Wednesday, December 28, 2011

Out of your Mind!

by Zay Ya on Wednesday, December 28, 2011 at 1:22pm
 

Question:      ခင်ဗျား ပြောတဲ့အတိုင်း စောင့်ကြည့်မှုပေါ့- ကျနော် လုပ်ကြည့်တယ်။ ရက်တော်တော် ကြာကြာ လုပ်ကြည့်တယ်။ ကိုယ့်စိတ်သွားရာ၊ ကိုယ့်စိတ် တမ်းတ ရာတွေ အပေါ် အသေးစိတ် တဖြေးဖြေး ပိုပြီး ကြည့်နိုင်၊ သိနိုင် လာတဲ့ အခါ - အတွေးတွေ မရှိသလောက် ဖြစ်လာတယ်။ အဲ့မှာ ကျနော် ကြောက်နေ၊ သိနေတာ တစ်ခုရှိတယ်။ အတွေးတွေ ရပ်သွားတဲ့အခါ စိတ်လွတ် သွားတာ မဟုတ်ဘူးလား။

Answer:         အဲ့ဒါ စိတ်လွတ်သွားတာ ဟုတ်ပါတယ်။ ဒါပေမယ့် ခင်ဗျားတို့ ကျနော်တို့ ပြောပြောလေ့ ရှိတဲ့ “စိတ်လွတ်တယ်” ဆိုတဲ့ စကား က ရူးသွားတဲ့ သူတွေကို ဆိုလိုတယ်။ ကျနော် ဟုတ်တယ် လို့ ပြောတဲ့ “စိတ်လွတ်” သွားတာက အဲ့ဒါကို မရည်ညွှန်းဘူး။ သာမာန် အခြေအနေ ရဲ့ အထက်မှာ ရှိတယ်။ “စိတ်လွတ်တယ်” ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ကို သာမန် ကြည့်ကြည့်ပါ။ အတွေးအကြံ စိတ်ခံစားချက်တွေရဲ့ ပြင်ပကို ရောက်ရှိတယ်လို့ ရိုးရိုးရှင်းရှင်း အဓိပ္ပာယ် ထွက်ပါတယ်။

ခင်ဗျား ဘယ်လို စိတ်လွတ်သွားနိုင်သလဲ။



နည်းနှစ်နည်းပဲ ရှိတယ်။ ပထမနည်းက စိတ်အတွေးအကြံ ခံစားချက်တွေ အောက်ကို နိမ့်ကျသွားတာ ဖြစ်ပါတယ်။ ရူးသွပ်သူတွေရဲ့ အခြေအနေဟာ အဲ့အချိန်မှာ ဖြစ်ပေါ်တယ်။ ကိုယ့်ကိုယ်ကိုယ် ဘာဖြစ်လို့ ဖြစ်သွားမှန်း မသိတဲ့ အနေအထားမျိုး၊ ယုတ္တိဆင်ခြေတွေ၊ ဆင်ခြင်တုံတရားတွေ အသုံးမဝင်တော့တဲ့ အနေအထားမျိုး။ ခင်ဗျား ကိုယ်တိုင်လည်း ကြုံဖူးနိုင်ပါတယ်။ ဒေါသစိတ်လွန်ကဲလာတဲ့ အခါမျိုး- အပြင်းအထန် ဆို့နင့်ကြေကွဲမိသွားတဲ့ အခါမျိုး အဲ့အချိန်မျိုးမှာ ခင်ဗျားသန္တာန်တစ်ခုလုံး အဲ့ဒီ ဒေါသဖြစ်စဉ်၊ ကြေကွဲနေမှု သက်သက်က လွဲရင် အခြား ဘာမှ ဝင်ရောက်ခြယ်လှယ်လို့ မရ ဖြစ်သွားတတ်တယ် ဟုတ်။ ဆိုလိုတာကတော့ မိမိ ကိုယ်ကိုယ် ဘာဖြစ်လို့ ဖြစ်မှန်း မသိ စိတ်လွတ်သွားတာ ဖြစ်ပါတယ်။

ဒုတိယ နည်းက စိတ်အတွေးအကြံ ခံစားချက်တွေ ကို ကျော်လွန် သွားတယ်။ ဘာဝနာ ဟာ အဲ့အချိန်မှာ အပြည့်အဝ စတင်ပါတယ်။ ခင်ဗျား သန္တာန်မှာ ကြည်လင်မှု သက်သက် ကျန်ရစ်ခဲ့တယ်။ ခင်ဗျား အဲ့ဒါကို သိနေတယ်။ အဲ့ဒီ သိမှုဟာ စိတ်အတွေးအကြံ မဟုတ်ဘူး ဆိုတာ နားလည်ထားဖို့တော့ လိုလိမ့်မယ်။ တကယ်တမ်း အဲ့အခြေအနေကို ခင်ဗျား ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိနေရင်လည်း သိပါတယ်။ ကြည်လင်ပြီး ချမ်းမြေ့နေမှု သက်သက်ပါ ။ ( စင်စစ် ချမ်းမြေ့မှု ဆိုတဲ့ စကားကလည်း လိုအပ်နေသေးတယ်။ အဲ့ဒီ ချမ်းမြေ့မှုက ခံစားချက် မဟုတ်ဘူးရယ်။ )

