Thursday, December 29, 2011

- လက်တွေ့နှင့် သီအိုရီ ကိုက်ညီပါမှ


-ဦးဖိုးသာအောင်
-(၂၆-၁၂-၂၀၁၀)

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးသည် တသားတည်း တပေါင်းတည်း တည်ရှိနေပါသည်၊ ခွဲခြားလို့မရပါ။
လူတဦးချင်းစီတွင် လွတ်လပ်စွာ ဟုတ်တိုင်းမှန်ရာကို ပြောဆိုခွင့် ရေးသားခွင့် ဝေဘန်ထောက်ပြခွင့်ကို အပြည့်အဝ သတ်မှတ် ပြဌါန်းပြီး အာမခံချက်ပေးထားသည့် စနစ်သည် ဒီမိုကရေစီပင်ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ၁၉၆၂ခုနှစ်မှ ယနေ့အထိ ဒီမိုကရေစီ မရှိသဖြင့် တိုက်ပွဲဝင်နေကြရပါသည်၊ လူထုကြီးတရပ်လုံးလိုချင်ကြသည့် ဒီမိုကရေစီ ကို ခေါင်းဆောင်များ၊ အဖွဲ့အစည်းများက ဦးဆောင်ပြီး တိုက်ပွဲဝင် ပေးနေကြပါသည်၊
ရှစ်ဆယ့်ရှစ်နောက်ပိုင်း ပြည်တွင်းရော ပြည်ပပါ အတိုက်အခံအဖွဲ့များအားလုံး တညီတညွတ်တည်း တောင်းဆိုကြသည်မှာ ဒီမိုကရေစီပင်ဖြစ် ပါသည်။


လူသားတိုင်း ဒီမိုကရေစီကို ဘာကြောင့် လိုချင်ရပါသနည်းဆိုသော် လူလူချင်း လူလိုဆက်ဆံရမည့် ပြဌါန်းချက်ကြောင့် ဖြစ်သည်၊
ဒီမိုကရေစီသည် လူကို လူအဖြစ် အပြည့်အဝ ပုံဖေါ် သတ်မှတ်ချက်ပေးထားသည်၊
ဒါကြောင့် ဒီမိုကရေစီ မရှိသည့်နေရာတွင် လူ့အဖြစ်ကို အပြည့်အဝ မရနိုင်ပါ။
ကျေးပိုင် ကျွန်ပိုင်ခေတ်၊ မြေရှင်ပဒေဿရာဇ်ခေတ်၊ ဘူဇွာအရင်းရှင်ခေတ်၊ ကွန်မြူနစ် နှင့် အာဏာရှင်ခေတ်များတွင် အုပ်ချုပ်သူများ၏ အကောင်းအဆိုးပေါ်မူတည်ပြီး တိုင်းပြည်လူထု၏ ဆင်းရဲခြင်း ချမ်းသာခြင်းများ ဖြစ်ကြရသဖြင့် ကျားသနားမှ နွားချမ်းသာခေတ်များဟု ဆိုနိုင် ပါသည်၊

ဒါကြောင့် ဒီမိုကရေစီမဲ့ ခေတ်စနစ်များကို လူသားများ တိုက်ဖျက်ခဲ့ကြရာ ယနေ့တိုင်လည်း တိုက်ပွဲဝင်ဆဲပင်ဖြစ်ပါသည်၊
ဒါသည်ပင် လူ့သမိုင်း ဖြစ်ပါတော့သည်၊
တနည်းပြောရလျှင် လူတန်းစား ပဋိပက္ခများကို လူ့သမိုင်းဟု ခြုံငုံသုံးသပ်ခြင်းမှာ မမှန်နိုင်ပါ၊
လူ့အခွင့်အရေးကို ကိုယ်စားပြုမည့် ဒီမိုကရေစီရေး တိုက်ပွဲ အဆက်ဆက်သည်သာ လူ့သမိုင်းဆိုလျှင် ပို၍ မှန်ပါလိမ့်မည်။

ကျေးပိုင်ကျွန်ပိုင်ခေတ်မှစပြီး ယနေ့ခေတ်အထိ လူသားတို့သည် တစ်ဦးနှင့်တစ်ဦး တစ်ဘက်နှင့်တစ်ဘက်၊ အားကြီးသူနှင့် အားနည်းသူ၊ အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံတို့တွင် မတရားသဖြင့် ဖိနှိပ်မှုများ၊ ပဋိပက္ခများသည် အကြီးနှင့် အသေးသာ ကွာခြားကြသည် ရှိမြဲရှိနေသေးသည်သာ ဖြစ်ပါသည်၊



လူသားအချင်းချင်း ဖိနှိပ်သည့် ပဋိပက္ခကို ဖြေရှင်းရန် ကြိုးစားကြရာ၌ အယူအဆ ကွဲပြားခြားနားမှု့များရှိလာပါသည်၊
လူတန်းစား ပြဿနာကို ဦးစားပေးဖြေရှင်းမှ ပဋိပက္ခကို ကျော်လွှားနိုင်မည်ဟူသောဘက်နှင့် ဒီမိုကရေစီရေးကို တိုက်ရိုက်ရှေးရှုပြီး ဖြေရှင်းသည့် ဘက်ဟူ၍ ရှိလာပါသည်။


လူတန်းစားပြဿနာကို အဓိကထားဖြေရှင်းမည့်ဘက်သည် ကွန်မြူနစ် (ရုပ်ဝါဒီ)များဖြစ်ကြပြီး၊ ဒီမိုကရေစီရေးကို ရှေးရှုဖြေရှင်းမည့်ဘက် သည် အရင်းရှင်အုပ်စု ဖြစ်လာကြပါသည်၊

၎င်းဘက်နှစ်ဘက်မှာလည်း သဘောတရား ပြိုင်ဆိုင်ရာမှ ရန်ငါစည်းခြားသည့် အဓိက ပဋိပက္ခကြီးဖြစ်သွားပြီး နှစ်ပေါင်း တစ်ရာနီးပါး ပြိုင် ဆိုင်ခဲ့သည်ကို စစ်အေးတိုက်ပွဲခေတ်ဟု ခေါ်ဝေါ်သမုတ်ခဲ့ကြပါသည်။

