ဘ၀အတွက်ပညာရေး
by Wai Maw on Thursday, December 29, 2011 at 10:30am
ကလေးတစ်ယောက်ကိုညွှန်ကြားပေးဖို့ ကျွန်မတို့ကိုယ်တိုင်က ဘယ်လောက်အရည်အသွေးတွေ ရှိ လို့လဲ။ ကျွန်မတို့ကိုယ် ကျွန်မတို့အောင်မြင်သူဟု ယုံကြည်လက်ခံထားလို့ သူတို့ကိုအောင်မြင်အောင် လမ်ကြောင်းပေးနိုင် တာလား။
အောင်မြင်သူဟုပြောနိုင်ဖို့ ဘာအချက်တွေနှင့် ပြည့်စုံရမလဲ။ ဘ၀မှာ ငွေကြေးပြည့်စုံကြွယ်ဝလျှင် အောင်မြင်ပြီလား။ သူတစ်ပါးအပေါ် သြဇာလွှမ်းမိုးနိုင်လျှင် အောင်မြင်ပြီလား။ လုပ်ငန်းတစ်ခုကို ဦးစီးဆောင် ရွက်ပြီး လုပ်ငန်းခွင်က လူတွေကို ဦးဆောင်နိုင်လျှင် အောင်မြင်ပြီလား။
အောင်မြင်မှုဆိုတာ ဘာလဲ။
မိမိရည်မှန်းဦးတည်သော လိုချင်သောအရာတစ်ခုကို ရရှိလိုက်ခြင်းကို အောင်မြင်မှုဟုခေါ်ပါသည်။ ဒါကိုလူတိုင်းလက်ခံနိုင်သည်။
အောင်မြင်မှုအတွက် ပညာရေးလိုအပ်သလား။ ထိုမေးခွန်းအတွက်တော့ အဖြေက တစ်မျိုးတည်း မရှိနိုင်ပါ။
တစ်ချို့ကအောင်မြင်မှုအတွက် ပညာသင်ကြားရေး မလိုအပ်ဘူးဟု ပြောသည်။ တစ်ချို့ကတော့ ပညာရေးဟာ လိုကိုလိုအပ်ပါသည်ဟု ပြောသည်။ ကျွန်မကတော့ အောင်မြင်မှုအတွက် ပညာရေးလို အပ်သည်ဟု ယူဆသူထဲက တစ်ယောက်ဖြစ်ပါသည်။ တစ်ခုတော့ ရှိပါသည်။ ပညာရေးနှင့် ပတ်သက်လျှင် ကျွန်မနည်းနည်း တော့ ဇီဇာကြောင်ချင်သည်။ ဆင်ခြေတက်ခွင့်ရချင်သည်။
ကျောင်းပညာရေးမလိုအပ်ဘူးဟု ပြောသူတွေက အိုင်းစတိုင်းကို ဥပမာပေးတတ်သည်။ အိုင်းစတိုင်း သည် ကျောင်းမှာ၊ အတန်းထဲမှာ စာတော်တော်ညံ့သည်ဟု ဆိုသည်။ အိုင်းစတိုင်းသည် သူတစ်ပါး၏ အယူအဆတွေကို ဦးနှောက်ထဲမှာ အလွတ်ကျက်သိမ်းဆည်းမှတ်သားဖို့ကို စိတ်မ၀င်စားနိုင်လောက်အောင် ကိုယ်တိုင်တွေးခေါ်ဆင်ခြင်သူဖြစ်သည်။ ကျွန်မတို့အားလုံးက အိုင်းစတိုင်းမဟုတ်။ ကျွန်မတို့ထဲက တစ်ချို့က ကိုယ်တိုင်တွေးခေါ်တတ်သူတွေဖြစ်မည်။ အများစုကတော့ တွေးတတ်အောင်ဆွဲခေါ်ပေးမည့် အစပျိုးပေးသူ (Initiator) လိုသည်။ ထိုဒုတိယအမျိုးအစားဖြစ်သော အများစုသောလူတွေအတွက် အောင်မြင်မှုကို လက်ဝယ် ရရှိဖို့ ကျောင်းပညာရေးလိုအပ်သည်ဟု ကျွန်မယူဆပါသည်။
