Friday, December 30, 2011

မီးပြတိုက် သတင်းစုစည်းမှု (၃၀၊ ၁၂)

  1. ဗဟိုမီးသတ်၏ နေ့စဉ်အစီရင်ခံစာဖော်ပြချက် ၊
  2. သင်ဘာလုပ်ပြီးပြီလဲ ၊
  3. မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက် အတွင်း ဖြစ်ပေါ်ခဲ့သည့် မီးလောင်မှုဖြစ်စဉ်အမှန် ၊
  4.  လေးစားထိုက်သည့်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး (သို့မဟုတ်) "မီးငြိမ်းသွားပြီလား၊ မိုးလင်းပြီလား" ၊
  5. ရန်ကုန်မြို့ မီးလောင်ပေါက်ကွဲမှု၏ နောက်ဆက်တွဲသတင်း ၊
  6. Great Photo ၊
  7.  ပြည်သူ့အကျိုးနှင့် တိုင်ပြည်တာဝန်ထမ်းဆောင်ရင်း အသက်စွန့်ခဲ့သူ မီးသတ်ရဲဘော်များ ဈာပန ၊
  8. သုံးမရတဲ့ ဖျော်ဖြေပွဲကြီးတွေ မလိုပါ၊ အသုံးကျတဲ့ ရဲဘော်လေးတစ်ယောက်သာ လိုအပ်သည် ၊
  9. မီးသတ်သမားသို့ ဂုဏ်ပြုတေး ၊
  10.  လေးစားထိုက်တဲ့ သားကောင်းတစ်ဦး ( သို့ ) ဦးကြည်ဝင်း ၊

ဗဟိုမီးသတ်၏ နေ့စဉ်အစီရင်ခံစာဖော်ပြချက်

00:44  Myanmar Express Group  No comments


(၂၉.၁၂.၂၀၁၁) ရက်နေ့၊ (၀၁း၄၀)နာရီအချိန်ခန့်တွင် မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်၊ မေတ္တာမွန်ဝင်း၊ မေတ္တာမွန်ဂိုဒေါင်တွင် မီးလောင်မှုဖြစ်ပွားကြောင်း ဖုန်းအမှတ် (၀၉၇၃၀၅၃၇၀၇) သတင်းပေးပို့သဖြင့် (၀၁း၄၅)နာရီအချိန် သတင်းရ၊ (၀၁း၄၆)နာရီ မီးသတ်ယာဉ် ၅၇ စီး၊ အထောက်အကူပြုယာဉ် ၁၃ စီး၊ အုပ်ချုပ်မှုယာဉ် ၁၀ စီးထွက်။ (၀၄း၃၀)နာရီ မီးထိန်း၊ (၀၆း၄၅)နာရီမီးငြိမ်း၊မီးလောင်မှုကြောင့် သေဆုံးသူ မီးသတ်တပ်ဖွဲ့ဝင် ၅ ဦးအပါအ၀င် ကျား(၁၂)ဦး၊ မ(၅)ဦး စုစုပေါင်းသေဆုံးသူ (၁၇)ဦး၊ ထိခိုက်ဒဏ်ရာရသူ မီးသတ်တပ်ဖွဲ့ဝင် (၃၃)ဦးအပါအ၀င် ကျား(၆၅)ဦး၊မ(၁၆)ဦး၊စုစုပေါင်း (၈၁)ဦးအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တင်ပို့ထားရှိ။ မီးဘေးဒုက္ခသည်အိမ်ထောင်စု(၁၄၈)စုမှ ကျား(၄၇၅)ဦး၊မ(၅၂၁)ဦး၊စုစုပေါင်း(၉၉၆)ဦးအား မဟာဝိဇယဘုန်းကြီးကျောင်း၊ အ.မ.က(၂၀)နှင့် အ.မ.က(၂၄)ကျောင်းများတွင် ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထားရှိ။ မီးလောင်မှုတွင် သန္စေတပ်ဖွဲ့ဝင်(၅၆၄)ဦး၊ အရန်တပ်ဖွဲ့ဝင်(၁၈၂)ဦး၊ တိုင်းကြက်ခြေနီ(၁၃၀)ဦးတို့ဖြင့် မီးငြိမ်းသတ်ဆောင်ရွက်ခဲ့၊ နောက်ဆက်တွဲသတင်းရရှိပါက ဆက်လက်ပေးပို့သွားမည်။
Posted in:

သင်ဘာလုပ်ပြီးပြီလဲ

မျိုးဆက်သွေး
စက်ဆန်း ဂိုဒေါင်တွေ မီးလောင်တာ ပြီးသွားပေမယ့် ဂယက်တွေက မပြီးသေးဘူး။ မီးသတ်သမား တွေကို ဂုဏ်ပြုတဲ့ သူများ၊ ဒုက္ခသည်များကို ကိုယ်ထိ လက်ရောက် ကူညီနေသူများ၊ ဘလော့ဂ်တွေ၊ Face Book တွေမှာ ရေးသား အားပေးသူ၊ စာနာ သူများ ရှိသလို အဲဒီလို လူတွေကြားမှာ မီးလောင်ရတာ မြောက်ကိုရီးယားက ၀ယ်ထားတဲ့ လက်နက် များကြောင့် ဖြစ်တာ၊ အစိုးရက ပြောတဲ့ ပရဆေးတွေ ဖြစ်တဲ့ ယမ်းစိမ်း၊ ဇ၀တ်သာတို့ကြောင့် ကွဲတာ မဟုတ်ဘူးလို့ ပြောသူတွေလည်းရှိ၊ ထုံးစံအတိုင်း အစိုးရ အသုံးမကျလို့ ဆိုပြီး ၀င်သမသူတွေလည်း ရှိတာ တွေ့ရပြန်တယ်။ မဆီမဆိုင် စက်တင်ဘာ ၁၁ တုံးက အမေရိကန် အစိုးရက ထောက်ပံ့တာ ကောင်းလွန်းလို့ အဝေးကြီးမှာ နေတဲ့သူတောင် ဖုန်စုပ်စက် တစ်လုံး ရပြီး ရန်ကုန်ကို အလကား ဖုန်းဆက်ခွင့် ငါးခါရခဲ့တယ်လို့ သောက်ရှက်မရှိ အထုပ်ဖြေပြ သူလည်း ရှိတယ်။
ဒီလိုလူတွေ တွေ့တော့ မြတ်စွာဘုရား ဟောခဲ့တဲ့ သုတ္တန် တစ်ပုဒ်ကို သတိရတယ်။ အခါတစ်ပါးမှာ မြတ်စွာဘုရားကို ရဟန်း တစ်ပါးက လူဘယ်က စသလဲ၊ ကမ္ဘာဘယ်က စသလဲ ဆိုတာ မေးသတဲ့။ မြတ်စွာဘုရားက အဲဒါကို ဖြေတဲ့အခါမှာ ခရီးသွား တစ်ဦးဟာ တောအုပ်ထဲကို ဖြတ်ပြီး ခရီးသွားနေတုံးမှာ သူ့ကို မြှားတစ်စီး လာမှန်တယ်၊ အဲဒီအခါမှာ ခရီးသွားက ဘာလုပ်မှာလဲ။ မြှားကိုကိုင်ပြီး မြားပစ်သူက ဘယ်သူလည်း ၊ မြှားကို ဘာအသားနဲ့ လုပ်ထားသလဲ၊ မြားပစ်သူက ဘာအမျိုး အနွယ်လည်း ဆိုပြီး စဉ်းစားမလား၊ မြှားကိုနှုတ်ပြီး ဆေးကုမလားလို့ ပြန်ပြီး မေးခွန်းထုတ်သတဲ့။ အဲဒီအခါမှာ မေးတဲ့ရဟန်းက မြှားကို နှုတ်ပြီး အရင် ဆေးကုပါ့မယ်လို့ ဖြေသတဲ့၊ အဲဒီအခါကျမှ မြတ်စွာဘုရားက ပစ္စုပ္ပန်မှာ အရေးအကြီးဆုံး အလုပ်ကို အရင်လုပ်ဖို့ တရား ဆက်ဟောပါတယ်။
အခုလည်း ပေါက်ကွဲမှုဟာ ပရဆေးကြောင့်ဆိုတာ မှန်မမှန် ပညာရှင်များ သုံးသပ်ပါလိမ့်မယ်၊ Face Book စာမျက်နှာတစ်ခု မှာတော့ ဒါဖြစ်နိုင်ကြောင်း ရေးထားတာကိုလည်း ဖတ်မိပါတယ်။ ဒီဖြစ်ရပ် မဟုတ်နိုင်ဘူးဆိုရင် ပညာရှင်များ ထောက်ပြပါ လိမ့်မယ်။
ဒါ့ကြောင့် ထင်ရာမြင်ရာ ပြောနေတဲ့ အင်တာနက်ပေါ်က ကိုယ်တော်ကြီးများ ဒီမေးခွန်းများကို ဖြေကြည့်ကြပါ။ ( ပြည်တွင်းက လူများကို ပြောတာပါ၊ ပြည်ပက လေနတ်သားများ မပါဘူး။ )
၁။ ရပ်ကွက်ထဲမှာ မီးဘေး ကာကွယ်ရေး အတွက် မီးသတ်တွေ လာစစ်ဆေးတာ၊ ပြုပြင်ခိုင်းတာတွေ ရှိတုံးက သင်ဘယ်လို သဘောထား ခဲ့ပါသလဲ။
၂။ သင့်အိမ်ကနေ စပြီး မီးမလောင်အောင် သင်ဘာတွေ လုပ်ထားသလဲ။
၃။ မီးလောင်ရင် ကိုယ်တိုင် ဘယ်နှစ်ခါ ဝင်ကူးဖူးသလဲ။
၎။ ကြက်ခြေနီ၊ အရန်မီးသတ် လုပ်ဖူးသလား။
၅။ အခု မီးလောင်မှုကြောင့် သေဆုံးသူများ၊ ဒုက္ခသည်များအတွက် သင်ဘာကူညီ ပြီးပြီလဲ။
ဆရာ စိန်ခင်မောင်ရီက ဒါတွေဖတ်ပြီးမှ ရုပ်ရှင်ကြည့်ပါ ဆိုတဲ့ ရုပ်ရှင်ဝေဖန်ရေး ဆောင်းပါးတွေ ရေးခဲ့တယ်။ အခုလည်း ဒီစာဖတ်ပြီးမှ မီးဘေးကိစ္စ ဆွေးနွေးကြပါလို့ ပြောမယ်။ လေထိုး လေလျှော် သမားတွေ တွေ့ရတာ များလွန်းလို့ စိတ်ကုန်လှပြီ။
မျိုးဆက်သွေး


မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက် အတွင်း ဖြစ်ပေါ်ခဲ့သည့် မီးလောင်မှုဖြစ်စဉ်အမှန်

ရန်ကုန်တိုင်း မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်မှာ မီးလောင်ပေါက်ကွဲတဲ့ သတင်းတွေ အင်တာနက် စာမျက်နှာတွေမှာ တက်လာတယ်။ အဲဒီ သတင်းတွေအရ (၂၀) ဦး သေဆုံးပြီး ဒဏ်ရာရသူ (၈၀) နီးပါး ရှိတယ်လို့ သတင်း တစ်ရပ်က ဆိုတယ်။
တစ်ခြားသတင်း တစ်ရပ်ကတော့ (၁၀) ယောက်သေတယ်၊ (၅၀) ယောက် ဒဏ်ရာ ရတယ်လို့ ဆိုတယ်။ အန္တရာယ် ရှိတယ်၊ နောက်ထပ်ပေါက်ကွဲမှုတွေ ဖြစ်နိုင်တယ်၊ အရေးပေါ် အခြေအနေ ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။
ပေါက်တာကတော့ တော်တော်လေး ပြင်းထန်တယ်။ အိမ်တွေ ဘာတွေ လှုပ်သွားတယ်၊ မှန်တွေဘာတွေ ကွဲတယ်။ လူတွေလည်း အသေအပျောက် များတယ်၊ ရပ်ကွက်ထဲက လူတွေလည်း ချက်ချင်းထပြေးကြတယ်၊ ဒဏ်ရာရတဲ့ သူတွေလည်း များတယ်၊ ဗုံးပေါက်သလိုမျိုးပဲ လို့လည်း ဒေသခံတစ်ဦးက ပြောတယ်ဆိုပြီး ကိုးကားရေးသား ထားတာ တွေ့ရပါတယ်။
ပေါက်ကွဲတဲ့ နေရာက ဂိုဒေါင်လို့ ပြောတယ်၊ အထဲမှာက တီဗွီတို့၊ အောက်စက်တို့၊ ရေခံသေတ္တာတို့ ထားတယ်၊ ပေါက်ကွဲသံ ကလည်း တစ်မြို့လုံးကို ဟိန်းသွားတာပဲ၊ လူတစ်ဖက်လောက် ရှိတဲ့ အင်္ဂတေတိုင်ကြီးတွေ ပေသုံးလေးဆယ်၊ ငါးဆယ် ခြောက်ဆယ်၊ တစ်ရာလောက်ထိကို မြင့်တက်ပြီးတော့ ကိုက် သုံးလေးရာလောက် အဝေးထိကို လာကျတာ။ အဲဒါတွေ စင်ပြီးတော့ သေကုန်ကျတာ၊ မရှု့ရက် မမြင်ရက်စရာပဲ၊ သေတဲ့သူတွေ အများကြီးလို့လည်း သတင်းတစ်ရပ်က ဆိုပြန် ပါတယ်။
သတင်းသမားတွေဟာ ပြည်သူတွေဆီကို သတင်းအမှန်တွေနဲ့ အချက်အလက် အမှန်တွေကို ပေးပို့နိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဒါဟာ သတင်းသမား တစ်ယောက်ရဲ့ စောင့်စည်း လိုက်နာရမယ့် ကျင့်ဝတ်လည်း ဖြစ်ပါတယ်။ ဒါဟာ ပြည်တွင်းမှာတင် မဟုတ်ပါဘူး။ နိုင်ငံတကာမှာလည်း ဒီကျင့်ဝတ်အတိုင်းပဲ ဖြစ်ပါတယ်။
ခု တက်လာတဲ့ သတင်းပို့စ်တွေက ဖတ်ကြည့်ရသလောက်တော့ သတင်းဖြစ်စဉ်တွေကို အမှန်အတိုင်း၊ အရှိအတိုင်း ပေးနိုင်ဖို့ ကြိုးစားထားမျိုးထက် သတင်းလက်ဦးမှု ရယူရေးနဲ့ ဖြစ်စဉ်ထက် ချဲ့ကား ရေးသားထားတာ၊ ထိတ်လန့်တကြား ဖြစ်အောင် ရေးသားထားတာကို တွေ့ရပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမှန်ကို သိရှိနိုင်ဖို့အတွက် မင်္ဂလာတောင်ညွှန့် မြို့နယ်က ဒေသခံတစ်ဦးရဲ့ ပြောဆို ချက်ကို တင်ပေးလိုက်ပါတယ်။
ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်၊ ကူးတို့ဆိပ်လမ်း၊ ကြက်ဘဲ ဈေးတန်း၊ ပို့ဆောင်ရေး ဝန်ကြီးဌာနပိုင် ဆိပ်ကမ်း အာဏာပိုင် စက်မှုလက်မှု ဌာနခွဲ စက်ဆန်း သင်္ဘောကျင်းပိုင် ဂိုဒေါင် ၄၀ ကျော်အား ပုဂ္ဂလိက ကုမ္ပဏီအား ငှားရမ်းထားရှိရာ ည (၁၂) နာရီတွင် မီးပျက်သွားရာ မီးပြန်လာသည့် အခါ EVD/DVD စက်များ သိုလှောင်သည့် ဂိုဒေါင်မှစ၍ ဝါယာရှော့ စတင်ဖြစ်ပွားခဲ့သည်။ ဂိုဒေါင်အနီးရှိ ကန်များ၊ သိုလှောင်ရုံများ ဆက်လက် ကူးစက်ပြီး ည(၁)နာရီခွဲမှ စတင် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ (၂) နာရီခန့် အချိန်တွင် ကန့်များ သိုလှောင်သည့် အခန်းသို့ မီးကူးရာ (၅) ကြိမ်တိတိ မီးလောင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ ဆေးဂိုဒေါင်ရှိ အိုးခွက် ပန်းကန်များ၊ ပရဆေး ပစ္စည်းများ၊ နံ့သာဖြူ သိုလှောင် ဂိုဒေါင်ရုံများ၊ ဓာတ်ကူး အဲယာကွန်း ပစ္စည်းများ သိုလှောင်ထားသည့် ဂိုဒေါင်ရုံများ၊ စက်မှုလက်မှု ပစ္စည်းများ သိုလှောင်ရုံများ ဆက်လက်ပေါက်ကွဲ၍ မီးလောင်မှု ဖြစ်ပွားခဲ့ပါသည်။
မီးလောင်မှု့ကြောင့် အမျိုးသား (၁၈) ဦး၊ အမျိုးသမီး (၅) ဦးနှင့် ဒဏ်ရာရရှိသူ (၉၆) ဦး ဖြစ်ပါသည်။ မီးသတ်ယာဉ် (၂) စီး၊ ကိုယ်ပိုင်ယာဉ် (၃) စီး၊ ဓမ္မာရုံ (၁) ရုံ၊ ရှင်ဥပဂုတ္တကျောင်း (၁) ကျောင်း၊ ဘုန်းကြီးကျောင်း (၁) ကျောင်း၊ ဖြိုးစေတနာ ဆေးခန်း၊ ဂိုဒေါင် (၈) လုံး ပျက်စီးသွားကြောင်း သိရှိရပါသည်။ မီးလောင်မှု့ကြောင့် ဆိပ်ကမ်းပေါ်ရှိ အိမ်ခြေ (၁၀၀) ကျော် ပျက်စီး သွားကြောင်းလည်း သိရှိရသည်။
အခုအခါမှာတော့ ဒေသခံ တာဝန်ရှိသူတွေက ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးများ လုပ်ဆောင်နိုင်ရန် အတွက် ကယ်ဆယ်ရေးစခန်း (၃) ခု ဖွင့်လှစ်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ ကယ်ဆယ်ရေး စခန်းတွေ ဖွင့်လှစ်ထားပြီး အကူအညီ ပေးနေတယ်ဆိုတဲ့ သတင်းကိုတော့ သတင်းဝက်ဆိုဒ်တွေမှာ မတွေ့ရသေးပါဘူး။
ကျေးစေတမန်