လူတန်းစားအခြေခံသည့် ကွန်မြူနစ်ဝါဒဖြင့် လူ့သမဂ္ဂကို တိုးတက်အောင် ဆောင်ရွက်ကြမည့် ဘက်မှာ မှန်းချက်နှင့် နှမ်းထွက် မကိုက်တော့ ဘဲ သူတို့လူထုက သူတို့ဝါဒ သဘောတရားများကို ဆန့်ကျင်ကန့်ကွက်ခြင်းခံရကာ ဘုံးဘုံးလဲ ကျဆုံးနေသည့်ခေတ် ဖြစ်နေ ပါတော့သည်။

ဤသို့ဖြစ်ရသည်မှာ ကွန်မြူနစ်ဝါဒသည် လွတ်လပ်စွာ တွေးတောခွင့်နှင့် သဘောထားကွဲလွဲခွင့်ကို အသိအမှတ်မပြုနိုင်သော၊ တနည်းအားဖြင့် ဒီမိုကရေစီကို မလိုလားသော အယူအဆကြောင့်ဖြစ်ရပါသည်။

ကမ္ဘာ့ကွန်မြူနစ် ဖခင် ရုရှားနိုင်ငံတော်ကြီး၏ ယနေ့ဖြစ်ပုံမှာ အလွန် တရားကျစရာ ကောင်းလှပါသည်၊ သမ္မတအဖြစ် ရှစ်နှစ် ဆက်တိုက် လုပ်ပြီး ဝန်ကြီးချုပ် ပြန်လုပ်သည့် ဗလာဒီမာဘူတင်သည် ယ္ခု သမ္မတပြန်လုပ်ရန် အတင်းအဓမ္မကြံစည်နေပြန်ပါသည်၊

ဒီအချက်တခုတည်းကို ကြည့်လိုက်ရင်ပဲ ကွန်မြူနစ်ဝါဒကို ကိုင်စွဲသူတို့၏ သဘောသဘာဝကို သိနိုင်လောက်ပါသည်၊ သားစဉ်မြေးဆက် အာဏာကို ချုပ်ကိုင်ထားသည့် မြောက်ကိုရီးယားနှင့် အကိုမှ ညီကို အာဏာလွှဲမည့် ကျူးဘားစသည့် ကွန်မြူနစ်နိုင်ငံများမှာ ယ္ခင် ပဒေဿရာဇ်ခတ် အာဏာရှင်ခေတ်များထက် ပိုသာပိုမည် လိုမည်မဟုတ်ပါ။

အတိုက်အခံကို ရှင်သန်ခွင့်ပေးသော၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကို ကျင့်သုံးသည့် စနစ်နှင့်တော့ ပြဒါးတစ်လမ်း သံတစ်လမ်းပင် ဖြစ်နေပါ တော့သည်။


သို့သော် ကွန်မြူနစ်ဝါဒမှာ အခြေခံအယူအဆရှိသလို ဦးဆောင် သဘောတရားလည်း ရှိပါသည်၊
လူတန်းစားမဲ့ အခြေခံပေါ်တွင် အနုပတိလောမ ရုပ်ဝါဒ သဘောတရားဦးဆောင်မှု့ဖြင့် တည်ဆောက်ထားသည်၊ သူတို့နိုင်ငံများရှိ လူထုကို ၎င်းသဘောတရားများ ပို့ချရိုက်သွင်းမှု့များ ပြုလုပ်ထားသည်၊

လူတန်းစားမဲ့ ခေတ်ကိုရောက်ပြီး လုပ်နိုင်သလောက်လုပ်ပါ လိုအပ်သလောက် ယူနိုင်ပါသည် ဆိုသည်မှာ ကွန်မြူနစ်ဝါဒ၏ အန္တိမ ပန်းတိုင်ပင်ဖြစ်သည်၊
သို့သော် ရာစုနှစ်တစ်ခုအတွင်း ကွန်မြူနစ်နိုင်ငံ များ၏ အခြေအနေမှာ လူတန်းစား မပျောက်သည့်အပြင် အာဏာရှင် အုပ်ချုပ်သူ လူတန်းစားနှင့် အဖိနှိပ်ခံပြည်သူ လူတန်းစားအဖြစ်လည်းကောင်း လူနည်းစုက ရေပေါ်ဆီဖြစ်ပြီး ပြည်သူက ပစ္စည်းမဲ့ဘဝကို ရောက်ခဲ့ကြသည်သာ ဖြစ်သည်၊

ဒါကြောင့် တရုပ်ကဲ့သို့ အချို့ကွန်မြူနစ်နိုင်ငံများသည် သူတို့၏ အခြေခံသဘောတရား မူများကို ပြုပြင်ပြောင်းလဲလာကြသည်ကို တွေ့ရပါသည်။

လူတန်းစားမဲ့ ခံယူချက်သည် စီးပွါးရေး ကွာဟမှုနှင့် မဆက်နွယ်သည့် သဘောတရားကို စဉ်းစားမိလာကြသည်၊
ဗီယက်နမ်သည်လည်း ထိုနည်းအတူ ပူးပေါင်းလုပ်ကိုင်လာသည်ကို တွေ့နေရပြန်ပါသည်။
ဒါသည် ကွန်မြူနစ်နိုင်ငံကြီးတို့တွင် ဦးဆောင်သဘောတရား ပြုပြင်ပြောင်းလဲမှု့လို့ ဆိုပါက ဆိုနိုင်ပါသည်၊

ဖေါက်ပြန်ရေးဟု မည်သူကမျှ မပြောကြတော့ပါ။

ပစ္စည်းမဲ့ လူတန်းစားအကျိုးစီးပွါး၏ နေရာတွင် နိုင်ငံတော်အကျိုးစီးပွါးကို အစားထိုး ခံယူလာကြပြီး တိုးတက်ချမ်းသာနေသည့် နိုင်ငံများကို အမှီလိုက်ရန် ကြိုးစားနေကြပါတော့သည်။

