Tuesday, December 27, 2011

ကြယ်တစ်ပွင့် ကြွေကျ မြေခသွားပြန်ပါပကောလား ။

by Yeyint Kyaw on Tuesday, December 27, 2011 at 9:43pm
 
၅-၁၂-၂၀၁၁ တနင်္လာနေ့ ထုတ် ကြေးမုံသတင်းစာကို ဖတ်ရှုမိပါတယ်။ မမျှော်လင့်ဘဲ နာရေးစာမျက် နှာတွင် ကျွန်တော့်ရဲဘော် သခင်လှကွန်းရဲ့ နာရေးကြေငြာကိုတွေ့လိုက်တဲ့ အခါအံ့သြသွားပါတယ်။ သတင်းစာကိုကိုင်ရင်း သူဖြတ်သန်းလာခဲ့ တဲ့သမိုင်းကြောင်းတွေကို တစ်ခုပြီး တစ်ခုမြင်ယောင်လာပါတယ်။



၁၉၃၉ ခုနှစ်ထဲမှာ သခင်လှကွန်းဟာ ရေနံချောင်းအမျိုးသား အထက်တန်းကျောင်းမှာ ပညာသင်ကြား နေတုန်းပဲ။ ဒီအချိန်က အလုပ်သမား သပိတ်မီးတွေလည်း ဟုန်းဟုန်းတောက် လောင်ကျွမ်းလျက်ရှိတယ်။ သူက ကျောင်းသားသမဂ္ဂ၀င်၊ ကျောင်းသား သပိတ်တိုက်ပွဲမှာ ပါဝင်ခဲ့တယ်။
ရေနံချောင်းမြို့လုံးဆိုင်ရာ ကျောင်းသား သပိတ်ကောင်စီမှာ အဖွဲ့ဝင်ဖြစ်ပါတယ်။ ၁၉၄၀ ခုနှစ် သြဂုတ်လထဲမှာ ပထမ အကြိမ် ကာကွယ်ရေးဥပဒေပုဒ်မ ၃၀ အရအဖမ်း ခံရပါတယ်။ ဒီအချိန်က လမ်းရွာမြို့နယ် ဒို့ဗမာအစည်းအရုံး အတွင်းရေးမှူးအဖြစ်ကနေ လမ်းရွာမှာ စစ်ဆန့်ကျင်ရေး တရားဟောပြောပွဲ ကျင်းပခဲ့တယ်။ ဒါကြောင့် အဖမ်းခံ ရခြင်းပါ။ မြင်းခြံထောင်နဲ့ အင်းစိန် ထောင်တွေမှာ တစ်လှည့်စီနဲ့ တစ်နှစ် တိုင်တိုင် သူနေခဲ့ရပါတယ်။
၁၉၄၁ ခုနှစ် ဇူလိုင်လ ၁၀ ရက်မှ အင်းစိန်ထောင်ကလွတ်ပါ တယ်။ အင်းစိန်ထောင်ထဲမှာကွန်မြူ နစ်ပါတီနဲ့ အဆက်အသွယ်ရပြီး ၁၉၄၁ ခုနှစ် အောက်တိုဘာလမှာ ကွန်မြူနစ်ပါတီဝင်ဖြစ်လာတယ်။
၁၉၄၁ ခုနှစ် ဇူလိုင်လ ၁၃ ရက်က အမှတ် ၇၆၊ ရေကျော်လမ်း၊ ရန်ကုန်မှာ ဌာနချုပ်အလုပ်အမှု ဆောင်အစည်းအဝေးကျင်းပတယ်။ အဲဒီမှာ သခင်မြ၊ သခင်ချစ်တို့က ဂျပန်နဲ့ပေါင်းပြီး အင်္ဂလိပ်ကိုတိုက်ဖို့ ပြောတယ်။ သခင်သန်းမြိုင်က ဒီအဆိုကိုချေဖျက်ပြီး