လေးစားထိုက်သည့်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး (သို့မဟုတ်) "မီးငြိမ်းသွားပြီလား၊ မိုးလင်းပြီလား"

တာမွေမြို့နယ် မီးသတ်တပ်ဖွဲ့ဝင် ဒုတပ်ကြပ် သီဟမျိုးမှာ ပေါက်ကွဲမှုကြောင့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့၍ ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောဌာနတွင် ခွဲစိတ်ကုသမှုခံယူပြီးနောက် သတိလစ်မေ့မျောနေဆဲဖြစ်ကြောင်း သတင်းရရှိသည်။

ဆေးရုံသို့ကိုယ်တိုင်သွားရောက် ကူညီလှူဒါန်းခဲ့သူများက ဒုတပ်ကြပ် သီဟမျိုးမှာ ၁၀ နာရီကျော်ကြာ သတိလစ်မေ့မျောနေရာမှ ယနေ့ညနေ ၃ နာရီ ၂၀ မိနစ်ဝန်းကျင်တွင် ယောင်ရမ်း၍ စကားတစ်ခွန်းပြောသည်ကို တွေ့ရကြောင်း ပြန်လည်ပြောပြသည်။

"မီးငြိမ်းသွားပြီလား၊ မိုးလင်းပြီလား" ဟု အရေးပေါ်ခွဲစိတ်မှုပြုလုပ်ပြီးနောက် ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ် ပြင်းထန်စွာ တုန်ယင်နေ၍ မိသားစုဝင်များက ဖိထားသည့်ကြားမှ ဒုတပ်ကြပ် သီဟမျိုးက ယောင်ရမ်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ကိုယ်တိုင်သတိလစ်နေမေ့မျောနေသော်လည်း မီးလောင်မှုအတွက် ရတက်မအေးနိုင်ဘဲ ၁၀ နာရီကျော်အတွင်း ၎င်း၏ပြောစကားကြောင့် များစွာ စိတ်မကောင်းဝမ်းနည်းရကြောင်း ကိုယ်တိုင် သွားရောက်ကြည့်ရှုလှူဒါန်းသော အလှူရှင်တစ်ဦးကပြောသည်။
 (7 Days သတင်းဂျာနယ်မှ )