ထို့ကြောင့် အခြေခံသဘောတရားကို ပြုပြင်ကာ စီးပွါးရေးကို ဇောင်းပေးလုပ်ဆောင်လာကြပါသည်။
တရုတ်၊ ဗီယက်နမ်စသော ကွန်မြူနစ်နိုင်ငံကြီးတို့၏ ခံယူကျင့်သုံးနေသည့် ဦးဆောင်သဘောတရား အိုင်ဒီယိုလော်ဂျီကို ပြောပါဆိုလျှင် မည်သို့ပြောကြမည်နည်း။



ကွန်မြူနစ်ဝါဒ၏ ဘုံစနစ်တို့ ပစ္စည်းမဲ့အာဏာရှင် ဒီမိုကရေစီစနစ်တို့ အီဗော်လူးရှင်းမှ ရီဗော်လူးရှင်းတို့၊ အနုပတိလောမ ရုပ်ဝါဒတို့ စသည့် ခံယူရမည့် ဦးဆောင်သဘောတရားတို့သည် ဘယ်လိုတွေ ဖြစ်ကုန်ကြပြီလဲလို့ မေးခွန်းထုတ်ရပါတော့မည်။

ညီတူမျှတသည့် ဆိုရှယ်လစ် ကမ္ဘာတို့၊ အရှင်းရှင် စနစ် ပပျောက်ချုပ်ငြိမ်းရေးတို့ စတာတွေလည်း ဘယ်ဆီကိုရောက်သွားကြပြီလည်းဟု မေးစရာ ဖြစ်နေပါသည်။


ဤသို့ဆိုလျှင် နိုင်ငံရေးလောကမှာ အခြေခံအယူအဆတို့ ဦးဆောင်သဘောတရားတို့ အခိုင်အမာရှိခဲ့သည့် ကွန်မြူနစ်ဝါဒ၊ ဆိုရှယ်လစ်ဝါဒ တို့ကို ခံယူခဲ့သည့် လူ့အဖွဲ့အစည်းများသည် ပြိုကွဲပျက်စီးလာကြပြီး အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံ ပြည်သူတို့၏ ပဋိပက္ခသည် အီဗော်လူးရှင်းမှ ရီဗော်လူး ရှင်းဖြစ်ရပါတော့မည်၊

ဒါကြောင့် ဆိုရှယ်လစ်ဘုံစီးပွါးရေး စနစ်မှ အရှင်းရှင် စီးပွါးရေးစနစ်သို့ အတင်းခုန်ကူး ဘက်ပြောင်းလိုက်ရပါတော့သည်၊
သို့သော် အခြေခံ ခံယူချက်သဘောတရားဖြစ်သည့် အနပတိလောမရုပ်ဝါဒဆိုတာကို ဆက်လက်စွဲကိုင်ထားသည့် အတွက် ကွန်မြူနစ်နိုင်ငံ တို့၏ ယနေ့ကျင့်သုံးနေသည့် အရင်းရှင်စီးပွါးရေးစနစ်သည် ဖိနပ်နှင့်မတော်သဖြင့် ဖနှောင့်ကို လှီးနေသည်နှင့်တူပါတော့သည်၊

ဒါကြောင့် တနေ့နေ့တွင် ကြီးထွားလာနေသော ပဋိပက္ခမှ ပေါက်ကွဲမှု့ဖြင့် ဘက်တဘက်ကို အပြီးတိုင် ပြောင်းလဲကြရ မည်သာ ဖြစ်သည်။

ရုပ်ဝါဒသဘောတရား၏ အိုင်ဒီယိုလော်ဂျီကို မှားယွင်းစွာခံယူ မိသဖြင့် သမိုင်းသင်္ခန်းစားကို ကြည့်ပြီး ဖရန်စစ်ဖူကူးရားမားက လက်ဝဲအယူ အဆအတွက် သမိုင်းနိဂုံးချုပ်ချိန်ဟု ကင်ပွန်းတပ်လိုက်ရာ အစွဲတရားကြီးသူများအတွက် အနာပေါ် တုတ်ကျ ဖြစ်ကုန်ကြပါတော့သည်။

လက်တွေ့မှာ အကောင်အထည်မပေါ်သော မအောင်မြင်သော သီအိုရီသည် မှားသည်ဆိုခြင်းကို လက်မခံနိုင်သူများလည်း ကမ္ဘာပေါ်တွင် ရှိေ နသေးသည်ဟုသာ တွေးရပါတော့သည်။

တချိန်တည်းတွင် တည်ငြိမ်သော တိုးတက်သော ကျေနပ်မှု့ရှိသော လူ့အဖွဲ့အစည်းများ နိုင်ငံများလည်း ရှိနေကြပါသည်၊
အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမဏီကဲ့သို့သော နိုင်ငံများကို ဆိုကြပါစို့၊ အဲဒီနိုင်ငံကြီးတွေမှာလည်း ဝိရောဓိများ ပဋိပက္ခများ ရှိနေကြပြန်ပါသည်၊


သို့သော် ကွန်မြူနစ်နိုင်ငံများ၏ ပဋိပက္ခနှင့်တော့ မတူပါ၊
မည်သို့ဆိုစေ အရင်းရှင် နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှု့နှင့် သူတို့ ပြည်သူတွေ ကျေနပ်မှု့ ထောက်ခံမှု့ကတော့ အားရစရာအခြေအနေ ရှိလှပါသည်၊
ဤကဲ့သို့ တိုးတက်ဖွံ့ဖြိုးသည့် အရင်းရှင် နိုင်ငံကြီးများ၏ ကျင့်သုံးသည့် နိုင်ငံရေးလမ်းစဉ်တွင် ဦးဆောင်သဘောတရားရှိကြပါသလား။