နှစ်နည်း စလုံးမှာ - တူညီနေတာက “သိစိတ် ( အတွေးအကြံ ) ရဲ့ ပြင်ပ” ကို ရောက်သွားကြတာ ချည်းပါပဲ။ ဒါပေမယ့် ဘာဝနာနဲ့ နေထိုင်ရင်း စိတ်အကြံက သီးခြား ကင်းလွတ်နေသူဟာ သူ့ဘဝကို အပြည့်အဝ နေထိုင်နေပါတယ်။ သိမှု သက်သက် ရှိနေတယ်။

ဒါ့ကြောင့် သိစိတ် လွတ်နေတယ် ဆိုတဲ့ တစ်ချက်ကလွဲရင် ကွာခြားနေတာက -
  • စိတ်အတွေးအကြံအောက် နိမ့်ကျသွားခြင်းဟာ မသိတော့တာ သက်သက်ပါ။
  • စိတ်အတွေးအကြံကို လွန်မြောက်သွားတာက သိခြင်းသက်သက်သာ ရှိနေတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် သိစိတ်လွတ်တယ် ဆိုတဲ့ ယေဘုယျ အချက်မှာသာ တူညီပြီး ကျန်ကွာခြားချက်က ကြီးလွန်းပါတယ်။ အစစ အရာရာ ကွဲပြားသွားတယ်။

အခု ခင်ဗျား ပြောစကားမှာ ပါဝင်တယ် - ခင်ဗျား သတိပြုမိရဲ့လား မသိ။ အဓိကက - သိစိတ်လွတ်မှာကို ခင်ဗျား သိနေတယ်။ သိစိတ် စံနှုန်းအောက် ပြုတ်ကျသွားတဲ့သူ ကတော့ သိစိတ်လွတ်သွားမှာကို မသိဘူး ရယ်။

ခင်ဗျားမေးခွန်းထဲမှာ ထပ်ပြောရမယ့် အပိုင်းက “ကြောက်ရွံ့နေတယ်” ဆိုတဲ့ အပိုင်း ဖြစ်ပါတယ်။ မိမိ အသိစိတ်က ကျော်လွန်သွားမှာကို ကြောက်ရွံ့တယ် - ဆိုတဲ့ စိတ်ကူးဟာ စိတ်အတွင်းထဲကနေသာ ထွက်ပေါ်ပါတယ်။ အကြောင်းက - စိတ်အတွေးဟာ အခြား အတွေးတစ်ခုကိုပဲ အမြဲတမ်း တွေးနေချင် လို့ပါ။ ဆိုလိုတာက - ဘာမှ မရှိတော့တဲ့ အဖြစ်ကို ဘယ်သူမှ မလိုချင်ဘူး။ တစ်ခုခုတော့ ရှိနေချင်တယ်။ နိစ္စဓူဝ တွေးရိုးတွေးစဉ် ဖြတ်သန်းနေတဲ့ မိမိ သန္တာန်မှာ တစ်စုံတစ်ခုသာ ချန်ရစ်ထားခဲ့ချင်တယ်။ တစ်စုံတစ်ခုသာ ဖြစ်ပေါ်နေစေချင်တယ်။ ဘာမှ မကျန်ခဲ့တာကို မလိုလားခြင်းဟာ ကြောက်ရွံ့ရခြင်းရဲ့ အခြေခံ အကြောင်း တစ်ရပ် ဖြစ်ပါတယ်။

အဲ့ဒါကြောင့် လူအများစု  က - ဘာဝနာပြုရင် နောက်ဆုံး စိတ်အေးချမ်းမှု တော့ ရရှိလိမ့်မယ် လို့ တွေးထင်ကြတယ်။

စင်စစ် ဘာဝနာရဲ့ အေးချမ်းမှုဟာ စိတ်အေးချမ်းမှု မဟုတ်ပါဘူး။ တကယ့် အေးချမ်းမှုဟာ စိတ်အတွေးအကြံရဲ့ အလွန်မှာ ဖြစ်ပါတယ်။ Peace of Mind ဆိုတာ မရှိဘူး။ ဇင် အကြောင်း ပြောလေ့ပြောထ ရှိတဲ့ စကားလုံး ခဏငှားသုံးမယ် - ဘာဝနာဟာ Peace of no-Mind ဆီကိုသာ ဦးတည်တယ်။ ခင်ဗျား သန္တာန်မှာ စိတ်ကူး၊ အတွေး၊ ခံစားချက်တွေ တစ်ခုပြီး တစ်ခု နွယ်ယှက်နေသရွေ့ ၊ စိတ် အတွေးအကြံ အတွင်းမှာ ရှိနေသရွေ့ ခင်ဗျား စင်စစ် အေးချမ်းနေတာ မဟုတ်သေးဘူး။

ခင်ဗျား စိတ်သန္တာန်အတွင်းထဲမှာ ရှိနေဦးမယ်၊ အတွေးလေး တစ်ခု၊ ခံစားချက် လေး တစ်ခု အပေါ် သာယာ နေမိဦးမယ် ။ ဒါဆိုရင် အဲ့ စိတ်ကြောင့် ခင်ဗျား တဒင်္ဂ သာယာ ကြည်နူးနေနိုင်ပါတယ်။  ဒါပေမယ့် အခြား အာရုံတစ်ခုခု နဲ့ ခင်ဗျား ပြန်ပျက်သွားဦးမှာပဲ။

...................
အခွင့်ရရင် နည်းနည်းထပ်ဖြည့် ဖြေဆိုပါမယ်။
အခုတော့ လိုရင်းလောက်ပဲ ။ သည်းခံပါဗျ။
...................
http://zayya.blog.com/
http://zayya.wordpress.com/
http://zayyablogger.blogspot.com/
..................

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...