အဆိုသစ်တစ်ရပ်တင်တယ်။ ဒီအဆိုက အင်္ဂလိပ်မဟာ မိတ်တွေနဲ့ပေါင်းပြီး ဂျပန်ဖက်ဆစ် တွေကိုတိုက်ဖို့ဖြစ်တယ်။ ဒီအဆိုကို သခင်လှကွန်းက ထောက်ခံတယ်။ သခင်သန်းမြိုင်ရဲ့အဆိုကို အစည်း အဝေးကပယ်ချလိုက်တယ်။ သခင် ဗဟိန်းတို့ရဲ့အယူအဆကတော့ ဂျပန် နဲ့ပေါင်းပြီး အင်္ဂလိပ်ကိုတိုက်၊ အင်္ဂလိပ်ကိုတိုက်ပြီး ဂျပန်ကိုပြန်တိုက်ဆိုတဲ့ အယူအဆပဲ။ သခင်ဗဟိန်းက ဗဟိုအမှုဆောင်အဖွဲ့ဝင်ဖြစ်တယ်။ သူက သခင်သန်းမြိုင်ရဲ့ အဆိုကို မထောက်ခံဘူး။ ဒါပေမဲ့ သခင်သန်းမြိုင်ရဲ့ အဆိုကိုတော့ ဒို့ဗမာအစည်း အရုံး ညီလာခံမှာ အဆိုတင်သွင်းနိုင်အောင် စီစဉ်ပေးတယ်။ ညီလာခံပြီးတော့ သခင်လှကွန်းလမ်းရွာကို ပြန်ခဲ့တယ်။ ဒို့ဗမာ အစည်းအရုံးတာဝန်ကို ဆက်လက်ဆောင်ရွက်တယ်။ ၁၉၄၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ လမ်းရွာမှာ အဖမ်းခံရပြန်တယ်။ ကာကွယ်ရေးပုဒ်မ ၂၆ အရတဲ့။
သခင်လှကွန်းကိုဖမ်းပြီး မြင်းခြံထောင်ကိုပို့တယ်။ မြင်းခြံထောင်ထဲ မှာ သခင်စိုး၊ မကွေးသခင်တင်ဦး၊ ကိုထွန်းစိန်တို့နဲ့သွားတွေ့တယ်။ ထောင်တွင်းကွန်မြူနစ်ပါတီ ကလာပ်စည်းထဲ သခင်လှကွန်းလည်း  ပါဝင် ခွင့်ရတယ်။ သခင်စိုးရေးတဲ့ မြင်းခြံ စစ်တမ်းကိုတစ်ဝကြီး လေ့လာထောက်ခံလိုက်ပါတယ်။ မြင်းခြံစစ်တမ်းကို မှတ်မိသလောက် အကျဉ်းချုပ်ရရင် နယ်ချဲ့တွေ အချင်းချင်းနယ်လုတဲ့စစ် ပွဲအသွင်ကနေ အရက်စက်ဆုံး အကြမ်းကြုတ်ဆုံး အသတ်ဖြတ်ဆုံးဖြစ်တဲ့ ဖက်ဆစ်စနစ်ကို ဆိုဗီယက်ရုရှားနဲ့ဓနရှင် ဒီမိုကရေစီနိုင်ငံတွေက ၀ိုင်းဝန်းတိုက်ခိုက်တဲ့စစ်ပွဲအသွင်ကို ပြောင်းသွားပါတယ်။ အနီးကပ်ဆုံးဖြစ်တဲ့ အင်္ဂလိပ်နဲ့ တရုတ်တွေကိုမဟာမိတ်အဖြစ် သဘောထားကာ သူတို့နဲ့ပေါင်းပြီး ဂျပန်ကိုတိုက်ကြရမယ်ဆိုပြီး သခင်စိုးရဲ့မြင်းခြံစစ်တမ်းမှာ ဖော်ပြထားသတဲ့။ ဒါကမြန်မာပြည်ရဲ့သမိုင်းမှာ မေ့ပျောက် ပယ်ဖျက်ပစ်လို့မရတဲ့ စစ်တမ်းတစ်ခုဖြစ်တယ်။
