖြစ်သော အရှုံး၊ အနိုင်ကို ပြည်သူများက နားလည် ခွင့်လွှတ်နိုင်ကြပါလိမ့်မည်ဟု တစ်ခါက (22nd SEA Games ဗီယက်နမ်မှ အပြန်) ရင်ဖွင့်ခဲ့ဖူးသည်ကိုလည်း အမှတ်ရနေပါသည်။ အောင်မြင်မှုများ၌ အဖတော်ပါသည်ဟု အဖေခေါ်ခံချင်သူများ များပြားသလောက် ရှုံးနိမ့်မှုအတွက် အမိမဲ့သားသာ ဖြစ်လိမ့်မည်ဆိုသော လောကဓမ္မကိုလည်း ငယ်စဉ်ကတည်းက သင်ကြားတွေ့မြင်နေရခဲ့ရာ မြန်မာ (ရွှေ) ရပြီဆိုသော သတင်းကို ဘယ်ကရနိုင်ပါ့မလဲဟု မျှော်လင့်တကြီးဖြင့် လျှောက်တွက်နေမိပါသည်။
မျှော်မှန်းထားသော မြားကရမှာလား၊ လှေလှော်ကရမှာလား စသည့် ဆန္ဒများ၊ ရိုးရာလှေကျရင် ရမှာပါဆိုသော မျှော်လင့်မှုများ၊ လက်ဝှေ့၊ ဝူရှူး၊ ဂျူဒိုတို့မှာလည်း ငါတို့အားရှိတာပဲဟု စိုးရိမ်စိတ်နှင့် ဆုတောင်းအားကိုး လုပ်လာမိပါသည်။ ဘာတွေဖြစ်ကုန်တာလဲ ဒို့က တိုးတက်မှု ရှိမလာဘူးလား၊ ကိုယ့်စံချိန် ကိုယ်မရတာလား၊ သူတို့က တက်လာတာလား၊ ဘာကြောင့်လဲ၊ ဒိုင်တွေက ညစ်တာလား၊ ဒါလည်း မဟုတ်နိုင် စသည်ဖြင့်သွားလာ အားပေးမှု ဒုက္ခတွေကြားမှ ဘယ်အားကစားနည်းက ရမှာလဲဟုသာ စိတ်ပူလာစပြုသည့်ရက်များ ဖြစ်လာပါသည်။ (၁၃-၁၁-၂၀၁၁) ရက်နေ့တွင် ပါလန်ဘန်မှ ဂျကာတာသို့ ကျွန်တော် ရွှေ့ရပါသည်။ ဂျကာတာသည် လူဦးရေများပြီး ကားအလွန် ကျပ်ပါသည်။ တစ်နေ့တည်း ပြိုင်ပွဲ (၂) မျိုး၊ (၃) မျိုးလှည့်လည် ကြည့်ရှုအားပေးဖို့ဆိုတာ မဖြစ်နိုင်ပါ။ ရွှေရနိုင်သူများဆီသာ သွားပြီး ရွှေမရနိုင်သော Events များသို့ မသွားနိုင်၊ မသွားဖြစ်သည်မှာလည်း ဘယ်လိုမှ မဖြစ်သင့်ပါ၊ အားကစားသမား အားလုံးသည် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနေသူများ ဖြစ်ကြပါသည်။ ဂျကာတာရောက်ပြီးမှ တစ်နေ့၊ ထိုတစ်နေ့ ကျွန်တော်တို့ မျှော်မှန်းပြီး ကျွန်တော်တို့အားလုံး အတိုင်းထက်ကျော်လွန်၊ ပျော်ရွှင်ခဲ့ရသည်ကို ကြုံရပါတော့သည်။ အင်ဒိုနီးရှားတွင် အားကစား ပြိုင်ပွဲများကို တစ်နေကုန်၊ တစ်နေခန်း ကားရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ လှည့်ပတ် သွားနေရစဉ်တွင် လေယာဉ် စီးရမည့်နေ့မှ လွဲ၍ ဘယ်နေ့၊ ဘယ်ရက်ဆိုတာ ကျွန်တော် လုံးဝမသိပါ။ အားကစား အဖွဲ့ချုပ်များက ၁၅ ရက်နေ့ ပွဲကောင်းမည်၊ ၁၇ ရက်နေ့ ပွဲကောင်းမည်၊ ဘယ်နေ့ကောင်းမည်ဟု ကျွန်တော့်ကို အားပေး ဖိတ်ခေါ်နေသော်လည်း ဘယ်နေ့၊ ဘယ်ရက်ဆိုတာ ကျွန်တော် မသိတော့ပါ။ သည်နေ့နှင့် မနက်ဖြန်သာ သိပါတော့သည်။ တိုင်းပြည်၏ နိုင်ငံတော် သမ္မတကြီး၊ ဘာလီ Summit သို့ ရောက်နေစဉ်ကာလ ဖြစ်သည့်အတွက် နိုင်ငံတော်သမ္မတကြီးအား နိုင်ငံအားကစားအဖွဲ့၏ အောင်မြင်မှုကို ပြသနှင်းဆက်လိုစိတ်သာ ရှိပါတော့သည်။ ထိုနေ့ကို ဂျကာတာတွင် ကျွန်တော်ကြုံရပြီး အောင်မြင်မှု လက်ဆုပ်လက်ကိုင်လည်း ရလိုက်ရပါသည်။
ထိုနေ့သည် မြားပစ်ပြိုင်ပွဲ မြန်မာ့မြားပစ်သူရဲကောင်း အကျော်အမော် ရွှေဆုများရှင် အောင်ငှိမ်း (Aung Ngeain) က Compound အမျိုးအစား တစ်ဦးချင်း ပြိုင်ပွဲတွင် ပြိုင်ဘက် ဖိလစ်ပိုင် နိုင်ငံသူ ဂျနီဖာအား တစ်မှတ် အသာဖြင့် ပထမဆုကို ရယူပေးလိုက်သောနေ့ ဖြစ်ပါသည်။ တစ်ဦးချင်း ပြိုင်ပွဲ၊ မြားပစ် ပြိုင်ပွဲဆို၍ လေ့လာကြည့်ပါ၊ ဘယ်နှကြိမ်၊ ဘယ်နှခါပစ်ရ၊ ယှဉ်ပြိုင်ခဲ့ရ၊ တည်ငြိမ်ခဲ့ရ၊ အနိုင်ယူခဲ့ရပါသနည်း။ အကြိမ်ကြိမ် ပစ်ရပါသည်လို့သာ ပြောနိုင်ပါတော့မည်။ အားကစားသမားအားလုံးကို စတင် ပစ်ခတ်ယှဉ်ပြိုင်စေပြီး Ranking အကောင်းဆုံးမှ အနည်းဆုံးထိ ယှဉ်ပြိုင် ပစ်ရပါသည်။ ၎င်းနောက်မှ အမြင့်ဆုံး၊ အနိမ့်ဆုံး ပြန်တွေ့စေပြီး ရှုံးထွက် ပစ်ရပါသည်။ နောက်ဆုံး ဖိုင်နယ်ရောက်သည်ထိပင် ဖြစ်ပါသည်။ အောင်ငှိမ်းသည် အဆင့်ဆင့်သော ပြိုင်ပွဲများတွင် ယှဉ်ပြိုင်ပြီး ဖိုင်နယ်အထိ တက်ရောက်လာပါသည်။ ဖိုင်နယ်ပြိုင်ပွဲ၏ နောက်ဆုံး မြားတံစိုက်ချိန်တွင် အောင်ငှိမ်းက တစ်မှတ် နိမ့်နေပါသည်။ သူတစ်ချောင်း ကိုယ်တစ်ချောင်းသာ ပစ်ခွင့်ကြုံချိန်တွင် ဖိလစ်ပိုင်နိုင်ငံက ယှဉ်ပြိုင်သူ ဂျနီဖာက ဗဟိုနှင့် အနီးဆုံး ကိုးမှတ် စက်ဝန်းကို တည်တည်ငြိမ်ပဲ စိုက်ဝင်သွားပါသည်။ အောင်ငှိမ်း အလှည့်သာ ကျန်ပါသည်။ သူဘယ်လို ရပ်တည်မည်နည်း၊ ကျွန်တော် မကြည့်ရဲတော့ပါ၊ အောင်ငှိမ်း၏ တည်ငြိမ်စွာ ယှဉ်ပြိုင်မှုကို အဝေးမှ ဓာတ်ပုံ မှတ်တမ်းယူရင်း ကျွန်တော်သည် သူ့အပေါ် ယုံကြည်စိတ်ချမှုများ ရာခိုင်နှုန်းပြည့် ရှိခဲ့ပါသည်။ ကျွန်တော် မြားပစ်သမား မဟုတ်သော်လည်း အားကစား၏ သဘောနှင့် လူ့စိတ်ပညာ သဘောထားကို သိပါသည်။ အောင်ငှိမ်းကို လုံးဝ ယုံကြည်သော်လည်း နောက်ဆုံး မြားတံလေးသည် ကျွန်တော်တို့၏ မျှော်လင့်ချက် ဖြစ်နေပါသည်။ အောင်ငှိမ်းသည် ဗဟိုဖြစ်သော (၁၀) စက်ဝိုင်းအား ထိကိုထိမှ ဖြစ်ပါတော့မည်။ စဉ်းစားကြည့်ကြပါ၊ အကွာအဝေးက ကိုက် (၅၀) ရှိပါသည်။ မြားပစ်ချိန်ပေါက်မှ ကြည့်လျှင် မည်မျှ ဝေးသွားမည်နည်း။ လေတစ်ချက် ခတ်လိုက်လျှင် မြားအလွှတ်၌ Timing လွဲသွားလျှင် ဘာတွေ ဖြစ်ကုန်မည်နည်း။ ကျွန်တော် မတွေးရဲပါ။ ကျွန်တော့်ယုံကြည်မှုအရ ယူသွားသော သပြေခက်ကလေးကို လက်တွင် အုပ်၍ နမော ဗုဒ္ဓဿ၊ နမော ဓမ္မဿ၊ နမော သံဃဿ ဟူ၍သာ မျက်စိမှိတ် ရွတ်ဖတ်နေပါသည်။
မြန်မာမြားပစ် အားပေးပရိသတ်၏ “ဟေး” ဆိုသော အသံကြားမှ မော့ကြည့်မိပါတော့သည်။ အောင်ငှိမ်း (၁၀) ကို ပစ်ထည့်လိုက်ပါသည်။ တစ်ဦးချင်း ဖိုင်နယ် အမှတ်တူ ဖြစ်သွားပါသည်။ ပြိုင်ပွဲ စည်းမျဉ်းအရ ခေတ္တနားပြီး နောက် တစ်ချောင်းတည်းသာ အဆုံးအဖြတ် ဆက်ပစ်ရပါမည်။ မည်မျှ ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းပါသလဲ။ ကျွန်တော်တို့က နိုင်ငံ့ဂုဏ်အတွက် ဖြစ်နေပါသည်။ အောင်ငှိမ်း၏ အောင်မြင်မှုအတွက် မဟုတ်။ နိုင်ငံ၏ သိက္ခာအတွက် ဖြစ်ပါသည်။ နောက်ဆုံး တစ်ချောင်းစီ ပစ်ခတ် ယှဉ်ပြိုင်ပွဲတွင် ဖိလစ်ပိုင်သူ ဂျနီဖာက ကိုးမှတ် စက်ဝိုင်းဝင်ပြီး အောင်ငှိမ်းက (၁၀) မှတ် ဗဟိုတည့်တည့်ကို ထပ်ပစ်ကာ မြန်မာအားကစား အဖွဲ့ကြီး၏၊ မြန်မာနိုင်ငံ၏ ပထမဆုံးသော ရွှေဆုကို ဆွတ်ခူးရ ယူနိုင်ခဲ့ပါသည်။ ယင်းနေရာတွင်ရှိသော ကျွန်တော်တို့ မြန်မာပရိသတ်အားလုံး “အောင်နိုင်သူမှာ မျက်ရည်စတွေနှင့်” ဖြစ်ခဲ့ကြပါသည်။ ကွင်းထဲတွင် ခုန်ပေါက်ပွေ့ဖက် ပျော်ရွှင်နေကြပါသည်။ ရွှေလေးတစ်ခုရတာ မြန်မာတွေ ဘာဖြစ်နေတာလဲဟု အင်ဒိုနီးရှားတွေက သရော်ကောင်း သရော်ကြပါလိမ့်မည်။ ကျွန်တော်တို့ ဘာတွေ ပျော်ပြီး ဘာတွေ ခံစား၊ အဖြစ်သည်း နေပါသနည်း။ ပြည်သူအားလုံး တွေးကြည့်နိုင်ပါသည်။ ကျွန်တော်တို့သည် စွမ်းရည်၊ အားမာန်၊ ဂုဏ်သိက္ခာ ယှဉ်ပြိုင်နေကြခြင်း ဖြစ်ပါသည်။ ပြည်တွင်းတွင်ရှိသော တိုင်းဒေသကြီး/ ပြည်နယ်အားလုံး၊ ချမ်းသာ ဆင်းရဲ အားလုံး၊ အလုပ်ရှိသူ မရှိသူ အားလုံး၊ တိုင်းရင်းသား အားလုံး၊ အဖွဲ့အစည်း အားလုံး၊ နိုင်ငံရေးပါတီ အားလုံး ပါဝင်သည့် လူထုအားဖြင့် ယှဉ်ပြိုင်နေခြင်း ဖြစ်ပါသည်။ အားနည်းချက်များ၊ အပြစ်များ၊ အဆင်မပြေမှုများ၊ အပြစ်ရှာမှုများ၊ ပုတ်ခတ်သရော်၊ ထေ့ရိစောင်းမြောင်းမှုများ၊ ချီးမွမ်း၊ ချီးကျူး၊ မြှောက်ပင့်မှုများ အားလုံးကို လုံးဝမေ့လျက်၊ ခံစားမှုကင်းကင်း၊ အရောင်အသွေးကင်းကင်း၊ မူဝါဒကင်းကင်းဖြင့် ကိုယ့်အတတ်ပညာ၊ ကိုယ့်စိတ်ဓာတ်ကိုယ် အသုံးချကာ အောင်မြင်မှု ရယူပေးရန် လိုအပ်မှုကို အောင်ငှိမ်းက လမ်းပြလိုက်ခြင်း ဖြစ်ပါသည်။
သူ့ကဏ္ဍလေးဖြင့် တိုင်းပြည်၏ ဂုဏ်သိက္ခာ၊ လူဦးရေသန်း ၆၀ ၏ ဂုဏ်သိက္ခာကို ဆယ်တင်ပေးလိုက်ခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် တကယ့်ကို သူရဲကောင်း (HERO) အစစ် ဖြစ်ပါပေသည်။ ယင်းရွှေဆု တစ်ခု ရရှိပြီးနောက် ကျွန်တော်တို့ စိတ်ပူပန်မှုများ လျော့ကျသွားပြီး ကိုယ့်အားသာသည့် Event တွင် ကိုယ်နိုင်မှာပါဟု ယုံကြည်မှုဘက် ရောက်ရှိသွားပါသည်။ ဂုဏ်သိက္ခာ အဆုံးအဖြတ်စည်းလေး ဖြစ်သော မျဉ်းနီ (Red Line) လေးကို အောင်ငှိမ်းက ဖြတ်သန်းပေးသွားခြင်း ဖြစ်ပါသည်။ ယင်းနောက်တွင် မြန်မာတို့ ရွှေဆုများ ရလာပါသည်။ အောင်ငှိမ်း တစ်ဦးတည်းက ကွန်ပေါင်း အမျိုးအစား မြားပစ်တွင် ရွှေသုံးခုလုံး ယူပေးခဲ့ပါသည်၊ အောင်ငှိမ်းကဲ့သို့ပင် ပြိုင်သမျှ ပြိုင်ပွဲအားလုံး ရွှေဆုယူပေးခဲ့သူများမှာ မြန်မာ့အမျိုးသမီး လူသန်ကြီးများဖြစ်သော ဇွဲနှင့် အားမာန် အပြည့်ဆုံး ဖြစ်သော ရိုးရာလှေပြိုင်ပွဲဝင် အမျိုးသမီးများ ဖြစ်ပါသည်။ TBR (Traditional Boat Racing) အမျိုးသမီးပြိုင်ပွဲ ငါးမျိုးတွင် ငါးမျိုးလုံး ပြိုင်ဘက်များကို အနိုင်ယူပြလိုက်နိုင်ခဲ့သော ရွှေ ငါးခုရှင် ရွှေများရှင် ဖြစ်ပါသည်။ ပိုက်ကျော်ခြင်းမှ မေဇင်ဖြိုး၊ ကြူကြူသင်းနှင့် ဖြူဖြူသန်းတို့ အတွဲ၊ နိုင်ငံတကာလှေမှ သန်းသန်းနွယ် နှင့် ဆွေဇင်လတ်တို့အတွဲ၊ ဂျူဒိုမှ အေးအေးအောင်တို့သည်လည်း ရွှေတံဆိပ်ဆု ရယူပေးခဲ့ကြပါသည်။