ရန်ကုန်မြို့ မီးလောင်ပေါက်ကွဲမှု၏ နောက်ဆက်တွဲသတင်း

သေဆုံးဒဏ်ရာရရှိသွားကြသော လုပ်ဖေါ်ကိုင်ဘက် တပ်ဖွဲ့ ၀င်များကို စိုးရိမ်တကြီးဖြင့် ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနသို့ အပြေးအလွှားရောက်ရှိလာရှာသော မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး
ဗဟိုမီးသတ်၏ နေ့စဉ်အစီရင်ခံစာဖော်ပြချက် ။ ။ (၂၉.၁၂.၂၀၁၁) ရက်နေ့၊ (၀၁း၄၀)နာရီအချိန်ခန့်တွင် မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်၊ မေတ္တာမွန်ဝင်း၊ မေတ္တာမွန်ဂိုဒေါင်တွင် မီးလောင်မှုဖြစ်ပွားကြောင်း ဖုန်းအမှတ် (၀၉၇၃၀၅၃၇၀၇) သတင်းပေးပို့သဖြင့် (၀၁း၄၅)နာရီအချိန် သတင်းရ၊ (၀၁း၄၆)နာရီ မီးသတ်ယာဉ် ၅၇ စီး၊ အထောက်အကူပြုယာဉ် ၁၃ စီး၊ အုပ်ချုပ်မှုယာဉ် ၁၀ စီးထွက်။ (၀၄း၃၀)နာရီ မီးထိန်း၊ (၀၆း၄၅)နာရီမီးငြိမ်း၊မီးလောင်မှုကြောင့် သေဆုံးသူ မီးသတ်တပ်ဖွဲ့ဝင် ၅ ဦးအပါအ၀င် ကျား(၁၂)ဦး၊ မ(၅)ဦး စုစုပေါင်းသေဆုံးသူ (၁၇)ဦး၊ ထိခိုက်ဒဏ်ရာရသူ မီးသတ်တပ်ဖွဲ့ဝင် (၃၃)ဦးအပါအ၀င် ကျား(၆၅)ဦး၊မ(၁၆)ဦး၊စုစုပေါင်း (၈၁)ဦးအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တင်ပို့ထားရှိ။ မီးဘေးဒုက္ခသည်အိမ်ထောင်စု(၁၄၈)စုမှ ကျား(၄၇၅)ဦး၊မ(၅၂၁)ဦး၊စုစုပေါင်း(၉၉၆)ဦးအား မဟာဝိဇယဘုန်းကြီးကျောင်း၊ အ.မ.က(၂၀)နှင့် အ.မ.က(၂၄)ကျောင်းများတွင် ကယ်ဆယ်ရေးစခန်း များဖွင့်လှစ်ထားရှိ။ မီးလောင်မှုတွင် သန္စေတပ်ဖွဲ့ဝင်(၅၆၄)ဦး၊ အရန်တပ်ဖွဲ့ဝင်(၁၈၂)ဦး၊ တိုင်းကြက်ခြေနီ(၁၃၀)ဦးတို့ဖြင့် မီးငြိမ်းသတ်ဆောင်ရွက်ခဲ့၊ နောက်ဆက်တွဲသတင်းရရှိပါက ဆက်လက်ပေးပို့သွားမည်။
 မင်္ဂလာတောင်ညွန့်မီးလောင်ပေါက်ကွဲမှုတွင် တိုင်းပြည်အတွက် အသက်ပေးလှူသွားကြသော မီးသတ်တပ်ဖွဲ့ဝင် ၅ ဦး၏ရုပ်အလောင်းများကို ယနေ့ညနေ ၅ နာရီတွင် ရေဝေး သုသာန်တွင် အခမ်းအနားဖြင့် သင်္ဂြိုဟ်သွားမည်ဖြစ်ကြောင်းနှင့် အလေးပြုခြင်း၊ အမှတ်တရပန်းခွေချခြင်းများ ကို မွန်းလွဲ ၃း၃၀တွင် စတင်ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


Great Photo

ဒဏ်ရာရ ကလေးငယ်တစ်ဦးအား စိုးရိမ်တစ်ကြီး သယ်ဆောင်လာသော ယာဉ်ထိန်းတပ်ဖွဲ့ဝင်တစ်ဦး 
(ဓါတ်ပုံ - YPI)

ပြည်သူ့အကျိုးနှင့် တိုင်ပြည်တာဝန်ထမ်းဆောင်ရင်း အသက်စွန့်ခဲ့သူ မီးသတ်ရဲဘော်များ ဈာပန

20:43  Myanmar Express Group  5 comments

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၁ နာရီ မိနစ် ၄၀ အချိန် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ စက်စန်းရပ်ကွက်၊ ကူးတို့ဆိပ်လမ်အတွင်းရှိ ပရဆေးဂိုဒါင်မီးလောင်မှုတွင် မီးငြိမ်းသတ်ရင်း အသက်စွန့်လွှတ်ခဲ့ရသော မီးသတ်တပ်ဖွဲ့ဝင် (၅) ဦးအား၏ ဈာပနအခမ်းအနားကို ရေဝေးသုသာန်တွင် ညနေ(၅)နာရီအချိန်တွင် ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။ ဈာပနကို ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် ကိုယ်တိုက် တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