အင်္ဂလန်၊ ပြင်သစ်၊ ဂျာမဏီတို့မှာ နိုင်ငံရေး၊ စီပွါးရေး၊ ဒဿန၊ သမိုင်းစသည့် တွေးခေါ်ရှင်ကြီးများစွာ ထွန်းကားခဲ့ကြသည်လည်း ဖြစ် ပါသည်၊
ဒါကြောင့် နိုင်ငံရေးနှင့် ဆိုင်သည့် ဒဿနသည် အစဉ်အမြဲ ရှိနေသည်သာ ဖြစ်သည်၊ ရုပ်ပဓါန၊ နာမ်ပဓါန စသည့် အခြေခံတွေးခေါ်မှု ပုံစံများ အပေါ်ခံယူပြီး သီအိုရီများ ထုတ်နှုတ်ခါ လူမှု့ဆက်ဆံရေး စနစ်များကို ချမှတ်ပြဌာန်း ခဲ့ကြပါသည်၊

နာမ်ဝါဒပဓါနဖြင့် ပဒေဿရာဇ်ခေတ်၊ ကျေးပိုင်ကျွန်ပိုင်ခတ်၊ မြေရှင်ကြီးခေတ်များဖြင့် သမိုင်းရှည်ကြီးကို လူသားတို့ဖြတ်သန်းခဲ့ကြရာ ခါးသီးသော အတွေ့အကျြုံများ၊ ယုတ်ရင်းကြမ်းတမ်း ရက်စက်သည့် ပဋိပက္ခကြီးများနှင့် ပြည့်နှက်ခဲ့ကြပါသည်၊

ယုံကြည်ချက်နှင့် ဘာသာရေးကိုလည်း နာမ်ပဓါနဝါဒနှင့် ပေါင်းစပ်ကြသဖြင့် ဘာသာရေးမှာ အကျည်းတန်ခဲ့ရပြန်ပါသည်။



ရုပ်ပဓါနဝါဒသည် နာမ်ပဓါနဝါဒနှင့် လုံးဝဆန့်ကျင်ပြီး လူသားအပါအဝင် သက်ရှိသက်မဲ့အားလုံးကို ရုပ်ပဓါနအမြင်ဖြင့် ချဉ်းကပ်ပြီး လူမှု့ဆက်ဆံရေး ကဏ္ဍကို သဘောတရားများထုတ်ခါ ခံယူကျင့်သုံးကြပြန်ပါသည်။

အနုပတိလောမရုပ်ဝါဒဟူသည် ဤသည်မှ ဆင်းသက်ခဲ့သည်၊ ရုပ်ပဓါနဝါဒသည် လူမှုဆက်ဆံရေးနယ်ပယ်တွင် ခံယူကျင့်သုံးခဲ့သည်မှာ နှစ်ပေါင်း တစ်ရာနီးပါးရှိခဲ့ရာ ၎င်းရုပ်ပဓါန လူ့သမဂ္ဂများမှာလည်း ဆုတ်ယုတ်ပျက်ပြားမှုများ ရှိခဲ့သလို အချို့သမဂ္ဂများမှာ ပေါက်ကွဲတော့မည့် ပဋ္ဋိပက္ခကြီး များနှင့် ရင်ဆိုင်နေကြရပြီ ဖြစ်သည်။

ဤသို့ဆိုလျှင် လူမှုဆက်ဆံရေးဖြစ်သော နိုင်ငံရေးနယ်ပယ်တခုတွင် မည်သည့်သဘောတရား ခံယူချက်များ ရှိသင့်သနည်းဟု မေးခွန်း ထုတ်လာကြပါသည်၊
ဤနေရာတွင် တိကျသော အဖြေပေးနိုင်ရန်ခက်ခဲမည် ဖြစ်သော်လည်း ခိုင်မာသည့် အခြေခံယုံကြည်ချက် ရှိရမည်ဖြစ်သည်၊ သမိုင်းသက်သေ အရ နာမ် ပဓါနရော ရုပ် ပဓါနပါ လူ့သမဂ္ဂများနှင့် ကိုက်ညီခြင်း မရှိတော့သည်ကို တွေ့ရပါသည်၊

မမြင်နိုင်သည့် လက်တွေ့ မကျသော နာမ်ပဓါနဝါဒကို လူသားတွေ ငြင်းဖျက်ခဲ့ကြတာ ကြာပြီဖြစ်သော်လည်း မြင်နိုင်သော လက်တွေ့ကျ သည်ဟုထင်သော သို့သော် လူသားတို့အတွက် အကျိုးမဖြစ်ထွန်းနိုင်သော ရုပ်ပဓါနဝါဒကို ဇွတ်ပေပြီး လက်ခံကျင့်သုံးနေသည့် လူ့သမဂ္ဂ အနည်းအကျဉ်းလောက်တော့ ယနေ့တိုင် ကျန်ရှိနေကြပါသေးသည်။


အသုံးမကျတော့သည့် ရုပ်ပဓါနဝါဒနှင့် နာမ်ပဓါနဝါဒများကို မခံယူကြဘဲ လွတ်လပ်စွာတွေးခေါ်ပြိုင်ဆိုင်မှု သဘောတရားကို ခံယူကျင့် သုံးကြသည့် လူ့သမဂ္ဂများနှင့် နိုင်ငံများလည်း ရှိနေကြပါသည်၊
အများအားဖြင့် အရင်းရှင်နိုင်ငံများဖြစ်ပါသည်၊ ရုပ်ပဓါန၊ နာမ်ပဓါန အစွန်းတရားနှစ်ပါးကို မခံယူတော့ဘဲ လွတ်လပ်စွာ တွေးခေါ်မျှော်မြင် နိုင်သည့် သဘောတရားအခြေခံကို ခံယူကာ ထိုလွတ်လပ်မှု၏ ဆိုးကျိုးကို နည်းနိုင်သမျှနည်းစေပြီး ကောင်းကျိုးကို များနိုင်သမျှများစေရန် ရည်သန်သည့် အယူကို လက်ခံကျင့်သုံးလာကြပါတော့သည်၊

ထို့ကြောင့် အရင်းရှင်စနစ်ကို ကျင့်သုံးသည့် လူ့သမဂ္ဂများ၏ ဦးဆောင်သဘောတရားဟူသည်မှာ လွတ်လပ်စွာတွေးခေါ်ခွင့်ကို ခံယူခြင်း ပင်ဖြစ်ပါတော့သည်။