အောင်မြင်မှုကိုရဖို့ ဘယ်လိုနည်းလမ်းတွေကို သုံးမလဲ။ မှန်ကန်သည့်နည်းလမ်းကိုသုံးမလား။ ဘယ်နည်းမဆို ရသည့်နည်းနှင့် ယူမှာလား။ ကျွန်မတို့ ရင်းနှီးနေကျ သို့သော် ရေရှည်မှာ သိက္ခာမဲ့သော တစ်ယူသန်စကားတစ်ခွန်းရှိသည်။ The end justifies the means ဟူသော စကား။ လိုချင်တဲ့ နိဂုံးချုပ်ရလဒ်ကို ရမယ်ဆိုရင် ဘယ်နည်းနဲ့ပဲသုံးသုံး မှန်ကန်တယ်ဟု အဓိပ္ပါယ်ရပါလိမ့်မည်။ တကယ်တော့ ထိုစကားမှာ အကန့်အသတ်မရှိ အမှန်တရားမဟုတ်ပါ။ မကောင်းသောနည်းလမ်းသည် မကောင်းသောအဆုံး နည်းလမ်းကိုပေးပါသည်။ လူတစ်ယောက်သည် မကောင်းသောအပင်ကို စိုက်ပျိုးလျှင် မကောင်းသောအသီးကို ပဲစားရမည်။ မိမိစိုက်ပျိုးသောအပင်ကို မိမိရိတ်သိမ်းရသည်ဟူသော စကားပုံလည်ရှိသည် မဟုတ်လား။
ကျွန်မတို့နောက်တစ်မျိုးလည်း စဉ်းစားကြည့်လို့ရသည်။ The end tests the validity of the means လို့ ပြင်ဆင်သုံးနှုန်းကြည့်နိုင်သည် နိဂုံးရလဒ်ဟာ အသုံးပြုတဲ့နည်းလမ်းတွေရဲ့ မှန်ကန်မျှတမှုကို စမ်းသပ်တာ ဖြစ်တယ်။ ထိုဖော်ပြချက်ကို ဘယ်သူမှငြင်းဆိုမည်မထင်။ အကြောင်းအရာတစ်ခု၏ တကယ့်ရလဒ်သာလျှင် ဆောင်ရွက်မှုတစ်ခုမှန်မမှန်ကို ချင့်ချိန်ဆုံးဖြတ်နိုင်ပေလိမ့်မည်။
လူတွေ၏ လုပ်ရပ်သည် ရလဒ်နှင့်အကျိုးဆက်များအရ မှန်မမှန် ဆုံးဖြတ်ပြီးသားဖြစ်သည်။ တစ်သမတ် တည်းကောင်းသော အကျိုးကျေးဇူးကိုရလျှင် ထိုလုပ်ရပ်ကို မှန်ကန်ကောင်းမွန်သည်ဟု ယူဆကြရမည် မဟုတ်လား။
ဥပမာငြိမ်းချမ်းရေးကို လိုလားသူအဖြစ် လှုပ်ရှားတတ်ကြွသူတစ်ဦးသည် ငြိမ်းချမ်းရေးအတွက်ဟု ဆန္ဒပြမည်ဆိုပါစို့။ သူတို့၏ စီတန်းလမ်းလျှောက်ဆန္ဒပြမှုသည် လူတိုင်း၏ ငြိမ်းချမ်းရေးကို အနှောက်အယှက် ဖြစ်စေရလောက်အောင် ဒေါသတွေပါဝင်မည်။ သူကိုယ်တိုင်၏ ငြိမ်းချမ်းရေးကိုပါ ထိခိုက်နစ်နာမည်ဆိုပါက သူ့လုပ်ရပ်ကို ငြိမ်းချမ်းရေးဟု ကျမတို့သတ်မှတ်နိုင်မလား။ ထိုအဆုံးသတ်က မကောင်းလျှင် သူ၏နည်းလမ်း ကောင်းသည်ဟု ယူဆကြပါမလား။ တစ်ခြားတစ်ဖက်မှာ ဥပမာတစ်ခုကြည့်ရလျှင် ဖူလ်တန်သည် သင်္ဘောကို သိပ်သည်းဆများသောသံသတ္တုဖြင့် တည်ဆောက်သည်မှာ ခပ်ကြောင်ကြောင်နည်းလမ်းတစ်ခုဖြစ်သည်ဟု ဆိုလျှင် အဆုံးသတ်ရလဒ်အနေနှင့် ထိုသံသတ္တုသင်္ဘောကို ရေချလိုက်သောအခါ ရေပေါ်မှာပေါ်နေသည် ဆိုသောအချက်သည် သူ၏ တီထွင်မှုကို မှန်သလားမမှန်ဘူးလားဆုံးဖြတ်ဖို့ လိုအပ်သမျှအချက်ပဲ မဟုတ်ဘူး လား။