ဂိုဒေါင် မီးလောင်ပေါက်ကွဲမှုတွင် မီးငြိမ်းသတ် တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားသော မီးသတ်တပ်ဖွဲ့ဝင် ငါးဦး၏ ကျန်ရစ်သူ မိသားစုဝင်များအား လှူဒါန်းလိုသူများ အနေဖြင့် မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန (ရုံးချုပ်)၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ အုတ်ပုံဆိပ်လမ်းသို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်းလည်း သိရပါတယ်။























Posted in:

5 comments:

i respect those who sacrificed their lives for other but these are unnecessary deaths
fire fighters should have equipped with better protect armors and tools
look at the those fire fighters what do they have? only clothes uniform.
this should not have happen
this can not happen again
Mr.President please support public services providers such as fire fighters, medical personals with better tools.
အပေါ်ကပြောထားတာတွေကြိုက်တယ်ဗျာ
အဲဒီကျဆုးံသွားတဲ့ မီးသတ်ရဲဘော်တွေအတွက် လှူဒါန်းရန် မီးသတ်ရုးံချုပ်ဖုန်းနဲပါတ်ကိုသိလိုပါတယ် ..ဖြစ်နိုင်ရင်ဖေါ်ပြပေးစေလိုပါတယ် ..
သြော်... တိုက်ပွဲမှာ ကျနေတဲ့ တို့စစ်သည်တွေကို ဒီလိုတောင် မလုပ်ပေးနိုင်ခဲ့ဝူး... မတိုက်ချင်ပဲ တိုင်းပြည်ကြီး ပြိုကွဲမှာ စိုးလို့ မိနစ်တိုင်းမှာ အသက်ပေးနေရတဲ့ တို့စစ်သည်တွေ အပေါ်မှာလည်း ကိုယ်ချင်းစာနိုင်ပါစေ... ((


မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသင်းဋ္ဌေးရွှေနဲ့ အင်တာဗျူး

20:27  Myanmar Express Group  No comments


သုံးမရတဲ့ ဖျော်ဖြေပွဲကြီးတွေ မလိုပါ၊ အသုံးကျတဲ့ ရဲဘော်လေးတစ်ယောက်သာ လိုအပ်သည်

08:09  Myanmar Express Group  2 comments










ကျွန်တော်မြင်ယောင်မိပါတယ်
မီးသတင်းကြောင့် မိသားစုကိုတောင်နှုတ်မဆက်အားပဲ
အိပ်ယာထဲက ကတိုက်ကရိုက် ထပြေးခဲတဲ့ သူတို့ ရဲ့ စိုးရိမ်မှုတွေ။
ရေပိုက်ဆွဲကာ ရှေ့ဆုံးကပြေးတက်ခဲ့တဲ့ သူတို့ ရဲ့သတ္တိတွေ။

သူတို့ ရဲ့ ရှင်သန်ချိန်ကာလမှာ မပြည့်စုံမှုတွေ၊ လိုအပ်ချက်တွေရှိခဲ့ပေမဲ့
သူတို့ ရဲ့ သေခြင်းတရားဟာ စွန့်လွတ်မှု၊ အနစ်နာခံမှုတွေနဲ့ ပြည့်နှက်နေမှာပါ၊

လူတိုင်းမှာမရှိတဲ့၊ ကျွန်တော့်မှာမရှိတဲ့၊ ခင်ဗျားတို့ ရဲ့ ရဲရင့်မှု၊ စွန့်လွတ်မှုအတွက်
ကျွန်တော် လေးလေးနက်နက် ဦးညွတ်ဂုဏ်ပြုပါတယ်။ RIP





2 comments:

ကောင်းလိုက်တဲ့ ပို့စ်ဗျာ.... သုံးစားမရတဲ့ ဈေးရောင်းပစ္စည်းတွေ သုံးစားမရတဲ့ အာပလာပွဲတွေ မလိုပါဘူး.... တိုင်းပြည်အတွက် အကယ် အလုပ်အကျွေးပြုမယ့် လူတွေသာ လိုအပ်တာပါ....
၁၀၉/၁၁၀ တွေရဲ့ အသုဘပွဲတိုင်း လွမ်းသူပန်းတွေ ပို့တတ်တဲ့ ဒီမိုသမားတွေနဲ့ မယ်တော်ုကီး ဒေါ်စု ဒီလို စွန့်လွှတ်သူတွေကိုကျတော့ သတင်းစကားလေးတောင် မေးဖော်မရပါလား....
ဒီမိုသမားတွေနဲ့ ဒေါ်စုတို့ တိုင်းပြည်ကို ချစ်တယ်ဆိုတာ ဘယ်လို ယုံရပါ့မလဲ......????????????
ပြည်သူတွေအတွက်အသက်ပါစွန့် လွှတ်စွန့် စား တစ်ကယ့်သူရဲကောင်းအစစ်အမှန်များကို
လေးစားစွာအလေးပြုလိုက်ပါတယ်။
ပြည်သူတွေအတွက်အသက်စွန့် ခဲ့ရတဲ့သူတွေ ၊ ပူဆွေးသောကရောက်နေသူတွေ ကိုကူညီနှစ်သိမ့်ရမဲ့အစား
ဂီတဖျော်ဖြေပွဲကြီးကျင်းပပြီးအပျော်ကြီးပျော်နိုင်သူတွေကို
တော့လုံးဝကိုစိတ်ပျက်မိပါတယ်။