သခင်လှကွန်းမြင်းခြံထောင်က နေ မန္တလေးထောင်ကိုပြောင်းရပါတယ်။ မြန်မာပြည်ရဲ့ထိပ်တန်းခေါင်းဆောင် တွေဖြစ်တဲ့ သခင်စိုး၊ သခင်နု၊ သခင် ကျော်စိန်၊ သခင်ဗဟိန်းတို့လည်း မန္တလေးထောင်ထဲ ရောက်ကြရပြန်တယ်။ မြန်မာပြည်ပေါက် ဘင်္ဂါလီလူမျိုးမစ္စတာ မူကာဂျီဆိုတဲ့ ကွန်မြူနစ်ခေါင်းဆောင် လည်းထောင်ထဲမှာ အဖမ်းခံနေရတယ်။
အင်္ဂလိပ်အစိုးရက သခင်စိုးတို့ တစ်တွေကို ထောင်ထဲမှာအလုံပိတ်ပြီး ပစ်ပြေးသွားတယ်။ ဂျပန်ဖက်ဆစ် တွေ လက်ထဲဝကွက်အပ်ဖို့ဆိုတဲ့ သဘောပဲ။ ဂျပန်လာရင်တော့ အခက်ပဲဆိုပြီး နောက်ဆုံးသခင်စိုး၊ သခင်လှကွန်းတို့တစ်တွေ ထောင်မှထွက်ပြေးကြတော့တယ်။ အဲဒီမယ် လူစုကွဲကုန်ကြတယ်။ သခင်လှထွန်း၊ မစ္စတာ မူကာဂျီနဲ့အတူ အိန္ဒိယလိုက်သွားဖို့ ရာလည်းမစ္စတာမူကာဂျီနဲ့ ကွဲသွားလို့ လိုက်လို့မဖြစ်တော့ဘူး။ ဒါကြောင့် မန္တလေး အရှေ့ရေကြည်ရွာမှာ သခင် လှကွန်း သွားခိုနေလိုက်တယ်။
ဂျပန်တွေဝင်လာတော့ ဘီအိုင်အေထဲ ၀င်လိုက်တယ်။ သခင်လှကွန်းဟာ အထက်မြန်မာပြည်ဘီအိုင် အေစစ်ဌာနချုပ်ရုံးဗိုလ်မှူးလင်းယုန် လက်အောက်မှာဘီအိုင်အေတပ်သား စုဆောင်းရေးနဲ့ အထက်မြန်မာပြည် ပို့ဆောင်ရေးတာဝန်ခံဗိုလ်ဗတင်ရဲ့ လက်ထောက်အဖြစ်နဲ့ တာဝန်ယူရတယ်။ သခင်စိုးနိုင်ငံခြားသွားမယ်ဆိုတော့ သခင်စိုးရဲ့ဇနီးဒေါ်ခင်စီအား ရန်ကုန် ကိုသံမဏိမောင်မောင်(ကိုအောင်သူ ယခု ကလသဖပ ခုက္ကူ)နဲ့အတူ သခင်လှကွန်းတို့ လိုက်ပို့တယ်။ ၁၉၄၃ ခု နှစ်ကုန်ခါနီးကျတော့ မြေအောက်စည်းရုံးရေးကို ပိုင်ပိုင်နိုင်နိုင်လုပ်နိုင် ဖို့ လက်ထောက်မြို့ပိုင်အလုပ်နဲ့ ပခုက္ကူကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရတယ်။ မြို့အုပ်လုပ်ငန်းကို အကြောင်းပြပြီး ဂျပန်ဆန့်ကျင်ရေး လုပ်ငန်းတွေလုပ်ခဲ့ပါတယ်။ အာရှလူငယ် အစည်းအရုံးမှာ သခင်လေးမောင် (အခုကလေးမြို့ အလုပ်သမားအရာ ရှိ)၊ ကိုစိန်ဝင်း(တီယူစီဘီဟောင်း) တို့နဲ့အတူနေပြီး လုပ်ခဲ့ပါတယ်။ ဂျပန် ၀ါဒဖြန့်အဖွဲ့နဲ့ လိုက်မသွားဘဲနေရစ်တယ်။ အဲဒီမှာ ဂျပန်က သခင်လှကွန်းကို ခြိမ်းခြောက်စကားတွေ ပြောတယ်။ အဲဒီမှာခွင့်ယူပြီး ရန်ကုန်ကို ဆင်းလာခဲ့တယ်။ ရန်ကုန်ရောက်တော့ သခင်သန်းထွန်းတို့က သခင်လှကွန်းကို အိန္ဒိယသွားရမယ့် အကြောင်းပြောတယ်။ ဒီလိုနဲ့မမျှော်လင့်ဘဲ အိန္ဒိယအဖွဲ့ထဲ အရွေးခံလိုက်ရတယ်။ တာဝန်ပေးရင်ပေးတဲ့ တာဝန်ကိုမငြင်းဘဲ လုပ်တတ်တဲ့ သူ့ဗီဇဓာတ်ခံကြောင့် လိုလိုချင်ချင်ပဲ လက်ခံလိုက်တယ်။ အိန္ဒိယသွားမယ့် ဒုတိယအသုတ်ကို ခေါင်းဆောင်ခဲ့ပါတယ်။ လျှို့ဝှက် လုပ်ငန်းတွေ လုပ်ကိုင်ရတော့မှာမို့ သခင်လှကွန်းက ကိုစိန်မောင်၊ သခင်သိန်းမောင်က ကိုသိန်းဇံဆိုပြီး နာမည် ပြောင်းလိုက်တယ်။
သခင်လှကွန်းက ရခိုင်ပြည် ငှက်ဖျားရောဂါ တိုက်ဖျက်ရေးအဖွဲ့ ခေါင်းဆောင်အဖြစ် ခရီးစဉ်တစ်လျှောက် မှာ အလွယ်တကူသွားလာနိုင်ရေးအ တွက်ခရီးသွားလက်မှတ်ကိုဒေါက်တာ ဗမော်ရဲ့ ဂျပန်ရုပ်သေး အစိုးရအဖွဲ့ ဒုတိယ၀န်ကြီးချုပ် သခင်မြကတာဝန်ယူ လက်မှတ်ရေးထိုးပေးလိုက်ပါတယ်။
သခင်လှကွန်း ကလကတ္တား ကို ၁၉၄၅ ခုနှစ် ဇန်န၀ါရီလ ၁၅ ရက်နေ့မှာရောက်တယ်။ ဘုံရိပ်သာ မှာနံရံကပ် သတင်းစာထုတ်ဝေတယ်။ အဲဒီမှာလည်း သခင်လှကွန်းဆောင်းပါးတွေ ရးခဲ့တယ်။ သီဟိုဠ်ကျွန်း ကိုလံဘိုမြို့မှာ သခင်လှကွန်းတို့ သင်တန်းအမျိုးမျိုး တက်ရောက်ခဲ့ တယ်။ သင်တန်းပြီးတော့ ကလကတ္တားကို ပြန်ရောက်တယ်။ ဘီဟာလာ က ဘုံရိပ်သာမှာ တာဝန်ချပေးမယ့် ရက်ကိုစောင့်နေရတယ်။ သူတို့ငါးယောက်အဖွဲ့ကို’ချင်းမ်’ အဖွဲ့လို့ နာမည်ပေးလိုက်တယ်။ အာဖရိကတိုက်လူဝံကို အတိုကောက်ခေါ်တာဖြစ်တယ်။
