Thursday, December 29, 2011

တဲ့တိုး- ဖြေမိသလား မသိပါ။

by Zay Ya on Thursday, December 29, 2011 at 8:34pm
 
A: ခင်ဗျား ဘဝအကြောင်း နည်းနည်း ဖြစ်ဖြစ် ပြောပြပါ။   

 B: ကျနော့မှာ ပြောဖို့ ဘာမှ မရှိပါဘူး ။ အကြောင်းက ကျနော် ဘာမှ မဟုတ်တာကြောင့်ပဲ ဖြစ်ပါတယ်။ ထပ်ပြောပါမယ် - ကျနော် ဘာဆိုဘာမှ ( ဘယ်တစ်စုံတစ်ခုမှ ) မဟုတ်ဘူး။ အဲ့ အတွက် ပြောဖို့ ဘယ် အကြောင်း တစ်စုံတစ်ခု မှ မရှိဘူး။

အမေ့ဝမ်းက ထွက်လာခဲ့တဲ့ အချိန်နာရီနဲ့ လူတွေ တွက်ချက်တဲ့ အချိန်ကာလ အရ ၂၇ နှစ်ကျော်လွန်ပြီ လို့ ဆိုပါတယ်။ ဒါကလည်း ခုအချိန် ပြန်တွေး  ပြန်ခံစားတဲ့ မှတ်ဥာဏ် ပဲရယ်။ အသက် ၁၈ နှစ်ဖြစ်တာ၊ ၂၇ နှစ်ဖြစ်တာ၊ ၄၅ နှစ်ဖြစ်တာ - စတဲ့ နံပါတ်တွေက ခင်ဗျား လက်ရှိ အခု အသက်ရှူနေတဲ့ အပေါ် ဘာအကျိုး သက်ရောက်မှု ရှိနေသလဲ။


ကျနော့် အတိတ် ၂၇ နှစ်ဆိုတဲ့  ဂဏန်းနံပါတ်စဉ် တွေအတွင်းမှာ သိစိတ်တွေ၊ ခံစားချက်၊ ဖြစ်ရပ်တွေ၊ အကျိုးပြု၊ အကျိုး မပြုတွေ၊ မကောင်းတာတွေ၊ ကောင်းတာတွေ တစ်ခုပြီး တစ်ခု နင်းချေ နေတယ်။ အတိတ်မှာ ကျန်ရစ်ခဲ့တယ်။ ဆိုလိုတာကတော့ ခင်ဗျား မေးတဲ့ အတိတ်ဟာ ကျနော် သေလွန်ပြီးပြီ ဖြစ်တဲ့ ကျနော့ အသုဘ အကြောင်းတွေပဲ ဖြစ်လိမ့်မယ်။ ဒီ အလောင်းတွေ အကြောင်း ပြန်သိလို့ ခင်ဗျား ဘာအကျိုး  ရနိုင်မလဲ။

အတိတ်က ပြီးသွားပြီ၊ ကျန်ခဲ့ပြီ ဆိုတဲ့ အတွက် - အတိတ်ရဲ့ သက်ရောက်မှု ဘာမှ မရှိဘူးလို့ ကျနော် ပြောနေတာ မဟုတ်ဘူး။  နားလည်လွဲသွား ဦးမယ်။ ပြီးခဲ့တဲ့ တစ်နာရီက ကျနော် အသက်မရှင်ရင် အခု ဒီစကားတွေ ပြောမနေနိုင်ဘူး။ ဒါဟာ ရိုးရှင်း မြင်သာတဲ့ ကြောင်းကျိုးဆက် သက်သက်ပါ။ နို့ပေမယ့် ဒါ့ကြောင့် တစ်ခုတည်းနဲ့ အဲ့ဒီ ပြီးခဲ့တဲ့ တစ်နာရီ ကို ပြန်ဖက်တွယ်နေဖို့ မလိုအပ်ဘူး ။ ဖက်တွယ်ထားလို့လည်း မရဘူး မဟုတ်လား။ အဲ့တစ်နာရီမှာ ကျနော် ရှင်နေခဲ့တယ် လို့ ဆိုတယ်။ ဒါပေမယ့် အခု ပြီးသွားပြီ ။ ဘာကျန်ခဲ့သေးသလဲ။