မီးသတ်သမားသို့ ဂုဏ်ပြုတေး

04:31  Myanmar Express Group  1 comment


by Yin Yin Hnoung

များရှင်လူသူ ငြိုငြင်ငြူလည်း

ကြည်ဖြူစိတ်ထား မီးသတ်သားသည်

ငါးပါးမျိုးရန် မီးညွန့်လျှံကို

စွယ်မာန်ချိုးဖို့ လာချေပြီ။



အသက်ခန္ဒာ စတေးကာဖြင့်

ပြည်ရွာအကျိုး ဆောင်သယ်ပိုးလျက်

ပြည့်အိုးစည်းစိမ် နေရာအိမ်ကို

မီးရှိန်လျှံကြား သူစွန့်စားကာ

ကြိုးစားသတ်ငြိမ်း မီးညွှန့်ထိန်းလည်း

ချွတ်တိမ်းကြမ္မာ ဖန်လာပါ၍

ခန္ဒာစွန့်ခဲ့ရလေပြီ။



တာဝန်ကျေပွန် လူမြတ်မွန်ဟု

သင်လွန်ပါမှ ဂုဏ်ပြုကြသည့်

ဖွဖွစကား သင်မကြားလည်း

အများပြည်သူ ရင်ထဲမူကား

ထိုလူစွမ်းကောင်း သင့်အကြောင်းသည်

နောက်နှောင်းဆက်စဉ် သမိုင်းတွင်မည့်

ရာဇ၀င်သာဖြစ်တော့သည်။ ။



ယဉ်ယဉ်နှောင်း(29.12.2011)
(29.12.2011)မနက် ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့် ကူးတို့ဆိပ်လမ်းရှိ မီးလောင်မှုတွင်

စွန့်စားငြိမ်းသတ်ရင်း အသက်ပေးခဲ့ကြရသော မီးသတ်သမားအားလုံးသို့ ဂုဏ်ပြုပါသည်။


1 comments:

GREAT POEM !

လေးစားထိုက်တဲ့ သားကောင်းတစ်ဦး ( သို့ ) ဦးကြည်ဝင်း

15:18  Myanmar Express Group  6 comments

စက်ဆန်းမှာဖြစ်တဲ့မီးလောင် ပေါက်ကွဲမှုမှာ မီးသတ်တွေရောက်လာပြီး မိနစ် ၂၀ လောက်မှာ ပေါက်ကွဲမှုကြီးဖြစ်ပြီး မီးသတ်တွေအပါအ၀င် ပြည်သူတွေ သေကြေ ထိခိုက်ဒဏ်ရာရခဲ့ကြတယ် ၊ ဒါအားလုံးသိပြီးသားပါ ထူးခြားတာက အဲဒီပေါက်ကွဲမှုကြောင့်ဒဏ်ရာ ရသွားတဲ့အထဲမှာ ရန်ကုန်တိုင်းမီးသတ်က တိုင်းမှူး ဦးကြည်ဝင်းပါနေတယ်ဆိုတာပါဘဲ ဒါဆိုရင် ဒီမီးသတ်တိုင်းမှူးဟာ မီးလောင်လောင်ချင်း သူ့တပည့် မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့အတူ မီးလောင်တဲ့နေရာကို ချက်ချင်းဆိုသလို ရောက်နေတယ်ဆိုတာ ထင်ရှားပါတယ် ၊ နောက်ပြီးမီးလောင်တဲ့ အချိန်က နေ့ခင်းရုံးချိန်ဆိုရင် သိပ်မထူးခြားပါဘူး ခုဟာက ညသန်းခေါင်ကျော် ကြီးမှာလောင်တာ ဆိုတော့ သိပ်ကို ထူးခြားသွားပါပြီ ။

မီးလောင်တယ်လို့ မီးသတ်က သတင်းရရချင်း သူ့ကိုအကြောင်းကြား ၊ သူကအိပ်ယာကချက်ချင်းထ ၊ မျက်နှာသစ် ယူနီဖေါင်းဝတ် ပြီးတာနဲ့ ကိုယ့်ကားကို ကိုယ်မောင်းသွားရင်တောင် ဒီလောက်အချိန်တိုလေးအတွင်းမှာ အခင်းဖြစ်တဲ့နေရာကို မရောက်နိုင်ပါဘူး ၊ ပြည်သူတွေ အိပ်နေချိန်မှာ မီးလောင်ရင် တော့ဒုက္ခပါဘဲ ငါစောင့်နေမယ် မအိပ်ဘူးဆိုတဲ့ စိတ်ထားမျိုးရှိတဲ့ တိုင်းဦးစီးမှူးကြီးပါဘဲ ၊ တိုင်းပြည်အတွက် အားထားရတဲ့ နိုင်ငံ့ဝန်ထမ်းကြီးပါဘဲ ၊ လူထုအပေါ်သိပ်ကိုတာဝန်ကျေတဲ့ ပြည်သူ့ သားကောင်းကြီးပါဘဲ ။ ဦးကြည်ဝင်းသာ ကျန်းမာရေးအရ တာဝန်ဆက်ပြီးထမ်းဆောင်နိုင်ဘို့ အခြေအနေပေးလို့ သူသာ ရန်ကုန်တိုင်း မီးသတ်ဦးစီးမှူးကြီး ဆက်ဖြစ်နေဦးမယ်ဆိုရင် ရန်ကုန်တိုင်းက ပြည်သူတွေဟာ မီးလောင်ရင် တို့ဦးကြည်ဝင်းရှိတယ်ကွ ဆိုပြီး အားကိုးလောက်တဲ့ ခေါင်းဆောင်ကောင်း တစ်ယောက်ပါဘဲ ၊ မချီးကျူးပဲ နေကို မနေနိုင်ဘူးဗျာ ....။