ပုထုဇဉ်လူသားတို့သည် အတ္တ၏သားကောင်သာဖြစ်၍ သူတို့၏အတ္တကို အမြဲရှင်သန်နေရန်ကြိုးစား နေကြသည်သာဖြစ်သည်၊
ဤအခြင်းအရာကို မည်သည့်အာဏာရှင်နှင့် ပါဝါရှင်ကမှ တားမြစ်ပိတ်ပင်၍ မဖြစ်စကောင်းပါ၊ ပုထုဇဉ်လောကအဖို့ သူတို့၏အတ္တနှင့် လိုက်လျှော ညီထွေဖြစ်စေမည့်၊ သဟဇာတဖြစ်စေမည့် လူမှုဆက်ဆံရေးစနစ်များ(သို့မဟုတ်) နိုင်ငံရေးစနစ်များကိုသာ ချမှတ်ကျင့်သုံးမှသာ လူဘောင်၏ သာယာမှုနှင့် ကျေနပ်မှုကို ရနိုင်မည်ဖြစ်သည်၊ အခြားနည်းများဖြင့် မရနိုင်။

လူသားတို့တွင် သူတို့၏မွေးရာပါအရည်အသွေးများ အပေါ်လိုက်၍ အတ္တရှိကြသည်၊ ဗလငါးတန်ဟု သတ်မှတ်လျှင် သူတို့ပိုင်ဆိုင်ရာ ဗလပေါ် တွင် အတ္တထားကြသည်၊
ထိုအတ္တကို အသုံးပြု၍ လူလူချင်းဆက်ဆံသမှုပြုကြသည်လည်းဖြစ်သည်၊ ဤသို့ဆက်ဆံကြရာတွင် ဝိရောဓိများ ပဋ္ဋိပက္ခများလည်း ဖြစ်ကြရသည်၊

လူ့လောကကြီး ပျက်စီးလုဘနန်း ဖြစ်ကြရသည်၊ ကြီးမားသော စစ်ပွဲကြီးများသည် အတ္တ၏ အကျိုးဆက်ဟုလည်း ဆိုနိုင်ပါသည်၊
သို့သော် ၎င်းအတ္တကို ဖယ်ရှားချိုးနှိမ်၍ မရစကောင်းပါ၊
ကိစ္စဆိုးမှ ကိစ္စကောင်းဖြစ်ရန် မည်ကဲ့သို့ လှည့်ပြောင်းခံယူကြမည်နည်းဆိုသည်ကိုသာ စဉ်းစားကြရပါတော့မည်၊
ရေနှင့်မီးတို့တွင် သူ့သတ္တိနှင့်သူ ရှိကြ၏၊


ထိုသတ္တိသည် လူသားတို့အတွက် ကောင်းကျိုးရော ဆိုးကျိုးပါဖြစ်စေသည်၊ သို့သော် ကောင်းကျိုးများများဖြစ်ထွန်းစေပြီး ဆိုးကျိုးကို နည်းနိုင်သမျှ နည်းရန် ကြိုးစားပြီး အသုံးချကြရသည်သာဖြစ်သည်၊ ရှောင်ကွင်း၍မရနိုင်ပါ၊

ထိုနည်းတူ လူတို့အတ္တ၏ အစွမ်းသတ္တိကိုလည်း ဖိနှိပ်ချိုးဖျက်၍ မရပါ၊
လူသားကောင်းကျိုးအတွက် သုံးတတ်ရန်သာ ကြိုးပမ်းကြရမည် ဖြစ်ပါသည်။

လူတန်းစားပပျောက်ရေးကို ဦးတည်သည့် မာက်္ခစ်ဝါဒ၏ ဦးဆောင်သဘောတရားသည် လူ၏အတ္တကို သတ်ဖြတ်ဖယ်ရှားရန် ကြိုးပန်း မှုဖြစ်သည်၊

လူတို့၏ အတ္တကို ဖယ်ရှားရန်ကြိုးပန်းသည့် ခေါင်းဆောင်များသည် သူတို့၏ အတ္တများ ကြီးထွားပြင်းထန်လာသည်ကို သတိမပြုမိကြတော့ဘဲ အာဏာရှင်စနစ်ကို ခုန်ကျော်ကူးပြောင်းကြသည်သာဖြစ်သည်၊
ထို့ကြောင့် သူတို့ကိုယ်စားပြုသော လူသမဂ္ဂများသည် ပျက်စီးနေကြသည်သာ ဖြစ်သည်။

ဤသို့ဆိုသော် လူတန်းစားကို လက်ခံ၍ အတိုက်အခံကို ရှင်သန်ခွင့်ပြုသည့် ပါလီမန်ဒီမိုကရေစီစနစ်သည် မြန်မာပြည်နှင့် ကိုက်ညီမှုရှိ နိုင်မည်လားဟု မေးခွန်းထုတ်သော် ဤစနစ်သည်သာ အသင့်တော်ဆုံး ဖြစ်နိုင်ပါသည်ဟု ဆိုရပါမည်၊

ဒါဆိုလျှင် ပ.မ.ည.တ၊ ပ.ထ.စ စသည့် သခင်နုတို့ ခေတ်သည် ဘာကြောင့် ကျဆုံးခဲ့ပါသနည်း ဆိုသော် -
--အဲဒီခေတ်က ကမ္ဘာ့စစ်အေး တိုက်ပွဲအရှိန် သည် မြင့်မားနေသည်ကတစ်ကြောင်း၊
--သခင်နုတို့က ဘက်မလိုက်ကြားနေ အဖွဲ့ကြီးထဲတွင် ဘန်ဒေါင်းမူကြီးကို ကိုးကွယ် ယုံကြည်နေ တာက တစ်ကြောင်း၊
--နိုင်ငံကြီးတို့၏ ပါဝါနှင့် အင်အားတို့သည် မိမိတို့ နိုင်ငံအပေါ်သက်ရောက်မှုကို လျှော့တွက်ပြီး မိမိတို့၏ ပါဝါနှင့် အင်အားကို အလွန် အထင်ကြီးသည်က တစ်ကြောင်း၊
-- မြန်မာ့နိုင်ငံရေးလောကတွင် လက်ဝဲတိမ်းစောင်းသူတို့၏ အင်အားကကြီးမားနေတာက တစ်ကြောင်း၊
အဲဒါတွေကြောင့် သခင်နုအစိုးရသည် အာဏာအသိမ်းခံလိုက်ရပါတော့သည်၊