ဖက်ဆစ်ဆန့်ကျင်ရေး အဖွဲ့လေထီးတပ်မှာ သခင်လှကွန်းတို့ ပျဉ်းမနားအလွန် ‘ဆင်သေချောင်း’ဘက်မှာလေ ထီးနဲ့ခုန်ချခဲ့တယ်။ ဧပြီလ ၉ ရက်၊ ၁၀ ရက်ကနေ လကုန်အထိ ရက်သတ္တပတ်သုံးပတ်ခန့် ကြာခဲ့တယ်။ ဂျပန် ၁၃၀၀ တပ်ကြီးက သခင်လှကွန်းတို့ဌာနချုပ်ကြီးကို ၀ိုင်းပြီးတိုက်တယ်။ သူတို့က ခုခံတိုက်တယ်။ နောက်တစ် နေ့ညမှာဂျပန်တွေ ဆုတ်သွားတယ်။ တပ်ကုန်းမြို့နယ် ပြောက်ကျားဆီက လက်နက်တချို့ တစ်ဝက်ယူပြီး ကျွဲပွဲမှာရှိတဲ့ ရဲဘော်မြ တို့ပြောက်ကျားတပ်ရင်းနဲ့ပူးပေါင်း တာဝန်ယူကြရပြန်တယ်။ ဇေယျဝတီ တိုက်ပွဲမှာ ဇေယျဝတီ ပြောက်ကျားတပ်ကိုဘီ-ဒီ-အေ တပ်မှ ဗိုလ်သိန်းမြင့်နဲ့ သခင်လှကွန်းတို့ ဦးစီးပြီး ဂျပန်တွေကို တိုက်ခိုက်ခဲ့ကြတယ်။

မြန်မာ့တပ်မတော်နဲ့ မြန်မာပြောက်ကျားတွေဟာ ဂျပန်တွေကို လိုက်တိုက်တယ်။ ဂျပန်တွေဟာ အသေခံပြီး တရိပ်ရိပ်ချီလာကြတယ်။  ဒီဇေယျဝတီ တိုက်ပွဲကြီးပြီးတဲ့နောက် သခင်လှကွန်းတို့ နောက်ထပ်တိုက်ပွဲ တွေမကြုံတော့ဘူး။ ဒီလိုနဲ့ ဒုတိယ ကမ္ဘာစစ်ကြီးပြီးဆုံးသွားပါတယ်။ အဲဒီစစ်ပြီးသွားပြန်တော့ နယ်မြေငြိမ် ၀ပ်ပိပြားရေးကိုသခင်လှကွန်းဆောင် ရွက်နေရပြန်ပါတယ်။ အဲဒီမှာ အင်္ဂ လိပ်ကက်စ်ဘီအုပ်ချုပ်ရေးက မလာ သေးဘူး။ သြဂုတ်လကုန်လောက် ကျတော့ ကပ္ပတိန်ရူဘင်စတိန်းတို့ နဲ့အတူသခင်လှကွန်းတို့အဖွဲ့တောင်ငူ ကနေ မင်္ဂလာဒုံလေယာဉ်ကွင်းကို စီ ၄၆ဒါကိုတာနဲ့လိုက်ပါသွားကြပါတယ်။ မင်္ဂလာဒုံရောက်တော့ အိမ်ပြန်ဖို့ခွင့် မပေးဘူး။ မြန်မာ့တပ်မတော်ပြန် လည်ဖွဲ့စည်းတော့မှာမို့သခင်လှကွန်း ကို ‘ဗြိတိသျှတပ်က လွှဲပြောင်းပေးတဲ့ အရာရှိအဖြစ်လက်ခံ’ ဖို့သွေးဆောင် စည်းရုံးတယ်။ ဒါပေမဲ့သခင်လှကွန်း က လက်မခံခဲ့ဘူး။ ဂျပန်တော်လှန်ရေးပြီးတော့ သခင်လှကွန်းဟာ ကွန်မြူနစ်ပါတီမှာ ဆက်လက်တာဝန်ယူ နေလိုက်ပါတော့တယ်။
သခင်လှကွန်းကို အဖဦးဘဘေး၊ အမိဒေါ်ကြည်တို့မှ ၁၉၂၂ ခုသြဂုတ် လ ၃၀ ရက်နေ့မှာ မွေးဖွားပါတယ်။ မွေးဇာတိက ရေနံချပ်ကပါ။ ဖခင်က ဘီအိုစီကုမ္ပဏီနဲ့ အိုင်ဘီပီဌာနတို့မှာ မော်တော်စက်ပြင်ဆရာပါ။
၁၉၄၆ ကွန်မြူနစ်ပါတီကွဲ တော့ သခင်သန်းထွန်း၊ ကိုသိန်းဖေ တို့ခေါင်းဆောင်တဲ့ ဗမာပြည်ကွန်မြူ နစ်ပါတီဘက်လိုက်ပါခဲ့ပါတယ်။ ကွန်မြူနစ်ပါတီ အာဘော်ဖြစ်တဲ့ ပြည်သူ့အာဏာနဲ့ ကွန်မြူနစ် နေ့စဉ်သတင်းစာတို့ရဲ့ အယ်ဒီတာအဖွဲ့ဝင်အဖြစ် လုပ်ခဲ့ပါတယ်။ နောက် မကွေးခရိုင် စည်းရုံးရေးကော်မတီ အဖြစ် ပြောင်းရွှေ့တာဝန်ယူခဲ့ပါတယ်။ ၁၉၄၈ ခု နှစ် မတ်လ ၂၇ ရက်နေ့မှာ ရေနံ ချောင်းမှာ တော်လှန်ရေး တရားပွဲဟော ပြောပြီးအဖမ်းခံရတယ်။ ရေနံချောင်း အချုပ်ကနေ သာယာဝတီထောင်ကို ရောက်ခဲ့ရပြန်ပါတယ်။ ၁၉၄၉ ခုနှစ်မှာ ဗကပအဖွဲ့ဝင်အဖြစ် တောခိုခဲ့ပါတယ်။၁၉၆၁ ခုနှစ် ဇူလိုင် ၃၀ ရက်မှာ လက်နက်ချ လိုက်ပါတယ်။ ပြီးတော့ ယူနီယံအက်ဖ်ပရက်သတင်းစာမှာ ဘာသာပြန်သူ၊ အမျိုးသား သတင်းစာမှာ နိုင်ငံခြားသတင်းအယ်ဒီတာ၊ လုပ်သားပြည်သူ့နေ့စဉ်သတင်းစာမှာ နိုင်ငံခြားသတင်းအယ်ဒီတာ၊ ဂါဒီယန်းသတင်းစာ အယ်ဒီတာအဖွဲ့ဝင်အဖြစ်နဲ့ လုပ်ကိုင်ရင်းတစ်ဖက်က စာအုပ်များရေးသားခဲ့ပါတယ်။ သူ ကြေးမုံသတင်းစာ အယ်ဒီတာချုပ် အဖြစ်ဆောင်ရွက်ခဲ့စဉ်က စာရေး ဆရာမောင်ဥာဏ်ဝန်(ခေါ်)ကိုဘသန်း (ကသာ) ကွယ်လွန်သွားပါတယ်။ ကျွန်တော်က ‘ကြယ်တစ်ပွင့်ကြွေကျ ပြန်ပြီကော’ဆိုပြီး ဆောင်းပါးရေး တယ်။ သခင်လှကွန်းက ကြေးမုံ သတင်းစာမှာ စာမျက်နှာအပြည့် ထည့်ပေးခဲ့ပါတယ်။ ကျွန်တော်နဲ့ သူနဲ့မတွဲဖြစ်ခဲ့ကြတာဟာလည်း ကွန်မြူနစ်ပါတီကွဲတဲ့အခါ သခင်လှကွန်းက ဗကပ၊ ကျွန်တော်ကအလံနီ။ မြန်မာ့တပ်မတော်ကနေ သူက ဖို့ဒ် ၁၃၆ ဗြိတိသျှ လေထီးတပ်က၊ ကျွန် တော်က မြန်မာ့တပ်မတော်ကနေ ၁၀၁ အမေရိကန် လေထီးတပ်ဖွဲ့က ဖြစ်တယ်။ သူက ‘မိုး’ မဂ္ဂဇင်းမှာ ဖို့ဒ် ၁၃၆ ဗြိတိသျှ လေထီးတပ်မှာ ပါတဲ့ ရဲဘော်တွေအကြောင်း ရေးတယ်။ အဲဒီတော့မှ သခင်လှကွန်းက ‘‘၁၀၁ အမေရိကန်တပ်ထဲမှာ ကျွန်တော်တို့ မြန်မာ့ရဲဘော်တွေနဲ့ လေထီးဆင်းတဲ့ အကြောင်း ခင်ဗျားရေးမှပဲကျွန်တော် လည်းသိရတော့တယ်’’လို့ ပြောတယ်။
သူနောက်ဆုံးရေးသားခဲ့တဲ့ စာအုပ်အမည်ကတော့ လျှို့ဝှက်စစ်ရေး တာဝန်မှပုံရိပ်များဆိုတဲ့ စာအုပ်ဖြစ်ပါ တယ်။ သူဟာ အင်မတန်ကိုယ်ချင်း စာစိတ်ရှိတဲ့သူ၊ အင်မတန်ကြင်နာ တရားရှိတဲ့သူ၊ အင်မတန်အေးအေး ချမ်းချမ်းနေတတ်တဲ့သူ၊စိတ်သဘောထား မြင့်မြတ်တဲ့သူပါ။

ကျွန်တော်တို့ဟာ မြေနီကုန်း အိမ်နီးနားချင်းတွေပါ။ ကုလသမဂ္ဂ ကကျင်းပတဲ့ ’အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့’တွေမှာ နှစ်စဉ် ကျွန်တော်ရယ်၊ ကျွန်တော့်မြေး တပည့်မလေး ပသီဆောင်းနှင်းဖြူနဲ့ အတူ သခင်လှကွန်းနဲ့ပဲ အတူလိုက်သွားပါတယ်။ သူ့သမီးလတ်ဖြစ်တဲ့ အေးအေးကွန်း ကိုယ်တိုင် ကားမောင်းပြီး လိုက်ပို့ပေးပါတယ်။ အဲဒီလိုပဲ စာဆိုတော်နေ့ အထိမ်းအမှတ်ပွဲကိုလည်း ကန်တော့ခံဖို့ ကျွန်တော်တို့တစ်တွေ အတူ ကားတစ်စီးတည်းသွားကြမြဲပါ။
အခုမကြာမီ ကျရောက်တော့မယ့်  ၁၃၇၃ ခုနှစ် မြန်မာနိုင်ငံ စာဆိုတော်နေ့ အထိမ်းအမှတ် သက်ကြီးစာပေ ပညာရှင်ပူဇော်ကန်တော့ပွဲကို သူနဲ့အ တူသွားဖို့ချိန်းထားကြပေမယ့် ရုတ်တရက် မမျှော်လင့်ဘဲ ၄-၁၂-၂၀၁၁ နေ့ကသူ ကွယ်လွန်သွားရှာပါပြီကော လား။ ဒီနှစ်မှာတော့ ကျွန်တော်တို့ မြေးအဖိုး နှစ်ယောက်တည်းသာ။
ကောင်းမွန်တဲ့ သမိုင်းနေ့စွဲတွေ အများကြီး ပိုင်ဆိုင်ခဲ့တဲ့သူဟာလည်း ကြယ်တစ်ပွင့်ကြွေကျ မြေခလို့သွားရှာ ပါပြီ။ သူ့သားသမီး၊ မြေး၊ မြစ်တို့နဲ့ အတူ ကြေကွဲဝမ်းနည်းရပါတယ်။

ကောင်းရာသုဂတိလားပါစေ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...