မီးလောင်ပြီး ၂ရက်လောက်နေမှရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်အကြောင်း သတင်းတွေမှာဝေေ၀ဆာဆာ ဖေါ်ပြကြတယ် ၊ ကောင်းပါတယ် ထင်ရှားတဲ့ခေါင်းဆောင်တစ်ယောက်ပေဘဲ ...ဖေါ်ပြရမှာပေါ့ ၊ အနုပညာရှင်တွေလာတဲ့သတင်းတွေကို အများအပြားဖေါ်ပြကြတယ် ၊ ကောင်းတာပါဘဲ ပြည်သူချစ်သော အနုပညာရှင်တွေကိုး....၊ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ဟီးရိုးကြီး ဦးကြည်ဝင်းအကြောင်းကိုတော့ ချန်မထားကောင်းဘူးထင်တယ်ဗျာ ၊ ကံသီလို့ အသက်ဘေးက လွတ်ခဲ့ပေမယ့် သူနားတွေ ကောင်းကောင်း မကြားရတော့ဘူး ၊ သူ့လက်တွေခြေထောက်တွေ မှာ ဒဏ်ရာတွေအပြည့်နဲ့ဖြစ်သွားပြီ စိတ်မကောင်းဘူးဗျာ...

ဘယ်သတင်းမီဒီယာမှမရေးတဲ့ ဦးကြည်ဝင်းအကြောင်းကို လူငယ်တစ်ဦးဖြစ်တဲ့ ချမ်းငြိမ်းဝင်းကတော့ ရေးတယ်ဗျာ .. သူ့ရေးသားချက်တွေမှာ ဦးကြည်ဝင်းရဲ့ ခေါင်းဆောင်မှုတွေ ၊စွန့်လွှတ်အနစ်နာခံမှုတွေ ပါနေပါတယ် ... ကိုချမ်းငြိမ်းဝင်းရဲ့ ဖေါ်ပြချက် အပြည့်အစုံကို ဖေါ်ပြလိုက်ပါတယ် .....။

ဒေါက်တာဆိတ်ဖွား

မီးငြီးမ်းသွားပြီလား မိုးလင်းသွားပြီလားတဲ့။ သူအဲဒီလိုအော်နေတဲ့အချိန်မှာ ကျွန်တော်သူ့ဘေးမှာ ရှိနေတယ်။ ကယောင်ကတမ်းအော်တာနဲ့မတူပဲ သူ့အသံဟာ စေတနာအပြည့်တာဝန်ယူမှု အပြည့်နဲ့လို့ခံစားရတယ်ဗျာ။ အရမ်းကိုထိခိုက်ကြေကွဲရပါတယ်။ ဒါဏ်ရာရတဲ့အထဲမှာ ရန်ကုန်မီးသတ် တိုင်းမှုးဉီးကြည်ဝင်းလည်းပါတယ်။ နားစည်တစ်ဖက်ပေါက်သွားတယ်။ လက်တွှေခြေထောက်တွေမှာလည်း ဒါဏ်ရာတွေအပြည့်။ သူ့ရဲ့ခေါင်းဆောင်စိတ်ဓာတ်ကအင်မတန်လေးစားဖို့ကောင်းပါတယ်။ဒါဏ်ရာရရချင်း သူ့တပည့်တွေကစိုးရိမ်ပြီး ဆေးရုံပို့ဖို့စီစဉ်ပေးခဲ့တယ်။ဒါပေမယ့်ကား မလောက်လို့ သူငြင်းခဲ့တယ်။ အဲဒီအချိန်မှာသူ့မိသားစုကသတင်းရလို့ဆေးရုံရောက်နှင့်နေပြီ။သူက သူ့တပည့်တွေ အကုန် ဉီးစားပေးပြီး ဆေးရုံရောက်အောင်စီစဉ်ပေးတယ်။ သူကျတော့နောက်ဆုံးကားနဲ့မှလိုက်ခဲ့တယ်။ ကားပေါ်တက်တဲ့အထိ ကျန်ခဲ့ တဲ့မီးသတ်တွေကို စနစ်တကျညွှန်ကြားပြီး မီးငြိမ်းသတ်နိုင်ဖို့ အားပေးစကားတွေပြောခဲ့တယ်။သူ့တပည့်တွေကသူ့ကိုကြည့်ပြီးမျက်ရည်တွေဝဲလို့။အဲဒီလိုအနစ်နာခံ တတ်တဲ့ခေါင်းဆောင်တွေ ကျွန်တော်တို့တိုင်းပြည်မှာရှိပါတယ်ဗျာ။ သူ့အကြောင်းကိုဘယ်သူမှ မရေးကြသေးလို့ အားလုံးသိအောင်ဝေမျှလိုက်ပါတယ်ခင်ဗျာ။

http://doctorsatephwar.blogspot.com/2011/12/blog-post_30.html မှ ကူးယူဖော်ပြပါကြောင်း
Posted in:

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...