အတ္တကို ရှင်သန်ခွင့်ပေးသည့် ဦးဆောင်သဘောတရားကို ခံယူပေမင့် ဗီဇနှင့် ပတ်ဝန်းကျင်တို့၏ သဟဇာတမဖြစ်မှုကို ထည့်တွက်ရန် အားနည်း သောကြောင့်ဟု ဆိုရပါမည်၊
မြန်မာပြည်အတွက် သင်္ခန်းစာကြီး ရလိုက်ပြီး အဆင်းရဲဆုံးနိုင်ငံလည်း ဖြစ်ခဲ့ရ ပါတော့သည်။

စစ်အာဏာရှင် ဗိုလ်နေဝင်းကတော့ ဆိုရှယ်လိမ် မ.ဆ.လ ပါတီကို ဖွဲ့စည်းပြီး လူနှင့်လူပတ်ဝန်းကျင်တို့၏ အညမည သဘောတရားဆို တာကြီးကို ခံယူကြပြန်ပါသည်၊




ဗိုလ်နေဝင်း၏ အလိုတော်ကျ ရေးဆွဲပေးရသည့် ဦးချစ်လှိုင်၏ အ.ည.မ.ည သဘောတရားသည် ကမ္ဘာနှင့်မြန်မာ့နိုင်ငံရေး သမားများကို လှည့်စား ထားသည့် သဘောတရားသာဖြစ်၍ လူ၏အတ္တကို အသေရိုက်သတ်ထားပြီး အင်အားကြီးနိုင်ငံတကာ ပတ်ဝန်းကျင်ကို စစ်အေး တိုက်ပွဲခေတ်နှင့် အညီ ကစားပြတဲ့ လူလည်ကြီးလုပ်သည့်စနစ်ဖြင့် နှစ်ဆယ်ခြောက်နှစ်လောက် သက်ဆိုးရှည်ခဲ့ရပါသည်၊

တပြိုင်နက်တည်းမှာ စစ်အာဏာရှင်စနစ်ကို ခိုင်မာအောင်တည်ဆောက်နိုင်ပြီး မျိုးစေ့ပါ ချပေးနိုင်ခဲ့ပါတော့သည်၊
ဆိုရှယ်လစ်ဆိုင်းပုဒ်ကိုတင်ပြီး ပုဂ္ဂလိကပိုင်များကို ပြည်သူပိုင်သိမ်းကာ ဆိုဗီယက်ပြည်ထောင်စုအကြိုက် လုပ်ပြသည်၊
ဗ.က.ပ ကို ဖြတ်လေးဖြတ်ဖြင့် တိုက်ထုတ်ပြပြီး အမေရိကန်၏ အကြိုက်ကို ဆွဲဆောင်နိုင်ခဲ့သည်လည်း ဖြစ်သည်၊

အဲဒီအချိန်က တရုတ်အစိုးရကို သိပ်ပြီး မှုစရာမလိုသေးပါ၊
ဒါကြောင့်လည်း ဗိုလ်နေဝင်းက သူ့ဆန်ပြဿနာကို ဖြေရှင်းတဲ့အနေနဲ့ တရုတ်ဗမာ ရိုက်ပွဲတခု ဖန်တည်းပြလိုက်ပါသေးသည်၊

ပတ်ဝန်းကျင်တွင် အမေရိကန်နှင့် ရုရှားကို လှည့်စားပြီး ပြည်တွင်းတွင် အညမည သဘောတရားကို ရိုက်သွင်းကာ စစ်အာဏာရှင်စနစ်ကို ခိုင်မာ အောင်တည်ဆောက်လိုက်ပါသည်။

လူလူချင်း ခေါင်းပုံဖြတ်ခြင်းကင်းသည့် လူ့ဘောင်သစ်ကို တည်ဆောက်မည်ဟုဆိုသော်လည်း “ ခေါင်းပုံဖြတ် ” သည်ဆိုသည့် ဝေါဟာရကို လိုရာဆွဲသုံး၍ အနက်အဓိပ္ပါယ်ဖွင့်ပါတော့သည်၊

“ သူတည်း တယောက်ကောင်းဖို့ရောက်မူ သူတယောက်မှာ ပျက်လင့်ကသာ ဓမ္မတည်း ” ဆိုသည်မှာ နေရာတကာတိုင်းမှာ ဖြစ်သည်ဟုယူလျှင် မှားမည်သာ ဖြစ်သည်၊

လူတဦး ချမ်းသာချင်းသည် အခြားသူကို ဆင်းရဲစေခြင်းသာဖြစ်သည်ဟု ဆိုသည့် အနုမာနကို ခံယူ၍ “ ခေါင်းပုံဖြတ် ” ဝေါဟာရကို အဓိပ္ပါယ်ဖွင့် လျှင်တော့ မှားမည်သာ ဖြစ်ပါတော့သည်။

အညမည၏ “ အူမ မတောင့်သဖြင့် သီလမစောင့်နိုင်သော ဒုက္ခ ” ဆိုသည်မှာလည်း နောက်ဆုံးတွင် စစ်အာဏာရှင်နှင့် စစ်တပ်က ဓါးပြများ ဖြစ်သွားပြီး တိုင်းပြည်ဝန်ထမ်းများက သူခိုးများဖြစ်သွားသည့် သဘောတရားခံယူချက်သာ ဖြစ်သွားပါတော့သည်၊