မြန်မာတို့ရခဲ့သော ရွှေဆု (၁၆) ခုတွင် အမျိုးသမီးများက (၁၁) ခု ယူခဲ့ပေးပြီး အမျိုးသားရိုးရာလှေက လေးခု၊ အမျိုးသား ဝူရှူးပွဲတွင် ရွှေတစ်ခု ဖြစ်ပါသည်။ အားကစားသမားများသည် တိုင်းပြည်ဂုဏ်ကို မြှင့်တင်ပေးနေသူများ ဖြစ်သည့်အားလျော်စွာ တိုင်းပြည်ဂုဏ်ဆောင် အားကစားသမား အားလုံးကို အမှန်ပင် ဂုဏ်ပြုထိုက်ပါပေသည်။ အားကစားကို အားပေးခြင်း၊ အားကစား မြှင့်တင်ပေးခြင်းသည် နိုင်ငံတော်တာဝန် ထမ်းရွက်နေခြင်း၊ နိုင်ငံ့ဂုဏ်သိက္ခာကို ကာကွယ်နေခြင်းဖြစ်သည် ဆိုသည်ကို လူတိုင်းလူတိုင်းက လက်ခံပြီး လူတိုင်းက ပါဝင်ထမ်းရွက်ကြဖို့ လိုပါသည်။ မခိုမကတ်၊ မဝေဖန်၊ မရှုတ်ချ၊ အပြစ်မတင်ဘဲ မိမိတို့လည်း တာဝန်ရှိသည်ဟု စိတ်ဓာတ်ဖြင့်၊ အမျိုးသား စိတ်ဓာတ်ဖြင့် မြန်မာ့အားကစား ဂုဏ်ယူဝင့်ကြွားဖွယ် ဖြစ်အောင် စွမ်းအားပါဝင်ကြဖို့ လိုပါပြီ။ တောင်ပေါ်သူ သာမန်မိန်းကလေး တစ်ဦးက ရိုးသား၊ ဂုဏ်ယူတတ်သည့် စိတ်ဓာတ်ဖြင့် ကိုယ့်အတတ်ပညာကို ကိုယ်သုံးကာ မြန်မာနိုင်ငံတော်နှင့် နိုင်ငံသား သန်း ၆၀ ၏ ဂုဏ်ကို ဆယ်တင်ပေးလိုက်သကဲ့သို့ ကျွန်တော်တို့ အားလုံးကလည်း အောင်ငှိမ်း တင်ပြပေးသော လမ်းကြောင်းကလေးလို နိုင်ငံ့ဂုဏ်ကို ကာကွယ်မြှင့်တင်ပေးကြရန် ကြိုးပမ်းသင့်ပြီဟု ခံစားမိကြောင်း ဖော်ပြအပ်ပါသည်။
[မှတ်ချက်။ အောင်ငှိမ်းသည် ချင်းပြည်နယ် မင်းတပ်မြို့ဇာတိ ဖြစ်ပါသည်။ ၂၀၀၂ ခုနှစ်တွင် မြားပစ် အဖွဲ့ချုပ်၏ စီမံကိန်းဖြင့် ရန်ကုန်သို့ ရောက်ရှိလေ့ကျင့်ပြီး မြားပစ်လက်ရွေးစင် ဖြစ်လာပါသည်။ အာရှအတွင်း နိုင်ငံတကာပြိုင်ပွဲဝင် ဆုတံဆိပ်ပေါင်း ရွှေ (၂၀)၊ ငွေ (၁၈)၊ ကြေး (၁၂) ထိ ရရှိခဲ့ပြီး ဖြစ်ပါသည်။ ယခုအကြိမ် ပထမဆုံး ရရှိခဲ့သော ကွန်ပေါင်း တစ်ဦးချင်း ပြိုင်ပွဲတွင် မြားတံ (၁၉၀) ချောင်း ပစ်ခဲ့ရပြီး အနီစက်ဝိုင်း ၈ မှတ်အဆင့်ကို တစ်ချောင်းသာ ထိလျက် ကျန်မြားများသည် ၉ မှတ်၊ ၁၀ မှတ်ကြားသာ ဖြစ်ခဲ့ပါသည်။ သူ ရွှေတံဆိပ် သုံးခုလုံး ရယူပေးခဲ့သော ကွန်ပေါင်းမြားပြိုင်ပွဲ သုံးပွဲလုံးတွင် မြားတံပေါင်း (၂၃၀) ချောင်းပစ်ခဲ့ရာ အနီစက်ဝိုင်း (အပြင်ဝိုင်း- ရှစ်မှတ်) ကို နှစ်ချောင်းသာ ထိခဲ့ပါသည်။ တကယ့် စွမ်းရည်တော်သော အောင်ငှိမ်းဟု မှတ်တမ်း ထားရှိသွားပါမည်။]
အေးမြင့်ကြူ (စစ်တက္ကသိုလ်)
0 comments:
Post a Comment