A: ခင်ဗျား ဒီစကားတွေ  အရ ကြည့်ရတာ - ခင်ဗျား ဘာသာမဲ့ ထင်တယ်။

B: ဘာသာမဲ့ ဆိုတာ ဘာကို ပြောတာလဲ။

A: ဘာသာရေးရာ ယုံကြည်ချက်၊ ယုံကြည်မှု တစ်ခုခု မရှိဘူးလား လို့ ဆိုလိုတာပါ။ ဆိုလိုချင်တာက - ခင်ဗျား အနာဂတ်မှာ ဘာရည်ရွယ်ချက်မှ မထားဘူးလား။ ဘာမှ မတွေးခေါ်ထားဘူးလား။

B: ခင်ဗျား ဒီမေးခွန်းကို - ကျနော့ကို မေးမယ့် အစား - ဒီကနေ့ မနက် မီးလောင်ပြင်မှာ ရှိခဲ့တဲ့ သူတွေကို သွားမေးသင့်တယ်။ ခင်ဗျား ရီကော်ဒါ ဖြစ်ဖြစ်၊ မိုက်ခရိုဖုန်း ဖြစ်ဖြစ် ယူသွားပါ။ အခု သေဆုံးသွားပြီး ဖြစ်တဲ့ မီးသတ်ရဲဘော်လေး တွေ ကို အဲ့မေးခွန်း သွားမေးကြည့်ပါ။ ခင်ဗျား ကို ပြန်တောင် ဖြေနိုင်ပါ့မလား။ သူတို့ ပြန်ပြောမယ် ဆိုရင်တောင် - ပြောလာနိုင်တဲ့ စကားက - “ခင်ဗျား ရူးနေလား၊ ဝေးဝေးသွား” ဆိုတဲ့ စကားပဲ ဖြစ်လိမ့်မယ်။

အခုအချိန် လောင်နေတဲ့ မီးကို မငြိမ်းဘဲ၊ မီးရဲ့ လွတ်ရာကို မပြေးဘဲ - ခင်ဗျား မရောက်လာသေးတဲ့ အနာဂတ်ကို ဘာတွေ တွေးခေါ် နေသလဲ။ အခု သက်ရှိထင်ရှား ရှိနေကြဦးမယ့် ဒုက္ခသည်တွေကို ( ဖြစ်နိုင်ရင် ) သွားမေးကြည့်ပါ ။ မီးလောင်တယ်ဟေ့ ဆိုတုန်းက ဘယ်လိုများ တွေးခေါ် စဉ်းစားကြသလဲ လို့။

ခင်ဗျား ဒီမေးခွန်းကို မေးတာဟာ ခင်ဗျား ကိုယ်တိုင်လည်း အနာဂတ်ကို ဘာဖြစ်ရမယ် ၊ ညာဖြစ်ရမယ် တွေးခေါ်ထားလို့ပဲ ဖြစ်မယ် ထင်ပါတယ်။ အခု မီးလောင်နေတာကို မသိဘဲ၊ ခင်ဗျား အနာဂတ်ကို ဘာတွေ မှန်းနေသလဲ။

ဒီမီးတွေ အခု တောက်နေသလား။ ဒီမီးကို အခု ရအောင်ငြိမ်းမလား။ ခင်ဗျား အတွက် ရော၊ ကျနော့အတွက်ပါ အရေးကြီးနေတာဟာ “အခု”ပါ။ အနာဂတ် ဆိုတဲ့ အရာဟာ - ခင်ဗျား ပြောနေတဲ့ တွေးခေါ်မှုကြီးက ခင်ဗျားကို ညာနေတဲ့ဟာ ပဲ ဖြစ်လိမ့်မယ်။ တကယ့်လက်တွေ့ကို ကြည့်ဖို့ ကျနော် ပြောချင်ပါတယ်။ စိတ်ကူး မယဉ် ပါနဲ့။ တကယ်တမ်း နင်လား ငါလား ဖြစ်လာရင်လည်း ခင်ဗျား အခု မေးခွန်း “အနာဂတ်” ဆိုတာကြီးကို - မမေးနိုင်ဘူးရယ်။


.......................
A: က ဒီနေ့မှ သိရတဲ့ မိတ်ဆွေတစ်ယောက်ပါ။
B: က ကျနော် ။
.......................
သူ့ရဲ့ မေးခွန်းကို ဒီ အတိုင်းပဲ ဖြေလိုက်မိတယ်။
မျက်နှာမကြည်ဘဲ ပြန်ထွက်သွားတယ်။
စိတ်ဆိုးသွားလဲ မတတ်နိုင်ဘူးရယ် - ဆောရီး။
.......................

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...