ယနေ့တိုင်လည်း စစ်ဗိုလ်များက ခံယူနေလျှက်ပင် ရှိနေပါသေးသည်၊


မြန်မာ့ဆိုရှယ်လစ် သဘောတရားကြောင့် မြန်မာပြည်သည် အမွဲဆုံးနှင့် အကျင့်ပျက်ဆုံး နိုင်ငံတခု ဖြစ်သွားသလို ကမ္ဘာ့ဆိုရှယ်လစ် သဘောတရား ကြောင့် ဆိုဗီယက်ပြိုကွဲ၊ ဘာလင်တံတိုင်းပြိုလဲပြီး တရုတ်ကလည်း အရင်းရှင်နှင့် ပြန်ပေါင်းထုတ်ကြပြီး ကြောင်ဖြူ ကြောင်မဲ မခွဲဘဲ ကြွက်ခုတ် နိုင်ဖို့သာ လိုသည်ဟု ဖြစ်ကုန်ပါတော့သည်။


သို့ဖြစ်ကုန်ပါက နိုင်ငံရေးပါတီတခု၏ ဦးဆောင်သဘောတရားဆိုသည်မှာ အဘယ်နည်း၊ အဲဒီ သဘောတရားသည် လက်တွေ့နှင့် ကိုက်ညီ မှု ရှိ မရှိကို ဘာနှင့် တိုင်းကြမည်နည်း၊
တိုင်းပြည်တပြည်၏ လိုက်နာကျင့်သုံးသည့် ဦးဆောင်သဘောတရားနှင့် ချမှတ်ဆောင်ရွက်သော လမ်းစဉ်တို့၏ မှန်ကန်မှု ရှိမရှိဆိုခြင်းသည် အဲဒီတိုင်းပြည် လူထု၏ ပျမ်းမျှတဦးချင်း ဝင်ငွေ၊ အနိမ့်ဆုံးလစာ (လုပ်ခ)၊ လွပ်လပ်ခြင်း၊ တရားမျှတခြင်း၊ ကျေနပ်မှုရှိခြင်းတို့နှင့် တိုင်းတာသတ်မှတ် ကြပါသည်၊

၎င်းအဆင့်အတန်းများကို နိုင်ငံအလိုက် စစ်တမ်းများကောက်ယူကြကာ နှစ်စဉ်ဖော်ပြပေးနေသည်ကိုလည်း တွေ့ရပါသည်။

ဤသို့ဆိုသော် ထိပ်ဆုံးရောက်နိုင်ငံများကို နည်းနမူနာ ယူသင့်ကြသည်သာဖြစ်သည်၊ ကမ္ဘာ့ပညာရှင်များ၏ သတ်မှတ်ချက်အရ ရှေ့တန်း ရောက် စကင်ဒီနေးဗီးယား နိုင်ငံများထဲမှ နော်ဝေ နိုင်ငံဆိုလျှင် နည်းနမူနာ ယူစရာကောင်းလှပါသည်၊
ပါတီစုံဒီမိုကရေစီ နိုင်ငံတော်ဖြစ်သလို ရွေးကောက်ပွဲမှာလည်း ချွင်းချက်မရှိ လွတ်လပ်ပွင့်လင်းပြီး တရားမျှတပါသည်၊ အကျင့်ပျက် လာဘ်စားမှု အလွန်နည်းပါးလှပါသည်၊

အကျင့်ပျက်လာဘ်စားမှုဖြစ်လျှင်လည်း အလွန်ကြီးလေးသည့် ပြစ်ဒဏ်ချမှတ်သည့် ဥပဒေကို ပြဌာန်းထားပါသည်၊
လူတိုင်းမသင်မနေရ ပညာရေးဖြစ်ပြီး ပညာသင်စရိတ်ကို အစိုးရမှ တာဝန်ယူသည်၊ ရာထူးနေရာ စီးပွားရေး ဂုဏ်ဓနဖြင့် ခွဲခြားခြင်း လုံးဝ မရှိပါ၊

အခြေခံလူ့အခွင့်အရေးနှင့် ရပိုင်ခွင့်သည် နိုင်ငံသားအားလုံး တပြေးညီဖြစ်သည်၊ ဒီမိုကရေစီ အရှိဆုံးနိုင်ငံအဖြစ် ဂုဏ်ယူကြပါသည်၊
ကျန်းမာရေးစရိတ်မှာလည်း အခမဲ့ဟုပင် ပြောရမလောက်ဖြစ်ပါသည်၊

ဥပဒေ အထက်တွင် မည်သူမျှ မရှိဘဲ လူတိုင်း အကြောက်တရားမှ ကင်းဝေးပါသည်၊
ဤမျှကောင်းမွန်ပြီး တိုးတက်သော လူ့အဖွဲ့အစည်းကို မည်သို့သော သဘောတရားက ဦးဆောင်ချမှတ်နေပါသနည်း။

လူ၏ အတ္တကို ရှင်သန်ခွင့်ပြုသည်၊ အတ္တကို အရင်းခံ၍ စိုက်ထုတ်သည့် ကံ ဥာဏ် ဝီရိယ စွမ်းအားကြောင့် ဖြစ်ထွန်းသည့် အကျိုးအမြတ်ကို အသိအမှတ်ပြုရုံမျှမက ခံစားပိုင်ခွင့်ကိုလည်း ပေးအပ်ထားသည့်၊ သို့သော် အကျိုးသက်ရောက်မှုအားလုံးသည် အခြားသော သူများအတွက် အဆိုးတရားမဖြစ်စေပဲ အကျိုးတရားသာ ဖြစ်စေရမည်၊

တိုင်းပြည်နှင့်လူထုအတွက် အဆိုးတရားဖြစ်စေနိုင်မည့် အတ္တ၏ ရှင်သန်ခြင်းကိုတော့ ခွင့်မပြုပါ၊
အခြေခံဥပဒေနှင့် အများဆန္ဒအရ တားမြစ်ထား ပါသည်။