အိုင်းစတိုင်းလို အယ်ဒီဆင်လို သိပ္ပံပညာရှင်များသည် ပုံမှန်အတန်းပညာသင်ကြားရေးစနစ်နှင့် အံဝင်ခွင်ကျမဖြစ်။ သူတို့လိုထူချွန်သော ပညာရှင်များသည် ပုံမှန်ကျောင်းပညာကို ပြီးစီးအောင် သင်ယူခြင်း ရှားပါးလှသည်ကို တွေ့ရသည်။ သည်အတိုင်းဆိုလျှင် တကယ့်ပညာရေးနှင့် ပုံမှန်အတန်းအောင်စေသော ပညာရေးအကြား ကွဲပြားခြားနားမှုတော့ ရှိနေပြီဟု ပြောနိုင်ပါသည်။ သူတို့လို ထူးချွန်သောပညာရှင်များနှင့် ပုံမှန်ကျောင်းပညာ သင်ကြားပေးသူ ဆရာများအကြား ဘာများကွာခြားပါသလဲ။ အဓိကကွာခြားချက်မှာ တကယ့်အဖြစ်မှန်ကို အာရုံနစ်ဝင်ခြင်းရှိ မရှိဟူသော အချက်ပဲဟု ဆိုကြပါသည်။ အိုင်းစတိုင်းတို့က တကယ့်ဘ၀၏ လက်တွေ့သင်ခန်းစာတွေနှင့် မိမိတို့၏ တွေးဆဆင်ခြင်ဥာဏ်ကို ပေါင်းစပ်လေ့လာအသုံးပြု သည်။ ပုံမှန်ကျောင်းပညာရေးသင်ကြားသူ ရှင်းပြသူဆရာတွေက သူတို့ဖတ်ခဲ့လေ့လာခဲ့သော စာအုပ်စာတမ်း များကို ကိုးကားပြီး အယူအဆတို့ကို ဆုပ်ကိုင်သည်။ လူသားထု၏ လမ်းပြရှေ့ဆောင်များသည် သူတို့၏ စိတ်အာရုံတွင် သီးသန့်ရလဒ် အဆုံးသတ်တစ်ခုကို ဦးတည်ထားပြီးသား။ တစ်ခုခုအတွက် အမှန်တရားဆုံးဖြတ် ချက် ရှိထားပြီးသား။ ထိုအဆုံးသတ်ကို ရဖို့အတွက် သူတို့သည်လက်တွေ့အကျဆုံးနည်းလမ်းဖြင့် ရှာဖွေဖို့ အာရုံစူးစိုက်ထားပြီးသား ဖြစ်သည်။
ကျောင်းသားတစ်ယောက်သည် ဘယ်လောက်ပဲ စာအုပ်တွေအများကြီးဖတ်ရှုလို့ ဦးနှောက်တွေ ပြည့်ကျက်နေပါစေ။ သူ့အတန်းပညာသင်ကြားမှု သက်တမ်းဆယ်နှစ် ဆယ့်လေးနှစ်သင်ခဲ့ပြီးသမျှ သူ့ဘ၀တွင် သူ၏အကြောင်းအရာများအပေါ် နားလည်နိုင်စွမ်းသည် တကယ့်လက်တွေ့အတွေ့အကြုံနှင့် ဆက်စပ်ပတ် သက်မှုမရှိ။ ထိုအခါ သူ၏ ကိုယ့်ကိုယ်ကိုနားလည်မှုသည် ဖန်တီးထုတ်လုပ်အားနည်းပါးသော အမျိုးအစား တစ်ခု ဖြစ်နေပေလိမ့်မည်။
ပညာရေးဆိုသည်မှာ ဘ၀က မိမိကို သင်ကြားပေးသည့်အရာများနှင့် အမှန်တရားက သင်ကြားပေး သောအရာများကို အခြေခံနိုင်ဖို့ လိုအပ်သည်ဟု ထင်သည်။ ထိုအခါကျမှ ကျွန်မတို့၏ အတွေးအခေါ်နှင့် လေ့လာနိုင်စွမ်းအားမျာက သီအိုရီများကို ထုတ်လုပ်ပြဌာန်းပေးနိုင်လိမ့်မည်။ သီအိုရီများကို လေ့လာကျက် မှတ်ခြင်းသည် ကောင်းပါ၏။ သို့သော် ကျွန်မတို့ကိုယ်တိုင် တွေးခေါ်ဆင်ခြင်မှုဖြင့် သီအိုရီများကို ထုတ်ဖော် နိုင်ဖို့ရော မလိုအပ်ဘူးလား။ ယနေ့ခေတ် နိုင်ငံအသီးသီးမှ မော်ဒန်ကျောင်းသားများသည် ဖန်တီးထိုး ဖောက်နိုင်စွမ်းအား ပိုကောင်းသင့်သည် မဟုတ်ဘူးလား။ ကျွန်မတို့၏ အမြင်နှင့် ခံယူချက်များကို သီအိုရီများက ပုံသွင်းပေးသောအဖြစ်ထက် ကျွန်မတို့၏ အစစ်အမှန်မှရသော အတွေးအမြင်နှင့် ခံယူချက်များက သီအိုရီ ပြုလုပ်ပေးနိုင်သည့်အဖြစ်က ပိုမကောင်းဘူးလား။
ဂျူး
မြန်မာသစ်မဂ္ဂဇင်း အမှတ်(၃) ဒီဇင်ဘာ ၂၀၀၈ မှ
0 comments:
Post a Comment