နော်ဝေနိုင်ငံတွင် ကြိုးနီစနစ်နှင့် မှောင်ခိုစီးပွားရေးဈေးကွက် မရှိပေ၊
ဒါကြောင့် အကျင့်ပျက်အလွဲသုံးစားမှု မရှိပါ၊ ပွင့်လင်းမြင်သာသည့် စီးပွားရေး ပြိုင်ဆိုင်မှု ရှိပါသည်၊
တိုးတက်ကြီးပွားသွားသော စီးပွားရေး ကုမ္ပဏီများရှိကြသလို ဒေဝါလီ ခံသွားရသော ကုမ္ပဏီများလည်း ရှိနေစမြဲပါ၊

လူတစ်ဦးချင်းစီအတွက်လည်းကောင်း အဖွဲ့အစည်းကုမ္ပဏီများကိုလည်းကောင်း၊ ချမ်းသာကြီးပွားခွင့်ကို ခွင့်ပြုပါသည်၊
သို့သော် သူတို့၏ဝင်ငွေအလိုက် သတ်မှတ်ရာနှုန်းဖြင့် နိုင်ငံတော်ကို အခွန်ပြန်ပေးကြရသည်၊
၎င်းအခွန်ငွေဖြင့် တိုင်းပြည်နှင့် လူထုအတွက်လိုအပ်ချက်များကို ပြန်လည်အသုံးပြုပါသည်၊


နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများရှိပါသည်၊ ပုဂ္ဂလိကပိုင် ကုမ္ပဏီပိုင်များလည်း ရှိကြပါသည်၊
စီးပွားရေးလုပ်ငန်းများ အားလုံး၊ ဝန်ထမ်းများအားလုံး၏ အခွန်ငွေဖြင့် လူမှုထောက်ပံ့ရေးစနစ်ကြောင့် နော်ဝေနိုင်ငံတွင် ဆင်းရဲသားဟူ၍ မရှိတော့ပါ၊

အနိမ့်ဆုံးအလုပ်နှင့် လူတိုင်းသည် ကိုယ်ပိုင်ကားဝယ်၍ စီးနိုင်သလို အလုပ်မရှိသော လူမှုထောက်ပံ့ရေး (ဆိုရှယ်စား) သည်ပင်လျှင် စားဝတ်နေရေး အတွက် မပူပင် ရတော့ပါ၊
တီဗွီ၊ ဗွီဒီယိုပြစက်၊ ရေခဲသေတ္တာ၊ တယ်လီဖုန်း၊ အင်တာနက်၊ကွန်ပြူတာ စသည်တို့ သုံးနိုင်ကြပါသည်။

ဦးဆောင်သဘောတရားအရ လူတိုင်းချမ်းသာချင်သလောက် ချမ်းသာနိုင်ပါသည်၊ သို့သော် ဆင်းရဲသူဟူ၍ မရှိစေရဘဲ စီးပွားရေး ကွာဟမှု အတွက် မကျေနပ်ခြင်း မရှိစေရပါ၊
လူတဦးတယောက်သည် သူ၏ ပတ်ဝန်းကျင်အတွက်နှင့် အများအကျိုးအတွက် ဘယ်လောက် အကျိုးဖြစ်စေအောင် လုပ်ကိုင်နေပါသနည်း ဆိုသည့် ခံယူချက်ဖြင့် လှုပ်ရှားနေကြသည်သာဖြစ်ပါသည်၊

ဒါကြောင့် စရိုက်ဝါသနာပေါ်တွင် အခြေတည်၍ လုပ်ငန်းများရွေးချယ်လုပ်ကိုင်ကြပါသည်၊
ငွေကြေး ဂုဏ်ဓနကို မက်၍ လုပ်ငန်းရွေးချယ်ခြင်းမျိုး မရှိသလောက် ဖြစ်ပါသည်။



ငွေဂုဏ် ကြေးဂုဏ် ရာထူးဂုဏ် ဓနဂုဏ် အသိုင်းအဝိုင်းဂုဏ် စသည်တို့ကိုလည်း ဂုဏ်တခုအနေဖြင့် မသတ်မှတ်ကြပါ၊ မခံယူကြပါ၊

၎င်းဂုဏ်များဖြင့်လည်း အခြားသူများကို ဖိနှိပ်ချုပ်ချယ်အနိုင်ယူ အနိုင်ကျင့်၍ မရပါ၊
လူတယောက်သည် သူ့ပတ်ဝန်းကျင်အတွက် မည်မျှ အကျိုးပြုနေပါသည်ဆိုသည့် အတိုင်းအတာနှင့် ဂုဏ်ကို သတ်မှတ်တန်ဖိုး ထားကြပါသည်။

လူဦးရေနည်းပြီး နိုင်ငံငယ်ဖြစ်သည့် အလျှောက်လုံခြုံရေးအတွက် ကမ္ဘာ့နိုင်ငံရေး ရေစီးကြောင်းနှင့်အညီ လိုက်လျှောညီထွေရှိလှပါသည်၊
နေတိုးအဖွဲ့ဝင် နိုင်ငံဖြစ်ပါသည်။

ကမ္ဘာပေါ်တွင် လူနေမှုအဆင့်အမြင့်ဆုံး နိုင်ငံဖြစ်သဖြင့် နမူနာထုတ်၍ တင်ပြပါသည်၊
ယနေ့ မြန်မာပြည်တွင် ဒီမိုကရေစီ ရရှိရေးနှင့် တိုးတက်ဖွံ့ဖြိုးရေးအတွက် ဦးဆောင်ဦးရွက်ပြုရန် ကြိုးပမ်းနေသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကြီး အနေဖြင့် လေ့လာစရာ နိုင်ငံတခုလည်း ဖြစ်နေပါသည်၊
ဦးဆောင်သဘောတရားတို့ ခံယူချက်တို့ ဆိုတာတွေကို ချမှတ်လုပ်ဆောင်နိုင်ပါရန် အကြံပြုတင်ပြရခြင်းလည်း ဖြစ်ပါကြောင်း။ ။



- ဦးဖိုးသာအောင်
(၂၆-၁၂-၂၀၁၀)

ဆောင်းပါးပါ ဓါတ်ပုံကို -ဂို၈ယ် ဆာ့ခ်ျ မှ ရယူ ဖော်ပြပါသည်။(ဟစ်တိုင်)
-------------------------------------------------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...